အဲ့ဒါကမှ ကျင့်ကြံသူ
Vol. 23 Ch. 311
တလိပ်လိပ်ထနေသော မြူများကို ဝေ့ကြည့်လိုက်စဥ် မန်ဟို၏မျက်နှာမှာ တင်းမာခက်ထန်နေ၏။ သူသည် လျှာဖျားကို ကိုက်ပြီး သွေးတချို့ထွေးထုတ်လိုက်သည်။ ၄င်း လေထဲပျံထွက်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့ခြေထောက်အောက်တွင် သွေးတိမ်တိုက်အသွင်ပြောင်းသွားသည်။
ဤသွေးတိမ်တိုက်က သူအမြန်နှုန်းကို အဆများစွာ တိုးသွားစေသည်။ သူသည် ကျုံ့နေသော အင်မိုတယ်အလောင်း၏ဘေး ငါးကီလိုမီတာအဝေးတွင် ချက်ချင်း ပြန်ပေါ်လာသည်။
ထိုအခိုက်တွင် သူ့မှာ သွေးတစ်ပွက်အန်လိုက်ရပြီး သူ၏နက်မှောင်သောဆံနွယ်များ ဖြူဆွတ်သွားသည်။ သူသည် သွေးအင်မိုတယ်အမွေအနှစ်၏ အမျိုးမျိုးသောတားမြစ်ပညာရပ်များမှ တစ်ခုကို ယခုတင် အသုံးပြုခဲ့ခြင်းဖြစ်သည်။ အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်တစ်ယောက်အနေဖြင့် သူ့ခန္ဓာကိုယ်၏ ပုံမှန်စွမ်းဆောင်နိုင်ရည်ထက် အများကြီးကျော်လွန်သော အမြန်နှုန်းကို ချက်ချင်းရရှိရန် ဤပညာရပ်ကို အသုံးပြုနိုင်လေသည်။
၄င်းက အသေးစားနေရာရွှေ့ပြောင်းခြင်းမဟုတ်သော်လည်း အကွာအဝေးကျုံ့သွားသည်ကို ထည့်တွက်လျှင် သိပ်ခြားနားမှုမရှိပေ။ အသေးစားနေရာရွှေ့ပြောင်းခြင်းသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ နတ်ဘုရားစွမ်းအင်တစ်မျိုးဖြစ်သည်။ အမြုတေဖြစ်တည်မှုကျင့်ကြံသူများအတွက်မူ သူတို့ဘဝတစ်လျှောက်လုံး ဤတားမြစ်ပညာရပ်ကို သုံးကြိမ်သာ အသုံးပြုနိုင်၏။
မန်ဟို့၏ခန္ဓာကိုယ် ပျောက်ကွယ်သွားစဥ် သူ စောစောက ရှိခဲ့သောနေရာမှာ တားမြစ်ပညာရပ်ကြောင့် အစိတ်စိတ်အမြွှာမြွှာပြိုကျသွားသည်။ သူ၏ကိုယ်ပိုင်အစွမ်းအစကိုသာ အသုံးပြုလျှင် ဤကဲ့သို့အရာမျိုးအား ဘယ်တော့မှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ဤသည်မှာ သေခြင်းအား ရှောင်တိမ်းရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
တစ်နေရာလုံးသည် တားမြစ်မန္တန်များဖြင့် အဝင်အထွက်ပိတ်ခံထားရသည့်အတွက် နေရာရွှေ့ပြောင်းရန် မဖြစ်နိုင်ပေ။ သို့သော် ဤတားမြစ်ပညာရပ်မှာ အသေးစားနေရာရွှေ့ပြောင်းခြင်းမဟုတ်ဘဲ အမြန်နှုန်း တရှိန်ထိုးမြင့်တက်သွားခြင်းဖြစ်သည်။ သို့သော် ၄င်းက သူ့ကို သွေးအန်၍ အတွင်းအင်္ဂါများအား ထိခိုက်ဒဏ်ရာရစေသည်။ ထို့ပြင် သူ့ခြေထောက်နှစ်ချောင်းမှ ကျိုးအက်သံများ ထွက်လာသည်။
သူ၏မျက်နှာမှာ ဖြူဆုပ်နေသော်လည်း သူ့ကား နည်းနည်းလေးပင် တုံ့ဆိုင်းမနေပေ။ သူက ဒဏ်ရာများကို ကုသရန် သက်တမ်းကို နုတ်ယူလိုက်သဖြင့် သူ၏မျက်ဆံများ ခရမ်းရောင်ပြောင်းသွားသည်။
မန်ဟို့၏သက်တမ်းသည် အမြုတေဖြစ်တည်မှုအဆင့်ရောက်ပြီးနောက် တိုးခဲ့သည်။ ပုံမှန်ဆိုလျှင် သူ့အနေဖြင့် နောင်နှစ်လေးရာခန့် နေရဦးမည်ဖြစ်သည်။ သို့သော် ယခုတွင် သူ့မှာ ထိုသက်တမ်း၏အများစုကို ဖြုန်းတီးခဲ့ပြီးလေပြီ။
ဤအဖိုးအခကြောင့် သူ့မှာ ငယ်ရွယ်နေသေးသော်လည်း ခရမ်းမျက်ဆံအသွင်ပြောင်းခြင်းမှ ပြောင်းပေးနိုင်စွမ်းမရှိအောင်ပင် မျက်နှာဖြူဆုပ်နေတော့သည်။
"သူတို့အသာစီးရနေသေးတယ်" မန်ဟို့ပတ်ပတ်လည်တွင် ကျီနှင့်လီမျိုးနွယ်စုမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသည် အမြုတေဖြစ်တည်မှုမဟာစက်ဝန်းအထိ ကန့်သတ့်ခံထားရသည့်တိုင် အမြင့်ဆုံးအရှိန်ဖြင့် သူ့ဆီ ဦးတည်လာနေကြ၏။
မန်ဟိုက သူတို့ကို ယခုတင် ရှောင်တိမ်းခဲ့ရာ ဤအကြီးအကဲတစ်သိုက်၏မျက်လုံးများ လင်းလက်သွားသည်။ သူ သေခြင်းကို ရှောင်ရှားနိုင်ခဲ့ခြင်းက သူတို့ကို အံ့အားသင့်သွားစေသည်။
ဟန်ပေ့၊ ချူယွီယန်နှင့် အခြားသူများမှာ အံသြမှင်သက်စွာဖြင့် အဝေးတစ်နေရာမှ ကြည့်နေကြသည်။
ရှုချင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အောက်နှုတ်ခမ်းလေးကို ဖိကိုက်ထား၏။ သူမမှာ မန်ဟို့ကို မျက်နှာဖြူဖျော့စွာဖြင့် ကြည့်ပြီး အကူအညီပေးချင်နေသည်။ သို့သော် ဟောဟဲလှိုက်နေသော မန်ဟိုသည် စောစောက သူမနှင့်အကြည့်ချင်းဆုံခဲ့ပြီး သူ့အကြည့်တွင် ထိုသို့မလုပ်ခိုင်းသော အဓိပ္ပါယ်ပါရှိနေသည်။
ကျွန်တော် ဒုက္ခခံခဲ့သမျှအားလုံးကို အလဟဿမဖြစ်စေနဲ့။ သူက အကြည့်မှတစ်ဆင့် သူမကို ကြည့်သည်။ သူမမှာ တဆတ်ဆတ်တုန်ရီပြီး မျက်ရည်ဝဲလျက်သာ ကြည့်နေနိုင်သည်။
ကျီမျိုးနွယ်စုမှ အဘိုးကြီးတစ်ယောက်က မန်ဟို့ကို့ ဝါးစားတော့မတတ်ကြည့်ရင်း ရှေ့တက်လာသည်။ "ငါ မင်းကို အထင်သေးတာတော့ မဟုတ်ဘူး ဂျူနီယာ" သူက အေးစက်စက်ရယ်ရင်း ပြောသည်။ "မင်း ငါတို့ရဲ့တာအိုကလေးကို သတ်နိုင်ခဲ့တာ အံသြစရာမရှိဘူးပဲ။ ဒါပေမဲ့ ဒီနေ့တော့ မင်းပြေးမလွတ်ဘူး။ မင်းအသက်နဲ့ပြန်ပေးဆပ်ရမယ်"
"ချီးစကားမပြောနဲ့" မန်ဟိုက သိုလှောင်အိတ်ကို ပုတ်ရင်း ပြောသည်။ သွေးနီရောင်မျက်နှာဖုံးပေါ်လာပြီး သူက တွေဝေခြင်းမရှိ တပ်လိုက်သည်။ ၄င်း သူ့မျက်နှာနှင့် ပေါင်းစည်းသွားသည်နှင့် သွေးရောင်လွှမ်းသော အသတ်အဖြတ်အရှိန်အဝါ ထွက်လာသည်။ ၄င်းကို မြင်လိုက်သည့်မည်သူမဆို ချက်ချင်း တုန်လှုပ်သွား၏။
ချန်ဖန်းနှင့် အခြားသူများလည်း အံ့အားသင့်သွားသော်လည်း သိပ်ဆိုးဆိုးရွားရွားတော့ မဟုတ်ပေ။ ရက်စက်သောသွေးချီသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံလာသဖြင့် သူတို့နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။ အခြားတစ်ဖက်တွင် ကျီနှင့်လီမျိုးနွယ်စုမှ အကြီးအကဲများ၏မျက်နှာများ ကွက်ခနဲပျက်သွားသည်။
မန်ဟို၏အစိမ်းရောင်ဝတ်ရုံမှာ ရုတ်တရက် အနီရောင်အလင်း၏ ဖုံးလွှမ်းမှုအောက် ကျရောက်သွားသဖြင့် သူ့တစ်ကိုယ်လုံး သွေးရောင်လွှမ်းသွားလေသည်။ ကြက်သွေးရောင်အလင်းနှင့် မျက်လုံးနှစ်လုံးကလွဲ၍ အဆင်းကင်းမဲ့သော အနီရောင် မျက်နှာဖုံးက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို သူတို့မျိုးနွယ်စု၏ရှေးဟောင်းမှတ်တမ်းများထဲ၌ ဖော်ပြထားသော အကြောင်းအရာများကို ပြန်တွေးမိလိုက်စေသည်။
ရှေးကံကြံမ္မာဆိုးမျိုးနွယ်စု၏ သွေးအင်မိုတယ်။
တစ်ထပ်တည်းပင်။
ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒ၊ တပွက်ပွက်ဆူနေသော သတ်ဖြတ်လိုစိတ်က မန်ဟို့ခေါင်းအထက်တွင် အနီရောင်အမြုတေချီအဖြစ် ပေါက်ကွဲထွက်လာသည်။ ၄င်းက အဘက်ဘက်သို့ပျံ့နှံ့ရင်း တလိပ်လိပ်ရိုက်ခတ်နေ၏။
မန်ဟို့အောက်တွင် အင်မိုတယ်အလောင်းသည် မီတာသုံးရာအမြင့်လောက်သာ ရှိတော့သည်အထိ ကျုံ့နေလေပြီ။
ကျီနှင့်လီမျိုးနွယ်စုမှ အဘိုးကြီးများက အမြင့်ဆုံးအရှိန်ဖြင့် ချဥ်းကပ်လာနေဆဲဖြစ်သည်။ ကျီအကြီးအကဲတစ်ယောက်က မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ဟုန်းဟုန်းတောက်နေလျက် ပြောသည်။ "မင်းကိုယ်မင်း အထင်ကြီးနေတာပဲ"
သူသည် သူ၏ဘေးကင်းလုံခြုံမှုအတွက် မန်ဟို့ကို ကိုယ်တိုင်သတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။ သူ့ထက်အားနည်းသော တစ်စုံတစ်ယောက်ကို အနိုင်ကျင့်ခြင်းကြောင့် သိက္ခါကျမည်ကို မလုံမလဲမဖြစ်၊ တုံဆိုင်းခြင်းအလျဥ်းမရှိဘဲ အခြားသူများကို ကျောသွားသည်။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် ကောင်းကင်ထိတိုင် ရိုက်ခတ်နေ၏။
"သေစမ်း" သူက အကြင်နာမဲ့သောအသံကြီးဖြင့် ပြောသည်။ သူ၏ညာလက်သည် လျင်မြန်စွာ မြောက်တက်သွား၏။ ပုံမှန်ဆိုလျှင် အမြန်နှုန်းကြောင့် သူ၏လှုပ်ရှားမှုများကို မန်ဟိုရှောင်တိမ်းနိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင် သူ ကပ်သီးလေးရှောင်နိုင်၏။
ထိုလူမှာ အလွန်လျင်မြန်စွာ ချဥ်းကပ်လာနေသည်။
"မျက်နှာမဲ့" မန်ဟို၏မျက်လုံးများ သွေးရောင်တောက်သွားပြီး သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူဆံပင်မှာ ဆွတ်ဆွတ်ဖြူနေသော်လည်း ကြက်သွေးရောင်အလင်းကြောင့် သွေးရောင်ဖြစ်နေလေသည်။
အမြုတေချီသည် ဧရာမမျက်နှာကြီးအသွင်ပြောင်းရင်း ရုတ်ခတ်လှုပ်ရှားလာ၏။ ဘယ်မျက်လုံးသည် ထူးခြားဆန်းကြယ်နေပြီး မန်ဟိုက ညာမျက်လုံးတွင် တည်ရှိသည်။ ၄င်းက ကျီနှင့်လီမျိုးနွယ်စုအကြီးအကဲများထံ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။ ပေါက်ကွဲသံကြီး မြည်ဟည်းသွားသည်။
ရှင်ခြင်းနှင့်သေခြင်းကို လောင်းကြေးထပ်၍ အသက်ရှင်ရေးအတွက် ရန်သူကို အဆုံးသတ်ခြင်း။
ပေါက်ကွဲသံကြီး ကြားလိုက်ရသည့်အခိုက်၌ မြေပြင်မှာ ကျွံကျသွားသည်။ အနက်ရောင်မြူထုပင်အပါအဝင် အရာအားလုံး တုန်ခါသွား၏။ ပေါက်ကွဲသံအား ချိုင့်ဝှမ်းအပြင်ဘက်မှပင် ကြားနိုင်သည်။
ချင်းလော်ဂိုဏ်းမှ ခေါင်းဆောင်ကြီးဇီလော်၏ မျက်လုံးများ ဝင်းလက်သွားသည်။ သူ့အနောက်ရှိ ချင်းလော်ဂိုဏ်းမှ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးလည်း တူညီသော အမူအရာရှိသည်။ သူတို့က ပျံတက်၍ အနက်ရောင်မြူထဲသို့ ဦးတည်တော့မည့်အချိန် ရုတ်တရက် ဇီယွင်ဂိုဏ်းမှ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနှစ်ဦး ပျောက်ကွယ်သွားသည်။ သူတို့ မျက်တောင်ခတ်လိုက်သောအခါ ချင်းလော်ဂိုဏ်းမှခေါင်းဆောင်ကြီးနှစ်ယောက်အရှေ့ ရောက်နေလေပြီ။
"နောက်တစ်လှမ်းတိုးလာနဲ့ မင်းတို့ကိုသတ်လို့ အပြစ်မတင်နဲ့" ဇီယွင်ဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးက ခက်ထန်သောအသံဖြင့် ပြောသည်။ သူ၏မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒနှင့် ဒေါသတို့ဖြင့် တောက်လောင်နေသည်။
အနက်ရောင်မြူအတွင်းတွင် ပေါက်ကွဲသံမှာ ဆက်လက်ပဲ့တင်နေ၏။ မန်ဟို့ကို ဝန်းရံထားသော ဧရာမမျက်နှာကြီး လွင့်စင်ပြိုကွဲသွားသည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်လာပြီး ခန္ဓာကိုယ်ရှိ အရိုးတစ်ဝက်နီးပါး ကျိုးနေလေပြီ။ အသားများလည်း စုတ်ပြတ်သတ်နေသည့်အတွက် စီးကျလာသည့်သွေးများက သူ၏ဝတ်ရုံကို အမှန်တကယ် အနီရောင်ဖြစ်နေစေသည်။ ဝတ်ရုံ၏ရဲတွတ်နေမှုမှာ ကြက်သွေးရောင်ကြောင့်မဟုတ်တော့ပေ။ ယခုတွင် သူသည် သွေးရွှဲနေသော ဝတ်ရုံကို အမှန်တကယ် ဝတ်ဆင်ထားခြင်းဖြစ်၏။
သူ့ခန္ဓာကိုယ်မှာ နောက်သို့ လိမ့်ထွက်သွားပြီး အင်မိုတယ်အလောင်းအပေါ်သို့ ပြုတ်ကျသည်။ သူက တဆတ်ဆတ်တုန်ရီနေလျက် အံတင်းတင်းကြိတ်ပြီး ထရပ်သည်။ ယခုအချိန်တွင် မန်ဟိုသည် မှီခိုရာဂိုဏ်းတွင် ဝမ်တန်ဖေးကိုရင်ဆိုင်ခဲ့စဥ်ကနှင့် အလွန်တူလေသည်.... သူ၏ခေါင်းမာမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် သန်မာသောနှလုံးသားက သူ့ခန္ဓာကိုယ် ပျက်စီးစေကာမူ တည်ရှိနေမည်ဖြစ်သည်။
အနီရောင်အလင်းက သူ၏မျက်လုံးများ တရိပ်ရိပ်လှုပ်နေသည်။ သူ့ခန္ဓာကိုယ်မှ သွေးစက်များက သူ့ခြေထောက်အောက်ရှိ ၁၅မီတာ အမြင့်သာရှိတော့သော အင်မိုတယ်အလောင်းပေါ်သို့ တစက်စက်ကျနေသည်။
ကျီမျိုးနွယ်စုမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာမူ တုန်ရီသွားပြီး မျက်နှာပျက်သွား၏။ သူသည် ထိခိုက်ဒဏ်ရာမရလိုက်သော်လည်း မန်ဟို့ကို အလွန်လေးနက်သောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ စောစောက သူ၏တိုက်ကွက်မှာ အမြုတေဖြစ်တည်မှုအဆင့်စွမ်းအားဖြင့် အားဖြည့်ထားခြင်းဖြစ်သည်။ စွမ်းအားအနည်းငယ်ကပင် အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်ရန် လုံလောက်၏။ သို့ထိတိုင် မန်ဟိုကား .... မသေပေ။
ချက်ချင်းပင် ထိုလူ၏မျက်လုံးများ၌ လောဘအငွေ့အသက်နှင့်အတူ ပြင်းထန်သောအသတ်အဖြတ်စိတ်ဆန္ဒ လင်းလက်သွားသည်။
မန်ဟို့၏ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်ဖြစ်ကြောင်း သူသေသေချာချာမြင်နေရသည်။ သူ့အတွက် စောစောကကဲ့သို့ စွမ်းအားမျိုး အသုံးပြုနိုင်ရန်မှာ .... သွေးမျက်နှာဖုံးကြောင့်သာ ဖြစ်၏။
သူတစ်ယောက်သာ ဤအခြင်းအရာကို သဘောပေါက်ခြင်းမဟုတ်။ သူ့ဘက်က လူအားလုံးလည်း လောဘရိပ်သန်းနေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်နေကြသည်။
စောစောက မန်ဟို့၏တိုက်ကွက်သည် သူ့ကိုယ်သူ ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် ဖိနှိိပ်ခံထားရသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ထံမှ တိုက်ကွက်ကိုပင် တောင့်ခံနိုင်ခြင်းက မျက်နှာဖုံး မည်မျှအစွမ်းထက်ကြောင်း ပြသနေသည်။
မျက်နှာဖုံးတပ်ထားလျှင် မန်ဟိုမှာ ယခင်နှင့်လုံးဝကွာခြားသွားကြောင်း အလွယ်တကူပြောနိုင်သည်။
သို့သော်.... သူ့မှာ သူ၏ပြိုင်ဘက်နှင့် မယှဥ်နိုင်သေးပေ။ သူ၏ခန္ဓာကိုယ်သည် ဆီမကျန်တော့သည့် မီးအိမ်သဖွယ် ပျက်စီးတော့ခါနီးဖြစ်သည်။ မျက်နှာဖုံးအောက်က သူ၏မျက်နှာသည် ဖြူဖျော့နေပြီး အရေးအကြောင်းများပြည့်နေ၏။ သို့စေကာမူ သူ၏မျက်လုံးများသည် ရူးသွပ်မှုများဖြင့် တောက်လောင်နေပြီး ခရမ်းရောင်အလင်းဖြာထွက်နေသည်။
သူက ထပ်မံ၍ သူ့ကိုယ်သူကုသရန် သက်တမ်းကို လောင်ကျွမ်းလိုက်သည်။
သူသည် လာနေသောကျင့်ကြံသူဒါဇင်ကျော်ကို ကြည့်ပြီးနောက် ရုတ်တရက် ကောင်းကင်ကို မျက်နှာမူ၍ အော်ရယ်လိုက်သည်။ သူ၏မျက်နှာထားတွင် အလျှော့မပေးသော မာနထင်ဟပ်နေပြီး ဘယ်တော့မှ ခေါင်းငုံ့မည်မဟုတ်ကြောင်း ဖော်ပြနေသည်။
သူသည် မဟာအကြီးအကဲဆေးဒယ်အိုးဖြစ်သည်။ သူသည် ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ၊ သူသည် ဖန်မု။ သူသည် .... မန်ဟို။
သူသည် စာပေသမားတစ်ယောက်အဖြစ်မွေးဖွားခဲ့သော်လည်း ယနေ့တွင် အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလေပြီ။ သူ့မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ရင်ဆိုင်တိုက်ခိုက်နေရသည်။ သူတို့သည် ဖိနှိပ်ခံထားရပြီး သွေးမျက်နှာဖုံးကြောင့် သူ့မှာ လူစိတ်ကင်းမဲ့လုနီးပါးဖြစ်နေသည်။ သို့သော် တောင်ပိုင်းဒေသတစ်ခုလုံးအနေနှင့် စဥ်းစားကြည့်လျှင် လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာအတွင်း သူတစ်ယောက်သာ ထိုသို့လုပ်နိုင်သောသူဖြစ်၏။
ထို့ကြောင့်် မန်ဟို ရယ်လိုက်ခြင်းပင်။ ၄င်းက နောင်တကင်းမဲ့သော ရယ်သံ၊ မောက်မာသော ခံယူချက်ဖြင့်ပြည့်နေသော ရယ်သံ၊ မိုးထိုးနေသောခေါင်းမာမှုဖြင့် ရယ်သံဖြစ်သည်။
သူ့ကိုယ်သူ ကုသရန် အသက်စွမ်းအားကို ကုန်ခမ်းစေနေရသည့်အတွက် မျက်နှာဖုံးအောက်ရှိ သူ၏မျက်နှာမှာ လျင်မြန်စွာ ရင့်ရော်လာသည်။ သူ၏ဆံပင်များကတော့ အချိန်အတော်ကြာကတည်းက ဖြူဆွတ်နေခဲ့ပြီးလေပြီ။ သို့သော် အပြင်လူတစ်ယောက်၏ရှုထောင့်အရ ကြက်သွေးရောင်အလင်း၏အောက်တွင် သူ၏ဆံပင်များမှာ ရဲရဲတောက်နေ၏။
ထိုကဲ့သို့ ပုံရိပ်တစ်ခုက စောင့်ကြည့်နေသူအားလုံးအား လေးလေးနက်နက် အထင်ကြီးသွားစေသည်။ တောင်ပိုင်းဒေသ၏ရွေးချယ်ခံအားလုံး ပြိုကျပျက်စီးနေသော စိတ်နယ်ပယ်မှ နေရာရွှေ့ပြောင်းလာကြစဥ် ပထမဆုံးမြင်လိုက်သည်မှာ မန်ဟိုပင်။ အဆိုပါပုံရိပ်က သူတို့၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်ပြီး နှစ်တစ်ရာ၊နှစ်တစ်ထောက်မက သူတို့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။
ဤအခိုက်အတန့်တွင် သူသည် မွန်းတည့်ကောင်းကင်ယံ၌ အလျှံတညီးညီးတောက်ပနေသော နေမင်းကြီးတစ်သဖွယ် မျိုးဆက်တစ်ဆက်ကို ကိုယ်စားပြုနေသည်။ သူလိုလူ ဘယ်တော့မှ ပေါ်ပေါက်မလာနိုင်တော့ပေ။ ဘယ်သူမှ မန်ဟို့ကို ဘယ်သောအခါမှ ယှဥ်နိုင်မည်မဟုတ်ပေ။
ဤသည်မှာ တစ်ဦးတစ်ယောက်ချင်းစီတိုင်း တွေးနေသည့်အရာပင်။
ရွေးချယ်ခံတဲ့လား ၊ တာအိုကလေးတဲ့လား။ မျက်နှာဖုံးဝတ်လျက် ကြက်သွေးရောင်ဆံနွယ် တလွင့်လွင့်နှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်ကျော်ကို ဟားတိုက်ရယ်နေသောသူ..... ကျန်ရှိသည့် သူတို့အားလုံးမှာ ပိုးကောင်လေးများသဖွယ်သာ။
"အခု အဲ့ဒါကမှ ...ကျင့်ကြံသူတစ်ယောက်ပဲ" ဘယ်သူ ပထမဆုံး ထိုသို့ရေရွတ်လိုက်သည်လဲ ပြောရခက်သော်လည်း ရွေးချယ်ခံအားလုံး၏အတွေးထဲ၌ ပဲ့တင်ထပ်နေရန် တခဏသာကြာလိုက်သည်။
Note from Er gen: ကျင့်ကြံသူတွေမှာ ကောင်းကင်နှင့် မြေကြီးကို ရင်ဆိုင်ဖို့ စွမ်းအားရှိတယ်။ ကျင့်ကြံသူတွေမှာ တိုက်ပွဲဘယ်လောက်ပြင်းထန်ပြင်းထန် ဘယ်တော့ဦးမညွှတ်တဲ့ ခေါင်းမာမှုရှိတယ်။ အဲ့တာကမှ ကျင့်ကြံသူတစ်ယောက်ပဲ။ ကျွန်တော့်အတွက်တော့ ကျင့်ကြံသူတစ်ယောက်ဆိုတာ နှင်းလိုဆွတ်ဆွတ်ဖြူနေတဲ့ဆံပင်တွေနဲ့ သွေးတွေရွှဲရွှဲစိုနေတာတောင် ရန်သူတွေကို မျက်နှာချင်းဆိုင်ရပ်နေသေးတဲ့သူတစ်ယောက်ပဲ။ ဘယ်လောက်ပဲ အန္တရာယ်များပါစေ၊ ခရီးလမ်းက ဘယ်လောက်ကြမ်းတမ်းပါစေ ကျင့်ကြံသူတစ်ယောက်ဆိုရင် အံကိုကြိတ်၊ ခေါင်းကိုမော့ပြီး ရယ်လိမ့်မယ်။ ဒီလိုဆို သူဟာ သူရဲကောင်းတစ်ယောက်ဖြစ်လာပြီ။ ဒါက ကျွန်တော့်အတွက် ကျင့်ကြံသူဆိုတာပဲ။
***