နောက်လှိုင်းတစ်လုံး မြင့်တက်လာခြင်း
Vol. 22 Ch. 309
"ဒီနေရာက အချိန်မရွေး ပြိုကျနိုင်တယ်" ရီဖေးမုက အားအင်ကုန်ခမ်းနေသော အသံဖြင့် ပြောသည်။ "ပြိုကျတာနဲ့ ငါတို့ နေရာရွှေ့ပြောင်းခံရမယ်" သူစကားပြောနေသည်က အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမဟုတ်၊ ဇီယွင်ဂိုဏ်းသားများကိုပင်။
သူ၏မျက်နှာသည် ဖျော့တော့နေပြီး ဖျော့တော့နေမှုအတွင်းတွင် အနက်ရောင်အကြောင်းများ လှုပ်ရှားနေသည်ကို မြင်နိုင်၏။ ၄င်းက အဆိပ်မဟုတ်၊ အနောက်ပိုင်းသဲကန္တာရမှ ထူးခြားဆန်းကြယ်သော မှော်အတတ်တစ်ခုဖြစ်သည့် ကပ်ပါးကောင်တစ်မျိုးပင်။ ကူးစက်ခံရပါက ကျင့်ကြံခြင်းအခြေခံ ပျက်စီးခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ပေမည်။
ထို့ကြောင့်သာမဟုတ်လျှင် ရီဖေးမုသည် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်အရ ဤအခြေအနေဖြစ်နေမည်မဟုတ်ချေ။
ချူယွီယန်က အံကြိတ်ရင်း သိုလှောင်အိတ်ကိုပုတ်၍ ဆေးလုံးများ ထုတ်ကာ မြိုချလိုက်သည်။ တစ်ဖွဲ့လုံးတွင် ခိုင်မာပြတ်သားသော မျက်နှာအမူအရာများ ရှိကြသည်။ ကံဆိုးစွာနှင့် ချူယွီယန်မှတစ်ပါး အကုန်လုံး၏မျက်နှာပေါ်တွင် ထူးဆန်းသောအနက်ရောင်အကြောင်းများ ရှိနေ၏။ သူတို့အားလုံး ကပ်ပါးကောင်၏ ကူးစက်ခြင်းခံထားရပုံပေါ်သည်။
အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံမှာ ချူယွီယန်နှင့် အခြားသူများကဲ့သို့ မမြင့်မားပေ။ သူတို့အားလုံးမှာ အမြုတေဖြစ်တည်ခြင်း စဦးပိုင်းတွင်ဖြစ်ကာ အထွတ်အထိပ်ပင်မဟုတ်။ ထို့ကြောင့် တခဏ ချီတုံချတုံ ဖြစ်နေကြ၏။ သူတို့ မသတ်သေးသည့် အကြောင်းရင်းမှာ တောင်ပိုင်းဒေသအား ရန်သိပ်မစရဲသောကြောင့်ပင်။ သို့သော် စောစောက စာသားများသည် အဖိုးထိုက်ရတနာတစ်ခုဖြစ်၏။ ဇီယွင်ဂိုဏ်းသားများ၏မျက်နှာပေါ်က ခိုင်မာပြတ်သါးသောစိတ်ဆန္ဒကိုမြင်သော် သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ နောက်ဆုံး၌ သူတို့၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒ ဝင်ရောက်လာ၏။
"သူတို့ကိုသတ်၊ ဒီနေရာ မပြိုကျခင်" မျက်လုံးများ လင်းလက်သွားပြီး တိုက်ခိုက်မှုများ စတင်လေပြီ။ အရုပ်များ၏စွမ်းအား ပေါ်လွင်လာပြီး ဧရာမသားရဲကြီးလေးကောင်အသွင်ပြောင်းကာ ချူယွီယန်နှင့်အခြားသူများဆီ ပြေးဝင်သွား၏။
ဤအခိုက်အတန့်တွင် မန်ဟို ရောက်ချလာသည်။ မြူများက သူ့ကို ဖုံးနေသည့်အတွက် သူ့ပုံပန်းသွင်ပြင်ကို ကောင်းကောင်းမမြင်ရပေ။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ သူ့ကို သေသေခချာချာပင် မမြင်ရခင် သူသည် ချူယွီယန်နှင့် အခြားသူများအရှေ့၌ ရပ်နေလေပြီ။ သူက ညာလက်ကိုမြှောက်၍ ရှေ့သို့ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ခရမ်းရောင်အလင်း သူ့အရှေ့တွင် ဖြာထွက်လာပြီး ဧရာမလခြမ်းကွေးကြီးသဏ္ဍာန်ပြောင်းသွား၏။
ဇီဝိန်ချုပ်စွမ်းအားနှင့် ခရမ်းရောင်လ။ ၄င်းက သားရဲလေးကောင်ကို ဝင်တိုက်၍ ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားစေသည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှ ပါးစပ်အဟောင်းသားနှင့်ကြည့်နေကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။ သူတို့ထဲက နှစ်ယောက်အပေါ်ရှိ အရုပ်နှစ်ကောင်မှာ စွမ်းအားကို မခံနိုင်သဖြင့် ချက်ချင်းလူးလွန့်လှုပ်ရှားလာသည်။ ထို့နောက် တိုက်ကွက်က ကျင့်ကြံသူများကို ဝင်တိုက်၍ သူတို့၏ခန္ဓာကိုယ်များကို အပိုင်းပိုင်းပြတ်သွားစေသည်။
အခြားနှစ်ယောက်မှာမူ တစ်ယောက်က တိုက်ကွက်အား ကပ်သီးလေးရှောင်ရင်း သွေးတစ်ပွက်အန်လိုက်ရ၏။ အခြားတစ်ယောက်မှာ အဖွဲ့ထဲ၌ အစွမ်းထက်ဆုံး ဖြစ်ပြီး ရီဖေးမုကို ခိုင်းစေခဲ့သည့်တစ်ယောက်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်ပင်။
မန်ဟို ရောက်ချလာခြင်းက ချူယွီယန်ကို မျက်လုံးလေးအဝိုင်းသားနှင့်် ငေးကြည့်နေမိစေသည်။ ခရမ်းရောင်လခြမ်း ပေါ်ထွက်လာသည်ကို ကြည့်ရင်း သူမမှာ အံ့အားသင့်နေ၏။
ယင်းက ဇီယွင်ဂိုဏ်းသာ ပိုင်ဆိုင်ပြီး အပြင်လူတစ်ယောက် ဘယ်တော့မှ မတတ်မြောက်သည့် ပညာရပ်ဖြစ်သည်။
"ထွက်သွားစမ်း" မန်ဟိုက ကျန်ရစ်ခဲ့သည့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူနှစ်ယောက်ကို အေးစက်စက်ကြည့်ရင်း ပြောသည်။
သူ၏စကားလုံးများမှာ အလွန်ပြင်းထန်သော ဖိအားကြီးဖြင့် ပြည့်နှက်နေရာ တိုက်ကွက်အား ရှောင်နိုင်ခဲ့သည့် ကျင့်ကြံသူအား ချက်ချင်း ထွက်ပြေးသွားစေသည်။ သူသည် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူဖြစ်၍ သူ့ဘဝမှာ အခက်အခဲများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့တွင် ဂုဏ်သိက္ခါဟူ၍မရှိ။ အသက်ရှင်သန်ရေးသာ သူ့အတွက် အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် အနိုင်ရနိုင်ခြေမရှိသည်ကို မြင်ကတည်းက သူနောက်ဆုတ်ရန် ရွေးချယ်ပြီးလေပြီ။
သူက မထွက်သွားခင် လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးသည်။ မန်ဟို သူ့အပေါင်းအပါများကို သတ်ခဲ့စေကာမူ အရေးမကြီး၊ ခွန်အားကို သူလေးစား၏။
အခြား အနောက်ပိုင်းသဲကန္တာရ ကျင့်ကြံသူ၊ အမြုတေဖြစ်တည်မှုအလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိသည့် သတ်လတ်ပိုင်းလူမှာ တခဏတွန့်ဆုတ်နေသည်။ သူက မန်ဟိုကို ကြည့်ပြီးနောက် ရီဖေးမုနှင့်အခြားသူများကို ကြည့်ကာ ထွက်ခွာရန် လှည့်လိုက်သည်။
"ဖြေဆေးထားခဲ့" မန်ဟိုက အေးစက်စွာပြောသည်။
ထိုလူမှာ သက်ပြင်းခိုးချပြီးနောက် လက်ကိုဝှေ့ယမ်းလိုက်ရာ အနက်ရောင်ပုလင်းတစ်လုံး ပျံထွက်လာသည်။ ထိုလူ လှည့်စားနေခြင်းဟုတ်ဟုတ်မဟုတ်ဟုတ် မန်ဟိုစိတ်မပူပေ။ ဤနေရာ အပြီးတိုင်ပြိုကျရန် တခဏသာကြာတော့သည်။ ပြိုကျပြီးသည်နှင့် လူတိုင်းအပြင်ရောက်သွားလိမ့်မည်။ ထိုအခါ ပြဿနာအသေးအမွှားများအားလုံး အလွယ်တကူဖြေရှင်းပြီးလိမ့်မည်။
မန်ဟိုက ချူယွီယန်နှင့်အခြားသူများကို မြူများမှတစ်ဆင့် လှည့်ကြည့်သည်။ "ဒီနေရာ ပြိုကျတော့မယ်။ မင်းတို့အားလုံး.....ကိုယ့်ကိုကိုယ်ဂရုစိုက်ကြ" သူက ဝိရောဓိဖြစ်နေသောခံစားချက်များဖြင့် အဝေးသို့ထွက်သွားသည်။
"ရှင်ကဘယ်သူလဲ" ချူယွီယန်က ရုတ်တရက်မေးသည်။
မန်ဟိုက ပြန်မဖြေ။ သူက ရှေ့ဆက်သွားနေ၏။
ရီဖေးမုက သူထွက်သွားနေသည်ကို ကြည့်ရင်း ရုတ်တရက် ပြောသည်။ "ဖန်မု ဘာဖြစ်ခဲ့တာလဲ"
ထိုစကားက ချူယွီယန်ကို မူးမိုက်သွားစေသည်။ အခြားခရမ်းရောင်ချီအဖွဲ့သားများအားလုံး မန်ဟို့ကို လှမ်းကြည့်လိုက်ကြသည်။
မန်ဟိုခဏရပ်သွား၏။ သူက သက်ပြင်းဖွဖွချပြီးနောက် ပြန်ဖြေသည်။ "အခုအချိန်က စပြီး ဇီယွင်ဂိုဏ်းမှာ ဖန်မု မရှိတော့ဘူး...." ထို့နောက် သူက ရှေ့ဆက်သွားလေသည်။
ချူယွီယန်နှင့် ရီဖေးမုမှာ အံံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သို့သော် ချူယွီယန်၏ သမင်မျက်ဝန်းလေးများ ကျဥ်းမြောင်းသွားရန် တခဏသာ ကြာလိုက်သည်။
"အဲ့ဒီအသံက..." သူမ၏အသက်ရှူသံများ ရုတ်တရက်မြန်လာပြီး မန်ဟို့၏ထွက်ခွာသွားသောပုံရိပ်ကို လှမ်းကြည့်လိုက်သည်။
ပတ်ပတ်လည်ရှိ နံရံများ ဆက်လက်ပြိုကျနေသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ အနီးပတ်ဝန်းကျင်ရှိ နံရံများမှာ အပြီးတိုင်ပြိုကျ၍ ဘာမှမကျန်တော့ပေ။ တချို့ကျင့်ကြံသူများ လေဟာနယ်ထဲသို့ စုပ်ယူခံရပြီး ပျောက်ကွယ်လာကြသည်။
မန်ဟိုသည် အာရုံစူးစိုက်မှုအပြည့်နှင့် သတိရှိနေသော မျက်နှာထားဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ အပြင်က အခြေအနေများနှင့်ပတ်သက်၍ သူ အတိအကျမသိသော်လည်း အလွန်အန္တရာယ်များမည်ကိုတော့ ခန့်မှန်းနိုင်သည်။ သူသည် မဆင်မခြင်မလှုပ်ရှားဘဲ နံရံအပျက်အစီးများ အလွန်ရှိ လေဟာနယ်ကို ဂရုတစိုက်ကြည့်နေ၏။
မကြာခင် ထစ်ချုန်းသံများ ပိုမိုကျယ်လောင်လာပြီး အရာအားလုံးပြိုကျနေသည်။ မန်ဟို့အကြည့် လက်ခနဲဖြစ်သွားပြီး လေဟာနယ်ထဲသို့ ပျံသန်းတော့မည့်အချိန် ရုတ်တရက် သူ၏မျက်နှာထား ရိပ်ခနဲဖြစ်သွားသည်။ သူသည် လက်ကိုမြှောက်၍ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ဖျက်စီး၍မရသော သစ်သားဓားနှစ်လက် မန်ဟို့၏ဘေးကို ကာကွယ်ရန် ပျံထွက်လာသည်။
ဤအခိုက်အတန့်မှာပင် ပေါက်ကွဲသံ မြည်ဟည်းသွားသည်။ မည်သည့်နေရာမှ ထွက်လာမှန်းမသိသော အမျိုးသမီးတစ်ယောက်၏လက်သီးက လေကိုခွင်း၍ သူ့ဆီ ပြေးဝင်လာနေသည်။ ၄င်းက သူ့ကိုဝန်းရံထားသည့် ခရမ်းရောင်မြူကို ဝင်တိုက်ကာ ချက်ချင်း ပြိုကွဲသွားစေသည်။ သို့သော် လက်သီးသည် မရပ်တန့်ဘဲ မန်ဟို့သစ်သားဓားနှစ်လက်အပေါ် ကျရောက်သွားသည်။
လေပြင်းတစ်ချက် ခပ်ကြမ်းကြမ်းဆောင့်တိုက်သွားသည်။
သစ်သားဓားနှစ်လက်မှာ တုန်ခါသွားပြီး လည်ထွက်ကာ မန်ဟို့ရင်ဘတ်ကို ဝင်ဆောင့်၏။ နာကျင်မှုက သူ၏ခန္ဓာကိုယ်ကို ဝါးမြိုသွားပြီး သူ့မှာ ပါးစပ်မှသွေးများပန်းထွက်ရင်း ကြိုးဖြတ်ခံလိုက်ရသည့် စွန်ငယ်သဖွယ် လွင့်ထွက်သွားသည်။
သူက လက်သီး၏ပိုင်ရှင်ကို လှမ်းကြည့်လိုက်ရာ ဖန်မိန်းကလေးကို မြင်လိုက်သည်။ သူမသည် လှပကြော့ရှင်းသောအငွေ့အသက်နှင့်အတူ အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူမက လေဟာနယ်ကိုဖြတ်၍ ဖြေးညင်းစွာ ချဥ်းကပ်လာ၏။
သူမမှာ လှပသော်လည်း စောစောက မန်ဟို့ကိုထိုးနှက်လိုက်သည့် သူမလက်သီးမှာ ကြောက်စရာကောင်းလှသည်။ သူမလက်သီး၏စွမ်းအားက အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ထက် အဆများစွာ သာလွန်၏။ ဤကဲ့သို့ အပြင်အားကိုယ်စွမ်းအားမှာ မန်ဟို့ကို အံ့အားသင့်သွားစေသည်။
ခရမ်းရောင်မြူမှာ မန်ဟိုပတ်ပတ်လည်တွင် တဖွေးဖွေးလှုပ်နေပြီး ထိုမိန်းကလေးကို စိုက်ကြည့်နေသော သူ၏သူငယ်အိမ်နှစ်ဖက်သည် ခရမ်းရောင်ပြောင်းသွား၏။ သူ၏ဒဏ်ရာများသည် လျင်မြန်စွာ ကျက်လာပြီး အသက်နှစ်ရှိုက်အတွင်း အနည်းငယ်ပို၍ဖြူဆုပ်သွားသော မျက်နှာကလွဲ၍ အကောင်းအတိုင်းပြန်ဖြစ်သွားလေပြီ။
သူက ပါးစပ်မှ သွေးများကို သုတ်ရင်း ဖန်မိန်းကလေးကို မျက်မှောက်ကြုတ်၍ကြည့်သည်။
"ဒီလိုစွမ်းအားမျိုး...." သူက တွေးသည်။ "မဘယ်လောက် မယုံနိုင်စရာကောင်းလိုက်လဲ။ ကျီဟုန်တုန်ထက် အများကြီးသာတယ်။ စောစောက လက်သီးချက်က သာမန် အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ဆို ချက်ချင်း အသက်ထွက်သွားလောက်ပြီ" သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"ပြေးတာ တော်တော်မြန်တာပဲ " သူမက အေးစက်စွာ ပြောသည်။ "နင် လူတကာမုန်းတဲ့ စိတ်ပျက်စရာအကောင် ကျီဟုန်တုန်ကို သတ်လိုက်တာ ငါမြင်တယ်။ အင်း ငါသတ်ချင်ရင် နင်သေမှာပဲ။ ဒီတော့ အင်မိုတယ်ရတနာကို ထုတ်ပြီး ငါ့ကိုပေး။ ဘယ်လိုနေနေ နင်မှသုံးမရတာ" သူမသည် ကျီဟုန်တုန်ကဲ့သို့ မောက်မာထောင်လွှားခြင်းမဟုတ်ဘဲ သီးခြားနေတတ်ခြင်းသာဖြစ်သည်။ သူမက သူ့ထက် အဆများစွာ အစွမ်းထက်ကြောင်း သိသာလေသည်။
သူမသည် ဆရာကြီးတစ်ယောက်ကဲ့သို့ သြဇာရှိသောအရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားပုံရသည်။
သူမက အသက်နှစ်ရှိုက်ကြာ စောင့်ပြီးနောက် ပြောသည်။ "လက်မခံဘူးလား။ ရတယ် ဒါဆိုလည်း သေလိုက်တော့" သူမက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရှေ့တက်လာရာ ချက်ချင်းဆိုသလို မန်ဟို့အရှေ့ရောက်လာသည်။ ထို့နောက် ညာလက်ကို မြှောက်လိုက်ရာ လက်သီးက သူ့အပေါ် သက်ဆင်းလာသည်။
မန်ဟိုက လက်နှစ်ဖက်ဖြင့် မုဒြာဟန်များလုပ်သည်။ လက်ချောင်းငါးချောင်းနှင့်် သွေးလက်ဝါးပေါ်လာပြီး သူ့ခြေထောက်အောက်တွင် သွေးမရဏကမ္ဘာပေါ်လာသည်။ သွေးကိုယ်ပွား တစ်ကိုယ်ပြီးတစ်ကိုယ်ထွက်လာကာ သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားပုံရသည်။ လက်သီးအနားရောက်လာသည်နှင့် သူက လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
အံ့မခန်းလိလိ ပေါက်ကွဲသံကြီး လေတွင်ပြည့်နှက်သွားပြီး စွမ်းအားက သူတို့နှစ်ယောက်အောက်ရှိ မြေကြီးကို ရိုက်ခတ်၍ အနီးနားရှိ နံရံများကို အစိတ်စိတ်အမြွှာမြွာ ဖြစ်သွားစေသည်။
မန်ဟို့မှာ သွေးတချို့အန်ပြီး နောက်လွင့်သွား၏။ ခရမ်းရောင်ချီက သူ၏ခန္ဓာကိုယ်တစ်လျှောက် လွှမ်းခြုံသွားကာ သူ၏မျက်ဆံများမှ အလွန်စူးရှသော ခရမ်းရောင်အလင်း ဖြာထွက်လာသည်။ သူ၏ဒဏ်ရာများမှာ နောက်တစ်ကြိမ် ပျောက်ကင်းသွားလေသည်။ သို့ရာတွင် သူ၏မျက်နှာကား ပို၍ပင်ဖြူဆုပ်လာ၏။
ဤပျောက်ကင်းမှုကြောင့် သူ၏အသက်စွမ်းအားတချို့ နှင့် သက်တမ်းကို ကိုယ်စားပြုသော အသက်စွမ်းအား ကုန်ခမ်းသွားခဲ့သည်။ သူသည် မျက်ဝန်းထဲမှ အေးစက်သောအလင်းရောင် ထုတ်လွှတ်နေလျက် နောက်ဆုတ်လိုက်သည်။ သူ့လက်က သိုလှောင်အိတ်ကို ပုတ်ပြီး သွေးမျက်နှာဖုံးကို ထုတ်သည်။
မိန်းကလေးက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သူမ၏မျက်ဝန်းလေးများတွင် အကြင်နာမဲ့သောအရိပ်အယောင်တစ်ခုပြည့်နှက်နေသည်။
"နင်က ငါ့ကို နောက်ဆုတ်အောင် လုပ်နိုင်တဲ့ ပထမဆုံး အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့်ကျင့်ကြံသူပဲ" သူမက ခက်ထန်စွာပြောသည်။
"ငါလည်း မင်းကို သွေးထွက်အောင်လုပ်နိုင်တယ်" မန်ဟိုသည် သူမထက်ပို၍ရက်စက်သော မျက်ဝန်းများဖြင့် ပြောသည်။ သူက မျက်နှာအပေါ်သို့ မျက်နှာဖုံးတင်လိုက်သည်တွင် ဖန်မိန်းကလေးက အေးစက်စက်နှာမှုတ်သည်။ သူမမျက်ဝန်းထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ပို၍အားကောင်းလာ၏။ သူမက လက်သီးကိုမြှောက်ရင်း မန်ဟိုဆီ ပြေးဝင်လာသည်။
"ဖန်" သူမက စကားလုံးတစ်လုံးတည်း အော်ဟစ်လိုက်သော်လည်း သူမလက်သီးအရောင်က အစိမ်းရောင်ပြောင်းသွားသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများက ၄င်းကို ဝန်းရံနေပြီး ထိတ်လန့်ချောက်ချားဖွယ် ချီကို ထုတ်လွှတ်နေသည့်အတွက် မန်ဟို ခေါင်းကြိမ်းသွားသည်။
ထိုမိန်းကလေး ချဥ်းကပ်လာသည့်အမြန်နှုန်းက မန်ဟို့နှလုံးသားထဲတွင် ပြင်းထန်သောအန္တရာယ်အာရုံကြီး ပြည့်နှက်သွားစေသည်။ စောစောက ကျီဟုန်တုန်နှင့်တိုက်ခိုက်ခဲ့တုန်းကပင် သူ ယခုကဲ့သို့မခံစားခဲ့ရပေ။ အမှန်တွင် သူနှင့် မျိုးဆက်တူသောတစ်ယောက်ထံမှ ဤကဲ့သို့ ချေမှုန်းခြင်းဖိအားကို မကြုံတွေ့ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
"သေစမ်း" ဖန်မိန်းကလေးက အော်သည်။ သူမ မန်ဟို့အနားရောက်လာစဥ် သူမအသံသည် အဘက်ဘက်သို့ ပဲ့တင်ထပ်လျက်ရှိ၏။
ဤအခိုက်အတန့်မှာပင် မန်ဟို့ညာလက်က မျက်နှာဖုံးကို သူ၏မျက်နှာအပေါ် တင်လိုက်သည်။ ချက်ချင်းပင် သူ့ထံမှ သွေးမရဏချီတစ်ခု ပေါက်ကွဲထွက်လာသည်။
၄င်းသည် မျက်နှာဖုံးတပ်ရန် အသုံးပြုလိုက်သော သူလက်၏ကျောဘက် ဖန်မိန်းကလေးကို မျက်နှာမူသွားသော အခိုက်အတန့်လည်းဖြစ်၏။ ထို့အပြင် သူ အမြုတေ ဖန်တီးခဲ့ချိန်က သူ့လက်ခုံတွင် ပေါ်လာခဲ့သော အစိမ်းရောင်အမှတ်မှာ ပျောက်မသွားသေးပေ။ ရုတ်တရက်....၄င်းသည် တဖျပ်ဖျပ်လက်လာ၏။
အစိမ်းရောင်အမှတ်မှာ မှော်သင်္ကေတသဖွယ် လက်သွားပြီး ဖန်မိန်းကလေး ထိုအခြင်းအရာကို မြင်လိုက်သည်။ သူမ၏မျက်ဝန်းလေးများ ဝိုင်းစက်ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။
သူမ၏လက်သီးက မန်ဟို့အပေါ် ကျရောက်ပေတော့မည်။ သူမသည် ရုတ်တရက် ယားခနဲအော်၍ ပြန်ကန်အားကို လျစ်လျူရှုရင်း တိုက်ကွက်ကို ဘေးသို့ လွှဲချလိုက်သည်။ သူမလက်သီးက မန်ဟို့ဘေးရှိ မြေကြီးအပေါ် ကျရောက်သွားသည်။
ပေါက်ကွဲသံကြီး ပြည့်နှက်သွားပြီး မြေကြီးတွင် အက်ကြောင်းများထလာကာ သူတို့အောက်တွင် လေဟာနယ်သာ ကျန်ရှိခဲ့၏။ လေဟာနယ်ပင်လျှင် လက်သီး၏ ပြင်းအားကြောင့် ပြိုကွဲတော့မည့်အလား တုန်ခါသွားသည်။
မိန်းကလေးမှာ သွေးတစ်ပွက်အန်လိုက်၏။ သူမဆံနွယ်များမှာ ဖွာလန်ကြဲသွားပြီး သူမက မန်ဟို့ကို ဒေါသတကြီး စိုက်ကြည့်သည်။
ဤအခြင်းအရာက မန်ဟို့ကို ဟန်မဆောင်နိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ စောစောက သူမကို မည်သည့်အရာက ဦးတည်ရာပြောင်းစေခဲ့သည်လဲ သူမသိပေ။ ယခုလုပ်လိုက်သည့် အပြုအမူက သူမကိုယ်သူမ ထိခိုက်စေမည်ကို သူမကောင်းကောင်းသိပေလိမ့်မည်။
***