← Chapters

တရားထိုင်လျက် ဆုံးပါးသွားလေပြီ

Vol. 107 Ch. 1486

တရားထိုင်လျက် ဆုံးပါးသွားလေပြီ

Vol. 107 Ch. 1486

ပဉ္စမပြစ်ဒဏ်၏အပြင်ရှိ အနှစ်သာရ ၄ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံသူများမှာ သူတို့အား တွန်းထုတ်နေ‌သော ပြင်းထန်သည့်စွမ်းအားကြောင့် မအံ့ဩမိဘဲ မနေကြပေ။

မမြင်ရသောအားတစ်ရပ်က မြေပြင်များကို တိုက်ဆောင့်နေသကဲ့သို့ အရာအားလုံး ပြင်းထန်စွာ တုန်ခါနေသည်။

တစ်ချိန်တည်းမှာပင် သွေးမြူသည် ခန္ဓာကိုယ်တစ်ကိုယ်အဖြစ် ဆက်လက်စုဝေးနေ၏။

မျက်နှာမှာတော့ သဲသဲကွဲကွဲမရှိတော့။ ခန္ဓာကိုယ်ဟူ၍ ရှိနေရုံသာ။ ထိုမျှသာမက ထိုခန္ဓာကိုယ်၏အတွင်းတွင် ဝိညာဉ်မီးအိမ် ၁၀၈ လုံးရှိပြီး တစ်လုံးစီသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသော အသွင်တစ်ခုစီကို ဖော်ပြနေ၏။

အစစ်အမှန်မူလအင်မော်တယ်တစ်ဦး ကမ္ဘာလောကတွင် မွေးဖွားလာနေသည့်အလား ထိုအသွင်များသည် အင်မော်တယ်တစ်ဦး၏အရှိန်အဝါဖြင့် တဟုန်းဟုန်းတောက်ပနေလေသည်။

ပတ်ဝန်းကျင်ရှိ ဖိအားသည် အင်မော်တယ်အရှိန်အဝါကို ချက်ချင်းတိုက်ခိုက်၍ အတင်းအကြပ်နှင်ထုတ်နေရာ အက်ကွဲသံများ ထွက်ပေါ်လာပြီး လေထုမှာ ပျက်စီးတော့မည့်အလား လေအက်ကြောင်းများ ဖြာထွက်သွားသည်။

အနှစ်သာရ ၄ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ နောက်ဆုတ်သွား၏။ သူတို့ မယုံနိုင်ဖြစ်နေစဉ် အရှိန်အဝါက သူတို့၏စိတ်များကို ဖောက်ပြန်စေ၍ သူတို့၏ကျင့်ကြံခြင်းအခြေခံများအား ဖိနှိပ်နေသည်။ သူတို့မှာ အသက်ပင်ကောင်းကောင်းမရှူနိုင်တော့ပေ။

ထို့နောက် နောက်ထပ်ကြောက်မခန်းလိလိအရှိန်အဝါတစ်ခုသည် ဖန်မု၏ကိုယ်အတွင်းမှ ဟုန်းခနဲ ထွက်ပေါ်လာ၏။

ဤတစ်ကြိမ်တွင် ၎င်းသည် ဝိညာဉ်မီးအိမ် ၁၀၈ လုံးမဟုတ်။ မိုးနှင့်မြေကို ကိုင်လှိုင်နိုင်သော ဖိအားကို ထုတ်လွှတ်လျက် နေလုံးများကဲ့သို့ တောက်ပစွာ လည်နေသည့် ချုပ်စည်းကိုးစည်းဖြစ်ပေသည်။

ဖိအားက အနှစ်သာရ ၅ ခု တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်၏ ပါးစပ်မှ သွေးများပန်းထွက်သွားစေသည်။ သူတို့မှာ တွန်းထုတ်ခံလိုက်ရသကဲ့သို့ နောက်လွင့်သွားကြပြီး သူတို့အော်ဟစ်နေကြသည့်အချိန်မှာပင် သူတို့၏အပြင်အားကိုယ်များသည် အစိတ်စိတ်အမြွှာမြွှာ စုတ်ပြတ်လာ၏။

သူတို့၏ထိတ်လန့်နေသော ဝိညာဉ်များက စူးစူးဝါးဝါးအော်လျက် ထွက်လာသည်။ နှစ်ကောင်သား မကြောက်စဖူးကြောက်လန့်စွာဖြင့် မီတာထောင်ပေါင်းများစွာ ဆုတ်လိုက်သည်။

“အဲဒီချုပ်စည်းတွေက ဘာတွေလဲ...”

“အကြည့်လေးတစ်ချက်က ငါတို့ခန္ဓာကိုယ်တွေကို ဖျက်စီးဖို့ လုံလောက်တယ်” သူတို့သည် ထွက်ပြေးချင်သော်လည်း ပြင်းထန်သောဖိအားက သူတို့ကို ဖိနှိပ်နေ၍ နောက်ဆုတ်မရဖြစ်နေ၏။ ကြည့်ရသရွေ့ သူတို့မှာ လုံးလုံးလျားလျား ဖျက်စီးခံရတော့မည့်အလားပင်။

ဤအခိုက်အတန့်တွင် ဖန်မု၏ကိုယ်အတွင်းရှိ ချုပ်စည်းကိုးစည်းသည် မီးအိမ် ၁၀၈ လုံးနှင့် ဆက်နေသော အလင်းစီးကြောင်းများကို စတင်ထုတ်လွှတ်၏။ အရောင်အဝါက အင်မော်တယ်အရှိန်အဝါဖြင့် ကွန့်မြူးနေပုံရကာ ဝိညာဉ်မီးအိမ်အားလုံးနှင့် ဆက်နေသော အင်မော်တယ်အမျှင်များကို ... အင်မော်တယ်အမြစ်တစ်မြစ်အဖြစ် ဖြစ်ပေါ်လာစေသည်။

အင်မော်တယ်တစ်ဦးကဲ့သို့ စိတ်ဝိညာဉ်၊ သစ်ပင်၏အမြစ်တမျှ နက်ရှိုင်းသော အခြေခံ။ ဤသည်ကား အင်မော်တယ်အမြစ် ဖြစ်ပေ၏။

“သူက သေချာပေါက် ရှေးဟောင်းနယ်ပယ်မဟုတ်ဘူး။ အဲဒီအရှိန်အဝါက ကြောက်စရာကြီး... ပါရာဂွန်နဲ့တောင် တူနေပြီ”

“အဲ့ဒါ .. အဲ့ဒါ အင်မော်တယ်အမြစ်မဟုတ်လား” အနှစ်သာရ ၄ ခုအထွတ်အထိပ်ပညာရှင်များမှာ ပြင်းထန်စွာ တုန်ရီနေပြီး သူတို့၏ဝိညာဉ်များမှာ မှေးမှိန်လာသယောင်ပင် ထင်ရသည်။

အင်မော်တယ်အမြစ်သည် အာကာပြင်ကျယ်ကျောင်းတော်အတွင်း၌ ဒဏ္ဍာရီလာဖြစ်၏။ ကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်အတွင်းတွင် အင်မော်တယ်အမျှင်များ ရှိပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံက ထိပ်ဆုံးအဆင့်သို့ ရောက်သွားလျှင် သို့မဟုတ် သူတို့၏သွေးဆက်က လုံလုံလောက်လောက် ခိုင်မာလျှင် ထိုအင်မော်တယ်အမြစ်များက အင်မော်တယ်အမြစ်တစ်မြစ် ဖြစ်လာနိုင်သည်။

အင်မော်တယ်အမြစ်တစ်မြစ်ကို ပိုင်ဆိုင်ထားမှသာ ထိုပုဂ္ဂိုလ်အား အင်မော်တယ်စစ်စစ် အဖြစ် သတ်မှတ်နိုင်ပေသည်...

ဖန်မု သူ၏နောက်ဆုံးဝိညာဉ်မီးအိမ်ကို ငြှိမ်း၍ တာအိုနယ်ပယ်သို့ ဝင်ရောက်သောအခါ အင်မော်တယ်အမြစ်တစ်မြစ် ပေါ်လာခဲ့လေပြီ။

ထိုအင်မော်တယ်အမြစ်ကြောင့် အလွန်ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားသည်။

သူ၏ ၁၀၈ လုံးမြောက် ဝိညာဉ်မီးအိမ်သည် အင်မော်တယ်အမြစ်ဖြစ်လာပြီး အင်မော်တယ်အမြစ်က တစ်ဖန် သစ်ပင်ကြီးတစ်ပင်ကို ဖန်ဆင်းပေးလိုက်၏။ သစ်ပင်ကြီးတွင် သူ့ကိုယ်ထဲရှိ ချုပ်စည်းကိုးစည်းနှင့် ဆက်သွယ်နေသော အကိုင်းကိုးကိုင်း ပါရှိသည်။ ချုပ်စည်းကိုးစည်းကား ထိုသစ်ပင်ကြီးအပေါ်ရှိ အင်မော်တယ်သစ်သီးများပမာပင်။

အကိုင်းကိုးကိုင်းအနက် ပထမဆုံးအကိုင်းက ရောင်စုံအလင်းဖြင့် လင်းလက်တောက်ပနေပြီး လျှပ်စီးလို တဖျတ်ဖျတ် လက်နေသည်။

ကျန်ရှစ်ကိုင်းမှာတော့ မည်သည့်အသက်စွမ်းအားမှ မရှိသကဲ့သို့ မည်းနက်နေလေသည်။

အင်မော်တယ်အမြစ်၏ ပထမဆုံးအကိုင်း လင်းလက်တောက်ပနေစဉ် ပထမချုပ်စည်းသည်လည်း မျက်စိကျိန်းမတတ် လင်းထိန်လာသည့်တိုင်အောင် တောက်ပလာ၏။

ဤအခိုက်အတန့်၌ ပထမဆုံးချုပ်စည်း ပြီးမြောက်သွားခဲ့လေပြီ။

ဖန်မုတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီသွားပြီး သူ့ကိုယ်အတွင်းမှ ကောင်းကင်ဘုံချုပ်နှောင်ခြင်းအရှိန်အဝါက လှိုင်းကဲ့သို့ တအိအိဖြာထွက်လာသည်။ အရာအားလုံးတုန်လှုပ်ကုန်ပြီး လေပြင်းတစ်ချက် တိုက်ခတ်သွား၏။ တစ်ချိန်တည်းမှာပင် တာအိုနယ်ပယ်အရှိန်အဝါ ပေါ်ထွက်လာသည်။

ထို့နောက် ဖန်မု၏မျက်လုံးများ ပွင့်လာသည်။

နိဗ္ဗာနသစ်သီးမှတစ်ဆင့် တာအိုသို့ ဝင်ရောက်ခြင်း။

အမှန်တော့ မန်ဟို၏ကိုယ်ပွား ဖန်မုသည် နိဗ္ဗာနသစ်သီးတစ်လုံးမှ ဖန်တီးခံခဲ့ရခြင်းဖြစ်၏။ သို့သော် ဘဝအသစ်ဖြင့် နေထိုင်ရန် ရည်ရွယ်ချက်အတွက် မဟုတ်၊ ထိုသွေးဆက်စွမ်းအားကို အသုံးချကာ တာအိုနယ်ပယ်သို့ ပုံမှန်ထက် လျင်မြန်စွာ ဝင်ရောက်ဖို့အတွက်ပင်။

သူ၏မျက်လုံးများက လင်းလက်စွာ တောက်ပလွန်း၍ သူ့အကြည့်တစ်ချက်သည် အနှစ်သာရ ၄ ခုအထွတ်အထိပ် တာအိုနယ်ပယ်ပညာရှင်များ၏ ဝိညာဉ်များကို လုံးလုံးလျားလျား စုပ်ယူနိုင်သယောင် ထင်ရ၏။

ပုံမှန်အားဖြင့် တာအိုနယ်ပယ်ပြစ်ဒဏ် ကျရောက်လာသင့်သည်။ သို့သော် တန်ခိုးရှင်လမ်းနှင့်ပတ်သက်၍ ထူးခြားသောတစ်စုံတစ်ရာကြောင့် တာအိုနယ်ပယ်ပြစ်ဒဏ်အနေဖြင့် သူ့အား ရှာမတွေ့နိုင်ပေ။ သူ့ဆီ လာဖို့သာထား၊ သူ့ကိုယ်ပေါ်ရှိ တာအိုနယ်ပယ်အရှိန်အဝါကိုပင် ၎င်း မခံစားရသည်သာ။

ဖန်မုသည် တိတ်ဆိတ်စွာ ထိုင်နေ၏။ နောက်ဆုံးဝိညာဉ်မီးအိမ်ငြိမ်းသေမှုကြောင့် ရုတ်တရက် ပြောင်းလဲသွားမှုများက အံ့အားသင့်စရာကောင်းသည့်တိုင် သူ၏ခန့်မှန်းချက်များကိုလည်း ခိုင်မာသွားစေခဲ့သည်။

“ဒီဘဝမှာ ... ငါ နဝမမန္တန်ကို အပြည့်အဝ မဖော်ဆောင်နိုင်တော့ဘူး။ လိုအပ်နေတဲ့ ချုပ်စည်းတွေထဲက တစ်စည်းကိုပဲ ဖော်ဆောင်နိုင်ခဲ့တယ်” ဖန်မုသည် အင်မော်တယ်အမြစ်၏ ပထမအကိုင်းမှ ဖြန့်ကျက်နေသောအလင်းရောင်ကို ကြည့်ပြီး တဖျတ်ဖျတ်ကူးလူးးနေသော ရောင်စုံမီးပွားများကို မြင်လိုက်ရ၏။ သူက ၎င်းတို့အထဲ သူ၏အသိစိတ်ကို ထည့်လိုက်သည့်အခါ ယခု သူ၏ဖန်မုဘဝအား ပြန်တွေ့မြင်လိုက်ရသည်။

မြစ်အတိုင်း မျောလာသော သူ့ကို စာပေသမားတစ်ယောက် ဆယ်လိုက်သောမြင်ကွင်းအား သူ မြင်နေသည်။ သူနှင့်ကစားနေသော အဘိုးအိုကိုလည်း တွေ့ရသလို သူ၏ခုနစ်နှစ်မြောက်ပြစ်ဒဏ်ကိုလည်း မြင်ရ၏။ ထို့နောက် သူသည် နိုးထလာပြီး နဝမဂိုဏ်းသို့ ဝင်ရောက်ခဲ့လေသည်။

သေမျိုးအဖြစ်မှ မသေမျိုးအဖြစ်သို့ တက်လှမ်းပြီးနောက် ယန်အာကို တပည့်အဖြစ် သွားခေါ်သည်။ ထို့နောက် တန်ခိုးရှင်လမ်းအပေါ် နင်းသည် ... ယင်းတို့က သူမြင်နေရသော မြင်ကွင်းများပင်။

ထိုမြင်ကွင်းများသည် သူ့ဘဝ၏အစမှအဆုံးအထိ ဘဝတစ်ဘဝ၏ ပြည့်စုံသော မှတ်ဉာဏ်များကို ဖွဲ့စည်းထား၏။

“ဆိုတော့ ... ဒီလိုပေါ့လေ” သူက တိုးညင်းစွာ ရေရွတ်သည်။

“ငါ ရွေးချယ်ခဲ့တဲ့လမ်းဟာ မှားခဲ့တယ်။ နဝမမန္တန်က အင်မတန် အံ့ဩစရာကောင်းလွန်းတဲ့အတွက် တည်တောင်မတည်ရှိသင့်ဘူး။ ဒါကြောင့် ငါ့ကိုယ်ပွားရဲ့ တစ်ဘဝမှာ ကိုးခုထဲက တစ်ခုကိုပဲ ဖန်ဆင်းနိုင်ခဲ့တာပဲ

“ကဲ ဘာမှမဖြစ်ပါဘူး။ လမ်းမှန်ပေါ် ပြန်ရောက်သွားသရွေ့ အကုန်လုံး တန်သွားလိမ့်မယ်”

ဖန်မုသည် သူ၏ကိုယ်အစစ် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော၊ အင်မော်တယ်အမြစ်မှ ဖြစ်ပေါ်လာသည့် ဝိညာဉ်မီးအိမ် ၁၀၈ လုံးကို ခံစားနေ၏။ အင်မော်တယ်အမြစ်က နဝမမန္တန်၏ ချုပ်စည်းများကို အစာကျွေးအားဖြည့်ပေးနေလေသည်။ တခဏကြာသော် သူ၏မျက်လုံးများသည် နားလည်သွားမှုတို့ဖြင့် တောက်ပလာတော့၏။

“အင်မော်တယ်အမြစ်က နဝမမန္တန်ရဲ့ အခရာပဲ။ အဲဒီအင်မော်တယ်အမြစ်နဲ့ဆို ချုပ်စည်းကိုးစည်းလုံး ပြီးမြောက်နိုင်တယ်

“ဒီခန္ဓာကိုယ်ကတော့ လမ်းဆုံးအထိ လျှောက်ခဲ့ပြီးပြီ။ ဒုတိယစည်းကို ဖော်ဆောင်ချင်ရင် နောက်တစ်လမ်းကို လျှောက်ရတော့မယ်..

“ဒီကိုယ်ပွား ပါရာဂွန်ဖြစ်လာရင်တောင်မှ ငါ ပထမကိုင်းနဲ့ပဲ အဆုံးသတ်သွားရလိမ့်မယ်။ ငါ အခု လိုအပ်တာက ... ဒုတိယအကိုင်းပဲ

“အကိုင်းတစ်ကိုင်းစီအတွက် တစ်ဘဝတာမှတ်ဉာဏ်တွေကို လိုအပ်တာဆိုတော့ ဒီကိုယ်ပွားဟာ အမှန်တကယ် အမှီအခိုကင်းမှ ဖြစ်လိမ့်မယ်။ ငါ့ကိုယ်အစစ်အတွက် ဒီကိုယ်ပွားက စတုတ္ထဘဝ။ ဒါပေမဲ့ အခု ဒီအင်မော်တယ်အမြစ် ပေါ်လာခဲ့ပြီဆိုတော့ ကိုယ်ပွားဟာ .. ပထမဘဝကို ကျော်ဖြတ်သွားပြီလို့ ဆိုလိုတယ်

“အကိုင်းကိုးကိုင်း ကိုးဘဝ.. အဲဒီဘဝအားလုံးရဲ့ မှတ်ဉာဏ်တွေ ပေါင်းစည်းသွားပြီး ဘဝပြန်ဝင်စားခြင်းသံသရာကနေ ပြန်ရောက်လာတဲ့အချိန်က နဝမမန္တန်၊ ကောင်းကင်ဘုံချုပ်နှောင်မန္တန် ပြီးမြောက်မယ့်အချိန်ပဲ” ဖန်မုသည် ထိုကိစ္စနှင့်ပတ်သက်၍ ဉာဏ်အလင်းရလေလေ၊ အင်‌မော်တယ်အမြစ်နှင့် အကိုင်းကိုးကိုင်းက သူ၏ခန့်မှန်းချက်များကို ခိုင်မာစေလေလေ ဖြစ်၏။

“ဘဝပြန်ဝင်စားခြင်း... ငါ မတူညီဘဝကိုးဘဝနဲ့ နေထိုင်ကြည့်ပြီး အဲဒီဘဝတွေက ဘယ်လိုပဲဖြစ်နေပါစေ တစ်ဘဝတာမှတ်ညဏ်တွေကို သိမ်းဆည်းထားဖို့ လိုအပ်တယ်

“အကောင်းဆုံးက မှတ်ဉာဏ်တွေကို ချိတ်ပိတ်လိုက်တာပဲ။ ကိုးဘဝမြောက် နိဂုံးချုပ်သွားတဲ့အခါ ငါ ပြန်နိုးထလာလိမ့်မယ်” အတန်ငယ်တွန့်ဆုတ်နေပြီးသော် သူသည် တိတ်ဆိတ်စွာ ထိုင်၍ သက်ပြင်းချလိုက်၏။

အကြောင်းတချို့ကြောင့် ယခုလက်ရှိဘဝနှင့် သူ မခွဲခွာချင်ပေ။ သူသည် ခေါင်းလှည့်လိုက်ပြီး မည်သည့်အရပ်မျက်နှာကို မျက်နှာမူနေမှန်း မသေချာသော်လည်း .... အာကာပြင်ကျယ်ဂြိုဟ်ကို ကြည့်နေကြောင်း ခံစားလိုက်ရ၏။

ထိုနေရာက နဝမဂိုဏ်းရှိသည့်နေရာ၊ သူ့တပည့်ယန်အာ ရှိသည့်နေရာပင်။

ဤဘဝနှင့်ပတ်သက်၍ သူ စိတ်မချဆုံးမှာတော့ ယန်အာသာ ဖြစ်သည်။

“မှတ်ဉာဏ်တွေ၊ အတွေးတွေကို ချိတ်ပိတ်၊ ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်ရမှာတဲ့လား... “ ဖန်မုသည် အင်္ကျီလက်စကို ဝှေ့ယမ်းလျက် သက်ပြင်းချလိုက်၏။ သွေးမြူများလွင့်စင်သွားပြီး သူကား ပဉ္စမပြစ်ဒဏ်၏အပြင်နားလေးတွင် ခိုင်မာပြတ်သားသောမျက်ဝန်းများဖြင့် ရပ်နေလေသည်။

“တွန့်ဆုတ်နေတာတွေ တော်သင့်ပြီ” သူက တွေးသည်။ ထို့နောက် သူ့လက်ကို အရှေ့သို့ ဖိတွန်း၍ လေထုကို ကြေမွသွားစေလိုက်ရာ ဝဲတစ်ဝဲ ပေါ်လာသည်။ ဤဝဲကား ဘဝပြန်ဝင်စားခြင်းဆီသို့ ဦးတည်နေသော တံခါးပေါက် ဖြစ်သယောင်ပင်။

၎င်း ပွင့်နေစဉ် ဖန်မုသည် သူ့ကို ချောက်ချဖို့ ကျန်နေခဲ့သော အနှစ်သာရ ၄ ခုတာအိုနယ်ပယ်ပညာရှင်နှစ်ယောက်၏ ဝိညာဉ်များဆီ လက်လှမ်းလိုက်၏။ သူတို့အသနားမခံနိုင်ခင်မှာပင် သူက သူတို့ကို ဖိခြေလိုက်လေပြီ။

ဝိညာဉ်များသည် အလင်းမှုန်များအဖြစ် ဝုန်းခနဲ ပေါက်ကွဲသွား၏။ ထိုအလင်းမှုန်များက ဝဲအတွက် လောင်စာဖြစ်သွားသည့်အလား ဘဝပြန်ဝင်စားခြင်းအရှိန်အဝါသည် ပို၍အားကောင်းလာ၏။

“ယန်အာရေ” သူက နူးညံ့ပျော့ပျောင်းစွာ ရေရွတ်သည်။ “ဒီဘဝတော့ ဆရာတို့ရဲ့ ဆရာတပည့် ရေစက်ကုန်သွားပြီကွယ်” သူက အတိတ်အမှတ်တရများကို ပြန်တွေးနေသကဲ့သို့ မျက်လုံးများကို ပိတ်ထားသည်။ အတန်ကြာသော် သူ၏မျက်လုံးများသည် ပြန်ပွင့်လာပြီး လင်းလက်တောက်ပနေ၏။ ထို့နောက် သူက တရားထိုင်လျက် ဆုံးပါးဖို့ ရွေးချယ်လိုက်သဖြင့် .... တင်ပျဉ်ခွေထိုင်ချလိုက်လေသည်။

သူ၏ခန္ဓာကိုယ်သည် တစတစ တောက်ပစပြုလာသော်လည်း တစ်ချိန်တည်းမှာပင် လွန်စွာပိန်ချုံးခြောက်လာသည်။ အဆုံးသတ်တွင် အရိုးစုထက် မပိုတော့သည့်အခါ သူ၏နဖူးက ပွင့်လာပြီး အင်မော်တယ်အရောင်အဝါဖြင့် တောက်ပနေသော ဝိညာဉ်ထွက်လာ၏။

ထိုဝိညာဉ်အတွင်းတွင် အင်မော်တယ်အမြစ်နှင့် ချုပ်စည်းကိုးစည်းရှိသည်။ ယင်းက မန်ဟို၏ကိုယ်ပွား ဖန်မု ဤဘဝတွင် ကျင့်ကြံခဲ့သမျှ အရာအားလုံးပင်။ ဝိညာဉ်၏မျက်လုံးများသည် အပြစ်ကင်းစင်သော မွေးကင်းစကလေးတစ်ဦး၏ မျက်လုံးများပမာ တောက်ပလင်းလက်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ ယခုလေးတင် နေထိုင်ခဲ့သော ဘဝ၏မှတ်ဉာဏ်အားလုံး ဖြတ်တောက်ခံထားရပြီး သိမ်းဆည်းချိတ်ပိတ်ခံထားရခြင်းကြောင့်ပင်။

ဖန်မု၏ဝိညာဉ်သည် ဘဝပြန်ဝင်စားခြင်းဝဲထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။ ထိုဝိညာဉ်ကား ကိုယ်ပွား၏ ဒုတိယဘဝကို စတင်ဖို့ ထွက်သွားလေပြီ။

အရာအားလုံး တိတ်ဆိတ်သွားသည်။ ဖန်မု၏ခန္ဓာကိုယ်မှာ တင်ပျဉ်ခွေထိုင်လျက် မလှုပ်မယှက်သာ ကျန်ခဲ့တော့သည်...

ထိုစဉ် အာကာပြင်ကျယ်ကျောင်းတော်၏ နဝမဂိုဏ်းတွင် ယန်အာမှာ တရားထိုင်နေရင်းတန်းလန်း ရုတ်တရက် တုန်ရီသွား၏။ သူမမျက်ဝန်းလေးများ ပွင့်လာသည်။ သူမနှင့်ဆက်စပ်နေသော ကြိုးမျှင်တစ်မျှင် ဖြတ်တောက်ခံလိုက်ရသလို သူမ ခံစားလိုက်ရသည်။

သူမမှာ ကတုန်ကယင်ဖြင့် သူမဆရာ၏ တံခါးပိတ်ကျင့်ကြံရာအဆောင်သို့ အပြေးအလွှားသွားလေသည်။ တံခါးကိုဖွင့်၍ သူမဆရာ၏ဝိညာဉ်မီးကို ကြည့်လိုက်သည့်အခါ ယန်အာမှာ မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူမသည် ငိုင်တွေတွေသာ ရပ်နေမိ၏။ မျက်ရည်များကလည်း အတားအဆီးမရှိ စီးကျလာသည်။

အချိန်များစွာကြာပြီးနောက် ယန်အာမှာ သွေးတစ်ပွက်အန်လိုက်သည်။ သူမ၏မျက်ဝန်းများအရ သူမတစ်ကမ္ဘာလုံး... ပြိုကျသွားသယောင်ပင်။

“ဆရာ...”

နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော ဖန်မု၏ဝိညာဉ်မီးကား .. ငြိမ်းသေသွားခဲ့လေပြီ။

All Chapters