ဖန်မုက မန်ဟိုတဲ့လား
Vol. 22 Ch. 307
ကျီဟုန်တုန် သေဆုံးသွားသည့်အခိုက်အတန့်တွင် နဂါးငွေ့တန်းပင်လယ်၏ အခြားတစ်ဖက်၊ ကြီးမားကျယ်ပြောသော အရှေ့ဘက်နယ်မြေများ၏ အစပ်တွင် အဖြူရောင်တောင်တစ်လုံးရှိသည်။ တောင်ကို ဆီးနှင်းများဖုံးနေခြင်းကြောင့်မဟုတ်၊ တောင်သားနံရံအချွန်အတက်များက အပြစ်အနာအဆာ၊ အစွန်းအထင်းမရှိ ဆွတ်ဆွတ်ဖြူနေ၍ပင်။
အရှေ့ဘက်နယ်မြေများတွင် ၄င်းကို တောင်ဖြူဟုခေါ်သည်။
တောင်ဖြူပေါ်က တစ်နေရာတွင် ရေလှောင်ကန်တစ်ခုရှိ၏။ ဤရေကန်မှာ အလွန်နက်လွန်းပြီး ဒဏ္ဍာရီများအရ တောင်အမြင့်မျှပင် အနက်ရှိသည်ဟု ဆိုကြသည်။
ရေလှောင်ကန်လေးတွင် အဘိုးအိုတစ်ယောက်ထိုင်နေသည်။ သူ့တွင် ပိန်ချုံးနေသော ကိုယ်နှင့် ခံစားချက်မဲ့သောမျက်နှာထားရှိပြီး ငါးမြှားတံကို ကိုင်ထား၏။ ငါးမြှားကြိုးက ရေလှောင်ကန်ထဲ ကျဆင်းနေပြီး လောလောဆယ်တွင် ငြိမ်သက်နေသည်။
ရုတ်တရက် ငါးမြှားကြိုး လှုပ်သွားသည်။ အဘိုးအိုက မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ညာလက်ဖြင့် ဆွဲတင်လိုက်သည်။ ငါးမြှားကြိုး အပေါ်တက်လာသည်နှင့် မချိတင်ကဲအော်သံကြီးတစ်သံ စူးခနဲထွက်ပေါ်လာသည်။ ငါးမြှားချိတ်၏အဆုံးတွင်ကား အလင်းဖန်လုံးတစ်လုံး။
အလင်းကို အနီးကပ်ကြည့်လျှင် တောက်ပနေသော အမျှင်အမြောက်အမြားဖြင့် ဖွဲ့စည်းထားကြောင်း မြင်နိုင်သည်။ ဤအမျှင်တစ်မျှင်စီတိုင်း အပေါ်တွင် မျက်နှာများရှိပြီး ၄င်းတို့၏အလယ်၊ အလင်းဖန်လုံး၏ဗဟိုတွင် သက်လတ်ပိုင်းလူတစ်ယောက်ရှိ၏။ သူ၏မျက်နှာမှာ အကြောက်တရားတို့ဖုံးလွှမ်းနေပြီး သူက ချက်ချင်း ဒူးထောက်၍ အသက်ချမ်းသာပေးရန် တောင်းဆိုသည်။
အဘိုးအိုက သူ့ကို ကြည့်ပြီး အေးစက်စက်ပြောသည်။ "သက်ရှိသတ္တဝါတွေ အများကြီးထဲကမှ မင်းရဲ့ကံကြွေးကို မိသွားတာဆိုတော့ မင်းအတွက် ကံကောင်းတာအပြင်မရှိဘူး မဟုတ်လား။ ဘာလို့ အသက်ချမ်းသာပေးဖို့ တောင်းဆိုနေတာလဲ" သူ၏လက်က ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်ရာ အလင်းဖန်လုံးသည် သူ့လက်ထဲပျံသန်းလာ၏။ သူ ၄င်းကို ဆုပ်ကိုင်လိုက်စဥ် အတွင်းရှိ သက်လတ်ပိုင်းလူမှာ မသေခင် ကြိုးစားလေ့ရှိကဲ့သို့ ကလန်ကဆန် ဟိန်းဟောက်လိုက်သည်။ ထို့အပြင် သူက အနုသုခုမရုပ်ခန္ဓာ နှောင်ပိုင်းအဆင့်၏ မဟာစက်ဝန်းချီကို ထုတ်လွှတ်သေးသည်။
အဘိုးအိုက ချီကို ထုတ်လွှတ်ခွင့်ပေးထား၏။ ထို့နောက် အလင်းဖန်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ တကျွတ်ကျွတ်ဝါးသံများ ထွက်ပေါ်လာပြီးနောက်တွင် သူက မြိုချလိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာသောသွေးတချို့ကို လျှာဖြင့် အလျင်အမြန်လျက်လိုက်သည်။ သူ၏မျက်လုံးများတွင် စူးရှတောက်ပသော အလင်းရောင်တစ်ခု ပြည့်နှက်သွား၏။
"အား ကံကြွေးရဲ့အရသာ....." သူက ရေရွတ်သည်။ အချိန်အနည်းငယ်ကြာသော် သူသည် ကောင်းကင်ကို မော့ကြည့်ပြီးနောက် ရုတ်တရက် ဒူးထောက်ကာ တစ်ယောက်တည်း ဦးညွှတ်အရိုအသေပေးနေသည်။
ကိုးကြိမ် အရိုအသေပေးပြီးနောက်တွင် သူက ပြန်ထပြီး ရေလှောင်ကန်ကို လှမ်းကြသည်။ ခဏကြာသော် မျက်မှောင်ကြုတ်သွား၏။ သူက လက်ကို အပြင်သို့ တွန်းထုတ်လိုက်ရာ သူ့လက်ထဲတွင် ကြေမွနေသောကျောက်စိမ်းပြားတစ်ပြား ပေါ်လာသည်။
"ဟမ်" သူ၏မျက်လုံးများ အရောင်လက်သွား၏။ " ကျီသားတော်တစ်ပါးသေသွားပြီ.... ငါ့သွေးဆက်ရဲ့ကျီသားတော်။ တောင်ပိုင်းဒေသမှာ သေသွားတယ်လား...." သူက ကျောက်စိမ်းပြားအပေါ် လက်မနှင့် လက်ညိုးဖြင့် ဖိချလိုက်သည်တွင် မျက်နှာတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာ၏။
မျက်နှာပိုင်ရှင်ကား မန်ဟိုမှလွဲ၍ တခြားမဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ခပ်စူးစူးအသံတစ်သံ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။
"ခေါင်းဆောင်ကြီး၊ ကျွန်တော့်ကို သတ်တဲ့လူက မန်ဟိုလို့လည်း သိကြတဲ့ ဇီယွင်ဂိုဏ်းက ဖန်မု" အသံမှာ ကျီဟုန်တုန်၏အသံဖြစ်သည်။ ဤသည်မှာ သူမသေခင် ကျန်ရှိခဲ့သည့် နောက်ဆုံးစိတ်ဆန္ဒပင်။ အသံမှာ ခါးသီးသောခံစားချက်များဖြင့် ပြည့်နေလျက် ဝမ်းနည်းပြီး ကျယ်လောင်သည်။
ဤအခြင်းအရာကို မန်ဟိုဘယ်နည်းနှင့်မှ မခန့်မှန်းနိုင်ခဲ့ပေ။ ကျီမျိုးနွယ်စုတွင် သေဆုံးသည်နှင့် အသံပို့ဆောင်ပေးနိုင်သော နည်းလမ်းတစ်ခုရှိသည်။ မန်ဟိုမှာတော့ ပုံရိပ်များပိို့ဆောင်ပေးနိုင်သည်ကိုသာ သိလေသည်။
ကံကောင်းစွာနှင့် မသေခင် မျိုးနွယ်သွေးကို ထုတ်ယူခြင်းက ကျီဟုန်တုန်ကို အတော်လေး နာကျင်စေခဲ့သည်။ အကျိုးဆက်အနေဖြင့် သူ၏အသိစိတ်မှာ ကစဥ့်ကလျားဖြစ်သွားခဲ့လေသည်။ သူလုပ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ မန်ဟို့နာမည်ကို ကူးပြောင်းပို့ဆောင်ပေးခြင်းသာ။ ရှုချင်ကိစ္စကိုတော့ သူ အပြီးတိုင်မေ့သွားခဲ့သည်။
"သောက်သုံးမကျတဲ့ အရူး" အဘိုးအိုက မျက်မှောင်ကြုတ်လျက် ပြောသည်။ "ဒါမဲ့ အသုံးမကျဘူးပဲ ထားဦး၊ ကျီမျိုးနွယ်သွေးက သူ့သွေးကြောထဲမှာ စီးဆင်းနေသေးတယ်။ သေမျိုးတစ်ယောက်က သူ့ကို ဘယ်လိုလုပ် အလွယ်တကူ သတ်နိုင်မှာလဲ။ ဒါပေမဲ့လည်း ဇီယွင်ဂိုဏ်းက...." အံဖွယ်ကောင်းလှလေခြင်း။ ဤအဘိုးအိုက ကျင့်ကြံသူများကို သေမျိုးဟုသာ သတ်မှတ်ထားလေသည်။
သူက အင်္ကျီလက်စကို ခါ၍ ကျောက်စိမ်းပြားကို ပြာချလိုက်သည်။ ထို့နောက် လေပေါ်သို့ခုန်တက်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်သွား၏။
သူ၏အေးစက်စက်အသံသာ တောင်တစ်လျှောက် ပဲ့တင်ထပ်လျက် ကျန်ခဲ့သည်။ "တောင်ပိုင်းဒေသ။ မရောက်တာ နှစ်နဲ့ချီနေပြီပဲ"
*****
ပြန်လည်မွေးဖွားခြင်းဂူအပြင်ရှိ ကျီမျိုးနွယ်စု အောင်လံတံခွန်အောက်တွင် အဘိုးအိုရှစ်ယောက် တင်ပျဥ်ခွေထိုင်နေသည်။ တစ်ယောက်ပြီးတစ်ယောက် မျက်စိပွင့်လာကြ၏။ သူတို့က အံသြမယုံကြည်နိုင်စွာ ထရပ်လိုက်ကြသည်။
သူတို့၏မျက်လုံးများတွင် သွေးကြောများ ဖုံးသွားပြီး အလွန်တရာ အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒ ထွက်ပေါ်လာသည်။ ဤမြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူအားလုံးကို တုန်လှုပ်သွားစေသည်။ အခြားဂိုဏ်းနှင့်မျိုးနွယ်စုများမှ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် အဘိုးအိုရှစ်ယောက်ဆီမှ မြင့်တက်လာနေသော အသတ်အဖြတ်စိတ်ဆန္ဒနှင့် ကြောက်မက်ဖွယ် အမျက်ဒေါသကို တအံ့တသြ လှမ်းကြည့်လိုက်ကြသည်။
သူတို့အားလုံးသည် တမူထူးခြားသော ကျင့်ကြံခြင်းအခြေခံများနှင့် အနုသုခုမရုပ်ခန္ဓာပညာရှင်များ ဖြစ်ကြသည်။ သူတို့၏ ပေါင်းစည်းသွားသော အသတ်အဖြတ်စိတ်ဆန္ဒသည် မိုးကောင်းကင်ကြီး တုန်ခါပြီး မြေငလျင်တို့ ရိုက်ခတ်ကာ လေ၏အရောင်ကိုပင် ပြောင်းစေရန် လုံလောက်သည်။
"ကျီသားတော်တစ်ပါး သေပြီ...." အဘိုးအိုရှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့၏ မြင့်တက်လာနေသော အသတ်အဖြတ်စိတ်ဆန္ဒထဲတွင် သူတို့ကိုစိတ်နှလုံးတုန်လှုပ်သွားစေသော အကြောက်တရားကိုလည်း အချင်းချင်း အာရုံရလိုက်သည်။
ကျီမျိုးနွယ်၏ စည်းကမ်းများအရ ကျီဟုန်တုန်အား သတ်ဖြတ်ခဲ့သည့်တရားခံကို သူတို့ရှာမတွေ့လျှင် ကျီဟုန်တုန်နှင့်အတူ တစ်ခါတည်း မြေမြှုပ်သဂြိုဟ်ခံရမည်ဖြစ်ကြောင်း သိကြ၏။ အမှန်တွင် သူတို့၏ အမိန့်သြဇာသက်ရောက်သော မျိုးနွယ်ဝင်တိုင်း ချက်ချင်း ကွပ်မျက်ခံရမည်ဖြစ်သည်။
ယင်းက တရားခံကို ရှာပြီး အရှေ့ဘက်နယ်မြေသို့ ခေါ်မလာနိုင်လျှင် ပေးဆပ်ရမည့် တန်ကြေးပင်။
အဘိုးအိုရှစ်ယောက်အနက် တစ်ယောက်က သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်း ကျောက်စိမ်းပြားတစ်ပြား၏ အပိုင်းအစရှစ်ခု ပေါ်လာသည်။ အဘိုးအိုတစ်ယောက်ကို တစ်ခုစီယူပြီးနောက် အတူဆက်လိုက်သည်တွင် နွေးထွေးသောအလင်းရောင်တစ်ခု ဖြာထွက်လာ၏။
အလင်းသည် ကောင်းကင်ယံအထိ ထိုးတက်သွားပြီး အဘိုးအိုရှစ်ယောက်မှာ တင်းမာခက်ထန်သောမျက်နှာထားများဖြင့် ၄င်းကို ကြည့်ရှုနေသည်။ သူတို့သာမဟုတ်၊ ဘေးပတ်ဝန်းကျင်ရှိ ဂိုဏ်းများမှ ကျင့်ကြံသူများလည်း အကဲခတ်နေကြသည်။
အလင်းအတွင်းတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသူက မျက်နှာဖုံးတပ်ထားသဖြင့် မည်သူဖြစ်ကြောင်း မဆုံးဖြတ်နိုင်ပေ။ သို့သော် မျက်နှာဖုံးသည် သွေးဆာနေသော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်လျှံနေသည်။ ယင်းက ကြည့်ရှုနေသူအားလုံးကို စိတ်နှလုံးတုန်လှုပ်သွားစေသည်။
"ဒါက....."
"ဒါက သွေးအင်မိုတယ်ရဲ့ အမွေအနှစ်မျက်နှာဖုံးပဲ။ ရှေးဟောင်းကံကြမ္မာဆိုးမျိုးနွယ်စုက သွေးအင်မိုတယ်ရဲ့မျက်နှာဖုံး"
"ဟုတ်တယ်။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတုန်းက ကျုပ်ကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ.... ဒါပေမဲ့ လီမျိုးနွယ်စုပြောတော့ မတော်တဆမှုဖြစ်ပြီး သွေးအင်မိုတယ်အမွေအနှစ်နယ်မြေမှာ အဲ့တာပျောက်သွားတယ်ဆို။ ဂိုဏ်းကြီးတွေက မယုံလို့ စုံစမ်းစစ်ဆေးခဲ့ပေမယ့် နောက်ဆုံး လီမျိုးနွယ်စု အမွေအနှစ်မရသွားဘူးလို့ ဆုံးဖြတ်လိုက်တာလေ....."
အဘိုးအိုရှစ်ယောက် ဤစကားသံများကြားသောအခါ မျက်လုံးများ ဝင်းလက်သွားပြီး အသက်အဖြတ်စိတ်ဆန္ဒများ ပိုမိုပြင်းထန်လာသည်။ သူတို့က လီမျိုးနွယ်စုနှင့်သက်ဆိုင်သော အလင်းတန်းကို လှမ်းကြည့်လိုက်သည့်အတွက် လီမျိုးနွယ်ဝင်များ၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားသည်။
သို့သော် ရှင်းပင်မရှင်းပြရသေးမီ အလင်းတန်းရှစ်တန်းမှာ ရုတ်တရက် ချဥ်းကပ်လာနေလေပြီ။ ၄င်းတို့က လေကိုခွင်း၍လာနေပြီး လီမျိုးနွယ်စုအကြီးအကဲများဆီ ဦးတည်နေကြောင်း ထင်ရှား၏။
ခေါင်းဆောင်နေရာရှိ အဘိုးအိုက အော်သည်။ "လီမျိုးနွယ်စုတာအိုကလေး လီတောက်ရီ ဒီနေရာမှာ သေသွားပြီ။ တာအိုရောင်းရင်းတို့၊ ဒီပုဂ္ဂိုလ်ကို မှတ်မိကြလား" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုပေါ်လာပြီး အထဲက ပုံရိပ်ကား မန်ဟိုပင်။
တစ်ချိန်တည်းမှာပင် ကျီမျိုးနွယ်စု ကာကွယ်ထားသည့် အလင်းတန်းအတွင်းရှိ မျက်နှာဖုံးနှင့်ပုံရိပ်မှာ ရုတ်တရက် ပုံပျက်ရှံ့တွပြီး နောက်ပုံရိပ်တစ်ခုအသွင် ပြောင်းသွားသည်။ ထပ်မံ၍ ၄င်းလည်း.....မန်ဟိုပင်။
ယခုအချိန်တွင် အားလုံး၏မျက်လုံးများက တောက်ပနေသောမျက်နှာပြင်နှစ်ခုနှင့် ထိုနေရာတွင် ထင်ဟပ်နေသောလူအပေါ် ကျရောက်နေသည်။ သူတို့မှာ ချာချာလည်သွားကြလေပြီ။
လီမျိုးနွယ်စု တာအိုကလေး သေဆုံးသွားသော သတင်းကြောင့် သူတို့မူးဝေသွားရသည်။
တောင်ပိုင်းဒေသရှိ ဂိုဏ်းနှင့်မျိုးနွယ်စုများအားလုံး ရုတ်တရက် ဆက်စပ်စဥ်းစားမိလိုက်သဖြင့် မူးဝေသွားပြန်လေသည်။ ကျီမျိုးနွယ်စု ဘာကြောင့် ကျိုးပဲ့နေသော ကျောက်စိမ်းပြားကို ထုတ်ပြီး ထိုနေရာရှိ ပုံရိပ်မှာ လီမျိုးနွယ်စုမှ ဖော်ပြနေသောပုံရိပ်နှင့်တူနေသည်လဲ သူတို့သိလိုက်လေပြီ။
ကျင်းဟန်ဂိုဏ်းမှ ခေါင်းဆောင်ကြီးတစ်ဦး ပင့်သက်ရှိုက်သွားသည်။ "ဧကန္တ ကျီမျိုးနွယ်စုရဲ့ ကျီသားတော်တစ်ပါး....."
"အဲဲ့ဒါသာအမှန်ဆိုရင် ဘယ်သူက ကျားအမြီးမှ ပြေးဆွဲတာတုံး။။ အရှေ့ဘက်နယ်မြေရဲ့ကျီမျိုးနွယ်စု..... ဘယ်လိုလုပ် ဒီကိစ္စကို ဒီအတိုင်းထားမလဲ"
" တရားခံက ဘယ်ဂိုဏ်းက ဂိုဏ်းသားပါလိမ့်မယ်......"
အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားသည်။ ကျင့်ကြံသူများမှာ တဖြေးဖြေး နောက်သို့ ဆုတ်လာကြ၏။
"အဲ့တာ.... လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပျောက်သွားတဲ့ မန်ဟိုနဲ့တူလိုက်တာ...."
"မန်ဟို။ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ။ ကျုပ်သိပြီ။ အဲ့တာ မန်ဟို အဟုတ်ပဲ"
"မန်ဟို......"
ချိုင့်ဝှမ်းပတ်ပတ်လည်တစ်လျှောက် စကားသံများ ဆူညံပွက်လောက်ရိုက်သွားသည်။ ဆူညံပွက်လောရိုက်နေသည့်အလယ်တွင် ကျီမျိုးနွယ်စုမှ အဘိုးအိုရှစ်ဦး၏ မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒများ ဆူပွက်နေပြီး လီမျိုးနွယ်စုမှအကြီးအကဲများလည်း ထိုနည်းတူပင်။
လီမျိုးနွယ်စုမှ အဘိုးအိုက အံတင်းတင်းကြိတ်ပြီး ပြောသည်။ "မန်ဟိုက အလောင်းရဲ့ ပုံရိပ်ယောင်နယ်မြေထဲမှာပဲ ရှိသေးတယ်။ ဒီနေရာကို အဝင်အထွက်ပိတ်ကြစို့။ နေရာရွှေ့ပြောင်းခြင်းကို တားမြစ်တယ်။ အဲ့ဒီခွေးသားမှာ ဘာရတနာတွေပဲရှိရှိ၊ တောင်ပံပေါက်လာရင်တောင် ထွက်ပြေးနိုင်မှာမဟုတ်ဘူး" သူ့ဘေးရှိ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများ ချက်ချင်း အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ ထွက်သွားသည်။
သိသာစွာပင် သူတို့သည် ချိတ်ပိတ်၍ ဘယ်သူမှ နေရာမရွှေ့ပြောင်းနိုင်အောင် ကြံစည်ထား၏။
"ကျီမျိုးနွယ်စုရဲ့ ကျီသားတော်သားတစ်ပါး ဒီမှာသေသွားတယ်။ တောင်ပိုင်းဒေသက တာအိုရောင်ရင်းတို့၊ ကျေးဇူးပြုပြီး အဖြစ်မှန်ပေါ်ပေါက်တဲ့အထိ ဒီမှာပဲ နေပေးပါ။ ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး" ချက်ချင်းပင် အဘိုးအိုရှစ်ဦးအနက် လေးဦးက အလျှိုလျှိုထွက်သွားသည်။ သူတို့သည် လီမျိုးနွယ်စု၏ပညာရပ်များအပေါ် ယုံကြည်ချက်အပြည့်အဝမရှိသည့်အတွက် သူတို့၏ကိုယ်ပိုင်ပိတ်လှောင်ခြင်းပညာများအား အသုံးပြုမည်ဖြစ်သည်။
"ဒီလူ့မှာ အသွင်ပြောင်းပညာရပ်တွေ ရှိနေပုံပဲ" ကျီမျိုးနွယ်စုမှ အဘိုးအိုတစ်ယောက်က အေးစက်စက်နှာမှုတ်ရင်း ပြောသည်။ "ကိစ္စမရှိဘူး။ ကျီမျိုးနွယ်စုကို သတ်လိုက်တဲ့အတွက် သူ ကောင်းကင်နဲ့မြေကြီးရဲ့ကံကြမ္မာကို စွန်းထင်းစေလိုက်ပြီ။ သူဒီကမ္ဘာပြန်ရောက်လာတာနဲ့ ငါတို့ သူ့ကို အာရုံခံနိုင်မှာပါ"
ဤအခိုက်အတန့်တွင် ပြန်လည်မွေးဖွားခြင်းဂူအနား၌ အေးခဲချီတစ်ခု ရုတ်တရက် ရိုက်ခတ်သွားသည်။ ၄င်းတွင် ကြောက်မက်ဖွယ်ကောင်းသောအစွမ်း၊ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်အင်အားပါရှိသည်။ ချိုင့်ဝှမ်းအတွင်းမှ အရပ်ခပ်မြင့်မြင့်လူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။
သူသည် သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး လိမ္မော်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ သူလမ်းလျှောက်ထွက်လာစဥ် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအားလုံး သူ့ကို သတိထားမိလိုက်ကြသည်။ ဤလူကား လက်ရှိကျီမျိုးနွယ်စုအကြား၌ အစွမ်းထက်ဆုံးပညာရှင်ပင်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ဖြစ်၏။ ပြန်လည်မွေးဖွားခြင်းဂူကို ဝန်းရံထားသည့် ချိုင့်ဝှမ်းမှ အခြားမျိုးနွယ်စုခေါင်းဆောင်ကြီးများ ဆုတ်ခွာခဲ့တုန်းက သူတစ်ယောက်သာ နေရစ်ခဲ့သည်။ ဤဂူမှာ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ယောက်အတွက်ပင် ထိတ်လန့်ဖွယ်နေရာတစ်နေရာဖြစ်ပြီး လုံးဝမလိုအပ်သရွေ့ မည်သူမှဝင်မည်မဟုတ်ကြောင်း သူသိသည်။ အမှန်တွင် ဒေသခံဂိုဏ်းများမှ ခေါင်းဆောင်ကြီးအနေဖြင့် ဝင်ရန်စိတ်ကူးမရှိပေ။ သူတို့သည် အလွန်ဆုံးဂူဝအနားသာ ချဥ်းကပ်ဖူးသည်။
ဤလူကတော့ မဆုတ်ခွာဘဲ ဂူအတွင်းရှိ ထူးဆန်းသောအရာမျိုးစုံနှင့် တိုက်ခိုက်ခဲ့သည်။ သူက မျက်နှာထား တင်းမာခက်ထန်နေလျက် လမ်းလျှောက်ထွက်လာသည်။ ကျီမျိုးနွယ်စုမှ အဘိုးအိုရှစ်ဦးထံ သူရောက်သောအခါ သူတို့အားလုံး သူ့ကိုလေးလေးစားစား အရိုအသေပေးလိုက်ကြသည်။
သက်လတ်ပိုင်းလူက လက်ကိုဖွင့်လိုက်ရာ ကျောက်စိမ်းပြား၏အကြွင်းအကျန်ဖြစ်သော အမှုန့်တချို့ ပေါ်ထွက်လာသည်။
"တရားခံက မန်ဟိုလို့လည်း သိကြတဲ့ ဇီယွင်ဂိုဏ်းက ဖန်မု" ထိုလူက အေးစက်စက်ပြောသည်။ "ဒီသတင်းကို ကျီဟုန်တုန်ကိုယ်တိုင် မသေခင် ပို့ခဲ့တာ။ ဒီကိစ္စကြောင့် ခေါင်းဆောင်ကြီးကျီဖန်းတောင် အရှေ့ဘက်နယ်မြေကနေ ဒီကို အခုလာနေပြီ" သူ၏အသံမှာ အေးဆေးတည်ငြိမ်သော်လည်း ပတ်ဝန်းကျင််ဂိုဏ်းသားများအားလုံးကို ရင်တုန်သွားစေသော ကြောက်မက်ဖွယ်အငွေ့အသက်ပါရှိသည်။
"ဖန်မု.....မန်ဟို"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဇီယွင်ဂိုဏ်း အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဖန်မုက တောင်ပိုင်းဒေသတစ်ခုလုံးလိုက်ရှာနေတဲ့ မန်ဟိုတဲ့လား"
"ဒါ.... မန်ဟို့ကို ရှာမတွေ့တာ အံ့သြစရာမရှိဘူး။ သူက ဇီယွင်ဂိုဏ်းမှာ ပုန်းနေခဲ့တာကိုး။ အမွေခံတပည့်တောင် ဖြစ်လာသေးတယ်....."
ဆူညံပွက်လောရိုက်နေစဥ် ဇီယွင်ဂိုဏ်းနှင့်သက်ဆိုင်သောအလင်းတန်းသို့ အကြည့်တစ်ခုပြီးတစ်ခု ရောက်လာသည်။ အထဲရှိ ဇီယွင်ဂိုဏ်း ကျင့်ကြံသူများ၏မျက်နှာများ ချက်ချင်းပြောင်းသွားသည်။
အန်းဇဲ့ဟိုင်မျက်နှာပျက်သွား၏။ သူ့ဘေးရှိ လင်ဟိုက်လုံမှာ ပင့်သက်ရှိုက်၍ ထရပ်လိုက်သည်။ ဝူတင်းချိုးသည် တခဏတိတ်ဆိတ်သွားပြီးနောက် မယုံနိုင်လောက်အောင် မျက်နှာထားခက်ထန်လာသည်။ ဇီယွင်ဂိုဏ်းသားအားလုံး၏စိတ်နှလုံးထဲ၌ ကျရောက်တော့မည့် အန္တရာယ်ကို ခံစားနေရလေပြီ။
ဤအခိုက်တွင် ဇီယွင်ဂိုဏ်း၏အလင်းတန်းအတွင်းရှိ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးများ၏မျက်လုံးများ တဖြေးဖြေး ပွင့်လာသည်။
***