ငါက သူ့ဆရာ
Vol. 22 Ch. 308
ဇီယွင်ဂိုဏ်း စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့််ခေါင်းဆောင်ကြီးက ခေတ္တ တိတ်ဆိတ်နေပြီးနောက် ပြောသည်။ "ဂိုဏ်းချုပ်ဆီက သတင်းရတယ်။ အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဖန်မု ဇီယွင်ဂိုဏ်းက ထွက်ခွာသွားပြီ။ သူသေလားရှင်လား ကျုပ်တို့မသိဘူး။ သူရှင်သေးရင် ဇီယွင်ဂိုဏ်းနဲ့မဆိုင်တော့ဘူး။ ထို့အတူပဲ သူသေသွားရင်လည်း ကျုပ်တို့နဲ့ဘာမှမသက်ဆိုင်ဘူး"
သူစကားလုံးများ တစ်လုံးပြီးတစ်လုံးပဲ့တင်ထပ်နေစဥ် သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်နေ၏။ ထိုစကားများကို ပြောရခြင်းမှာ သူ့ကို အရှက်ရစေသည့်ပြင် ဝမ်းနည်းကြေကွဲစေသည်။
အခြားစိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးက ဘာမှမပြောဘဲ မှုန်ကုပ်နေသည်။ သူ၏မျက်လုံးများထဲတွင် ပေါက်ကွဲတော့ခါနီး ဒေါသရှိနေသယောင်ပင်။ သို့သော် သူတို့မှာ မည်သည့်နည်းနှင့်မှ ကျီမျိုးနွယ်စုကို မတွန်းလှန်နိုင်ကြောင်း သူသိသည်။
သူတို့သာ ဖန်မုကိစ္စကို သိသူများဖြစ်ပြီး အမှန်တကယ်ဆိုရလျှင် ဇီယွင်ဂိုဏ်းဆီမှ အရေးတကြီးအမိန့်ကို ယခုလေးတင်ရရှိခဲ့ခြင်းဖြစ်သည်။ အမိန့်ကား ရိုးရှင်းသည်။ ကျီမျိုးနွယ်ဝင်တစ်ဦး သေဆုံးသွားခြင်းကို မဖော်ပြသော်လည်း အလွန်အရေးပါသောအပြောင်းအလဲများ ဖြစ်ပွားတော့မည်ဟု ပြောထား၏။ ဖန်မုသည် မိမိစိတ်ဆန္ဒအလျောက် ဂိုဏ်းမှ ထွက်သွားခဲ့ပြီဖြစ်၍ မတော်တဆမှုတစ်စုံတစ်ရာဖြစ်ပျက်ခဲ့လျှင် ခေါင်းဆောင်ကြီးအနေဖြင့် ဤအခြင်းအရာကို မဆိုင်းမတွ ဖြေရှင်းနိုင်သည်။
အရေးကြီးသောကိစ္စတစ်ခုဖြစ်ပွားခဲ့သည်ဟု သူတို့နှစ်ယောက် ယူဆခဲ့ပြီး စောစောကအဖြစ်အပျက်များအရ ယင်းက ပြဿနာဇစ်မြစ်ဖြစ်ကြောင်း သိသာသွားလေသည်။ သူတို့နှစ်ယောက်သည် နှစ်တစ်ထောင်ကျော် နေထိုင်ခဲ့ပြီဖြစ်သည့်အတွက် ဤကိစ္စ၏ ဖြေရှင်းရခက်သောအချက်ကို နားလည်ရန် တခဏသာ ကြာလိုက်သည်။
သူ့နာမည်က ဖန်မု မက၍ မန်ဟိုဖြစ်စေကာမူ၊ ထိုကလေးမှာ ကျီမျိုးနွယ်ဝင်တစ်ယောက်အား ရင်ဆိုင်သတ်ဖြတ်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပုံပေါ်သည်။ ဂိုဏ်းကို ဆွဲမထည့်လိုသဖြင့် သူသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဆွဲပြားအား မိမိသဘောဆန္ဒအလျောက် ချိုးဖျက်၍ ပတ်သက်မှုကို အဆုံးသတ်လိုက်သည်။
ထိုကဲ့သို့ ရွေးချယ်လိုက်ခြင်းက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနှစ်ဦးကို ရင်ကွဲစေသည်။ ဤသည်မှာ သူတို့၏ဂိုဏ်းသား၊ အရှေ့ဆေးဝါးအဖွဲ့၏ အမွေခံတပည့်တစ်ယောက်ဖြစ်သည်။ သေရေးရှင်ရေးအခြေအနေတွင် သူသည် ဂိုဏ်းအား ဒုက္ခမရောက်စေမည့် လမ်းကိုရွေးချယ်သွားခဲ့သည်။
ကံဆိုးစွာနှင့်.... သူတို့မှာ သူ့ကို ဘယ်နည်းနှင့်မှ မကာကွယ်နိုင်ပေ။ ယခုအချိန်တွင် ဇီယွင်ဂိုဏ်းမှ ဘယ်သူ့မှ သူ့အတွက် ဘာမှမလုပ်ပေးနိုင်ပေ။ ခေါင်းဆောင်ကြီးနှစ်ဦးမှာ တောင်ပိုင်းဒေသကျင့်ကြံသူအားလုံး၏ ရှေ့မှောက်တွင် သူ့နှင့်ခပ်တန်းတန်းနေရုံမှ ရွေးချယ်စရာမရှိသည်သာ။
သူ့အသက်က အရေးမပါ။ သူသေသွားလည်း ကိစ္စမရှိ။ သူသည် ဇီယွင်ဂိုဏ်းနှင့် ဘာမှမဆိုင်တော့။
သူတို့ပြောလိုက်သည့်စကားလုံးများက ပတ်ဝန်းကျင်အား ချက်ချင်း တိတ်ဆိတ်သွားစေသည်။ အခြားဂိုဏ်းမှ ကျင့်ကြံသူအမြောက်အမြား၏မျက်နှာများအပေါ်တွင် အံသြမှင်သက်နေသောအရိပ်အယောင်များ ပြည့်နှက်နေသည်။ ထိုစကားလုံးများအတွင်း၌ ကူရာမဲ့နေမှုကို သူတို့ကြားနိုင်ပြီး ကျီမျိုးနွယ်စု၏ သြဇာအာဏာနှင့်ယှဥ်လျှင် သူတို့ကို ချက်ချင်း ကရုဏာသက်သွားစေသည်။
ကျီမျိုးနွယ်စုမှ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူက ဇီယွင်ဂိုဏ်းသားများကို တခဏကြာသည်အထိ အေးစက်စွာ စိုက်ကြည့်နေသည်။ သို့သော် ယင်းကလွဲ၍ သူဘာမှမလုပ်ပေ။
တိတ်ဆိတ်မှုက မင်းမူနေသည်။ ဘယ်သူမှ စကားပြောခြင်းမရှိ။ လူတိုင်းသည် ဂိုဏ်းသားများ ပြန်ရောက်လာမည်ကို စောင့်စားနေကြသည်။
တားမြစ်မန္တန်များမှာ ပတ်ပတ်လည်ကို ဝန်းရံနေပြီဖြစ်သည်။ ယခုအချိန်တွင် ဘယ်သူမှ နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို အသုံးမပြုနိုင်တော့ပေ။ သို့သော် ချင်းလော်ဂိုဏ်း၏အလင်းတန်းအတွင်းရှိ ခေါင်ဆောင်ကြီးဇီလော်၏မျက်လုံးများ တောက်ပလာသည်။
နောက်ဆုံး၌ သူစကားထပြောသည်။ "ကျီမျိုးနွယ်စု တာအိုရောင်ရင်းတို့၊ ဝါရင့်ဂိုဏ်းဝင်တို့။ ရှေးကံကြမ္မာဂိုဏ်းက ကံကောင်းခြင်းအဆောင်တစ်ခု မန်ဟိုလက်ထဲမှာရှိတယ်။ ခင်ဗျားတို့ရဲ့ တားမြစ်မန္တန်တွေကတော့...." သူက ပြုံးလိုက်သော်လည်း စကားဆုံးအောင်မပြောပေ။
ဤစကားလုံးများက ကျီမျိုးနွယ်စုအကြီးအကဲများ၏မျက်လုံးများကို ချက်ချင်း လက်သွားစေပြီး သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ပြားပေါ်လာ၏။
"ဒါကို တားမြစ်မန္တန်ထဲ ထားလိုက်။ ကံကောင်းခြင်းအဆောင်ကို ဟန့်တားနိုင်တယ်"
ဇီယွင်ဂိုဏ်း စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနှစ်ယောက်၏ မျက်နှာများ မည်းမှောင်သွားသည်။ သူတို့က ခေါင်းဆောင်ကြီးဇီလော်ကို ချုပ်တည်းထားရသော အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် တဟုန်းဟုန်းတောက်နေသည့်မျက်လုံးများဖြင့် ကြည့်သည်။
ဂိုဏ်းအသီးသီးမှ ဂိုဏ်းသားများမှာ အေးစက်သော ဆောင်းရာသီထဲက ပုစဥ်းရင်ကွဲများသဖွယ် အလွန်တရာထိတ်လန့်သွားကြ၏။ အတွေးပေါင်းစုံ သူတို့ခေါင်းထဲ၌ ဖြတ်ပြေးသွားသည်။ သူတို့သည် ဖန်မုအကြောင်းတွေးပြီးနောက် မန်ဟို့အကြောင်းတွေးမိလိုက်သည်နှင့် သူတို့၏မျက်နှာအမူအရာများ အံသြခြင်းတို့ ဖုံးလွှမ်းသွားသည်။
ဖန်မုသည် တောင်ပိုင်းဒေသတွင် မသိသူမရှိအောင် ကျော်ကြားသည်။ သူနှင့်သက်တူရွယ်တူများအကြားတွင် မွန်းတည့်နေသဖွယ်ဖြစ်သည်ဟု ဆိုကြသည်။ ဘယ်သူမှ သူ့ကို မယှဥ်နိုင်ပေ။ သူ၏မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ အမွေခံတပည့်၊ အရှေ့ဆေးဝါးအဖွဲ့၏တာအိုကလေး၊ တောင်ပိုင်းဒေသမဟာအကြီးအကဲလေးဦးထဲကတစ်ဦး.... ဆေးဒယ်အိုးဖြစ်သည်။
မန်ဟိုအတွက်မူ သွေးအင်မိုတယ်အမွေအနှစ်မျက်နှာဖုံးပေါ်လာသည်နှင့် လူတိုင်းအား အသက်ရှူမှားသွားစေသည်။
သူက မြင့်မြတ်သောဝိညာဥ်ကျမ်းစာကို ပိုင်ဆိုင်ထားပြီး စုန့်မျိုးနွယ်စု၏သမက်အပြင် ယခုတွင် သွေးအင်မိုတယ်အမွေအနှစ်၏ဆက်ခံသူ ဖြစ်နေလေ၏။
တိတ်ဆိတ်နေမှု၏အလယ်တွင် စုန့်မျိုးနွယ်ဝင်များမှာ သူတို့၏အလင်းတန်းထဲတွင် ထိုင်လျက် မျက်စိမျက်နှာပျက်နေကြသည်။ လူထူးဆန်းစုန့်လည်း မျက်မှောင်ကြုတ်၍ သက်ပြင်းခိုးချနေရင်း ထိုင်နေသည်။
စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူများအပါအဝင် ရှိသမျှ ကျင့်ကြံသူအားလုံးသည် အဘိုးအိုတစ်ယောက် လူအုပ်ထဲ ရုတ်တရက် ဝင်ရောက်လာသည်ကို သတိမထားမိလိုက်ပေ။ သူသည် ပိန်ချုံးပြီး ပုံပန်းသွင်ပြင်အရ ထည်ဝါနေခြင်းမရှိပေ။ သို့သော် သူက ဤကမ္ဘာနှင့်မသက်ဆိုင်နေသည့်အလား ဘယ်သူမှ သူ့ကိုသတိမထားမိပေ။
ထိုအဘိုးအိုက ပြုံးလိုက်သည်။ "မင်း ပြီးပြည့်စုံခြင်းနယ်ပယ်ကို ဝင်ရောက်သွားပြီပဲ ကလေး" သူက တစ်ယောက်တည်း အေးအေးလူလူပြောနေသည်။ "ကမ္ဘာထဲမှာ ကံကြွေးလို့ခေါ်တဲ့အရာတစ်ခု ရှိတယ်။ ငါမင်းကို ကူညီပြီး ကံကြွေးချပေးမယ်။ နောင်တစ်ချိန်ကျရင် မင်းရဲ့ပြီးပြည့်စုံခြင်းကို ငါသိမ်းပိုက်မယ်။ အဲ့တာက ကံကြွေးပြန်သိမ်းတာပဲ" မှန်ပါသည်၊ ဘယ်သူမှ သူ့အသံကို မကြားရပေ။ ဤလူမှာ ဒသမဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးမှလွဲ၍ အခြားမဟုတ်ပေ။
လူတိုင်း တိတ်ဆိတ်စွာ စောင့်နေကြသည်။
ထိုစဥ် တောင်ပိုင်းဒေသ၏အစွန်အဖျား၊ ကျိုးပြည် တစ်ခါကရှိခဲ့ဖူးသောနေရာအနား၊ မရေမတွက်နိုင်သော တောင်စဥ်တန်းများ၏အလွန်တွင် ပင်လယ်ကျယ်ကြီးတစ်စင်းရှိသည်။
ယင်းက အနောက်နှင့်တောင်ကို မြောက်နှင့်အရှေ့မှ ပိုင်းခြားထားသော နဂါးငွေ့တန်းပင်လယ်ပင်။
ရုတ်တရက် တောင်ပိုင်းဒေသ၏အပြင်၊ နဂါးငွေ့တန်းပင်လယ်၏အထက်ရှိ လေထုသည် ပုံပျက်ရှုံ့တွလာ၏။ ဝိုးတိုးဝါးတားပုံရိပ်တစ်ခုပေါ်လာပြီး လူတစ်ယောက် ထွက်လာသည်။ ပုံရိပ်သည် စစချင်း မပီပြင်သော်လည်း အဘိုးအိုတစ်ယောက်အဖြစ် လျင်မြန်စွာ ရုပ်လုံးပေါ်လာသည်။
သူသည် အရှေ့ဘက်နယ်မြေရှိ တောင်ဖြူထိပ်တွင် ကံကြွေးကို မျှားနေခဲ့သော အဘိုးအို၊ ကျီမျိုးနွယ်စုခေါင်းဆောင်ကြီး ကျီဖန်းပင်။
သူသည် နဂါးငွေ့တန်းပင်လယ်ထက်ရှိ လေလယ်တွင်တန့်လျက် တောင်ပိုင်းဒေသကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ရှေ့ထွက်သွားသည်။သို့သော် သူ တောင်ပိုင်းဒေသ၏ နယ်စပ်အနားရောက်၍ အထဲဝင်ရောက်တော့မည့်အချိန်မှာပင် မျက်မှောင်ကြုတ်သွားပြီး အေးစက်စက်နှာမှုတ်လိုက်သည်။ သူက ညာလက်ကိုမြှောက်ပြီး အရှေ့၌ ဆတ်ခနဲ တောက်လိုက်သည်။
ပေါက်ကွဲသံကြီး အဘက်ဘက်သို့ပျံ့နှံ့သွားပြီး သူ့ခြေထောက်အောက်ရှိ ပင်လယ်ပြင်၌ လှိုင်းလုံးကြီးများ ထကြွလာသည်။ တောင်ပိုင်းဒေသ၏နယ်စပ်ဖြစ်သော ကုန်းမြေထုသည် လှုပ်ခတ်သွားပြီး ပင်လယ်ကမ်းစပ်တစ်လျှောက်လုံး အက်ကြောင်းများထကာ ပြိုကျလာသည်။
မြေငလျင်တို့လှုပ်ခတ်၍ လှိုင်းလုံးများ တလိပ်လိပ်ထနေစဥ် ကျီဖန်း၏အရှေ့၌ အဘိုးအိုတစ်ယောက်ပေါ်လာသည်။ သူသည် လက်စတစ်ဖက်တစ်ချက်စီတွင် ဆေးပေါင်းဖိုပုံသဏ္ဍာန်ထိုးထားသော အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။
အဘိုးအို၏ဆံပင်မှာ ရှည်လျားဖြူဆွတ်နေပြီး သူ၏အရေပြားပေါ်၌ အနက်ရောင်အစက်အပြောက်များရှိသည်။ သူသည် အလွန်ပိန်ချုံး၍ တည်ငြိမ်အေးဆေးသေါ အမူအရာရှိသည့်တိုင် အစွမ်းတို့ပြည့်နှက်နေသည်။ သူ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး မိုးကောင်းကင်မှလာသော အရှိန်အဝါတစ်ခု ၄င်းတို့ထဲတွင် စုစည်းနေပုံရသည်။
ပြင်းရှရှ ဆေးရနံ့သည် သူထံမှ ပျံလွင့်ရင်း ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။
ကျီဖန်းသည် သူကို အေးတိအေးစက်ကြည့်ပြီး ပြော၏။ "မင်းကို ဇီတုန်လို့ခေါ်ရမလား၊ ဆေးလုံးမိစ္ဆာလို့ခေါ်ရမလား"
ဤအဘိုးအိုမှာ မန်ဟို့ဆရာ၊ ဆေးလုံးမိစ္ဆာကလွဲ၍ တခြားမဟုတ်ပေ။
ဆေးလုံးမိစ္ဆာသည် တခဏ တိတ်ဆိတ်နေပြီးနောက် ကျီဖန်းကို ပြန်ကြည့်သည်။ "ဇီတုန်က သေပြီ ။ ငါက ဆေးလုံးမိစ္ဆာပါ"
"မင်းက ဇီတုန်ဖြစ်ဖြစ်၊ ဆေးလုံးမိစ္ဆာဖြစ်ဖြစ် အရေးမကြီးပါဘူး" သူက ခေါင်းကိုအနည်းငယ်မော့ရင်း အေးတိအေးစက်ပြောသည်။ "ဇီယွင်ဂိုဏ်းအဖျက်စီးမခံရချင်ရင် လမ်းကနေဖယ်။ ငါ့ ကျီမျိုးနွယ်ဝင်ကို သတ်တဲ့ဘယ်သူမဆို သေရမယ်"
ဆေးလုံးမိစ္ဆာက ခေါင်းခါလိုက်၏။ "ငါ က သူ့ဆရာ။ သူ ငါ့ကို သုံးကြိမ်ဂါဝရပြုခဲ့တယ်။ အခုက သူ့အတွက် တစ်ခုခုလုပ်ပေးရမယ့် အချိန်ပဲ" သူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် ကြေးဆေးပေါင်းဖိုတစ်လုံး သူ့လက်ထဲတွင် မှော်ဆန်ဆန်ဖြစ်တည်လာသည်။ ၄င်းက အဘက်ဘက်သို့ ပျံ့နှံ့သွားသော ရှေးဟောင်းချီတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ဆေးပေါင်းဖိုမှ အပြာရောင်မြူစီးကြောင်းတစ်ကြောင်း ထွက်လာကာ လှည့်ပတ်စီးမြောရင်း ပတ်ဝန်းကျင်တစ်ခုလုံးကို မြူကမ္ဘာဖြစ်သွားစေသည်။
"တကယ်ပဲ ဇီတုန် ဆိုရင်တော့ ငါ တွေဝေမိလောက်တယ်" ကျီဖန်းက အေးစက်စက်နှာမှုတ်သည်။ "ဒါမဲ့ မင်းကတော့... သေချင်နေတာပဲ" ထို့နောက် သူကလက်မြှောက်လိုက်ရာ မြူသည် ပိုသိပ်သည်းထူထပ်လာပြီး သူနှင့်ဆေးလုံးမိစ္ဆာကို လွှမ်းခြုံသွား၏။
ယခုတွင် သူတို့ကို မမြင်ရတော့ပေ။ မြူအတွင်းမှ ပေါက်ကွဲသံများကိုသာ ဆက်တိုက်ကြားနေရ၏။ သူတို့အောက်ရှိ နဂါးငွေ့တန်းပင်လယ်မှာ တဖွေးဖွေးလှုပ်နေတော့သည်။ တောင်ပိုင်းဒေသ၏ နယ်စပ်ဒေသများ လှုပ်ခါနေပြီး သူတို့၏တိုက်ကွက်တိုင်း၌ ကောင်းကင်နှင့်မြေကြီးကို လှုပ်ရမ်းပစ်နိုင်သော စွမ်းအားပါဝင်နေသည်။
မြူအတွင်းမှ တင်းမာခက်ထန်သောအသံတစ်သံ ထွက်လာသည်။ "ဆေးလုံးမိစ္ဆာ မင်းတပည့်အတွက် ဒီလိုလုပ်ဖို့ တကယ်ပဲတန်လား။ မင်းငါ့ကို တားရင်တားနိုင်မယ်၊ ဒါပေမယ့် ကျီမျိုးနွယ်စုတစ်စုလုံးကို တားနိုင်မလား"
"သူက ငါ့တပည့်ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်။ ငါလည်း သူ့ဆရာဖြစ်ဖို့ ရွေးချယ်ခဲ့တယ်။ အဲ့ဒါက ဂိုဏ်းတစ်ဂိုဏ်းကို စွန့်ခွာသွားရုံလေးနဲ့ ပျက်စီးသွားမယ့်အရာမျိုးမဟုတ်ဘူး။ တန်တယ်ဆိုတာ ငါယုံတယ်။ အားလုံးကိုယုံတယ်။ ကျီမျိုးနွယ်စုကို ငါမတားနိုင်ပေမယ့် မင်းကိုတော့ အချိန်ခဏဆွဲထားနိုင်တယ်။ ဒါဆိုလုံလောက်ပြီ"
နောက်ထပ်ပေါက်ကွဲမှုကြီးက ကောင်းကင်ကို တုန်ခါသွားစေသည်။ တိုက်ပွဲမှာ တောင်ပိုင်းဒေသနှင့် နဂါးငွေ့တန်းပင်လယ်ဆုံရာ အစွန်အဖျားဒေသအား တသိမ့်သိမ့်တုန်နေစေ၏။
မြူများ တဖွေးဖွေးလှုပ်နေပြီး လျှပ်စီးတဝင်းဝင်း ၊ တဂျိန်းဂျိန်းနှင့် တိုက်ပွဲမှာ အထွပ်အထိပ်သို့ မြင့်တက်လာခဲ့သည်။
ယခုအချိန်တွင် ချုံမန်းတိုင်၏ ပုံရိပ်ယောင် စိတ်နယ်ပယ်အတွင်းရှိ နံရံများ ပြိုကျနေလေပြီ။ မန်ဟိုပျောက်ကွယ်သွားစဥ် ရှုချင်သည် နှုတ်ခမ်းလေးကိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
မန်ဟို ထွက်လာသည်။ သူသည် ဖန်မုမဟုတ်တော့ဘဲ ကျိုးပြည်မှ ထွက်ခွာလာခဲ့စဥ်ကအတိုင်းဖြစ်သည်။ ယခုတွင် ကျင့်ကြံခြင်းအခြေခံက အမြုတေဖြစ်တည်အဆင့်ဖြစ်သည်ကလွဲ၍။ သူသည် အလင်းတန်းအသွင်ပြောင်းပြီး အဝေးသို့ ထွက်သွားသည်။
သူသည် ဝင်္ကပါမှ ထွက်ခွာနေခြင်းမဟုတ်၊ ရှုချင်နှင့်ဝေးရာသို့ သွားနေခြင်းပင်။
သူက ပြန်လှည့်မကြည့်ပေ။
သူ့လက်ခုံပေါ်ရှိ အစိမ်းရောင်အမှတ်မှာ တဖျပ်ဖျပ်လင်းလက်နေသည်။ ၄င်းသည် သူ ခရမ်းရောင်အမြုတေ ဖန်တီးခဲ့စဥ်က ပေါ်လာခဲ့ပြီး သူ၏သွေးကြောများတစ်လျှောက် သွေးများ စတင်စီးဆင်းနေလေပြီ။
၄င်းမှာ မှော်သင်္ကေတ တစ်ခု ဖြစ်ပုံရသည်။ ချီအခြေတည်အဆင့်ရောက်တုန်းကနှင့် ဇီယွင်ဂိုဏ်းတွင် ချုုံမန်းတိုင် သူ့ကို ခေါ်ခဲ့သည့်အချိန်ကလည်း မြင်ခဲ့ဖူးသည်။
သူ တရိပ်ရိပ်သွားနေစဥ် နံရံများသည် အစိတ်စိတ်အမြွှာမြွာ ပြိုကျလာနေ၏။ ဝင်္ကပါတစ်ခုလုံး ပြိုကျတော့မည့်ပုံရပြီး အတွင်း၌ သောင်တင်နေသော ကျင့်ကြံသူများ တစ်ယောက်ကို တစ်ယောက်မြင်ကြရလေပြီ။ သူတို့သည် သက်ဆိုင်ရာဂိုဏ်းအလိုက် အလျင်အမြန်စုစည်းလိုက်ကြ၏။
သို့သော် မစုစည်းနိုင်သူများမှာ သားကောင်ဖြစ်လာသည့်အတွက် တစ်နေရာလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေချေသည်။
မန်ဟိုသည် ပို၍လျင်မြန်စွာ သွားနေသည်။ သူဖြတ်သွားသည်ကို သိလိုက်သည်ကလွဲ၍ ဘယ်သူမှ သူ့မျက်နှာကို မမြင်ကြပေ။
ထစ်ချုန်းသံများ ပို၍ပြင်းထန်လာသည်နှင့်အမျှ နံရံများ ဆက်လက်ပြိုကျလာနေသည်။ မန်ဟိုက ခဏရပ်လိုက်သည်။ ပျက်စီးပြိုကျနေသောနှုန်းအရ တစ်နေရာလုံးပျောက်ကွယ်ရန် သိပ်ကြာတော့မည်မဟုတ်ကြောင်း သူသိလေသည်။
"လီတောက်ရီနဲ့ ကျိုးဟုန်တုန် သေသွားပြီဆိုတော် အပြင်ကမ္ဘာကို ချိတ်ပိတ်ထားမှာပဲ။ ကံကောင်းခြင်းအဆောင်လည်း... ငါ့ကိုမကယ်နိုင်လောက်ဘူး" သူ၏မျက်ဝန်းများ တောက်ပသွားသည်။ ကျိုးဟုန်တုန်ကို စတင်တိုက်ခိုက်ခဲ့ကတည်းက သူ့ခေါင်းထဲတွင် အတွေးများစွာ ဖြတ်ပြေးပြီးသွားလေပြီ။
"ငါရဲ့တစ်ခုတည်းသော အခွင့်အရေးက..... ၅၀ ကီလိုမီတာအကွာက ပြန်လည်မွေးဖွားခြင်းဂူဖြစ်လိမ့်မယ်" သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ရုတ်တရက် သူ၏အမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ မြူတိမ်တိုက်တစ်ခုက သူ့ကို လွှမ်းခြုံသွားပြီး သူက ဦးတည်ချက်ပြောင်းလိုက်သည်။
မကြာမီ သူ့အရှေ့တွင် ချူယွီယန်၊ ရီဖေးမုနှင့် ဇီယွင်ဂိုဏ်းသားတချို့ပေါ်လာသည်။ သူတို့မှာ အနက်ရောင်နယ်မြေကျင့်ကြံသူများ၏ အဝိုင်းခံထားပြီး တိုက်ခိုက်ခံနေရသည်။
"ဇီယွင်ဂိုဏ်းမှ တာအိုရောင်ရင်းတို့" တစ်ယောက်က မောက်မာသောလေသံဖြင့် ပြောသည်။ "မင်းတို့ အခုလေးတင် ဖန်တီးလိုက်တဲ့ စာအုပ်တွေရဲ့ မူပွားကို ပေးပါ။ ဒါဆို အသက်ချမ်းသာပေးမယ်။ မပေးရင်တော့ တောင်ပိုင်းဒေသရဲ့ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းကပဲဖြစ်နေပါစေ၊ တစ်ယောက်မကျန် သုတ်သင်ရလိမ့်မယ်" သူတို့၏ခန္ဓာကိုယ်ပေါ်က အရုပ်များ လူးလွန့်လာသည်။ ချူယွီယန်၊ ရီဖေးမုနှင့် ခရမ်းရောင်ချီအဖွဲ့မှ ဂိုဏ်းသားများသည် အတတ်နိုင်ဆုံး ခုခံနေကြ၏။
ရီဖေးမုမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး မျက်နှာဖြူဆုပ်နေသည်။ သို့သော် သူသည် ခေါင်းမာမာဖြင့် ဆက်တိုက်နေသေးသည်။ ချူယွီယန်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူမ၏ညာလက်မှာ သွေးတို့ရွှဲနေသည်။ သူမ၏မျက်နှာလေးသည် ဖြူဆုပ်နေပြီး သူမက အံတင်းတင်းကြိတ်ထား၏။
အခြားသူအားလုံးလည်း ဒဏ်ရာရထားပြီး အသက်လုတိုက်ခိုက်နေရသည်။
သူတို့ဘေးတွင် ခရမ်းရောင်ချီအဖွဲ့သားနှစ်ယောက်မှာ နံရံဘေး၌ လဲကျနေပြီး သေလားရှင်လား မသိရပေ။
***