ယခင်အတိုင်း လင်းလက်တောက်ပနေမြဲသာ
Vol. 23 Ch. 310
"သေစမ်း" မိန်းကလေးက ဟိန်းဟောက်သည်။ သူမသည် အလွန်လှပပြီး မတိုက်ခိုက်ခင်က သူမ၏ပုံပန်းသွင်ပြင်မှာ နူးညံသိမ့်မွေ့၍ နှစ်လိုဖွယ်ကောင်းလေသည်။ သို့ရာတွင် သူမ၏တိုက်ကွက်များမှာ နဂါးတစ်ကောင်သဖွယ် ကြမ်းတမ်းခဲ့၏။
ယခုတွင် သူမ၏ဟိန်းဟောက်သံမှာ ပြင်းထန်သောစွမ်းအားနှင့် ကမ္ဘာပေါ်တွင် သူမတစ်ယောက်သာ အရေးပါဆုံးဟု သတ်မှတ်ထားသော အရှိန်အဝါဖြင့် ပြည့်နှက်နေပုံရသည်။ မန်ဟို့မှာ သူမကိုကြည့်ရင်း ခေါင်းကြိမ်းနေသည်။ ဤကဲ့သို့ ပြူမူနေသည့် မိန်းကလေးမျိုးကို သူတစ်ခါမှ မမြင်ခဲ့ဖူးပေ။
"သေစမ်း" သူမက ဟိန်းဟောက်သည်။ သူမသည် ညာလက်ကိုဆုပ်ပြီး မြေကြီးကို ထိုးချလိုက်သည်။ အစကတည်းက မြေကြီးမှာ သိပ်မကျန်တော့သည်ဖြစ်ရာ သူမ၏လက်သီးချက်က ၄င်းကို ပို၍ပင်ကြေမွသွားစေသည်။
"ဘာလို့ အနက်မဟုတ်တာလဲ"
အုန်း
"ဘာလို့ အနီမဟုတ်တာလဲ"
ဘန်း
"ဘာလို့ ခရမ်းမဟုတ်တာလဲ"
သူမသည် တစ်ခွန်းပြောလိုက် မန်ဟို့ပတ်ပတ်လည်က မြေကြီးကို လက်သီးဖြင့် ထိုးလိုက်လုပ်နေရာ မြေကြီးမှာ ကြေမွန်ကုန်တော့သည်။ မကြာခင် သူ့ခြေထောက်အောက်ရှိ မြေကြီးသာ ကျန်ရစ်တော့သည်။
လက်သီးချက်များက သူတို့ပတ်ပတ်လည်ရှိ လေဟာနယ်ကိုပင် ပြိုကွဲလာစေသည်....
မန်ဟို့၏ဦးရေပြားမှာ ပို၍ပင်ထုံကျင်လာသည်။ ဤမိန်းကလေး ရူးနေလေပြီ။ ထိုမျှ ဆန်းကြယ်သောစွမ်းအားမှာ .... မန်ဟို့စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။ သူ သွေးမျက်နှာဖုံးကို ဝတ်ထားလျှင်တောင်မှ ဤအရူးမအတွက် ပြိုင်ဘက်မဟုတ်နိုင်သေးပေ။
ရုတ်တရက် မန်ဟိုသည် ကျီဟုန်တုန် ဤမိန်းကလေးကို မည်ကဲ့သို့ဖော်ပြသွားခဲ့သည်ကို တွေးလိုက်မိပြီး အပြည့်အဝသဘောတူလိုက်သည်။
သူမ လေဟာနယ်ကို မှုန့်မှုန့်ညက်ညက်ကြေအောင် ထိုးနှက်နေသည်ကို ကြည့်ရင်း မန်ဟိုသည် ဦးတည်ချက်ပြောင်း၍ သုတ်သီးသုတ်ပျာ ထွက်လာခဲ့သည်။ သူ သွားနေစဥ် ထိုမိန်းကလေး၏ ဒေါသတကြီးရေရွတ်သံကို ကြားလိုက်ရသည်။
"ဘာလို့ အစိမ်းဖြစ်နေတာလဲ"
"ဘန်း"
မန်ဟို့မှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် နေရာရွှေ့ပြောင်းခံရရန် အသင့်ပြင်လိုက်သည်။ သူသည် တစတစမှေးမှိန်လာနေသော သူ့လက်ခုံပေါ်က အမှတ်အသားကို သေသေချာချာ ငုံ့ကြည့်လိုက်သည်။
"တကယ်ပဲ ဒီအမှတ်ကြောင့်လား....." သူက တခဏတုံ့ဆိုင်းနေရင်း တွေးသည်။ ထို မိန်းကလေး၏ စိတ်မနှံ့ပုံကို တွေးရင်း သူ့မှာ တုန်ရီသွားလေသည်။ သူသည် ကလေးဘဝမှ အရွယ်ရောက်သည့်အထိ၊ စာပေသမားအဖြစ် လေ့လာခဲ့သည့်အချိန်မှ ကျင့်ကြံခြင်းအား စတင်သည့်အချိန်အထိ၊ ဤသည်မှာ ပထမဆုံးအကြိမ် အမျိုးသမီးတစ်ယောက်ကို ကြောက်လန့်မိခြင်းပင်။
မန်ဟို့၏မျက်လုံးများ ဝေဝါးလာသည်။ ၄င်းတို့ပြန်လည်ကြည်လင်လာသောအခါ အရှေ့တွင် အနက်ရောင်မြူများနှင့် ရင်းနှီးသောချီတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ .... ပြန်လည်မွေးဖွားခြင်းဂူနယ်ပယ် ဖြစ်လေသည်။
ယခုအချိန်တွင် အင်မိုတယ်၏အလောင်းသည် လျင်မြန်စွာ ကျုံ့လာနေသည်။ မကြာမီအချိန်အတွင်း ပုံမှန်လူအရွယ်အစားသို့ ပြန်ရောက်ပေတော့မည်။
လောလောဆယ်တွင် လူများသည် နေရာအသီးသီးသို့ နေရာရွှေ့ပြောင်းခံနေရ၏။ မန်ဟိုက ပြန်ပေါ်လာသည်နှင့် ကံကောင်းခြင်းအဆောင်ကို ထုတ်လိုက်သည်။ တခဏစမ်းသပ်ပြီးသော် မန်ဟိုမျက်မှောင်ကြုတ်သွား၏။ သူထင်ထားသည့်အတိုင်း အလုပ်မလုပ်ပေ။
ကံကောင်းခြင်းအဆောင်ကို ပြန်သိမ်းရင်း ပြန်လည်မွေးဖွားခြင်းဂူရှိရာသို့ မန်ဟို ချက်ချင်း ပြေးထွက်သွားသည်။ ထွက်မလာခင်ကတည်းက သူဆုံးဖြတ်ပြီးဖြစ်၏။ သူ့ကို ဤနေရာတွင် ပိတ်ထားသည့်အတွက် မုချသေရလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ထွက်လမ်းဟူ၍ ရှိမည်မဟုတ်ပေ။
သူ၏အသက်ရှင်နိုင်ခြေက သေလမ်းအပေါ် မူတည်နေသည်......ပြန်လည်မွေးဖွားခြင်းဂူ။
ထိုကဲ့သို့ သေလမ်းမှာ သူ၏လက်ရှိအကျပ်အတည်းနှင့်ယှဥ်လျှင် အသက်ရှင်ရန် အခွင့်အရေးဖြစ်သည်။
သူ့မှာ တခြားရွေးချယ်စရာမရှိပေ။ ၄င်းက စွန့်စားရာရောက်သော်လည်း သူ အားလုံးကို သုံးသပ်ပြီးဖြစ်၍ ချက်ချင်းထွက်သွားလေသည်။
သူနေရာရွှေ့ပြောင်းလာသည့် အခိုက်အတန့်တွင် မြူဖုံးနေသော ချိုင့်ဝှမ်း၏အပြင်၊ အလင်းတန်းဆယ်တန်းအနားရှိ ကျီမျိုးနွယ်စုမှ သက်လတ်ပိုင်းလူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။
"သူရောက်လာပြီ" သူက ညာလက်ကို ဝှေ့ယမ်းရင်းပြောသည်။ ရုတ်ခြည်းပင် တောက်ပနေသောပုံရိပ်တစ်ခု သူ့အရှေ့တွင် ပေါ်လာ၏။ ၄င်းက ထွက်ပြေးနေသော မန်ဟိုကလွဲ၍ တခြားမဟုတ်ပေ။ "မြောက်ဘက်ကို ဦးတည်နေတယ်" သက်လတ်ပိုင်းလူက အေးစက်စွာပြောပြီး ရိပ်ခနဲ ထွက်သွားသည်။ ကျီမျိုးနွယ်စုမှ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများလည်း မျက်နှာထားများ တင်းမာခက်ထန်ပြီး အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေလျက် သူ့နောက်မှလိုက်ကာ ချိုင့်ဝှမ်းသို့ ဦးတည်သွားကြသည်။
လီမျိုးနွယ်စု ကျင့်ကြံသူဒါဇင်များစွာလည်း တစ်ယောက်ပြီးတစ်ယောက် လေထဲပျံတက်လာကြကာ အသတ်အဖြတ်စိတ်ဆန္ဒများ ဟုန်းဟုန်းတောက်နေလျက် မန်ဟို့နောက်လိုက်သွားကြသည်။
ဤလူများအနက် မည်သူမဆို လက်ချောင်းကလေးတောက်လိုက်ရုံနှင့် မန်ဟို့ကို သတ်နိုင်သည်။ သို့သော် သူတို့အားလုံး နောက်ကလိုက်နေကြသည်။ မန်ဟို့ကို ဖမ်းခြင်းက သူတို့ဝင်ပါမှဖြစ်မည့်ကိစ္စတစ်ခု ဖြစ်၏။
သူတို့ မြူထဲဝင်ရောက်သွားစဥ် ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ တည်ရှိမှုကို ဘယ်သူမှအာရုံမရကြပေ။ သူက ပြုံးရင်း တူညီသောအရပ်မျက်နှာကို ဦးတည်နေသည်။ သူက ထင်းထင်းကြီးမြင်သာနေသည့်တိုင် သူတို့နှင့်အတူ မြူထဲဝင်လာသည်ကို ဘယ်သူမှသတိမထားမိကြပေ။
ကျီနှင့် လီမျိုးနွယ်စုမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ အနက်ရောင်မြူထုကို ဖြတ်၍ သွားနေသည်အမျှ ကျင့်ကြံခြင်းအခြေခံ တဖြေးဖြေး ဖိနှိပ်ခံလာရသည်။ မကြာခင် သူတို့သည် အမြုတေဖြစ်တည်မှုအဆင့်၏မဟာစက်ဝန်းသို့ ပြန်ရောက်သွားကြသည်။
သို့စေကာမူ မည်သူမဆို မန်ဟို့ကို ချက်ချင်း သုတ်သင်ရန် အစွမ်းထက်သေး၏။
သူတို့သည် မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် သွားနေကြသည်။ ကျီမျိုးနွယ်စုမှ သက်လတ်ပိုင်းအရွယ် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူမှာမူ ပို၍ပင် ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံရသည်။ သူ ၄င်းကို တွန်းလှန်နိုင်သော်လည်း သိပ်ကြာကြာမရပေ။ လောလောဆယ်တွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခမုရုပ်ခန္ဓာအဆင့်ဖြစ်၏။
သူက အမြင့်ဆုံးနှုန်းဖြင့် မြူများကို ထိုးခွဲသွားနေသည်။ သူလေကိုခွင်း၍ သွားနေစဥ် ရုတ်တရက် အလွန်ရှေးဆန်သော ချောင်းဟန့်သံကို ဘေးဘက်မှကြားလိုက်ရသည်။
ချောင်းဟန့်သံမှာ ရုတ်တရက်ဆန်လွန်းသဖြင့် သက်လတ်ပိုင်းလူ၏မျက်နှာ ရိပ်ခနဲဖြစ်သွားပြီီး ခဏရပ်လိုက်သည်။
"ဘယ်သူလဲ" သူက စိုးရိမ်ထိတ်လန့်ပြီး ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် မေးသည်။ ကျင့်ကြံခြင်းအခြေခံ ဖိနှိပ်ခံထားရသည့်တိုင် သူသည် အစွမ်းထက်သော စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ဦး ဖြစ်နေသေးသည်။ ချောင်းဟန့်သံကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏အန္တရာယ်အာရုံနိုင်စွမ်းက နိုးကြားလာခဲ့၏။ ၄င်းသည် သူ့စိတ်ထဲတွင် အချက်ပေးနေသောအသံကြီးအသွင်ပြောင်းသွားပြီး အသံပိုင်ရှင်သာ စိတ်ရှိလျှင် သူ့ကို ချက်ချင်းသတ်နိုင်သည်ဟု ခံစားနေရသည်။
"ဘယ်ဝါရင့်ဂိုဏ်းဝင်ရောက်နေတာပါလဲ" သူ့မှာ ဦးရေပြားစတင်ထုံကျင်လာပြီး မေးသည်။ ပြန်လည်မွေးဖွားခြင်းဂူအကြောင်း တွေးမိလိုက်ပြီး ရုတ်တရက် အန္တရာယ်အာရုံကြီးက သူ့ကို ရင်တဒိန်းဒိန်းခုန်လာစေသည်။ "ဆရာကြီး ကျွန်တော်က ကျီမျိုးနွယ်စုကပါ...."
"ကျီရှိရီ... နေကောင်းလား" ရှေးဆန်သောအသံကြီးသည် ခံစားချက်များဖြင့် ရောပြွန်းနေသယောင်ပင်။ (ရှိရီ = ၁၁)
" ၁၁ ယောက်မြောက် နတ်ဘုရားခေါင်းဆောင်ကြီး....." သက်လတ်ပိုင်းလူမှာ ချက်ချင်း အာခေါင်ခြောက်လာပြီး ရင်ခုန်သံတို့ ဗြောင်းဆန်လာသည်။ ကျီရှီရီဆိုသူမှာ ကျီမျိုးနွယ်စု၏ အသက်ကြီးဆုံးအဖွဲ့ဝင်တစ်ဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်၏ နာမည်ဖြစ်သည်။ အပြင်လူများ ထိုနာမည်ကို မသိကြပေ။
အဖွဲ့က မည်သူမဆိုသည် ကျီမျိုးနွယ်စုတစ်စုလုံး ကိုးကွယ်သည့် ဘိုးဘေးကြီးများဖြစ်၏။
"ဆရာ....ဆရာကြီး ကျွန်တော် ၁၁ယောက်မြောက် နတ်ဘုရားခေါင်းဆောင်ကြီးကို တစ်ခါမှ မမြင်ဖူးပါဘူး..." သက်လတ်ပိုင်းလူမှာ တုန်ရီနေသည်။ ရှေးဆန်သောအသံပိုင်ရှင်ထံမှ လာနေပုံသော ဖိအားကြီးသည် သူ့ကို တစ်ကမ္ဘာလုံး ပျက်စီးတော့မည်အလား ခံစားရစေသည်။
"သိပ်ကောင်းတယ်" အသံကြီးက သက်လတ်ပိုင်းလူကို လေညင်းသဖွယ် ဖြတ်တိုက်သွားသည်။ "မင်းကို သိပ်ဒုက္ခမရောက်စေချင်ဘူး။ ဒီမှာနေပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် တရားထိုင်။ ပြီးရင်သွားတော့" အသံကြီးမှာ တည်ကြည်လေးနက်နေသည်။ ၄င်းက သက်လတ်ပိုင်းလူ၏ မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေ၏။ သူ့မှာ တခဏသာ ချီတုံချတုံဖြစ်နေပြီးနောက် တရားထိုင်ရန် ရွေးချယ်လိုက်သည်။
ဝမ်မျိုးနွယ်စု၏ ဒသမခေါင်းဆောင်ကြီးက အနက်ရောင်မြူထဲသို့ ငေးကြည့်ရင်း သူ့အရှေ့တည့်တည့်၌ ရပ်နေလေသည်။ သို့သော် သက်လတ်ပိုင်းလူကား သူ့ကိုမြင်ကိုမမြင်ပေ။
"ကလေး မင်းအတွက် ဒီလူ့ကို အချိန်ဆွဲပေးပြီပြီ" သူက တစ်ယောက်တည်း ပြောသည်။ "မင်းအတွက် အကြီးမားဆုံးပြဿနာကို ဖြေရှင်းပြီးပြီ။ ကျန်တဲ့သူတွေက အမြုတေဖြစ်တည်မှုအဆင့်အထိ ဖိနှိပ်ခံထားရတာဆိုတော့ မင်းလွတ်ဦးမှာမဟုတ်သေးဘူး။ ဒါကြောင့် ငါမင်းကို ကူညီပေးခဲ့တာတောင် မင်းအပြင်မှာ သေဦးမှာပဲ။ အဲ့လိုဖြစ်ရင် ငါ မင်းဆီက ပြီးပြည့်စုံခြင်းကို အခုယူရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး
"ဆိုးလွန်းတယ်ကွာ။ ရှေးအရင်ထဲက ပြီးပြည့်စုံခြင်းကို တည်ဆောက်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ခဲ့ဘူး။ ဘယ်စွမ်းအားက ကြားဝင်နှောင့်ယှက်နေလဲ မသိလို့သာ....မဟုတ်ရင် ငါမင်းကို အခုဖမ်းပြီး ငါ့အချုပ်ခန်းထဲ ထည့်ထားမှာ။ မင်း အနုသုခုမရုပ်ခန္ဓာအဆင့်ရောက်ရင်တော့ ငါယူလို့ရပြီ။ အေး ငါ့ကို စိတ်မပျက်စေနဲ့ ။ မြန်မြန် အစွမ်းထက်အောင်လုပ် ဟုတ်ပြီလား" အဘိုးကြီး၏မျက်ဝန်းများတွင် ရက်စက်သောအလင်း ဖြတ်ခနဲ လက်သွားသည်။ ယခုအချိန်တွင် သူသည် တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ထူးခြားဆန်းကြယ်နေ၏။
"ကီလိုမီတာ ၆၀ လေးပဲ...." မန်ဟို့၏မျက်လုံးများ စူးရှတောက်ပသွားသည်။ သူ နေရာရွှေ့ပြောင်းခံခဲ့ရသည့် နေရာမှာ ပြန်လည်မွေးဖွားခြင်းဂူနှင့် သိပ်မနီးပေ။ ပုံမှန်ဆို ထိုအကွာအဝေးမှာ သူ့အတွက် စာပင်မဖွဲ့ချေ။
သို့သော် သူ့မှာ အဘက်ဘက်မှ အန္တရာယ်၏ ဝန်းရံခြင်းခံထားရသည်။ ဤကီလိုမီတာ ၆၀သည် သေခြင်း သို့မဟုတ် ရှင်ခြင်းကို ကိုယ်စားပြုသည်။
လောလောဆယ်တွင် သူသည် တတ်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် ရွေ့လျားနေသည်။
၅၅ ကီလိုမီတာ၊ ၅၂ ကီလိုမီတာ ၊ ၅၀ ကီလိုမီတာ.... ယခုတွင် ကျုံ့နေသောအင်မိုတယ်အလောင်းကို မန်ဟိုမြင်ရလေပြီ။ သူ ၄င်းထံ ပျံသန်းတော့မည့်အချိန် ရုတ်တရက် သူ၏ မျက်နှာအမူအရာပြောင်းသွားသည်။
ဝုန်းခနဲပေါက်ကွဲသံ လေတွင်ပြည့်နှက်သွား၏။ နေရာရွှေ့ပြောင်းခံလိုက်ရသော ဂိုဏ်းအမျိုးမျိုးမှ ကျင့်ကြံသူများအမြောက်အမြား ရုတ်တရက် ပေါ်လာသဖြင့် မြူများ အဘက်ဘက်သို့ ပြန့်သွားသည်။ အဘိုးကြီးတစ်သိုက် မန်ဟို့နောက်လိုက်နေသည်ကို မြင်သောအခါ သူတို့၏မျက်နှာထားများ ရိပ်ခနဲဖြစ်သွားကြသည်။
ထိုအဖွဲ့တွင် ချန်ဖန်း၊ ဟန်ပေ့၊ ချူယွီယန်၊ ဝမ်ယိုချိုင်၊ လီတောက်ရီနှင့်အတူ..... ရှုချင်လည်း ပါရှိသည်။
သူတို့ ဖြစ်ပျက်နေသည့်အရာကို မြင်လိုက်၏။ အသည်းအသန်လိုက်နေသော အဘိုးကြီးများနှင့် သူတို့လိုက်ဖမ်းနေသူကို မြင်လိုက်လေပြီ။ ခပ်လှမ်းလှမ်းတွင်ကား..... မန်ဟို။
အလိပ်လိပ်ထနေသော မြူထု ရုတ်တရက် လွင့်စင်သွားသည့်အတွက် မန်ဟို့မှာ ထီးထီးတည်းမြင်သာလာသည်။ လူတိုင်းသူ့ကို မြင်သွားကြ၏။ ထို့အပြင် သူက သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းမရှိ။ မျက်လုံးအားလုံးက သူ့တစ်ယောက်တည်းကို မမှိတ်မသုန်ကြည့်လိုက်ကြသည်။
"မန်....မန်ဟို" ချန်ဖန်းမှာ တအံ့တသြငေးကြည့်နေရင်း ပြောသည်။ သူ့မှာ မန်ဟို့ကြောင့် မူးမိုက်သွားလေသည်။ နှစ်ပေါင်းများစွာ လိုက်ရှာခဲ့သည့်တိုင် မန်ဟိုမှာ ပျောက်သွားသည့်နှစ်ကတည်းက အစအနပင်ရှာမရခဲ့ပေ။ ဤနေရာတွင် မန်ဟိုကို ရုတ်တရက် မြင်ရလိမ့်မည်ဟု သူ မည်ကဲ့သို့ မျှော်လင့်ထားခဲ့မည်နည်း။
ချူယွီယန်၏မျက်နှာလေးမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံးတုန်ရီနေသည်။ သူမက မန်ဟို့၏ဝတ်ရုံကို ကြောင်တောင်တောင်လေး ငေးကြည့်နေသည်။ ဖန်မုက မန်ဟိုဖြစ်ကြောင်း ရုတ်တရက် သဘာပေါက်လိုက်သဖြင့် သူမမျက်နှာလေးမှာ ခါးသီးမှုတို့ပြည့်နှက်သွားသည်။
သူသည် သူမနှင့် ချောက်ထဲတွင် နှစ်ဝက်ကြာပိတ်မိနေခဲ့သော ကျိုးပြည်က ကျင့်ကြံသူဖြစ်သည်။ ၄င်းက သူမကို နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ အမှန်တွင် အဆိုပါလျှပ်စီးတန်းမှာ အင်မိုတယ်၏ စိတ်နယ်ပယ်မှာ ကတည်းက အစပျိုးနေခဲ့လေသည်။ ထိုအချိန်ကတည်းက စိတ်ကိုပြင်ဆင်ထားခဲ့သော်လည်း ယခုတွင်တော့ သူမ၏ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ သူမ၏နှလုံးသားမှာ ရှုပ်ထွေးနေသောခံစားချက်များဖြင့် လှိုင်းထန်နေချေသည်။
သူမဘဝတွင် မမေ့နိုင်သောလူနှစ်ယောက်ရှိ၏။ တစ်ယောက်က မန်ဟို။ မီးတောင်ထဲကနှစ်တုန်းက သူ့ကြောင့်ဖြစ်လာခဲ့သည့် ဒွိဟဖြစ်နေသောခံစားချက်များကြောင့် သူမ သူ့ကို မေ့မရပေ။ ထိုအဖြစ်အပျက်များက သူမကို စကားဖြင့် ဖော်ပြရခက်လောက်အောင် မုန်းတီးစေခဲ့သည်။
သူမမေ့မရသည့် ဒုတိယလူမှာ ဖန်မုပင်။ သူက ဆေးဒယ်အိုးဖြစ်ကြောင်းသိလိုက်ချိန်ကတည်းက ဘာကြောင့်မှန်းမသိဘဲ သူ့အကြောင်းတွေးနေမိကြောင်း တွေ့ခဲ့ရသည်။ တစ်ခါတစ်ရံ သူ့မျက်နှာ သူ့စိတ်ထဲတွင် ပေါ်လာတတ်သည့်အခါ သူမ နှာခေါင်းရှုံ့မိတတ်သည်။ သို့မဟုတ် ရံဖန်ရံခါ ပြုံးမိလေသည်။ တစ်ခါတလေ သူမမျက်နှာလေး ရဲလာပေမည်။
"ဖန်မု....မန်ဟို....." မျက်နှာနှစ်ခုက သူ့မစိိတ်ထဲတွင် ပေါ်လာပြီး ထပ်သွားသည်။ အဆုံးသတ်တွင် ခါးသီးမှုနှင့် ဒွိဟဖြစ်နေသောခံစားချက်များသာ ကျန်ရစ်ခဲ့သည်။
ဝမ်ယိုချိုင်က မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူနှလုံးသားသည် တည်ငြိမ်နေသော်လည်း အနက်ရှိုင်းဆုံးထဲတွင်တော့ တာ့ချင်းတောင်၏ဂူထဲက မြင်ကွင်းကို ပြန်ပြောင်းတွေးတောနေသည်။ သူခေါင်းပြူကြည့်လိုက်စဥ်က စာပေသမားမန်ဟိုကို တွေ့ခဲဲ့သည့်အချိန်ကို သတိရလိုက်၏။
လီရှိချီက လွန်ခဲ့သောနှစ်များက သူတို့၏တိုက်ပွဲကို ပြန်တွေးရင်း မန်ဟို့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ဟန်ပေ့ သက်ပြင်းချလိုက်သည်။ သူမသည် လျင်ပြီး အမြင်ကျယ်လေသည်။ ချူယွီယန်မျက်နှာပေါ်က အမူအရာကို မြင်လိုက်သည်နှင့် သူတို့နှစ်ယောက်၏ပတ်သက်မှုသဲလွန်စများ သူမခေါင်းထဲတွင် ပေါ်လာသော်လည်း ပဟေဋ္ဌိကို မဖြေရှင်းနိုင်သေးပေ။ မန်ဟိုကတော့ ဟိုးအရင်ကတည်းက သူမက အထင်ကြီးစေခဲ့ပြီးဖြစ်သည်။ သူမ၏သမင်မျက်ဝန်းလေးများက သူ့ကိုကြည့်နေ၏။
မန်ဟို.....တောင်ပိုင်းဒေသတွင် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သောနာမည်ဖြစ်သည်။ သို့သော ဤနေရာတွင် သူကား ယခင်အတိုင်း လင်းလက်တောက်ပနေမြဲသာ။
***