← Chapters

ဘဝပြန်ဝင်စားခြင်း

Vol. 107 Ch. 1487

ဘဝပြန်ဝင်စားခြင်း

Vol. 107 Ch. 1487

အချိန်တွေ ကုန်လွန်သွားသည်။ နွေဦးသို့ စဝင်လာပြီဖြစ်၍ အာကာပြင်ကျယ်ဂြိုဟ်၏ အဋ္ဌမမြေထုအပေါ်ရှိ မြေပြင်များမှာ ဆောင်းဒဏ်မှ နလန်ထူလာကြလေသည်။

မြို့တစ်မြို့တွင် နွေဦးမိုးကြိုးမုန်တိုင်းတစ်လုံးသည် မိုးရေနှင့်အတူ နှင်းစက်များကိုပါ သယ်ဆောင်လျက် တိုက်ခတ်သွား၏။ ထိုနေ့တွင် ကလေးတစ်ယောက် ဖွားမြင်သည်။ ကလေးက ယောက်ျားလေးဖြစ်၏။

ဆယ်နှစ်စုများသည် လျှပ်တပြက် ကုန်ဆုံးသွားပြီး ကလေးကား လူပျိုအရွယ်ရောက်လာခဲ့လေပြီ။ ဉာဏ်ကောင်းပြီး မျိုးရိုးသန့်သောမိသားစုမှ ဆင်းသက်လာသည့်အတွက် လူငယ်သည် စာပေသမားလမ်းစဉ်ကို လျှောက်လှမ်း၏။ သူက အင်ပါယာစာမေးပွဲများကို ဖြေပြီး နှစ်အနည်းငယ်ကြာသည့်အခါ အဋ္ဌမမြေထုကို အုပ်စိုးသော သေမျိုးအင်ပါယာ၏ လက်ရှိမင်းဆက်အတွက် တာဝန်ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာသွားသည်။

သူသည် လျင်မြန်စွာ ရာထူးတက်ပြီးနောက်ဆုံး တရားလွှတ်တော်ခုံရုံးတွင် နေရာတစ်နေရာ ရလာ၏။ မကြာမီ နန်းတွင်းရေးရာများကို ကျွမ်းကျင်စွာ ကြံစည်ကြိုးကိုင်လာတတ်ကာ မွန်းတည့်နေတမျှ မြင့်မားသောရာထူးတစ်ခုကို ပိုင်ဆိုင်လာတော့သည်။ ဧကရာဇ်ပင်လျှင် သူ့အား သူ့သားတော်သမီးတော်များ၏ မွေးစားခမည်းတော်အရာ ချီးမြှင့်မြှောက်စားလေသည်။

သူ၏နာမည်ကား ဖန်ဟိုဟူ၍ ဖြစ်သည်။

ထိုသေမျိုးလောက၏ မြို့တော်တွင် ထိုနာမည်ကို မကြားဖူးသူမရှိပေ။ မှန်သည်၊ ကျင့်ကြံသူများကတော့ သေမျိုးတစ်ယောက်ကိုမှ အဖက်လုပ်မည်မဟုတ်သော်လည်း လက်ရှိမင်းဆက်တွင် ဖန်မုသည် ဩဇာအရှိဆုံးဖြစ်၏။

ဧကရာဇ်၏ လူယုံတော်၊ အင်ပါယာတစ်ခုလုံးတွင် ဩဇာအကြီးဆုံး ဖန်ဟိုသည် အတော်လေး ထူးဆန်း၏။ သူက တစ်ခါမှ လက်မထပ်ခဲ့သလို၊ သားသမီးလည်း မရှိပေ။ အသက်ရှစ်ဆယ်အရွယ်ရောက်သည့်အခါ ဖန်ဟိုသည် ခုံရုံးအရာရှိတစ်ဦး မဟုတ်တော့သော်လည်း အမှုထမ်းများသည် သူ့ကို သစ္စာရှိဆဲဖြစ်၍ သူ၏ဩဇာက အစိုးရတစ်ရပ်လုံးအပေါ် သက်ရောက်သေးလေသည်။

သူ၏စကားတစ်ခွန်းသည် အင်ပါယာအမိန့်ပြန်တမ်းပမာ အာဏာရှိမြဲဖြစ်၏။

တစ်ခုသောဆောင်းတွင်းတွင် နှင်းများ စကျလာပြီး မြို့တော်ထဲမှ အော်ဟစ်သံများ ဆူညံနေသည်။ တပ်သားများက လမ်းများထဲတွင် တိုက်ခိုက်နေရာ မြို့ထဲ၌ ဆောင်းထက်ပိုအေးသော အေးစက်စက်ညှို့မှိုင်းမှုတို့ ပြည့်နှက်နေစေသည်။

မြို့၏ထောင့်တစ်ထောင့်တွင် နှင်းဖုံးနေသည့် လှပသော ဇီးပန်းဥယျာဉ်ရှိသည်။ ထိုနေရာတွင် အဘိုးအိုတစ်ဦးသည် အစေခံတစ်ယောက်တွန်းပေးနေသော ဘီးတပ်ကုလားထိုင်ပေါ်၌ ထိုင်လျက် ဥယျာဉ်၏အလှတရားကို ခံစားနေ၏။

အဘိုးအိုက အသားထူထူနွေးနွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာတစ်ခုလုံး အရေတွန့်များပြည့်နေသည်။ သူ့တွင် သေခြင်းအငွေ့အသက်များ ရှိနေသလို၊ သူ၏မျက်လုံးအိမ်များမှာလည်း ချိုင့်ဝင်နေသည်။

“လိုင်ဖူ ဒီကိုလာဦး... “ အဘိုးအိုက ခပ်တိုးတိုး ပြောသည်။ ချက်ချင်းပင် သက်လတ်ပိုင်းအစေခံသည် အဘိုးအိုအရှေ့ ကပျာကယာသွားပြီး လေးစားကြည်ညိုသောမျက်ဝန်းများဖြင့် အရိုအသေပေး၏။

အဘိုးအိုက ခပ်အက်အက်အသံဖြင့် ဆက်ပြောသည်။ “ငါက ဆောင်းတွင်းရဲ့ နောက်ဆုံးနှင်းကျတဲ့အချိန်မှာ မွေးတာလို့ အမေပြောခဲ့တယ်

“အခု အိုလာတော့ကွယ် အရင်တုန်းက အချိန်တွေကိုပဲ ပြန်တွေးနေမိတာ....

“အခုတလော အိပ်မက်လည်း တော်တော်မက်တယ်ကွ။ အဲဒီအိပ်မက်ထဲက ကမ္ဘာက တခြားကမ္ဘာလိုပဲ။ အဲဒီကမ္ဘာကို အမှန်တကယ် မြင်ရဖို့ နီးသထက် နီးလာနေတာကိုလည်း ငါ ခံစားရတယ်။ ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်လဲ” အဘိုးအိုသည် ဇီးပန်းချောင်ကို ကြည့်ပြီးနောက် ကျဆင်းလာနေသော နှင်းပွင့်ချပ်များကို မော့ကြည့်၏။

သူ၏အစေခံက ဘာမှမပြောဘဲ လေးလေးစားစား နားထောင်နေသည်။

“သား‌တော်သုံးကို ပြောလိုက်၊ ငါ သူ့ခေါင်းကို တောင်းဆိုတယ်လို့။ သားတော်သုံးကို ငါ တစ်ခါမှ သဘောမကျခဲ့ဘူး

“နန်းလုပွဲကို အဆုံးသတ်ဖို့ အချိန်ကျပြီ။ သားတော်ရှစ်က လိမ္မာတယ်။ သူ့ကို ရွေးလိုက်” အဘိုးအို အေးအေးဆေးဆေး ပြောဆိုနေပုံအရ အင်ပါယာတစ်ခုလုံးအပေါ် သက်ရောက်မည့် နန်းလုပွဲအကြောင်း ပြောနေခြင်းမဟုတ်ဘဲ အသေးအမွှားကိစ္စများအား ပြောနေသယောင်ထင်ရ၏။

သို့သော် ယင်းက ဤအဘိုးအို၏ပုံံစံပင်။ သူ၏မျက်လုံးများမှာ အတော်လေးမှုန်ဝါးနေသော်လည်း ၎င်းတို့အတွင်းရှိ ထူးခြားသော ဩဇာအရှိန်အဝါက တောက်ပနေဆဲဖြစ်သည်။

ယခုတွင် အဘိုးအိုသည် အဘိုးအိုတစ်ဦးမဟုတ်တော့။ သူက အင်ပါယာအတွင်းရှိ သေခြင်းရှင်ခြင်းများကို ဆုံးဖြတ်ပေးနိုင်သော ဩဇာအာဏာကို ကိုင်စွဲထားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လေသည်။

ဤလူသည် ဖန်ဟို ... မန်ဟို့ကိုယ်ပွား ဖန်မု၏ ဒုတိယဘဝဆိုလည်း မမှားပေ။

အစေခံက နာခံပြီး ရက်အနည်းငယ်ကြာသော် ခေါင်းတစ်ခေါင်းအား အဘိုးအိုထံ ဆက်သည်။ နန်းလုပွဲမှာ စကားလေးတစ်ခွန်းတည်းကြောင့် အဆုံးသတ်သွားလေပြီ။ ရုတ်တရက် ဆောင်းမှာ ခါတိုင်းလို မအေးတော့သယောင်ပင်။

လအနည်းငယ်ကြာသည့်အခါ ဆောင်း၏ နောက်ဆုံးနှင်းမုန်တိုင်း တိုက်ခတ်သည်။ အဘိုးအိုသည် နှင်းကျနေသည်ကို ထိုင်ကြည့်ပြီးနောက် မျက်လုံးများအား ဖြေးညင်းစွာ ပိတ်လိုက်၏။ နောက်ဆုံး ထွက်သက်အား သူ ရှူထုတ်လိုက်သောအခါ သူ၏နဖူးသည် ပွင့်သွားပြီး ဝိညာဉ်တစ်ကိုယ် ပျံထွက်လာသည်။ ၎င်းတွင် ချုပ်စည်းကိုးစည်းနှင့် အင်မော်တယ်အမြစ်တစ်မြစ် ရှိနေသည်။ အင်မော်တယ်အမြစ်၏ အကိုင်းနှစ်ကိုင်းက တောက်ပလင်းလက်နေပြီး ဒုတိယစည်းသည် တစတစ လင်းထိန်လာသည်။

မန်ဟို့ကိုယ်ပွားအတွက် ဒုတိယဘဝ နိဂုံးချုပ်သွားခဲ့ချေပြီ။ တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးစွာ ငိုကြွေးကြ၏။

ဖန်ဟို၏ စျာပနခန်းမအတွင်းအပြင်နှစ်ခုလုံး ကြိတ်ကြိတ်တိုးနေသည်။ အရာရှိအားလုံး တက်ရောက်ကြပြီး အနီးအဝေးမှ သာမန်ပြည်သူများလည်း ရောက်လာကြသည်။ အင်ပါယာတစ်ခုလုံး အဖြူနှင့်အမည်းသာ ဝတ်ဆင်ခွင့်ရှိသည်ဆိုသော အမိန့်စာတမ်းပင် ထုတ်ပြန်ခံရလေသည်။

အဘိုးအိုကတော့ ဘာဆိုဘာမှမသိတော့။

သူ၏မှတ်ဉာဏ်များသည် မြှုပ်နှံ့၍ ချိတ်ပိတ်ခံထားရ၏။ နိုးထလာသောအခါ သူက သတ္တမမြေထုအပေါ်ရှိ မုဆိုးမိသားစုတွင် မွေးဖွားလာသည်။ ထိုနှစ်သည် ဆောင်းတွင်းဖြစ်ချေ၏။

သူ လူ့လောကထဲ စရောက်လျှင်ချင်း စိတ်လှုပ်ရှားနေသော လှိုက်လှိုက်လှဲလှဲအသံတစ်သံ ထွက်လာသည်။ “ကျားရှစ် ရဲ့ သားက ဒီမြေတစ်ခွင်မှာ သေချာပေါက် အတော်ဆုံးမုဆိုးဖြစ်လာလိမ့်မယ်”

တတိယဘဝ စတင်ခဲ့လေပြီ။

ထိုစဉ် မန်ဟိုသည် အာကာပြင်ကျယ်ဂြိုဟ်မှ အလွန့်အလွန်ဝေးကွာသောအရပ်တွင် ကြယ်တာရာကောင်းကင်အား တဟုန်ထိုးဖြတ်သွားနေ၏။ မဟူရာချပ်ဝတ်က သူ၏ကိုယ်တစ်ပိုင်းကိုသာမက ဘယ်လက်မောင်းကိုပင် လွှမ်းခြုံထားသည်။

“ခြောက်ခုမြောက် မှန်ကွဲစကို တွေ့ပြီ” မန်ဟိုမှာ ပင်ပန်းနေပုံရပြီး မျက်နှာလည်း အတန်ငယ်ဖြူဖျော့နေသည်။ အာကာပြင်ကျယ်ဂြိုဟ်နှင့် သူ ဝေးကွာနေခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့လေပြီ။ ထိုအချိန်အတောအတွင်း သူသည် အန္တရာယ်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသည်သာမက သက်ရှိများနေထိုင်သော ကမ္ဘာပေါင်းရာချီသို့လည်း ရောက်ခဲ့ဖူးပြီဖြစ်သည်။

သူ့မှာ မှန်ကွဲစများကို ရယူဖို့ အင်မတန်ခက်ခဲနေသည့်အချက်ကြောင့် အံ့အားသင့်နေသည်။ တစ်ခုစီက ၎င်းကို ပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်များ၏ ဂရုတစိုက် စောင့်ရှောက်ခံထားရသော အဖိုးထိုက်ရတနာများ ဖြစ်နေသည်။

အချိန်စီးကြောင်း၏ရွေ့လျားမှုကြောင့် မှန်ကွဲစများသည် လက်များစွာထဲ ရောက်ရှိခဲ့ပြီး အကုန်လုံးက အနှစ်သာရ ၉ ခုအထွတ်အထိပ်ဖြစ်တည်မှုများ၏ လက်ထဲ ရောက်သွားခဲ့ကြ၏။ မှန်သည်၊ ထိုဖြစ်တည်မှုအားလုံးကလည်း နှစ်ပေါင်းမရေမတွက်နိုင်အောင် ထိုအဆင့်၌ တည်ရှိခဲ့သောအမျိုးအစားများ ဖြစ်ကြသည်။

ထို့အပြင် အများစုသည် ကျင့်ကြံသူများမဟုတ်၊ အာကာပြင်ကျယ်စကြဝဠာအတွင်းရှိ ထူးဆန်းသောဖြစ်တည်မှုများ ဖြစ်နေသည်။

မန်ဟိုသည် ငါးခုမြောက်မှန်ကွဲစကို ကြေးမုံတစ်ချပ်အသွင် ဖန်တီးခံခဲ့ရသော ကမ္ဘာတစ်ကမ္ဘာတွင် တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုကမ္ဘာထဲတွင် မသေနိုင်သောရန်သူတစ်ယောက်ကို သူ ဆုံတွေ့ခဲ့သည်။ သူတို့နှစ်ယောက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြရပြီး မန်ဟိုမှာ ရန်သူကို ရေတွက်၍မရအောင်ပင် သတ်ခဲ့ရလေသည်။ နောက်ဆုံးတော့ ထိုကမ္ဘာ၏အားနည်းချက်ကို ရှာတွေ့သွားမှ ရန်သူ့အား ခြိမ်းခြောက်၍ အားနည်းချက်ကို ဖျက်စီးစေပြီးနောက် မှန်ကွဲစကို ယူနိုင်ခဲ့သည်။

ခြောက်ခုမြောက်မှန်ကွဲစကတော့ ပို၍ပင်ခက်ခဲသေးသည်။ အစွမ်းထက်သောရန်သူ ရှိနေ၍မဟုတ်၊ မှန်ကွဲစက နွံထဲ နစ်နေ၍ပင်။ နွံကား အလွန်ကြီးမားလှသည့်အတွက် ၎င်းကိုဖွဲ့စည်းသော အမှုန်တစ်မှုန်စီတိုင်းက သီခြားဒိုင်မန်းရှင်းတစ်ခု ဖြစ်နေသည်။

မည်သည့်နေရာတွင် မှန်ကွဲစရှိနေကြောင်း သိရဖို့အတွက်မူ....ဒိုင်မန်းရှင်တစ်ခုပြီးတစ်ခု ဝင်ရောက်ရှာဖွေရန် နည်းလမ်းသာရှိလေသည်။

ထိုသို့ရှာဖွေရင်း နှစ်တစ်ရာနီးပါး ကုန်သွားပြန်သည်။

မှန်ကွဲစအစစ်များအပြင် ခရီးစဉ်တစ်လျှောက် မန်ဟို ရရှိခဲ့သော တခြားအကျိုးအမြတ်များလည်း ရှိသည်။ သူ၏အတွေ့အကြုံများက အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ကို နက်နက်နဲနဲ နားလည်စေခဲ့လေသည်။ ဆယ်နှစ်များကြာမြင့်လာသည်နှင့်အမျှ မန်ဟို၏ကျင့်ကြံခြင်းအခြေခံသည် မြင့်သထက် မြင့်တက်လာ၏။ အထူးသဖြင့် အစွမ်းထက်ရန်သူများဖြင့် တိုက်ခိုက်ပြီးနောက်ပင်။ ထိုမျှသာမက သူ၏အနှစ်သာရရှစ်ခုလုံးကိုလည်း ဉာဏ်အလင်းရရှိနေသည်။

ဤအချိန်တွင် သူ၏အတိုက်အခိုက်စွမ်းရည်က မည်သည့်အဆင့်သို့‌ ရောက်နေမှန်းကိုပင် မန်ဟို မသေချာတော့ပေ။

သို့သော် လက်ရှိကျင့်ကြံခြင်းအခြေခံဖြင့် ဂိုဏ်းချုပ်တို့ကို တိုက်ခိုက်ဖို့ မှန်ကွဲစများကိုပင် သုံးစရာမလိုတော့ကြောင်း သူ သိသည်။ ဂိုဏ်းချုပ်၊ ရှကျုံတုံးနှင့် ပိုင်ဝူချိန်တို့ ပေါင်းတိုက်လျှင်တောင်မှ သူ၏အစွမ်းအစနှင့်သူ သူတို့ကို ပြန်ချနိုင်လိမ့်မည်။

အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် မန်ဟို့ကို တိုက်ခိုက်နိုင်မည့် လူများမှာ နှစ်ပေါင်းမရေမတွက်နိုင်သော နေထိုင်ခဲ့ပြီး တန်ခိုးရှင်အဆင့်၏အောက်နားလေးရှိ အနှစ်သာရ ၉ ခုအဆင့် ထိပ်သီးပညာရှင်များသာ ဖြစ်လိမ့်မည်။

မန်ဟိုသည် အစွမ်းထက်ပညာရှင်တစ်ဦးကို အနိုင်ယူပြီးတိုင်း သူနှင့်အတူ ပူးပေါင်းဖို့ ကမ်းလှမ်းတတ်၏။ အမြဲတမ်းအငြင်းခံရသော်လည်း ဘယ်တော့မှ ဖိအားမပေးဘဲ ပြုံးရင်းသာ ထွက်သွားတတ်သည်။

သို့သော် ထိုပညာရှင်များ၏ တည်နေရာများအား သူ မှတ်ထားလေသည်။ နဝမမန္တန်ကို ဖော်ဆောင်ပြီးသည်နှင့် တန်ခိုးရှင်အဆင့်တက်တက်၊ မတက်တက် သူ ပြန်မည်။ ထို့နောက် သူတို့လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ သူ့အိမ်ကို ပြန်ယူဖို့ သူတို့ဆီက အကူအညီတောင်းခံမည်။

မန်ဟိုသည် တရိပ်ရိပ်ပျံသန်းနေစဉ် သူ့ကိုယ်ပွား တတိယဘဝသို့ ဝင်ရောက်နေသည်ကို ခံစားလိုက်ရ၏။ ကိုယ်ပွား၏ မှတ်ဉာဏ်အားလုံး ချိတ်ပတ်ခံထားရသောကြောင့် သူနှင့် မန်ဟို၏ဆက်သွယ်မှုမှာ အားနည်းလာသည်။ သို့သော် ပဲ့တင်ရိုက်ခတ်မှုတော့ ရှိသေးလေသည်။ မန်ဟို့အနေဖြင့် သူ့ကိုယ်ပွားပြန်လည်မွေးဖွားလာပြီးနောက် ထိုကိုယ်ပွား၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သော်လည်း ဘာဖြစ်နေသလဲ မြင်ရသည်။ သူသာ အတင်းအကြပ် ဝင်ရောက်နှောင့်ယှက်လိုက်လျှင် ဟန်ချက်ပျက်ကာ နဝမမန္တန်ကို အပြည့်အဝဖော်ဆောင်ရာ၌ ပြဿနာများစွာဖြစ်ပေါ်လာလိမ့်မည်ဟုလည်း ခံစားရလေသည်။

“ဒုတိယဘဝပြီးဆုံးပြီး ဒုတိယချုပ်စည်းလည်း ပြီးမြောက်ပြီ။ ငါ့ကိုယ်ပွား နဝမမန္တန်ကို ဖော်ဆောင်ပြီးဖို့ နှစ်အနည်းငယ်တော့ ကြာဦးမယ့်ပုံပဲ

“သူ ပြီးရင်တော့ ငါ ... တောင်ပင်လယ်လောကဆီ ပြန်နိုင်ပြီ” မန်ဟို၏အမူအရာသည် ပြင်းပြစွာ မျှော်လင့်နေသောအမူအရာဖြစ်၏။ သူက အသက်ပြင်းပြင်းရှူပြီးနောက် ခုနစ်ခုမြောက်မှန်ကွဲစရှိရာသို့ တဟုန်ထိုး သွားလိုက်လေသည်။

ထိုအချိန်တစ်ဝိုက်တွင် အာကာပြင်ကျယ်ဂြိုဟ်ပေါ်၌ ဂိုဏ်းချုပ်နှင့် အခြားသူများသည် သင်္ချိုင်းထဲ ပြန်ဝင်ဖို့ နောက်တစ်ကြိမ် ပြင်ဆင်နေကြ၏။

ထိုမျှသာမက ဖန်မု၏ကျော်ကြားမှုကိုပင် ယှဉ်နိုင်သော ရွေးချယ်ခံနောက်တစ်ယောက် အာကာပြင်ကျယ်ကျောင်းတော်အတွင်း၌ ပေါ်ထွန်းလာခဲ့သည်။

သူကား .... ယန်အာပင်။

ကောင်းကင်ဘုံတစ်ထပ်ပြီးတစ်ထပ် ဆင့်ခေါ်ခံနေရသဖြင့် ခေါင်းလောင်းသံများ တဒေါင်ဒေါင်မြည်နေသည်။ သူမ နဝမကောင်းကင်ဘုံအား ဆင့်ခေါ်လိုက်သောအခါ အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး တုန်လှုပ်သွား၏။ ထို့အပြင် ယန်အာသည် အာကာပြင်ကျယ်မော်ကွန်းတိုက်တစ်တိုက်တည်းနှင့် မရပ်တန့်ပေ။ သူမဆရာ၏လမ်းအတိုင်း လျှောက်ပြီး ဂိုဏ်းကိုးဂိုဏ်းလုံး၏ အာကာပြင်ကျယ်မော်ကွန်းတိုက်များကို စိန်ခေါ်ကာ သူမနာမည်အား ထိုစာရင်းများ၌ ချန်ထားခဲ့သည်။

သူမသည် တိုက်အားလုံးတွင် ဒုတိယနေရာရခဲ့၍ အာကာပြင်ကျယ်ဂြိုဟ်အား နဝမကောင်းကင်ဘုံဖြင့် ကိုင်လှုပ်ခဲ့၏။

မရေမတွက်နိုင်သောလူများ ရင်သပ်ရှုမောကုန်ကြပြီး သူမနှင့်ဖန်မုအား မယှဉ်မိဘဲ မနေကြတော့ပေ။ သူမ၏လုပ်ဆောင်မှုများက အာကာပြင်ကျယ်ကျောင်းတော်အား နေ့စဉ်ရက်ဆက် တုန်လှုပ်နေစေခဲ့သည်။

လောလောဆယ်တွင် သူမသည် နဝမဂိုဏ်း၏ နဝမကောင်းကင်ဘုံထက်တွင် မိုး‌ကောင်းကင်အား မော့ကြည့်လျက် ရပ်နေ၏။ သူမမျက်ဝန်းထဲ၌ လွမ်းဆွေးမှု၊ တွေးနေမှုနှင့် ခိုင်မာပြတ်သားမှုကို မြင်ရနိုင်သည်။

လွန်ခဲ့သောနှစ်တစ်ရာက ကျိန်ဆိုခဲ့သည့်တိုင်း သူမလည်း ဆရာနည်းတူ တန်ခိုးရှင်လမ်းကို လျှောက်မည်။

သူမဆရာ၏ ဝိညာဉ်မီး ငြိမ်းသေသွားခဲ့သည်ကို မြင်တွေ့ပြီးနောက် ယန်အာသည် သူမတစ်ဘဝလုံး၏ အခရာဖြစ်လာသော သစ္စာတစ်ခုကို ဆိုခဲ့၏။

နှစ်ပေါင်းများစွာတစ်လျှောက်လုံး တန်ခိုးရှင်လမ်းမှ ပြန်လာခဲ့သော လူအနည်းစုသည် ဖန်မုတရားထိုင်လျက် မည်ကဲ့သို့ဆုံးပါးသွားခဲ့ကြောင့် ပြောပြခဲ့ကြသည်။ သူ့ရုပ်ကလာပ်က လမ်းပေါ်၌ ရှိနေသေးသယောင်ပင်။ သို့သ်ော ထူးဆန်းစွာနှင့် ထိုရုပ်ကလာပ်အား အမှန်တကယ် ထိ၍မရပေ။

ထိုကဲ့သို့အကြောင်းများအား တစ်ယောက်မနည်းပြောပြကြခဲ့သည့်အတွက် အမှန်ဖြစ်လိမ့်မည်။

သို့သော် သူမဆရာ တန်ခိုးရှင်လမ်းပေါ်တွင် ဆုံးပါးသွားလိမ့်မည်ဟု ယန်အာ မယုံနိုင်သေးပေ။ ထို့ကြောင့် သူ့နောက် သူမ လိုက်မည်။ ဘာဖြစ်ခဲ့သလဲ သူမကိုယ်တိုင် သွားကြည့်မည်။

ရက်အနည်းငယ်ကြာသော် အာကာပြင်ကျယ်ကျောင်းတော်၏ ဒုတိယမြောက်အထူးချွန်ဆုံး‌ရွေးချယ်ခံ ယန်အာသည် နောက်ဆုံးဝိညာဉ်မီးအိမ်ကို ငြိမ်း၍ တာအိုနယ်ပယ်သို့ တက်လှမ်းရောက်ရှိသွား၏။ သူမ၏ကြောက်မက်ဖွယ် တာအိုပြစ်ဒဏ်ကို လူပေါင်းများစွာ မျက်မြင်တွေ့ခဲ့ကြရလေသည်။ အားလုံးပြီးဆုံးသောအခါ ယန်အာက သူမဆရာလုပ်ခဲ့သည့်တိုင်း နဝမပါရာဂွန်ဆီ သွားရောက်၍ တူညီသောစကားကို ပြောသည်။

“ကျွန်မ တန်ခိုးရှင်လမ်းကို လျှောက်လိုပါတယ်။ ကျေးဇူးပြုပြီး အ‌ပေါက်ဖွင့်ပေးပါ အရှင်ပါရာဂွန်” သူမ၏စကားသံသည် နဝမဂိုဏ်းတစ်လျှောက် ပဲ့တင်ထပ်လာသဖြင့် ဂိုဏ်းသားများမှာ တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများအပေါ်တွင် ရှုပ်ထွေးနေသောခံစားချက်များကို မြင်ရနိုင်၏။ လွန်ခဲ့သောနှစ်တစ်ရာအတွင်း သို့မဟုတ် ဖန်မုဆုံးပါးသွားပြီးနောက် ယန်အာသည် အားနည်းချို့တဲ့သောအဖြစ်မှ သန်မာအားကောင်းလာခဲ့၏။

သူမက တစ်ခါတုန်းကလို ကလေးမလေးမဟုတ်တော့ပေ။ ဤလူများအတွက် သူမသည် ... သူတို့၏အစ်မကြီး ဖြစ်လာခဲ့သည်မှာ ကြာခဲ့လေပြီ။

သူမ၏တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ရှေးဆန်သောအသံတစ်သံ ပဲ့တင်ထပ်လာသည်။ “မင်းလည်း ဘာကြောင့် အခုလိုလုပ်ချင်ရတာလဲ...”

ယန်အာက လက်ယှက်၍ အရိုအသေပေးသည်။ သူမ၏အသံသည် ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ဟိန်းထွက်လာ၏။ “ဘာကြောင့်ဆိုတာ အရေးမကြီးပါဘူး အရှင်ပါရာဂွန်။ ကျွန်မ စိတ်ပိုင်းဖြတ်ပြီးပါပြီ

All Chapters