သူက.... အင်မိုတယ်ပဲ
Vol. 23 Ch. 313
သေရေးရှင်ရေးအန္တရာယ်အာရုံကြီးက ကျီနှင့်လီမျိုးနွယ်စုမှ အကြီးအကဲများကို စိတ်နှလုံးတုန်လှုပ်သွားစေသည်။ သူတို့၏မျက်လုံးများတွင် အံ့သြခြင်းတို့ ပြည့်နှက်သွားသည်။
သူတို့၏ကျင့်ကြံခြင်းအခြေခံ၊ အသက်အရွယ်နှင့် အတွေ့အကြုံများကို ထည့်တွက်လျှင် သူတို့ကို အမှန်တကယ်အံ့အားသင့်သွားစေနိုင်သောအရာ ကမ္ဘာတွင် များများစားစားမရှိပေ။
သို့သော် ယခုတွင် သူတို့၏ရင်ထဲ၌ အန္တရာယ်ရှိသည့်ခံစားချက်များက တရိပ်ရိပ်တက်လာသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအတွက် ဤကဲ့သို့အန္တရာယ်မျိုး ခံစားရခြင်းကလည်း သူတို့ကို အတိုင်းထက်အလွန် ထိတ်လန့်မိစေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်အထိ ကျင့်ကြံအားထုတ်ရန် အလွန်တရာခက်ခဲ၏။ လူပေါင်းများစွာမှာ ဤလမ်းကိုလျှောက်နေရင်း လဲကျခဲ့ကြသည်။ ဤလူများ ဤအဆင့်အထိ ရောက်လာခြင်းက ကံတရားက သူတို့ဘက်ပါပြီး အခွင့်အရေးများစွာ ကြုံတွေ့ခဲ့ရခြင်းကြောင့်ပင်။ သို့သော် ယခုတွင် ဤသေရေးရှင်ရေးအန္တရာယ်ကြီးက သူတို့၏စိတ်နှလုံးအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်နေလေပြီ။
ပထမဆုံးအကြိမ် ဤလူဆယ်ယောက်ကျော်မှာ ရုတ်တရက် နောင်တရလာမိသည်.....
သို့သော် သူတို့နောက်ဆုတ်ရန်အခွင့်အရေးမရလိုက်မီ ဟိန်းဟောက်မာန်ဖီသံကြီးက မီတာသုံးရာအကျယ် သွေးရောင်မျက်နှာပြင်မှ မြည်ဟည်းလာသည်။ ၄င်းသည် ၄င်းလမ်းတွင်ရှိသော မည်သည့်ဆူးငြောင့်ခလုတ်ကိုမဆို ဖျက်စီးနိုင်စွမ်းရှိပုံရသည်။
၄င်း၏အသံသည် ဟိန်းထွက်သွားသည့်အတွက် ကြားလိုက်ရသည့်မည်သူမဆိုကို စိတ်နှလုံးတုန်လှုပ်သွားစေသည်။ အားနည်းသော ကျင့်ကြံခြင်းအခြေခံနှင့် လူတချို့မှာ သွေးအန်ကြရ၏။ အဘိုးကြီးဆယ်ယောက်ကျော် တအံ့တသြကြည့်နေစဥ် ဧရာမသွေးရောင်မျက်နှာပြင်ကြီးက ရုတ်တရက် ပွင့်ထွက်လာပုံရသည်။
အတွင်းမှ သွေးရောင်အလင်းဖြာထွက်လာသည်။ ထိုအနီရောင်အလင်းထဲတွင်....
သူတို့ထံ ဦးတည်လာနေသော ဧရာမလက်ဖဝါးကြီးကို မြင်နိုင်သည်။
၄င်းက ဧရာမသားရဲရိုင်းကြီးတစ်ကောင်၏ လက်ဖဝါးတစ်ခုဖြစ်သည်။ ၄င်းတွင် ဘလိတ်ဓားတမျှ ချွန်ထက်နေသော လက်သည်းများရှိပြီး အနီရောင်အမွှေးထူထူများဖြင့် ဖုံးနေသည်။ ၄င်းသည် မဖော်ပြနိုင်လောက်အောင် မိစ္ဆာဆန်သောချီတစ်ခုကို တစ်ပါတည်းသယ်ဆောင်လာ၏။ သွေးနီရောင်မျက်နှာပြင်ထဲမှ မီတာသုံးဆယ်အရွယ်အစားရှိသော လက်ဖဝါးတစ်ဖက်သာထွက်လာသည်။ ၄င်းက ကျင့်ကြံခြင်းအခြေခံများကို ဖိနှိပ်ထားသော စွမ်းအားကို လျစ်လျူရှု၍ ထိုးထွက်လာသည်။
လက်သည်းကြီးပေါ်လာသည့်အခိုက်၌ ကြောက်မက်ဖွယ်ချီတစ်ခုကိုလည်း ပြတ်ပြတ်သားသား အာရုံရနိုင်၏။ ၄င်းက ပတ်ဝန်းကျင်ကို လွှမ်းခြုံရင်း ပေါက်ကွဲထွက်လာရာ အဘိုးကြီးများ၏မျက်နှာပေါ်တွင် အံသြမှုများပြည့်နှက်သွားစေသည်။ သူတို့၏သူငယ်အိမ်များ ကျုံ့သွားပြီး သူတို့မှာ ချာချာလည်မူးဝေလျက် နောက်ဆုတ်လိုက်ကြသည်။
"ဒါက... "
"စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ချီ"
"သေစမ်း မန်ဟို့မှာ ဘယ်လိုလုပ် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ချီ ရှိနေတာလဲ"
အဘိုးကြီးများ၏ ဦးရေပြားများ ထုံကျင်သွားပြီး အန္တရာယ်အာရုံကြီးက ပို၍ပင်အားကောင်းလာသည်။ သူတို့ထွက်ပြေးရန် ကြိုးစားလိုက်သည့်အခိုက်၌ သွေးမျက်နှာပြင်မှ ထွက်လာသော လက်ကြီးက လေပေါ်မြောက်တက်သွား၏။ ထို့နောက် သူတို့ထံ ရိုက်ချလိုက်သည်။
ဤသည်မှာ မှန်ပါသည်၊ အိပ်ပျော်နေသော သွေးခွေးကြီး၏လက်ပင်။ လျှပ်တပြက်ကုန်လွန်သွားခဲ့သော ဆယ်နှစ်တာအတွင်း ၄င်းသည် နိုးထမလာနိုင်ခဲ့ပေ။ သို့သော် မန်ဟို အမြုတေဖြစ်တည်မှုအဆင့်ရောက်ပြီးနောက်တွင် သူတို့နှစ်ယောက်ကြား၌ ပို၍ကြီးမားသော သံယောဇဥ်ပေါ်ပေါက်လာခဲ့သည်။ မန်ဟို၏ ထပ်တလဲလဲခေါ်သံများနှင့် သူရင်ဆိုင်နေရသည့် သေရေးရှင်ရေးအန္တရာယ်က သွေးခွေးကြီးကို ရုတ်တရက် နိုးသွားစေလောက်အောင် ပြင်းထန်သော လှုံ့ဆော်မှုဖြစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် ၄င်းလုပ်နိုင်သမျှမှာ ကမ္ဘာအတွင်းသို့ လက်ကိုဆန့်ထုတ်၍ ရိုက်ချလိုက်ရန်ပင်။
ထစ်ချုန်းသံကြီး ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားသည်။ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရောက်ရှိနေပြီဖြစ်သော သွေးခွေးကြီး၏လက်က အောက်သို့ နိမ့်ဆင်းလာနေလေသည်။ ကျီမျိုးနွယ်စု၏အကြီးအကဲသုံးယောက်မှာ ရှောင်တိမ်းမရတော့သဖြင့် သွေးရူးသွေးတန်းနှင့် ကျင့်ကြံခြင်းအခြေခံများ ထုတ်ဖော်လိုက်ကြသည်။
ထိုသုံးယောက်၏အသံနက်ကြီးများ စူးစူးဝါးဝါးထွက်ပေါ်လာသည်။ သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူတို့၏ခန္ဓာကိုယ်များ စတင်ပျက်စီးလာသည်။ သူတို့၏အနုသုခုမရုပ်ခန္ဓာများ ထွက်ပြေးနိုင်လိုက်သော်လည်း ဝေးဝေးမရောက်ခင် လက်ဖဝါးကြီးကြောင့် အစိတ်စိတ်အမြွှာမြွာဖြစ်သွား၏။
လီမျိုးနွယ်စုမှ အကြီးအကဲများအနက် လေးယောက်မှာ ရှောင်ရန် နောက်ကျသွားသည်။ သူတို့၏နောက်ကျမှုက ပွဲချင်းပြီးသေဆုံးခြင်းရလဒ်ထွက်သွား၏။
သွေးခွေးကြီး၏လက် သူတို့အပေါ် ကျရောက်သွားသဖြင့် ဝုန်းခနဲအသံကြီး ကြားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ပုံပျက်ဆင်းပျက် ပြားကပ်သွား၏။ အနုသုခုမရုပ်ခန္ဓာများလည်း မထွက်ပြေးနိုင်ဘဲ ချက်ချင်း အမှုန့်ခြေခံလိုက်ရသည်။
ဤမြင်ကွင်းကြီးက လူတိုင်းကို အံ့သြမှင်သက်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်မှာ သုတ်သင်ခံလိုက်ရလေပြီ။
ဤခုနစ်ယောက်သည် သွေးခွေးကြီး၏ လက်ဝါးရိုက်ချက်တစ်ချက်လေးကိုပင် ခံနိုင်ရည်မရှိ၍ အပြီးတိုင်သုတ်သင်ခံလိုက်ရ၏။ ဤအခြင်းအရာက ကျန်အဘိုးကြီးများကို ကြောက်စိတ်တို့မွှန်ထူသွားစေသည်။ သူတို့မျက်နှာတွင် သွေးမရှိတော့၊ ရင်ခုန်သံများလည်း မြန်ဆန်လာပြီး ဦးရေပြားတို့ထုံကျင်သွားသည်။ သူတို့ ယခုတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးရန်သာ။
အရာအားလုံးမှာ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး သူတို့တွေးတောနိုင်သည်ထက် ကျော်လွန်နေသည်။ သေးဖွဲသိမ်နုပ်သော အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူလေးတစ်ယောက်ဖြစ်သည့် မန်ဟိုက.... ဤမျှသတ်ရခက်လိမ့်မည်ဟု သူတို့မည်သို့ တွေးနိုင်ခဲ့မည်နည်း။
မန်ဟို့အတွက် အမြုတေဖြစ်တည်အဆင့်ဆိုသည်မှာ ထိပ်ဆုံးသို့ ဦးတည်နေသည့် လမ်းကြောင်းပေါ်က ပထမဆုံး ခြေနင်းကျောက်တုံးလေးဖြစ်သည်ကို သူတို့မသိကြပေ။ အမြုတေဖြစ်တည်မှုအဆင့်ရောက်ပြီးနောက် သူအသုံးပြုနိုင်သည့်ပညာရပ်များနှင့် မှော်အတတ်များ တိုးပွားလာခဲ့လေသည်။
မန်ဟိုက နောက်ဆုံးတိုက်ပွဲအတွက် အရာအားလုံးကို ထိမ်ချန်ထားခဲ့သည်ဟု ဆိုနိုင်သည်။
သွေးခွေးကြီး၏လက်ဖဝါး တဖြေးဖြေး လွင့်ပျယ်ပျောက်ကွယ်လာစဥ် ပေါက်ကွဲသံမှာ ပဲ့တင်ထပ်နေဆဲရှိသေး၏။ သွေးရောင်မျက်နှာပြင်လည်း ပျောက်ကွယ်လာနေသည်။ မန်ဟိုက မြေပေါ်ကျနေသော မျက်နှာဖုံးကို ကောက်လိုက်သည်။
ယခုလောလောဆယ်တွင် ဟန်ပေ့နှင့်အခြားသူများမှာ အသက်ပင်မရှူနိုင်ပုံရသည်။ သူတို့က ဆီမရှိတော့မီးအိမ်ဖြစ်သည့် မန်ဟို့ကို စိုက်ကြည့်နေကြသည်။ အဖြစ်အပျက်များက ဤသို့ဖြစ်သွားလိမ့်မည်ဟု ဘယ်သူမှ တွေးပင်မတွေးခဲ့ဖူးပေ။
"သွေးဝိညာဥ်" လီရှိချီက တဆတ်ဆတ်တုန်ရီလျက် ပြောသည်။ "အဲ့တာသွေးဝိညာဥ်ပဲ" အခြားသူများလည်း သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲနှင့် သွေးခွေးကြီးကို ပြန်တွေးမိလိုက်သည်။
ထိုစဥ်က သွေးခွေးကြီး၏ပိုင်ရှင်ကို သူတို့မသိခဲ့ပေ။ ယခုတွင် သူတို့နားလည်လိုက်ပြီဟုပြောနိုင်သော်လည်း နည်းနည်းတော့ ပြန်တွေးနေရသေး၏။ အဖြစ်အပျက်အားလုံးအား မျက်စိဖြင့်တပ်အပ်မြင်ရခြင်းက သူတို့စိတ်များကို ချာချာလည်သွားစေသည်။
မန်ဟိုက သွေးမျက်နှာဖုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဆေးလုံးတချို့ထုတ်၍ စားလိုက်သည်။ သူသည် အံတင်းတင်းကြိတ်ပြီး ထရပ်၏။ သူက လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်လိုက်ပြီး သူ့အကြည့်မှာ ရှုချင်အပေါ်တွင် တခဏရပ်တန့်သွား၏။ ထို့နောက် သူသည် ချာခနဲလှည့်၍ ပြန်လည်မွေးဖွားခြင်းဂူထံ တတ်နိုင်သမျှ အမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွားတော့သည်။
"ဖန်မု...." ချူယွီယန်က လှမ်းအော်သည်။ သူလှည့်ထွက်သွားသည်ကို ကြည့်ရင်း သူမ သူ့ကိုဘယ်တော့မှ ထပ်မတွေ့နိုင်တော့လောက်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ သူမ ယခု မခေါ်လျှင် ဘယ်တော့မှ အခွင့်အရေးရှိမည်မဟုတ်တော့ပေ။
မန်ဟို့မှာ အတန်ငယ်တုန်ရီသွားသော်လည်း ဆက်သွားနေသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များမှာ သွေးခွေးကြီး လျှပ်တပြက်ပေါ်လာပြီး သူတို့၏အပေါင်းအပါများကို သတ်ဖြတ်လိုက်ခြင်းကြောင့်သာ ကြောက်လန့်သွားကြောင်း သူကောင်းကောင်းသိသည်။ သို့သော် အမှန်တကယ်ဖြစ်ပျက်နေသောအရာကို သူတို့သဘောပေါက်ရန် ကြာမည်မဟုတ်ပေ။ သူတို့သည် တခဏတွေဝေသွားပြီးနောက် မန်ဟိုအပြင်ပန်းတွင် သန်မာပုံပေါ်သော်လည်း တကယ်တမ်း အလွန်တရာအားနည်းနေသည်ကို သေချာပေါက် မြင်သွားလိမ့်မည်။ ထို့နောက် သူ့နောက်ထပ်လိုက်လာရန် အချိန်အနည်းငယ်သာ ကြာမည်ဖြစ်သည်။
သွေးခွေးကြီးမှာမူ စောစောက တိုက်ခိုက်ပြီးနောက် ချက်ချင်း ပြန်အိပ်ပျော်သွား၏။ ယခုတွင် မန်ဟိုမည်မျှခေါ်ခေါ် ၄င်းကိုနှိုးနိုင်တော့မည်မဟုတ်ပေ။
"ပြေးပေါက် အကုန်လုံးပိတ်နေပြီ။ ငါ့ရဲ့တစ်ခုတည်းသော ရွေးချယ်စရာက.... ပြန်လည်မွေးဖွားခြင်းဂူပဲ" မန်ဟိုက အံတင်းတင်းကြိတ်၍ တဟုန်ထိုးသွားနေသည်။
ဤအခိုက်အတန့်တွင် အသက်ရှင်ကျန်ရစ်သည့် အဘိုးကြီးခုနစ်ယောက်၊ ရှစ်ယောက်မှာ ရုတ်တရက် ပြေးနေရာမှ ရပ်သွားသည်။ သူတို့၏အမူအရာများမှာ ယခုတွင် တွေဝေမှုများဖြင့် ပြည့်နှက်သွားသည်။ ကြည့်ရသရွေ့ စောစောကအဖြစ်အပျက်ကို သဘောပေါက်သွားပုံရသည်။ သူတို့၏အသက်အရွယ်၊ အတွေ့အကြုံအရ အခြေအနေကို နားလည်ရန် တခဏသာကြာလိုက်သည်။ သူတို့၏မျက်နှာများ အရုပ်ဆိုး သွားပြီး ချက်ချင်း နောက်ပြန်လှည့်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး မန်ဟို့နောက်လိုက်နေကြပြီဖြစ်သည်။
မန်ဟိုသည် ပြန်လည်မွေးဖွားခြင်းဂူမှ ၂၅ ကီလိုမီတာသာ ကွာဝေးတော့၏။ ထိုစဥ် အတွင်းထဲမှ ခပ်သဲ့သဲ့ သက်ပြင်းချသံအား ရုတ်တရက်ကြားလိုက်ရသည်။
၄င်းသည် အမျိုးသမီးတစ်ဦး၏ သက်ပြင်းချသံဖြစ်သည်။ အသံမှာ လုံးဝမထင်မှတ်ထားသော်လည်း ၄င်းပျံ့လွင့်လာသည်နှင့် ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားပြီး သွေးအန်ကာ တစ်ကိုယ်လုံး တုန်ရီလျက် နောက်သို့လွင့်ထွက်သွားသည်။ သူတို့၏မျက်နှာများ၌ အလွန်အမင်းထိတ်လန့်ခြင်းတို့ ဖုံးလွှမ်းသွားသည်။ သူတို့ ယခုကြုံတွေ့လိုက်ရသည့်အရာမှာ သွေးခွေးကြီးထက်ပင် အဆများစွာ ပို၍ အစွမ်းထက်လေသည်။
သူတို့၏တုန်ရီနေသော ခန္ဓာကိုယ်များအတွင်းရှိ အနုသုခုမရုပ်ခန္ဓာများလည်း တုန်ရီသွားပြီး သူတို့၏ကြောက်စိတ်များမှာ ငယ်ထိပ်ထိ ဆောင့်တက်သွားတော့သည်။
သူတို့သာမဟုတ်။ ချိုင့်ဝှမ်းအပြင်ရှိ ကျင့်ကြံသူများလည်း သက်ပြင်းချသံကို ကြားလိုက်ပြီး စိတ်နှလုံးတုန်ရီသွားကြသည်။ သူတို့ပါးစပ်မှ သွေးများပန်းထွက်သွား၏။ ဂိုဏ်းအသီးသီးမှ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများ၏မျက်နှာပေါ်တွင် တစ်ခါမှမမြင်ဖူးသော အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။
"ဒါက...."
သူတို့ မျက်နှာပျက်သွားပြီး ပါးစပ်မှ သွေးများပန်းထွက်သွား၏။ ကြည့်ရသရွေ့ အတွင်းဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပုံပင်။
ချိုင့်ဝှမ်း၏မြူထုအတွင်းရှိ ကျီမျိုးနွယ်စုမှ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ သွေးတစ်ပွက်အန်လိုက်ရသည်။ ပြန်လည်မွေးဖွားခြင်းဂူမှ အသံကြားလိုက်သည့်အချိန်က ဖြစ်ပေါ်သွားသော သူ့မျက်နှာပေါ်က အံ့သြတုန်လှုပ်မှုထက် မည်သည့်အရာမှ မပြင်းထန်နိုင်တော့ပေ။
ဤသည်မှာ ထိုနေရာတွင် တည်ရှိသော ထူးဆန်းသောဖြစ်တည်မှုများ၏ အသံမဟုတ်။ အမျိုးသမီးတစ်ယောက်၏သက်ပြင်းချသံဖြစ်သည်။
ဘယ်သူမှ မမြင်ရသော ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးလည်း တစ်ကိုယ်လုံးတုန်ရီသွားသည်ကို ခံစားလိုက်ရ၏။ "ဘယ်သူလဲ....သူက အင်မိုတယ်ပဲ" သူ့ကိုယ်တွင်းတွင် မိုးသက်မုန်တိုင်းကြီးတစ်လုံး တိုက်ခတ်သွားသကဲ့သို့ပင်။ အလွန်တရာလေးနက်သောအသွင်က သူ့မျက်နှာကို စိုးမိုးသွားပြီး သူ၏မျက်လုံးများ တောက်ပလင်းလက်လာသည်။ သူသည် ထိတ်လန့်တုန်လှုပ်နေသော မျက်ဝန်းများဖြင့် မွေးဖွားခြင်းဂူကို လှမ်းကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် ပြန်လည်မွေးဖွားခြင်းဂူမှ ပျံ့လွင့်လာနေသော အမျိုးသမီးတစ်ယောက်၏အသံကို ကြားနိုင်သည်။
အသံသည် နွေးထွေးပြီး နောက်ထပ် ခပ်ဖွဖွသက်ပြင်းချသံက ယှဥ်တွဲပါလာသည်။ "ဟိုးအရင်နှစ်တွေက မင်းကြောင့် ငါ့ကိုချုပ်နှောင်ထားတဲ့ ချုပ်နှောင်တံဆိပ် ပြေလျော့သွားခဲ့တယ်။ အဲ့ဒါက ကံကြွေးပဲ... မင်းဒီနေ့ ပြန်လည်မွေးဖွားခြင်းဂူကို လာလို့မရဘူး။ သွား ငါမင်းကိုလွတ်အောင် ကူပေးမယ်။ ဒါကို ကံကြွေးချေတယ်လို့ သတ်မှတ်လိုက်" အသံ ဂူထဲမှ ပဲ့တင်ထပ်နေစဥ် တောက်ပနေသောအဖြူရောင်အလင်းသည် ရုတ်တရက် ပျံထွက်လာ၏။
၄င်းက အကြေးခွံတစ်ခု။
ငါးအကြေးခွံ။
၄င်းတို့ ရှေ့သို့ပျံထွက်လာနေစဥ်မှာပင် ရုတ်တရက် ငှက်မွှေးနှင့်တူလာသည်။
ဒဏ္ဍာရီလာသိမ်းငှက်တစ်ကောင်၏ အမွှေး။
ငှက်မွှေးကဲ့သို့အကြေးခွံသည် မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ပျံထွက်လာရာ ချက်ချင်းဆိုသလို မန်ဟို့အရှေ့တည့်တည့်တွင် ရောက်လာ၏။ ၄င်းက သူ့နဖူးအပေါ်သို့ အလိုအလျောက်ခတ်နှိပ်လိုက်သည်။ ပူနွေးသောစွမ်းအားတစ်ခုသည် ငှက်မွှေးကဲ့သို့အကြေးခွံမှ ထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသဖြင့် မန်ဟို တုန်ရီသွားသည်။
ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအခြေခံ တည်ငြိမ်လာသည်။ ၄င်းသည် လောင်ကျွမ်းမနေတော့သလို့ ပျက်စီးမနေတော့ပေ။ ထိုအစား အကောင်းပကတိ ပြန်ဖြစ်သွား၏။ ယခင်ကကဲ့သို့ အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့်သို့ ပြန်ရောက်သွားလေပြီ။ မျက်စိတစ်မှိတ်အတွင်း သူ၏ဒဏ်ရာများသည် နှစ်ဆယ်ရာခိုင်နှုန်းနီးပါး ကုသပြီးသွား၏။
အမှန်တွင် သူ့သက်တမ်းပင်လျှင် အနည်းငယ်ပြန်တိုးလာ၏။ မန်ဟို့မျက်နှာသည် အဘိုးကြီးတစ်ယောက်နှင့်မတူတော့ပေ။ သူသည် ယခင်အတိုင်း ပြန်လည်နုပျိုသွား၏။ သို့သော် ဖြူဖျော့နေမှုကိုတော့ ပြောင်းလဲမရပေ။
သူ၏ဆံပင်ဖြူနေမှုကိုလည်း ပြောင်းလဲရန်မဖြစ်နိုင်။
"ငါ မင်းကို သိမ်းငှက်ရဲ့စွမ်းအားငှားပေးမယ်။ ဒီနေရာက ထွက်သွားတော့..." အသံပဲ့တင်ထပ်နေစဥ် မန်ဟိုသည် ရုတ်တရက် သူ့ကို တွန်းထုတ်ရင်း ဖယ်ရှားနေသော မယုံကြည်နိုင်ဖွယ်စွမ်းအားကို ခံစားလိုက်ရသည်။ ရုတ်ခြည်းပင် သူသည် သိမ်းငှက်တစ်ကောင်သဖွယ် ရှေ့သို့တဟုန်ထိုးထွက်သွား၏။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူရှစ်ယောက်မှာ သူ့ကိုတားဆီးရန် လှုပ်ပင်မလှုပ်ရဲပေ။ ပြန်လည်မွေးဖွားခြင်းဂူမှ အမျိုးသမီးအသံသည် လူတိုင်း၏ရင်ထဲတွင် အကြောက်တရားများ စိုးမိုးသွားစေရန် လုံလောက်လေသည်။
မန်ဟို့မှာ စဥ်းစားနေရန်အချိန်မရှိဘဲ ရုတ်တရက် ချိုင့်ဝှမ်းမှ ထွက်၍ တောင်ပိုင်းဒေသ၏ ဂိုဏ်းနှင့်မျိုးနွယ်စုအမျိုးမျိုးမှ ကျင့်ကြံသူအားလုံး၏ရှေ့မှောက်တွင် ပေါ်လာသည်။
သူတို့မြင်လိုက်သည်မှာ ကြယ်ပျံတစ်စင်းနှင့်တူသောအရာကိုသာ။ ကြယ်ပျံအတွင်းတွင် ဖြူဆွတ်နေသောဆံပင်၊ သွေးရောင်ဝတ်ရုံနှင့် မန်ဟိုရှိသည်။
မန်ဟို၏မျက်လုံးများတွင် တွေဝေမှုများပြည့်နှက်နေသော်လည်း တခဏကြာသော် သဘောပေါက်သွားမှုက အစားထိုးဝင်ရောက်လာသည်။ သူ့ကို ဘယ်သူကယ်ခဲ့သည်လဲ သူသိလိုက်လေပြီ။
"ဒဏ္ဍာရီလာသိမ်းငှက်.... သူက အဲ့ဒီနှစ်က ပြန်လည်မွေးဖွားခြင်းဂူဆီ ပျံသွားနေတဲ့ သိမ်းငှက်ကြီးပဲ...ဒါမဲ့ ဘာလို့ ငါ့ကိုကယ်နေတာလဲ။ သူ ငါ့အပေါ် ဘာကံကြွေးတင်အောင်လုပ်ခဲ့မိပါလိမ့်.."
"မိစ္ဆာချုပ်နှောင်သူအဖွဲ့က လူတွေအကုန်လုံး အကြင်နာမဲ့လိုက်တာ ...." သူမက သက်ပြင်းချရင်းပြောသည်။ "မင်း အခုကစပြီး မင်းခြေထောက်ပေါ် မင်းရပ်တည်တော့" သူမ၏စကားလုံးများ သူ့နားထဲတွင်ပဲ့တင်ထပ်သွားသဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားလေသည်။
***