သမာဓိအပ်နှင်းခြင်းပညာရပ်
Vol. 23 Ch. 314
လာမည့်နှစ်များတွင် ပြန်လည်မွေးဖွားခြင်းဂူအပြင်ရှိ ကျင့်ကြံသူများသည် ယနေ့ကြုံတွေ့ခဲရသည့်အဖြစ်အပျက်များကို မေ့နိုင်တော့မည်မဟုတ်ပေ။
သူတို့၏မှတ်ဉာဏ်ထဲတွင် ချိုင့်ဝှမ်းအတွင်းရှိ မြူထဲမှ ပျံထွက်လာသော ကြယ်ပျံကို အမြဲ ပြန်မြင်ယောင်နေမည်သာ။ ၄င်းသည် သူတို့ ဘယ်တော့မှ မမေ့နိုင်လောက်အောင် တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်ရင်း ကောင်းကင်ပင် အက်ကွဲသွားစေနိုင်သော မီးလျှံတို့ဖြင့် အလျှံတညီးညီးတောက်ပနေသယောင်ပင်။
ထိုမီးလျှံနှင့် အလင်းရောင်အတွင်းတွင်ကား မန်ဟိုပင်။
ဇီယွင်ဂိုဏ်း၏အမွေခံတပည့်၊ တောင်ပိုင်းဒေသ၏ လေးယောက်မြောက်မဟာအကြီးအကဲ ဆေးဒယ်အိုး၊ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ပိုင်ရှင်၊ သွေးအင်မိုတယ်အမွေအနှစ်၏ ဆက်ခံသူ။ ဤဂုဏ်ပုဒ်တွေထဲက တစ်ခုတည်းကပင် ကျင့်ကြံသူတစ်ယောက် အောင်မြင်ကျော်ကြားစေရန် လုံလောက်မည်ဖြစ်သည်။
သို့သော် ၄င်းတို့အားလုံး တစ်ယောက်တည်း၏အပိုင်ဖြစ်နေခြင်းက..... ထိုပုဂ္ဂိုလ်ကို တောင်ပိုင်းဒေသတွင် ပြိုင်ဘက်ကင်း ဖြစ်သွားစေသည်။
ယခုတွင် မန်ဟိုသည် သေချာပေါက် ပြိုင်ဘက်ကင်း ကျော်ကြားသူဖြစ်၏။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ သိပ်မမြင့်မားသည့်အပြင် တောင်ပိုင်းဒေသတွင် သိပ်ကြာကြာမနေခဲ့ရပေ။ သို့ရာတွင် ယင်းက အရေးမကြီး။ သူ့ကိုယ်သူ ထွန်းလင်းတောက်ပမနေအောင် သူမဟန့်တားနိုင်ပေ။ ယနေ့မှစ၍ သူသည် မွန်းတည့်နေကဲ့သို့ ကောင်းကင်ယံတွင် ငွားငွားစွင့်စွင့် တည်နေရှိနေပေလိမ့်မည်။
ကြယ်ပျံကိုသော်လည်းကောင်း၊ လေထဲတွင် ပေါ်လာခဲ့သည့် ဒဏ္ဍာရီလာသိမ်းငှက်ကြီး၏ ဧရာမပုံရိပ်ကိုသော်လည်းကောင်း ဘယ်သူမှ မေ့နိုင်မည်မဟုတ်ပေ။ သိမ်းငှက်ကြီးသည် ကြီးမားပြီး မန်ဟိုက ၄င်း၏ဗဟိုချက်တွင် ရှိနေပုံရသည်။ ၄င်းသည် ချိုင့်ဝှမ်းမှ တဟုန်ထိုးထွက်လာ၍ စိုက်ကြည့်နေသော ကျင့်ကြံသူများ၏ အပေါ်မှ ပျံသန်သွားသည်။
သူ ချိုင့်ဝှမ်းမှ ပျံတက်၍ ကျီနှင့်လီမျိုးနွယ်စုတို့မှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ ပိတ်ဆို့မှုကို ထိုးဖောက်ပြီး လည်နေသောတားမြစ်မန္တန်များကို ခွဲထွက်သွားသည်ကို သူတို့ကြည့်နေကြသည်။ ကြယ်နှင့်သိမ်းငှက်က ကောင်းကင်နှင့်မြေကြီးကိုဖြတ်၍ ပျံသန်းသွားသဖြင့် ချုပ်နှောင်တံဆိပ်မှာ သူ့အနောက်တွင် ပြုတ်ကျကျန်ခဲ့သည်။
၄င်းတို့မှာ ပြန်လည်မွေးဖွားခြင်းဂူနယ်ငယ်မှ ထွက်ခွာကာ မိုးကုပ်စက်ဝန်းတွင် တစတစပျောက်ကွယ်သွားသည်။
မကြာမီ ရေဝဲတစ်ခုပေါ်လာပြီး သူက ၄င်းအထဲ ဝင်ရောက်ပျံသန်းသွားသည်။ ထို့နောက် အမှန်တကယ် ထွက်သွားခဲ့လေပြီ။
စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးများအပါအဝင် ဇီယွင်ဂိုဏ်းမှကျင့်ကြံသူများက မန်ဟိုပျောက်ကွယ်သွားသည်ကို ငေးကြည့်နေကြသည်။ သူ ဘေးကင်းရာသို့ လွတ်မြောက်သွားသည်ကို မျက်စိဖြင့်တပ်အပ်မြင်မှ သူတို့ရင်ထဲမှ အလုံးကြီးကျသွား၏။
ဝူတင်းချိုးသည် တွေဝေရှုပ်ထွေးနေသောမျက်နှာထားဖြင့် မလှုပ်မယှက်ရပ်နေသည်။ သူ့ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေပြီး ကျိုးပြည်ကမန်ဟိုကို ပြန်တွေးတောနေ၏။ သူကို ပထမဆုံးမြင်ခဲ့သည့်အချိန်နှင့် သံလှံကိစ္စကို သူတွေးနေမိသည်။
၄င်းမှာ အိပ်မက်အလားပင်။ ဝူတင်းချိုးမှာ အဖြစ်အပျက်အားလုံးကို ပြန်တွေးကြည့်ရင်း အစစ်အမှန်ဟု မယုံနိုင်လုနီးပါးဖြစ်နေ၏။
လူထူးဆန်းစုန့်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ ဝူတင်းချိုးနည်းတူ ခံစားချက်များ ဖုံးလွှမ်းနေသည်။
သူ့ဘေးတွင် အစောပိုင်းအချိန်အနည်းငယ်က ပေါ်လာခဲ့သော စုန့်ကျားရှိသည်။ သူမသည် မိုးကုပ်စက်ဝန်းကို တိတ်ဆိတ်စွာ ကြည့်နေ၏။ ထိုလူမှာ အပြင်ပန်းအားဖြင့် သူမအမျိုးသားဖြစ်ပါသော်လည်း သူမနှင့်စကားတစ်ခွန်းပင် မပြောဖူးသည့်လူဖြစ်နေပြန်သည်။ သူမ တွန့်ချိုးနေသော မျက်ခုံးလေးနှစ်ဖက်သည် နှစ်ပေါင်းများစွာကြာသည့်တိုင် မဖယ်ရှားနိုင်ခဲ့သော ခါးသီးနာကြည်းမှုတို့ကို ပြသနေသည်။
ခေါင်းဆောင်ကြီးဇီလော်လည်း တိတ်ဆိတ်စွာကြည့်နေသည်။ သူသည် ခါးသက်သက်အပြုံးတစ်ခုဖြင့် ခေါင်းခါရမ်းလိုက်၏။ ချင်းလော်ဂိုဏ်းသည် မန်ဟိုနှင့်အတော်လေးရင်းနှီးလေသည်။ မြင့်မြတ်သောရှေးဟောင်းနယ်မြေရှိ အဖြစ်အပျက်များနှင့် အန္တိမဒုက္ခ သူ့ကို သခင်အဖြစ် ရွေးချယ်ခဲ့သည့်ကိစ္စကြောင့် ချင်းလော်ဂိုဏ်းမှာ မန်ဟိုနှင့်ပတ်သက်လျှင် မလူးသာမလွန့်သာသော အခြေအနေတွင် ဖြစ်သည်။
သို့သော် မည်သို့ဆိုစေ မန်ဟိုက ဖန်မုမျက်နှာဖြင့် ချင်းလော်ဂိုဏ်းကို အေးအေးလူလူ ဝင်လာ၍ ဆေးဝါးပညာတိုက်ပွဲတွင် ပါဝင်ရဲခဲ့သေးသည်။ ထို့အပြင် သူတို့အတွက် ဆေးပင်ဖော်စပ်ပေးခဲ့၏။
ဤအရာအားလုံးကို တွေးမိသောအခါ ခေါင်းဆောင်ကြီးဇီလော်အနေဖြင့် သူ့ကို နက်နက်ရှိုင်းရှိုင်း မလေးစားမိဘဲ မနေပေ။
ယီးကျန့်ဂိုဏ်း၊ ကျင်းဟန်ဂိုဏ်းနှင့် ဝမ်မျိုးနွယ်စုမှ အဖွဲ့ဝင်အားလုံး၏ မျက်နှာများအပေါ်တွင် အမူအရာအမျိုးမျိုးရှိကြ၏။ ကံကောင်းစွာနှင့် ဝမ်တန်ဖေးရှိမနေ။ သို့မဟုတ်လျှင် သူ၏ တွေဝေရှုပ်ထွေးသောခံစားချက်များက သူ့ကို ဆူနာမီလှိုင်းလုံးကြီးသဖွယ် လွှမ်းမိုးသွားပေလိမ့်မည်။
နှစ်များတစ်လျှောက် ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုသည် မန်ဟို သို့မဟုတ် ဖန်မုဖြင့် မသိမသာ ရင်းနှီးလာခဲ့၏။
ဟန်ပေ့က သက်ပြင်းချလိုက်သည်။ သူမစိတ်ထဲ၌ မန်ဟိုနှင့် ဖန်မု၏ပုံရိပ်နှစ်ခု တဖြေးဖြေး တစ်ခုပေါ်တစ်ခုထပ်လာပြီး ကောင်းကင်ကို မျက်နှာမူ၍ ဟားတိုက်ရယ်နေသော မျက်နှာဖုံးတပ်ထားသည့် အနီရောင်ဝတ်ရုံနှင့်လူ၏ ပုံရိပ်ဖြစ်ပေါ်လာသည်။ ၄င်းက သူမရင်ထဲတွင် နက်နက်ရှိုင်းရှိင်း စွဲထင်ကျန်ရစ်ခဲ့လေပြီ။
ဝမ်ယိုချိုင်လည်း တာ့ချင်းတောင်နှင့် ယွင်ကျဲစီရင်စုကို ပြန်တွေးရင်း တိတ်ဆိတ်နေသည်။
ချူယွီယန်မှာ နှုတ်ခမ်းလေးကိုက်ထားပြီး သူမခံစားနေရသည်ကို ဝေခွဲမရနိုင်ဖြစ်နေ၏။ သူမနှလုံးသားထဲတွင် နာကျင်မှု၊ လွမ်းဆွတ်မှုနှင့် စိတ်ပျက်မှုတို့ ပြည့်ကြပ်နေသယောင်ပင်။ သူမလက်ထဲမှ တစ်ခုခုလွတ်ကျသွားသည့်အလား.... ရုတ်တရက်ကြီး တစ်ခုခုပျောက်ဆုံးသွားသည့်အလား သူမခံစားနေရသည်။
ရီဖေးမုက ကောင်းကင်ကို မော့မကြည့်ဘဲ ခေါင်းငုံ့ထားသည်။ သို့သော် သူ၏မျက်လုံးများတွင် ခေါင်းမာမှုက တောက်ပနေသည်။ မန်ဟို တခြားတစ်နေရာတွင် အမြင့်သို့ရောက်ရှိသွားမည်ဖြစ်ကြောင်း သူယုံကြည်သည်။ ယင်းက သူနောက်ကျန်ခဲ့၍မဖြစ်ဟု ဆိုလိုသည်။ နောင်တစ်ချိန်တွင် သူတို့နှစ်ယောက် တစ်ဖန်ပြန်ဆုံတွေ့မည့်နေ့ ရှိလာလိမ့်မည်။ ထို့နေ့ရောက်လာသည့်အခါ ဆေးဝါးတာအိုအရာ၌ မန်ဟို့ကို သူအနိုင်ယူမည်။
ချန်ဖန်းက သက်ပြင်းဖွဖွချလိုက်သည်။ မှီခိုရာဂိုဏ်းမှ သူနှင့် သူ့ညီလေး အလွန်ခြားနားသော လမ်းနှစ်လမ်းကို ဟိုအရင်ကတည်းက စတင်လျှောက်ခဲ့ကြောင်း ယခု သူနားလည်လိုက်သည်။
သူ့ရင်ထဲတွင် မန်ဟို့အပေါ် လေးစားမှူသည် ကိန်းအောင်းနေ၏။ သူ၏ဂုဏ်ဒြပ်များကို မနာလိုခြင်းမဟုတ်၊ သူ့ဘဝကို လေးစားခြင်းဖြစ်သည်။ မန်ဟို့ဘဝမှာ.... သူ့ဘဝထက်ပို၍ အံ့သြစရာကောင်းပုံရလေသည်။
"သူက....စစ်မှန်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လောက်တယ်...." ချန်ဖန်း ရေရွတ်လိုက်သည်။
လီရှိချီ၏မျက်ဝန်းလေးများထဲတွင် အံ့အားသင့်ခြင်းတို့ ဖူးပွင့်နေသည်။ သူမသည် ဤနေရာသို့လာရန် ဂိုဏ်းမှထွက်ခွာခဲ့စဥ်က လျှို့ဝှက်ဆန်းကြယ်သော ခေါင်းဆောင်ကြီးပြောခဲ့သည်ကို အမှတ်ရလိုက်၏။
"ငါတို့ ပြန်တွေ့ဦးမှာလား" သူမက ရယ်ရင်း တွေးလိုက်မိသည်။
ခပ်လှမ်းလှမ်းတွင် ရှုချင်သည် မိုးကုပ်စက်ဝန်းသို့ ငေးကြည့်နေ၏။ "အစ်မတို့ သေချာပေါက်ပြန်တွေ့ဦးမှာပါ" သူမ စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူမ၏အကျင့်စရိုက်မှာ ရိုးရှင်းပြီး သူမ၏ဟန်ပန်သည် အေးစက်၏။ သူမမှာ ဉာဏ်သိပ်မကောင်းသော်လည်း သူမ၏ခေါင်းမာမှုကတော့ သာမန်လူထက်သာသည်။
သူမ၏ခေါင်းမာမှုကား ကတိတစ်ခုအဖြစ် ပြောင်းသွားသည်။
"အစ်မ မင်းကို စောင့်နေမယ်..." သူမက ရင်ထဲတွင် ပြောပြီးနောက် သက်ပြင်းချလိုက်၏။
****
နဂါးငွေ့တန်းပင်လယ်သည် နန့်ရှန်းတိုက်ကြီးကို အရှေ့နှင့်မြောက်၊ အနောက်နှင့်တောင်ဟူ၍ အပိုင်းနှစ်ပိုင်း ပိုင်းခြားထားသည်။
အရှေ့ဘက်နယ်မြေများရှိ ကြီးမြတ်သောတန်နိုင်ငံ၊ မြောက်ပိုင်းသဲကန္တာရ၏ ချန်းဒီပုလွေ၊ တောင်ပိုင်းဒေသ၏ ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများ၊ အနောက်ပိုင်းသဲကန္တာရ၏ အရုပ်များ။
အရှေ့ဘက်နယ်မြေများရှိ ကြီးမြတ်သောတန်နိုင်ငံသည် ၄င်း၏သြဇာအာဏာကြောင့် အသိများ၏။ မြောက်ပိုင်းသဲကန္တာရမှာမူ ၄င်း၏ ရဲရင့်သောလူရိုင်းများကြောင့်ဖြစ်ပြီး တောင်ပိုင်းဒေသကတော့ ထူးချွန်ပြောင်မြောက်သော သူရဲကောင်းများကြောင့်ပင်။ အနောက်ပိုင်းသဲကန္တာရမှာမူ အနောက်ပိုင်းမကောင်းဆိုးဝါးများဖြင့် အနောက်လူရိုင်းပြည်ဟု ထင်ရှားသည်။ အမှန်တွင် ၄င်း၏နာမည်က ရူးသွပ်မိုက်မဲမှုကို ကိုယ်စားပြု၏။
ခိုက်ရန်ဖြစ်ပွားမှုများမှာ အနောက်ပိုင်းသဲကန္တာရတွင် ပုံမှန်အရေးကိစ္စများသာဖြစ်၏။ ထိုနေရာတွင် ဂိုဏ်းမရှိဘဲ လူမျိုးစုများ မရေမတွက်နိုင်အောင်ရှိသည်။ တချို့လူမျိုးစုများက မဟာမိတ်ဖွဲ့ထားသည့်အတွက် သြဇာလွှမ်းမိုးမှုပိုကြီးမားလေသည်။
မဖြစ်ထွန်းသော မြေနှင့် အရင်းအမြစ်ရှားပါးမှုအပြင် ပတ်ဝန်းကျင်၏ မနှစ်မြို့ဖွယ်ရာ အခြေအနေကြောင့် အနောက်ပိုင်းသဲကန္တာကျင့်ကြံသူများသည် အကြင်နာမဲ့စွာ သတ်ဖြတ်ရင်း ဘဝကို ရှင်သန်ကြရသည်။ သူတို့သည် တောင်ပိုင်းဒေသကို သိမ်းပိုက်နိုင်မည့်နေ့ရက်ကို စောင့်မျှော်ရင်း သူတို့၏ဆေးမင်ကြောင်အရုပ်များ၏စွမ်းအားကို ကျင့်ကြံကြသည်။
အနောက်ပိုင်းနှင့်တောင်ပိုင်းအကြားက စစ်ပွဲကြီးနှစ်ပွဲကြောင့် အာဏာနှစ်ရပ်ကို ပိုင်းခြားပေးလိုက်သော ကန့်သတ်မန္တန်အမြောက်အမြား ဖြစ်ပေါ်လာခဲ့သည်။ ချိတ်ပိတ်မခံရဘဲ ကျန်ခဲ့သည့်နယ်မြေများက အနက်ရောင်နယ်မြေများ ဖြစ်လာခဲ့၏။ ၄င်းတို့သည့် တောင်ပိုင်းဒေသအပိုင်ဖြစ်သလို ၊ အနောက်ပိုင်းသဲကန္တာရအပိုင်လည်းဖြစ်သည်။ သို့ဖြစ်၍ ထိုနေရာမှာ ပို၍လွတ်လပ်သည့်အပြင် ပို၍ရက်စက်၏။
အနက်ရောင်နယ်မြေများရှိ တချို့နေရာများမှာ မဖြစ်ထွန်းသော်လည်း နှစ်ခြမ်းကွဲနေသကဲ့ ဆန့်ကျင်ဘက်ဖြစ်သော နေရာတချို့လည်းရှိသည်။ သတ်ဖြတ်ခြင်းအား ယိုးမယ်မဖွဲ့တော့ရာ ထိုနယ်မြေသည် သွေးညှီနံများဖြင့် အမြဲနံဟောင်နေတတ်သည်။
ဤအခိုက်အတန့်တွင် တောင်ပိုင်းဒေသရှိ အနက်ရောင်နယ်မြေများမှ ကီလိုမီတာ ၃၀ကျော် ၄၀နီးပါးခန့်ရှိ နေရာတစ်နေရာတွင် မြက်တောကြီးရှိသည်။ နေ့လည်ဖြစ်သည့်အတွက် ဆိုးဝါးသောလေတစ်ချက်က သစ်ရွက်များကိုဖြတ်တိုက်ကာ တရဲရှဲမြည်သွားစေသည်။
ရုတ်တရက် တွင်းနက်ကြီး၏ အပေါက်ဝသကဲ့သို့ ဝဲတစ်ခု ပေါ်လာသည်။ ၄င်းလေလယ်တွင် ပေါ်လာစဥ် မည်သည့်အသံမှမထွက်ပေ။
ရေဝဲတစ်ခု ကောက်ကာငင်ကာပေါ်လာခြင်းက ပုံမှန်ဆိုလျှင် အတော်လေးအာရုံစိုက်ရာဖြစ်ပေမည်။ သို့သော် ဤနေရာသို့ တောင်ပိုင်းဒေသကျင့်ကြံသူများ လာလေ့လာထရှိ၏။
အချိန်အနည်းငယ်ကြာသော် တွင်းနက်ကြီး၏ ဝဲထဲမှ လူတစ်ယောက်ထွက်လာသည်။ သူ့က ရှေ့သို့လျှောက်လာပြီးနောက် ရေဝဲကို ပြန်ကြည့်လိုက်ရာ သူ၏အဖြူရောင်ဆံပင်များ လေတွင်လွင့်သွားစေသည်။
သူ့နဖူးအပေါ်တွင် ကြေးခွံလိုလို၊ ငှက်မွှေးလိုလိုပုံစံရှိသော အမှတ်တစ်ခုကိုမြင်နိုင်၏။
ဤလူကား မန်ဟိုမှလွဲ၍ တခြားမဟုတ်ပေ။
သူသည် သိမ်းငှက်ကြီး၏ အားကောင်းသောအဟုန်ကိုအသုံးပြုရင်း ပြန်လည်မွေးဖွားခြင်းဂူမှ နေရာရွှေ့ပြောင်း၍ ဤနေရာတွင်ပြန်ပေါ်လာရန် ကံကောင်းခြင်းအဆောင်ကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။
သူသည် တွေဝေနေသော မျက်နှာထားဖြင့် ရေဝဲပျောက်ကွယ်နေသည်ကိုကြည့်ရင်း လေလယ်တွင် ရပ်နေသည်။ လေတိုးသံမှအပ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။
အချိန်တချို့ကြာသော် သူက ကျောက်စိမ်းပြားတစ်ပြားထုတ်ပြီး ၄င်းကို လေးနက်သောအသွင်ဖြင့် ငုံ့ကြည့်လိုက်သည်။ လက်ရှိတည်နေရာကို အတည်ပြုပြီးနောက် သူသက်ပြင်းချလိုက်လေသည်။ သူသည် ဇီယွင်ဂိုဏ်းရှိရာသို့ လှည့်ကာ ခါးကိုင်း၍ ဦးညွှတ်လိုက်သည်။
သူက အသက်ရှိုက်စာအနည်းငယ်ကြာသာအထိ ထိုအတိုင်းရှိနေသည်။ သူ ကိုယ်ကိုပြန်မတ်လိုက်သောအခါ သူ့မျက်ဝန်းများရှိ တွေဝေမှူတို့ပျောက်ကွယ်သွားပြီး ခိုင်မာပြတ်သားမှုက အစားထိုးဝင်ရောက်လာသည်။
"ငါ ဇီယွင်ဂိုဏ်းမှာ ဆယ်နှစ်လုံး သက်တောင့်သက်သာနေခဲ့တယ်" သူက ခပ်တိုးတိုးရေရွတ်သည်။ "အဖော်မဲ့ သင်းကွဲကျင့်ကြံသူအဖြစ်နဲ့ နေရတာ ဘာနဲ့တူလဲ ဆိုတာတောင် မေ့သလောက်ဖြစ်နေပြီ" သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်အစေ့တစ်စေ့ ပျံထွက်သွားပြီး မြေကြီးထဲ နစ်မြုပ်သွားသည်။ ရုတ်တရက် ဖုန်များထလာပြီး တုတ်ခိုင်သော ဧရာမနွယ်ပင်ကြီးများက မန်ဟို့ကို ဝန်းရံလိုက်ကြသည်။
သူက ၄င်းတို့ အလယ်တွင် တင်ပျဥ်ခွေထိုင်လိုက်၏။ သူသည် မျက်ဝန်းများတဖျပ်ဖျက်လက်နေရင်း သူ၏စိတ်ဆန္ဒကို နွယ်များအတွင်း စီးဆင်းလိုက်ရာ ၄င်းတို့က သူ့ကိုသယ်ဆောင်ရင်း အနက်ရောင်နယ်မြေများထံ တဟုန်ထိုးဦးတည်သွားသည်။
သူသည် မျက်လုံးများပိတ်လျက် တောင်ပိုင်းဒေသမှ ဝေးနိုင်သမျှဝေးဝေးသို့ ခရီးနှင်နေ၏။ မည်သည့်နှောင့်နှေးကြန့်ကြာမှုကိုမှ သူခွင့်မပြုနိုင်ပေ။ လောလောဆယ်တွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ မတည်မငြိမ်ဖြစ်နေပြီး သူ့မှာ ဒဏ်ရာအပြင်းအထန်ရထား၏။ အသက်စွမ်းအားနှင့် သက်တမ်းမှာ အကြေးခွံငှက်မွှေးကြောင့် အတော်လေးအားပြန်ပြည့်လာခဲ့သည်။ သို့ရာတွင် ကျန်ရှိသည်မှာ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုထက် လျော့နည်းနေသေးသည်။
လုံးဝမလိုအပ်သရွေ့ ၄င်းကို သုံးရန်သော်လည်းကောင်း၊ ဖြုန်းတီးရန်သော်လည်းကောင်း မန်ဟိုစိတ်ကူးမရှိပေ။
"ငါ မကြာခင် အနက်ရောင်နယ်မြေတွေဆီကို ရောက်တော့မယ်။ ရောက်တာနဲ့ ဒဏ်ရာကုဖို့ သင့်တော်တဲ့တစ်နေရာရှာရမယ်... ကျီမျိုးနွယ်တွေ ငါ့ကိုလာသတ်ဖို့ ဘယ်လောက်ကြာမလဲ မပြောနိုင်ဘူး" နွယ်ပင်များထိပ်တွင် တင်ပျဥ်ခွေထိုင်ရင်း ခရီးနှင်နေစဥ် သူ၏အမူအရာမှာ တည်ငြိမ်လျက်ရှိ၏။ သူသည် ၄င်းတို့ကို အမြန်ဆုံးအရှိန်ဖြင့် ရွေ့လျားခွင့်ပြုထားသည့်အတွက် သူ့ဒဏ်ရာများအား ဂရုစိုက် အချိန်အနည်းငယ်ရလေသည်။
သူက သိုလှောင်အိတ်ကိုပုတ်၍ ကြေးမုံကို ထုတ်လိုက်သည်။ ၄င်းကို တစ်ချက်ကြည့်ပြီးနောက် ပြန်သိမ်းလိုက်လေသည်။
"ငါ အမြုတေဖြစ်တည်မှူရောက်သွားခဲ့တုန်းက" သူကတွေးသည်။ "ငါ့ကိုယ်ငါ တည်ငြိမ်အောင်လုပ်ပြီး ကြေးမုံထဲကို ငါ့စိတ်အာရုံဖြန့်ကျက်လိုက်ရုံပဲလိုတယ််လို့ ခံစားနေရတယ်။အဲ့တာဆိုရင် အထဲက အစောင့်အရှောက်ဝိညာဥ်ကို နှိုးလို့ရပြီ...ကံဆိုးစွာနဲ့ အခြေအနေတွေက အခုအချိန်မှာ သေရေးရှင်ရေးဖြစ်နေတယ်" ပစ္စည်းထဲရှိ ဝိညာဥ်ထွက်လာလျှင် ဘာဖြစ်မည်လဲ သူမသိပေ။ ယခုတွင် သူ့စိတ်မှာ တည်ငြိမ်ခြင်းမရှိသဖြင့် ၄င်းနှင့်အဆက်အသွယ်လုပ်ဖို့ အချိန်ကောင်းမဟုတ်သေးပေ။ ထို့ကြောင့် အပြည့်အဝသက်သာသည်အထိ စောင့်မည်ဖြစ်သည်။
ထို့နောက် သူက ကျီဟုန်တုန်၏သိုလှောင်အိတ်ကို ထုတ်လိုက်သည်။ သူ ပထမဆုံး သတိထားမိလိုက်သည်မှာ ၄င်း၏မျက်နှာပြင်ပေါ်က မှော်ချိတ်တံဆိပ်ဖြစ်၏။ ဖွင့်ရလွယ်မည်မဟုတ်ပေ။ သူက တခဏစဥ်းစားပြီးနောက် ၄င်းကို ပြန်ထည့်လိုက်သည်။ ထို့နောက် လက်ကိုခါပြီး ခေါင်းလောင်းလေးတစ်ခုထုတ်သည်။
ဤခေါင်းလောင်းမှာ ကျီဟုန်တုန်အသုံးပြုခဲ့သော မှော်ပစ္စည်းတစ်မျိုးဖြစ်၏။ မန််ဟိုသည် ၄င်းကို အတန်ကြာကြည့်ရှုစစ်ဆေးပြီးနောက် မျက်လုံးများပိတ်၍ သူ၏ဒဏ်ရာများကို ရင်ဆိုင်ရာတွင် အာရုံစိုက်လိုက်သည်။
နောက်တစ်နေ့မနက်မိုးသောက်ချိန်အထိ မည်သည့်အန္တရာယ်ကိုမှ သူမကြုံတွေ့ခဲ့ရပေ။ မန်ဟို၏နွယ်ပင်များက အလွယ်တကူ သတိထားမိနိုင်သော နေရာဖြစ်သည့် အနက်ရောင်နယ်မြေများအတွင်းသို့ သယ်ဆောင်သွားသည်။ ဤနေရာရှိ မြေကြီးသည် အနက်ရောင်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အပင်များစုလည်း ထိုနည်းတူပင်။
ယင်းက အနက်ရောင်နယ်မြေဟုခေါ်ရသော အကြောင်းရင်းဖြစ်သည်။
သို့သော် မန်ဟို အနက်ရောင်နယ်မြေထဲ ဝင်လိုက်သည်နှင့် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းပြားမှ ရှေးဆန်သောအသံကြီး ရုတ်တရက် သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"နဝမတောင်ရဲ့ အင်မိုတယ်တစ်ယောက်။ စုတ်ချက်ရဲ့ အထွတ်အထိပ်။ သတ္တဝါအားလုံးရဲ့ မှော်သင်္ကေတတွေ။ ကောင်းကင်တွေ ပြိုကျခြင်း.... စွမ်းအားကဒီနယ်မြေထဲမှာ ပေါင်းစည်း၊ ပျက်စီးခြင်းအဖြစ် ပြောင်းလဲပြီးတော့ မိစ္ဆာအသက်စွမ်းအားနဲ့ပြည့်ဝနေတယ်။ ဒီနယ်မြေကို.... သမာဓိအပ်နှင်းခြင်းပညာရပ်....ကျင့်ကြံဖို့ အသုံးပြုနိုင်တယ်"
မန်ဟို့စိတ်တုန်ခါသွားပြီး သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။
သူက မိစ္ဆာချုပ်နှောင်ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ သူ ၄င်းကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် ရေခဲတမျှ အေးစက်မှုက သူ့လက်ချောင်းများအတွင်း စီးဝင်ကာ သူ့စိတ်ကို လွှမ်းခြုံသွားသည်။ ၄င်းသည် ဆောင်ပုဒ်တစ်ခု၊ မိစ္ဆာချုပ်နှောင်သူများအဖွဲ့၏ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည်အဖြစ်ပြောင်းသွားသည်။
သမာဓိအပ်နှင်းခြင်း၊ မည်သည့်သတ္တဝါကိုမဆို မိစ္ဆာစွမ်းအား ပေးအပ်စေ။
***