ဤလူကား ရူးနေချေပြီ
Vol. 23 Ch. 312
ရယ်သံကြီး ပဲ့တင်ထပ်နေပြီး လွင့်နေသောအနီရောင်ဆံပင်များအကြားတွင် မန်ဟိုက ညာလက်ကို မြှောက်လိုက်သည်။ သူ၏လက်ချောင်းများကြား၌ ခရမ်းရောင်ဆေးလုံးတစ်လုံးရှိနေ၏။ ဤဆေးလုံးတွင် မကောင်းဆိုးဝါးစိတ်ဆန္ဒပါရှိပြီး ၄င်းပေါ်လာသည့်အခိုက်၌ ကောင်းကင်နှင့်မြေကြီးတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။
ဖော်ပြ၍မတတ်နိုင်သော ချီတစ်ခုသည် ၄င်းထံမှ စီးမျော၍ ပတ်ဝန်းကျင်တွင် ပြည့်နှက်လာရာ စောင့်ကြည့်နေသူများအားလုံး၏မျက်နှာကို ရိပ်ခနဲဖြစ်သွားစေသည်။ မန်ဟိုက တစ်ချက်လေးပင်တုံ့ဆိုင်းမနေဘဲ ဆေးလုံးကို ပါးစပ်ထဲထည့်လိုက်၏။
ခရမ်းရောင်ဆေးလုံးက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် အရည်ပျော်သွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများကို မင်နှင့် သုတ်လိမ်းလိုက်သကဲ့သို့ ကလီစာအားလုံးကို ဖုံးလွှမ်းသွားသည်။
အားးးးးးး
မန်ဟိုက ကောင်းကင်ကို မျက်နှာမူ၍ အသားကုန်ဟိန်းဟောက်သည်။ မျက်နှာဖုံးအောက်ရှိ သူ၏မျက်နှာမှာ တွန့်လိမ် ရှုံ့တွနေ၏။ သူ၏ကြက်သွေးရောင်မျက်လုံးများသည် တဟုန်းဟုန်းတောက်လောင်နေသော အသတ်အဖြတ်စိတ်ဆန္ဒနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သွေးမျက်နှာဖုံးမှာ သူ့ကိုယ်တစ်လျှောက် စီးဆင်းနေသည့်ချီကို ထောက်ပံ့ပေးလိုက်သယောင်ပင်။ ၄င်းက ထိုချီအား ပို၍ပင်ပြင်းထန်စွာ ပျံ့နှံ့သွားစေသည်။
နာကျင်မှု။
နားလည်ရခက်သော နာကျင်မှု။
သူ့တစ်ကိုယ်လုံးမှာ ဓားပေါင်းများဖြင့် အမွှန်းခံနေရသကဲ့သို့ အပိုင်းပိုင်းပြတ်ထွက်တော့မတတ် ခံစားနေရသည်။ ဤသို့ဖြစ်ပျက်နေစဥ် ၄င်းက သူ၏ပင်ကိုယ်စွမ်းရည်နှင့် ကျင့်ကြံခြင်းအခြေ၏ စွမ်းအားအလုံးစုံကို ထုတ်လွှတ်လိုက်သည်။ ၄င်းက သူ့ကိုယ်အတွင်းရှိ ရတနာသေတ္တာကြီး ဖွင်ခံလိုက်ရသည့်အလားပင်။ နောက်ဆုံး နာကျင်မှုဒဏ်က သူ့ကို လွှမ်းခြုံသွားသည်။ တစ်စုံတစ်ယောက်က သူ့ရင်ဘတ်ကို စုတ်ဖြဲ၍ သူ့နှလုံးကို ထုတ်ကာ မိုးပေါ်မြှောက်လိုက်သည့်အလား ခံစားရသည်။
ကစဥ့်ကလျား။
တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကစဥ့်ကလျားဖြစ်နေသည်။
မဖော်ပြနိုင်သော စွမ်းအားကြီးတစ်ခုက သူ့ခေါင်းထဲရှိ မှတ်ဉာဏ်အားလုံးကို စုပ်ယူ၍ အမှုန့်ခြေပစ်လိုက်ပုံရသည်။ သူ၏စိတ်ဆန္ဒနှင့် အသိစိတ်တို့မှာ ကစဥ့်ကလျားဖြစ်ကုန်သည်။ ပရမ်းပတာ ကစဥ့်ကလျားဖြစ်နေသည့်အထဲတွင် ပြင်းပြပြီး ပြိုင်ဘက်ကင်းသောအသတ်အဖြတ်စိတ်ဆန္ဒအမျှင်များက သူ့ကိုလွှမ်းခြုံသွားသည်။
တစ်မျှင်၊ အမျှင်တစ်ရာ၊ အမျှင်တစ်ထောင်၊ အမျှင်တစ်သောင်း၊ အမျှင်တစ်သိန်း...... အသတ်အဖြတ်စိတ်ဆန္ဒအမျှင် ဆယ်သန်းအထိ။
အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့စိတ်ကို ပရမ်းပတာဖြစ်သွားစေသည်။ ၄င်းက သူ၏အမြုတေကို ချေဖျက်၍ သူ့ဝိညာဥ်ကို ထိန်းမနိုင်သိမ်းမရအောင် သွပ်သွပ်ခါရူးသွားစေသည်။
ရူးသွပ်မှုက ကမ္ဘာကြီးတုန်လှုပ်သွားစေသော အသတ်အဖြတ်ရောဂါအသွင်ပြောင်းသွားသည်။ ၄င်းက သူ၏တွေးတောဆင်ခြင်နိုင်စွမ်းကို နင်းခြေပြီး အသိစိတ်ကို ပျောက်ကွယ်စေကာ မကောင်းဆိုးဝါးစိတ်ဆန္ဒဖြင့် ပြည့်နှက်စေသည်။ ၄င်းမှာ ကျင့်ကြံခြင်းအခြေခံ မြင့်တက်သွားစေသည့် မိမိကိုယ်ကို ဖျက်စီးလိုစိတ်အသွင်ပြောင်းသွားသည်။
အမြုတေဖြစ်တည်မှု အလယ်အလတ်အေင့်၊ အမြုတေဖြစ်တည်မှု နှောင်းပိုင်းအဆင့်၊ အမြုတေဖြစ်တည်မှု မဟာစက်ဝန်း....မန်ဟို့၏ဟိန်းဟောက်ကြုံးဝါးသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး လူတိုင်းကို မှင်သက်နေစေသည်။
မန်ဟိုသည် ဝိညာဥ်လောင်ကျွမ်းခြင်းကို ကြုံတွေ့နေရခြင်းမဟုတ်။ ဤဆေးလုံးက ...ပျက်စီးခြင်းဆေးလုံးပင်။ ဤစိတ်ဆန္ဒက မကောင်းဆိုးဝါးစိတ်ဆန္ဒဖြစ်၏။
ဤပုဂ္ဂိုလ်ကား ရူးသွပ်နေလေပြီ။
ကျင့်ကြံခြင်းအခြေခံသည် ဝိညာဥ်ကို လွှတ်ပေးရင်း လောင်ကျွမ်းသွားသည်။ သွေးရူးသွေးတန်းဖြစ်နေသော စိတ်ဆန္ဒနှင့် မိမိကိုယ်ကို ဖျက်စီးလိုစိတ်သည် မကောင်းဆိုးဝါးဆန်သော ရူးသွပ်မှုအသွင်ပြောင်းသွားသည်။ ဤသည်ကား မန်ဟိုပင်။
သူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး အလွန်ရက်စက်ယုတ်မာသော မကောင်းဆိုးဝါးအငွေ့အသက်ဖြင့် ပြည့်နေသည်။ မျက်နှာဖုံးအောက်ရှိ သူ၏မျက်နှာမှာ ရင့်ရော်လာနေ၏။ သူ၏အနီရောင်ဆံနွယ်များသည် သူ့ပတ်ပတ်လည်တွင် အတားအဆီးမဲ့စွာ ပျံ့လွင့်နေသည်။
ယခုအခိုက်အတန့်တွင် မန်ဟို့၏ပုံရိပ်သည် စောင့်ကြည့်နေသူအားလုံး၏ မျက်လုံးထဲတွင် ဖျောက်ဖျက်၍မရအောင် စွဲထင်ကျန်ရစ်သွားလေပြီ။
လောလောဆယ်တွင် အမြုတေဖြစ်တည်မှုအဆင့်ထိ ဖိနှိပ်ခံထားရဆဲဖြစ်သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်ကျော် မန်ဟို့အနားရောက်နေလေပြီ။ သူတို့သည် အရေအတွက်အားဖြင့် သူ့ထက်သာပြီး ကျင့်ကြံခြင်းအခြေခံများကလည်း သူ့ထက် အဆများစွာ မြင့်မားသည်။ သို့ရာတွင် အားလုံးက တိုက်ခိုက်ရန် ပြင်ရင်း ချဥ်းကပ်လာနေ၏။
သူတို့ကိုယ်တိုင် မသုတ်သင်နိုင်ပါက မျိုးနွယ်စုအတွင်း ပြဿနာများဖြစ်မည်ကို ကြောက်နေကြပုံပင်။
သူတို့ လေကိုခွင်း၍ လာနေစဥ် သူတို့၏ အသတ်အဖြတ်စိတ်ဆန္ဒသည် မိုးထိတိုင်ရိုက်ခတ်နေ၏။ မန်ဟို့ကို ကယ်မည့်သူမရှိပေ။ ယခုအချိန်တွင် သူသည် တစ်ယောက်တည်းသာ။ သူ့ကိုကယ်နိုင်သည့် တစ်ယောက်တည်းသောသူမှာ သူကိုယ်တိုင်ပင်။ သူအားထားနိုင်သည့်သူက သူကိုယ်တိုင်သာဖြစ်သည်။
မန်ဟိုရယ်သံမှာ ရူးသွပ်မှုတို့ ပြည့်နှက်နေသည်။ ၄င်းက ပဲ့တင်ထပ်နေပြီး သူက ညာလက်ကို အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။
"မျက်နှာမဲ့"
ကောင်းကင်နှင့်မြေကြီး တုန်ခါလာပြီး ဧရာမမျက်နှာကြီးသည် မန်ဟို့ကို ဝန်းရံ၍ နောက်တစ်ကြိမ်ပေါ်လာ၏။ ၄င်းသည် ယခင်ထက်ပိုကြီးပြီး တောင့်ခိုင်သည်။ ယခုတွင် ပုံရိပ်ယောင်နှင့်မတူတော့ အစစ်အမှန်ဖြစ်နေလေပြီ။
မျက်နှာကြီးက မျက်လုံးမှ သွေးတို့စီးကျနေလျက် မြင့်တက်လာသည်။ မြင်ကွင်းကြီးမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်း၏။ ၄င်းသည် ရူးသွပ်နေသောမကောင်းဆိုးဝါးတစ်ကောင်သဖွယ် လာနေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများဆီ ပြေးထွက်သွားသည်။
ဘေးမှ ကြည့်နေကြသူများအတွက် မန်ဟိုမှာ ဖယောင်းတိုင်မီးထဲ ဝင်တိုးနေသော ပိုးဖလံပမာပင်။ သို့စေကာမူ သူသည် ခမ်းနားထည်ဝါနေသဖြင့် လူတိုင်းအား ခံစားချက်များဖြင့် ရင်ဘတ်ထဲ စူးအောင့်နာကျင်လာစေသည်။
ပိုးဖလံမှာ မီးတောက်ကို မြတ်နိုးသောကြောင့် မီးတောက်ထဲ ဝင်တိုးခြင်းဖြစ်သည်။ ၄င်းက မီးတောက်ထဲတွင် ပြန်လည်မွေးဖွားလိုသည်။ ကြည့်နေသူများအဖို့ သေခြင်းမှာ မရှောင်လွှဲနိုင်ပုံပေါက်နေလိမ့်မည်။ သို့သော် ဤပိုးဖလံက မီးတောက်အား မမြတ်နိုးသည်ကို မည်သူသိနိုင်မည်နည်း။ ၄င်းက အသက်ပေး၍ မီးတောက်ကို ငြိမ်းသတ်ချင်နေသည်။
ပေါက်ကွဲမှုကြီးက အရာအားလုံးကို တုန်ခါသွားစေသည်။ ဧရာမမျက်နှာကြီးပြိုကွဲသွသည်နှင့် မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ ပျက်စီးခြင်းဆေးလုံးကြောင့် ကျင့်ကြံခြင်းအခြေခံအဆင့်တက်သွားစေကာမူ သူရင်ဆိုင်နေရသည်က လူဆယ်ယောက်ကျော်၏ ပူးပေါင်းတိုက်ကွက်ဖြစ်သည်။ ယင်းနှင့် မည်သည့်အရာက ယှဥ်နိုင်မည်နည်း။
သူ့ပါးစပ်မှ သွေးများ တရဟောစီးကျနေပြီး ဒဏ်ရာများက သူ၏ခန္ဓာကိုယ်ကို နှိပ်စက်နေသည်။ သူ၏မျက်ဝန်းများမှာ အသက်မဲ့နေပြီး ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်သဖွယ် သူ အနောက်သို့ လွင့်ထွက်သွားစဥ် ခပ်ယဲ့ယဲ့အပြုံးက သူ့မျက်နှာကို ဖုံးလွှမ်းနေသည်။ ရန်သူဆယ်ယောက်ကျော်၏ မျက်နှာများ ရိပ်ခနဲဖြစ်သွားပြီး ထပ်မံတိုက်ခိုက်ကြလေသည်။ သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒများမှာ မန်ဟို့ကို ထိုးစိုက်ရန် ပြင်နေသည့် မြားတံများသဖွယ်ပင်။
သို့သော် သူတို့တိုက်ခိုက်ရန် ရှေ့တက်လာချိန်မှာပင် မန်ဟို၏ အသက်မဲ့နေသော မျက်လုံးများက ရူးသွပ်စွာ တောက်ပသွားသည်။
"စကားတစ်ခွန်း" သူက အက်ကွဲသံကြီးဖြင့် အော်သည်။ အံ့ဖွယ်ကောင်းစွာပင် သူသည် သွေးအင်မိုတယ်အမွေအနှစ်၏ နတ်ဘုရားစွမ်းရည်ကို အားဖြည့်ပေးရန် ပျက်စီးခြင်းဆေးလုံး၏ ကြောက်မက်ဖွယ်စွမ်းအားကို အသုံးပြုနေလေသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လွင့်စင်ပြိုကွဲနေသော မျက်နှာကြီးက ပြိုကွဲနေခြင်းရပ်သွားသည်။ ၄င်းကို ဖုံးလွှမ်းနေသော အက်ကြောင်းများက အနီရောင်မြူများကို ထုတ်လွှတ်၍ အမျက်တချောင်းချောင်းထွက်နေပုံရသည်။
အနီရောင်မြူများက မန်ဟို့အရှေ့တွင် ပျံ့နှံ့လာသည်။ ဧရာမမျက်နှာကြီးမှာ အချိန်ကို လျင်မြန်စွာ ဖြတ်သန်းနေသယောင်ပင်။ ၄င်းသည် ကျုံ့လာပြီး အက်ကြောင်းများ ပျောက်ကွယ်လာသည်။ ၄င်းက နောက်တစ်ဖန် အကောင်းပကတိပြန်ဖြစ်သွားလေပြီ။ ထို့အပြင် ယခင်က ပါးစပ်ကင်းမဲ့နေသောနေရာတွင် နှုတ်ခမ်းတစ်စုံပေါ်လာသည်။
ပါးစပ်ကြီးက ပွင််လာပြီး စကားပြောနေပုံရသော်လည်း ဘယ်သူမှ ထိုအသံကိုမကြားနိုင်ပေ။ သို့သော်...အသံမထွက်သော အသံ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် အဘိုးကြီးဆယ်ယောက်ကျော်မှာ စိတ်နှလုံးတုန်ရီသွားသည်ကို ခံစားလိုက်ရသည်။ သွေးစီးကြောင်းများက သူတို့၏ခန္ဓာကိုယ်ကို တခဏအတွင်း စုတ်ဖြဲပစ်တော့မည့်အလား ဖုံးလွှမ်းလာ၏။
ဤအခိုက်အတန့်တွင် မန်ဟိုက တတိယစာကြောင်းကို ရေရွတ်သည်။
"စစ်ပွဲမီးတောက်တွေ ပေါင်းစည်း"
မျက်နှာမဲ့ ၊ စကားတစ်ခွန်း၊ စစ်ပွဲမီးတောက်တွေ ပေါင်းစည်း
ဤသည်မှာ မန်ဟို အတင်းအကြပ်အသုံးပြုနေသော သွေးအင်မိုတယ်အမွေအနှစ်၏ ပထမဆုံးနတ်ဘုရားစွမ်းရည်သုံးခုဖြစ်သည်။ ချက်ချင်းပင် စစ်ပွဲမီးတောက်များနှင့်အတူ မီးခိုးများ အရပ်မျက်နှာအနှံ့ပေါ်ပေါက်လာပြီး လည်နေသော မီးအလင်းတန်းကြီးတစ်ခုဖြင့် မန်ဟို့မှာ ဝန်းရံခံလိုက်ရသည်။ ၄င်း၏အော်မြည်သံကြီးက မိုးကောင်းကင်ထိတိုင် ရိုက်ခတ်သွား၏။
မန်ဟို့အရိုးများ ထပ်ကျိုးကုန်သည်။ သူ့ခြေထောက်က ခွေခနဲ လဲကျပြီး သူ့ကို မြေကြီးတွင် လိမ့်ထွက်သွားစေသဖြင့် သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာတော့သည်။ ပြန်ကန်အားက မျက်နှာဖုံးကို မျက်နှာမှ ကွာကျသွားစေသည်။
မန်ဟို့၏ပုံပန်းသွင်ပြင်မှာ အဘိုးကြီးတစ်ယောက်အတိုင်းပင်။ သူ ထိုနေရာတွင် လဲနေစဥ် သူ့မျက်နှာမှာ ဖြူဖျော့နေလျက်ရှိ၏။ သို့သော် မကောင်းဆိုးဝါးဆန်သော ရူးသွပ်မှုက သူ့မျက်လုံးများထဲ၌ တဖျပ်ဖျပ်လက်နေသေးသည်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် ပျက်စီးတော့မည့်အမှတ်သို့ ရောက်ရှိနေပြီဖြစ်၏။ သူ့ခန္ဓာကိုယ်မှာလည်း ရစရာမရှိတော့ပေ။ ဖြုန်းတီးခဲ့ရသော သက်တမ်းပမာဏသည်လည်း များပြားလွန်းသည်။ သို့သော် သူ၏နှလုံးသားက အရှုံးမပေးသေး။ သူက အသိစိတ်အပြည့်ဖြင့် ဆက်လက်လောင်ကျွမ်းရန် ရွေးချယ်လိုက်သည်။
မီးအလင်းတန်းကြီး ပြန့်ကားလာသဖြင့် ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်ကျော်မှာ တဖြေးဖြေး တွန်းထုတ်ခံနေရ၏။ အံဖွယ်ကောင်းစွာ သုံးယောက်မှာ ချက်ချင်း သွေးအန်လိုက်ရသည်။
မန်ဟို့ နတ်ဘုရားစွမ်းရည်၏ စွမ်းအားက လက်ဖျားခါလောက်အောင် တုန်လှုပ်ဖွယ်ကောင်း၏။
"သွေးအင်မိုတယ်အမွေအနှစ်က မယုံနိုင်စရာပဲ...." အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်က ပြောသည်။ အဘိုးကြီးဆယ်ယောက်လုံး၏ မျက်နှာများ တင်းမာခက်ထန်နေပြီး အထူးသဖြင့် ဒဏ်ရာရသွားသော သုံးယောက်ပင်။ သူတို့၏ဒဏ်ရာများက သိပ်မပြင်းထန်သော်လည်း သူတို့မှာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူလေးတစ်ယောက်ကို စုပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ ဤသို့ခံလိုက်ရသည်မှာ သူ့တို့အတွက် လက်ခံရခက်လေသည်။
"ပြီးသွားပြီ" အဘိုးကြီးတစ်ယောက်က ပြောသည်။ သူတို့က သူတို့၏ပြိုင်ဘက်ကို လှမ်းကြည့်လိုက်သည်။ သူ့တွင် တန်ပြန်တိုက်ခိုက်ရန် အစွမ်းအစမရှိတော့ပေ။ ဒဏ်ရာဗလပွနှင့် ဆီမကျန်တော့သည့် မီးအိမ်သဖွယ်ဖြစ်နေ၏။ သူတို့က ဤတိုက်ပွဲကို အဆုံးသတ်ရန် ပြင်ရင်း သူဆီ ဖြေးဖြေးချင်း ချဥ်းကပ်သွားကြသည်။
ရှုချင်မှာ တဆတ်ဆတ်တုန်နေ၏။ သူမ အပြေးသွားရန် ပြင်လိုက်စဥ် ဟန်ပေ့က သူမလက်မောင်းကို လှမ်းဆွဲပြီး ချုပ်ထားသည်။
ရှုချင် ဟန်ပေ့ကို လှည့်ကြည့်လိုက်သည့်အချိန် ရုတ်တရက် မန်ဟိုက ထရယ်သည်။
သူ၏ရယ်သံတွင် ထူးဆန်းပြီး ရက်စက်နေသောတစ်စုံတစ်ခုပါဝင်သည်။ ၄င်းသည် ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နေ၏။
"ငါ့သွေးခွေးကြီး နိုးထလော့" သူကပြောသည်။ သူသည် ညာလက်ကို မနည်းမြှောက်ပြီး သွေးမျက်နှာဖုံးအပေါ်သို့ အသာအယာတင်လိုက်သည်။ သူစကားပြောလိုက်စဥ် သူ၏မျက်လုံးများမှာ နွေးထွေးသောမျှော်လင့်ချက်တို့ ဖုံးလွှမ်းသွားသည်။
မန်ဟိုသည် အမြုတေဖြစ်တည်မှုအဆင့်ရောက်ခဲ့သည့် အခိုက်အတန့်ကတည်းက အိပ်မောကျနေသောသွေးခွေးကြီးကို အာရုံခံနိုင်ခဲ့သည်။ ၄င်း အိပ်ပျော်နေသော်လည်း တခဏမျှ ထလာနိုင်ကြောင်း သူသိလေသည်။
သူလုပ်ရန်လိုသည်မှာ ၄င်းကို နှိိုးလိုက်ရုံသာဖြစ်၏။ ဤသည်ကား.... သူ၏စစ်မှန်သော အသတ်အဖြတ်စိတ်ဆန္ဒပင်။ အမှန်တွင် မန်ဟိုသည် သွေးခွေးကြီး နိုးလာဖို့ အချိန်ဆွဲရန်လေးအတွက် ဤအရာအားလုံးကို လုပ်နေခဲ့ခြင်းပင်။ တစ်ချိန်လုံး သူက ၄င်းကို တိတ်တဆိတ် ထပ်ကာထပ်ကာ နှိုးနေခဲ့၏။
စိတ်နယ်ပယ်အတွင်းမှစ၍ ယခုအချိန်အထိ၊ ပြင်းထန်ရက်စက်သောတိုက်ပွဲတစ်လျှောက်လုံး သူ့မှာ သွေးခွေးကြီးကို တိတ်တိတ်လေး ခေါ်နေခဲ့လေသည်။ သူ့မှာ တိုက်ခိုက်နိုင်စွမ်းမရှိတော့သည်အထိ တစ်လျှောက်လုံး၊ တစ်ချိန်လုံး ခေါ်နေခဲ့၏။ ထို့နောက်တွင်မှ သွေးခွေးကြီးမှာ...လှုပ်ရှားလာသည့်လက္ခဏာများ ပြလာသည်။
လှုပ်ရှားလာသည့်လက္ခဏာများတွင် မန်ဟို့စိတ်ထဲ၌ ပြည့်နှက်နေသော ရူးသွပ်မှုနည်းတူ စိိုးရိမ်သောကတို့ ပါဝင်နေသည်။ သွေးခွေးကြီးမှာ ၄င်းကို ထိန်းချုပ်ထားသည့် အိမ်မောကျခြင်းကို တိုက်ခိုက်ရန် ရှိသမျှအစွမ်းအကုန် အသုံးပြုနေပုံရသည်။ ၄င်းသည် သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲကကဲ့သို့ သူ့သခင်ကို ကာကွယ်ပေမည်။
အဘိုးကြီးဆယ်ယောက်ကျော် ရှေ့သို့ဦးတည်လာနေစဥ် မန်ဟိုက သွေးမျက်နှာဖုံးကိုလှမ်းထိလိုက်သည်။ ထို့နောက် သွေးခွေးကြီးကို ခေါ်လိုက်၏။ မျက်နှာဖုံးသည် ရုတ်ခြည်းတုန်ခါလာပြီး မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လေပေါ်ပျံတက်ကာ မန်ဟို့အရှေ့တွင် ရပ်တန့်လိုက်သည်။
ရုတ်တရက် မီတာသုံးရာကျော် အချင်းရှိသည့် ဧရာမသွေးမျက်နှာပြင်ကြီးတစ်ခု ပေါ်လာ၏။
သွေးမျက်နှာပြင်မှာ ဧရာမသွေးရောင်မှန်ကြီးအတိုင်းပင်။ ၄င်းပေါ်လာသောအခါ မှန်မျက်နှာပြင်တွင် လှိုင်းထသွားပြီး အထဲမှ မာန်ဖီသံများလည်း ထွက်လာသည်။
မာန်ဖီသံက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေပြီး အဘိုးကြီးဆယ်ယောက်ကျော်၏မျက်နှာများ ကွက်ခနဲပျက်သွား၏။ သွေးခွေးကြီး၏အသံမှာ ရန်သူကိုတွေ့၍ ခြိမ်းခြောက်နေသယောင်ပင်။ ၄င်းက အနက်ရောင်မြူကိုဖြတ်၍ ချိုင့်ဝှမ်းအပြင်ရှိကမ္ဘာအထိ ပဲ့တင်ထပ်သွားသည်။
ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးကြောင့် သောင်တင်နေသော ကျီမျိုးနွယ်စု၏ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီး၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ သူ၏သူငယ်အိမ်များ ကျဥ်းမြောင်းသွား၏။ သူ့အရှေ့ရှိ ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးလည်း တအံ့တသြရေရွတ်မိလိုက်သည်။
သွေးရူးသွေးတန်းဖြစ်နေသော ဟိန်းဟောက်သံကြီးက သွေးမျက်နှာပြင်မှ လာနေလေသည်။ ၄င်းသည် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ရူးသွပ်နေသော သားရဲတစ်ကောင်၏ကြုံးဝါးသံဖြစ်သည်။ ဟိန်းဟောက်သံကြီး ပျံ့လွင့်နေစဥ် မန်ဟို့အရှေ့က အဘိုးကြီးဆယ်ယောက်မှာ သူတို့နှလုံးသားထဲ၌ သေရေးရှင်ရေးအန္တရာယ်အာရုံကြီးကို ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် သွေးမျက်နှာပြင်မှာ ပုံပျက်ရှုံ့တွလာ၏။ တစ်စုံတစ်ခုက တိုးထွက်ရန်ကြိုးစားနေသည့်အလား... ၄င်း၏မျက်နှာပြင်ကား ဖောင်းလာလေသည်။
***