ဟွမ်ဒရှန်း၏ ကျင့်ကြံခြင်းဂူ
Vol. 23 Ch. 315
အနက်ရောင်နယ်မြေတွင် မှောင်ရီပျိုးစအချိန်ဖြစ်သည်။ ကောင်းကင်သည် အမှောင်ထု၏ကြီးစိုးခြင်းခံထားရပြီး အောက်ရှိမြေပြင်ကား ပိတ်ပိတ်ပိန်း နက်မှောင်နေသည်။ လူသူလည်း ကင်းမဲ့လျက်ရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေ၏။
မည်သည့်သေမျိုးကိုမှ မမြင်ရပေ။ သူတို့အတွက် ဤကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် အသက်ရှင်နေထိုင်ရန် ခက်ခဲသည်။ ဤနေရာတွင် နေထိုင်သူအများစုက ကျင့်ကြံသူများဖြစ်လေသည်။ ရံဖန်ရံခါ သေမျိုးများအား တွေ့လျှင်တော့ အားကောင်းသောချီနှင့်သွေးတို့ဖြင့် ထွားထွားကြိုင်းကြိုင်း ကျင့်ကြံသူမျိုးနွယ်စုမှ ဆင်းသက်လာသူများဖြစ်ပေလိမ့်မည်။
မန်ဟို အနက်ရောင်နယ်မြေထဲ ဝင်ရောက်လာသောအခါ နောက်သို့ တခဏပြန်ကြည့်လိုက်ပြီးနောက် သံသယအရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် သူ ဤနယ်မြေသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသည့် မမြင်နိုင်သော အမျှင်တစ်ခု ဖိနှိပ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
အနက်ရောင်နယ်မြေထဲ မဝင်ရောက်ခင်က ၄င်းကို အာရုံမရခဲ့ပေ။ သို့သော် ၄င်း ဖိနှိပ်ခံလိုက်သည်နှင့်တစ်ပြိုင်နက် သူ သိရှိလိုက်လေသည်။
နွယ်ပင်များ အမြန်ဆုံးနှုန်းဖြင့် သူ့ကိုသယ်ဆောင်သွားနေစဥ် မန်ဟိုသည် တစ်ယောက်တည်း စဥ်းစားရင်း ပွစိပွစိ ရေရွတ်နေ၏။ အချိန်အနည်းငယ်ကြာသော် သူက အတွေးများကို ဖယ်ရှားကာ စိတ်ဝိညာဥ်အာရုံ ဖြန့်ကျက်လိုက်သည်။
အဘက်ဘက်၌ မီတာသုံးရာရှိသော နယ်ပယ်သည် ရုတ်ခြည်း သူ့စိတ်ထဲတွင် ပေါ်လာသည်။
"ငါ အားပြန်ဖြည့်ဖို့ ဆိတ်ငြိမ်တဲ့နေရာတစ်နေရာ ရှာဖို့လိုတယ်.....ကျိုးဒယ်ခွန်တစ်ယောက် အနက်ရောင်နယ်မြေကို ခေါ်သွားခံရတာကြားခဲ့ရတယ်...ဒါ့အပြင် ဒီမှာ မျက်လုံးမဲ့ပိုးကောင်နဲ့ပတ်သက်တဲ့ သတင်းအနံ့ခံလို့ရမယ်။ တစ်ကောင်လောက်များ သန့်စင်နိုင်မလားပဲ" မန်ဟိုက ကျီဟုန်တုန်၏ သိုလှောင်အိတ်ကို နောက်တစ်ခေါက် ထုတ်ကြည့်သည်။ ၄င်းအပေါ်က မှော်သင်္ကေတသည် နည်းနည်းလေးပင် အားနည်းသွားခြင်းမရှိ။ မန်ဟို ၄င်းကို အတန်ငယ် ဖိနှိပ်နိုင်လိုက်သော်လည်း အိတ်ကိုမဖွင့်နိုင်သေးပေ။ အဆိုပါချိတ်တံတံဆိပ်ကို ကြာသင့်သလောက် ကြာကြာဖိနှိပ်ထားလျှင်တော့ ဖွင့်နိုင်ပေမည်။
အချိန်အတန်ကြာပြီးနောက်တွင် မန်ဟိုက နောက်တစ်ဖန် မျက်လုံးမှိတ်လိုက်သည်။ သူက နွယ်ပင်များကို မရပ်မနား ရှေ့ဆက်သွားနေစေ၏။ မကြာမီ တစ်လကျော်ကြာခဲ့လေပြီ။
ရံဖန်ရံခါ အနက်ရောင်နယ်မြေကျင့်ကြံသူများနှင့် သူ ဆုံတွေ့တတ်သည်။ သူတို့မှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သောအရှိိန်အဝါဖြင့် ပိိန်လှီနေသည်။ များသောအားဖြင့် တစ်ယောက်တည်း သို့မဟုတ် ရှားရှားပါးပါး သုံးလေးငါးယောက်အဖွဲ့တို့သာ တွေ့ရတတ်သည်။ မန်ဟို့အတွက်တော့ သူတို့အများစုမှာ အဖော်မဲ့ဝံပုလွေများနှင့်တူလေသည်။
ဤအခြင်းအရာသည် တောင်ပိုင်းဒေသနှင့် မိုးနှင့်မြေပမာ ကွဲပြား၏။
သို့သော် ကြမ်းကြုတ်သော ဒေသခံများသည် မန်ဟို့ကိုမြင်သောအခါ သူငယ်အိမ်များ ကျုံ့သွားကြသည်။ မန်ဟို့၏ တလွင့်လွင့်ဖြစ်နေသော အဖြူရောင်ဆံပင်များသည် ထင်းခနဲပေါ်လွင်နေ၏။ သူ့မျက်နှာပေါ်က ဖြူဖျော့နေမှုဖြင့် ပေါင်းစပ်သွားသောအခါ ၄င်းက လူအများကို အလွန်ထိတ်လန့်တုန်လှုပ်သွားစေသည်။
ကြောက်စရာကောင်းသော နွယ်များကိုပါ ထည့်ပေါင်းလိုက်သည့်အခါ ပုံရိပ်တစ်ခုလုံးသည် အစွမ်းထက်သောဖျက်စီးခြင်းတစ်ရပ်ကို ဖော်ဆောင်နေသည်။ မန်ဟိုသည် အမြုတေဖြစ်တည်မှုအဆင့်အရှိန်အဝါကို ထုတ်လွှတ်နေသည့်အပြင် သွေးညှီနံတို့လည်း တလှိုင်လှိုင်ထွက်နေ၏။ သူ့ကို မြင်လိုက်သည့်မည်သူမဆို သူသည် ရန်သွားစ၍မရသူဟု သုံးသပ်မိလိုက်စေသည်။
သူနှင့်အဆင့်တူသော အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတချို့ပင်လျှင် သူ၏ကျင့်ကြံခြင်းအခြေခံအရှိန်အဝါကို အာရုံရပြီးနောက်တွင် တခဏသာ တုံ့ဆိုင်းပြီး သူ့လမ်းမှ ဖယ်ပေးလိမ့်မည်။
အနက်ရောင်နယ်မြေများတွင် သတ်ဖြတ်ခြင်းသည် ဘဝတစ်လျှောက်လုံး ဘယ်တော့မှ အတောမသတ်မည့်အရာဖြစ်ပြီး အလောင်းများပြန့်ကြဲနေသည်ကိုမြင်ရခြင်းက ပုံမှန်သာဖြစ်သည်။
မန်ဟို ခရီးနှင်နေစဥ် ကျင့်ကြံသူများအကြားက အကြင်နာမဲ့မှော်တိုက်ပွဲဒါဇင်များစွာကို ကြုံတွေ့ခဲ့ရသည်။ အနိဋ္ဌာရုံဤမြင်ကွင်းအတော်များများကိုလည်း မြင်ရ၏။ သူ၏သုံးသပ်မှုများအရ အနက်ရောင်နယ်မြေများကို လျင်မြန်စွာ ကောင်းကောင်းနားလည်လာလေသည်။
တစ်လကြာပြီးနောက် သူ တွေ့လိုက်ရသည့်အထူးဆန်းဆုံးအရာမှာ သတိအမြဲထားနေသည့်တိုင် ကျီမျိုးနွယ်ဝင်တစ်ယောက်မှ သူ့နောက်လိုက်မလာခြင်းကိုပင်။ သူသည် အနက်ရောင်နယ်မြေထဲ ဝင်ရောက်ခဲ့သောအခိုက်အတန့်၌ ဖိနှိပ်ခံလိုက်ရသည့် မမြင်နိုင်သောအမျှင်ကို မတွေးမိဘဲ မနေပေ။
သူ့မှာ ဘာဖြစ်နေသည်လဲ မသိတော့သဖြင့် ခဏချီတုံချတုံဖြစ်သွားသည်။ "အဲ့ဒီအမျှင်က ငါ ကျီဟုန်တုန်ကိုသတ်ပြီးတဲ့နောက် ပေါ်လာတာဖြစ်နိုင်မလား။ ကျီမျိုးနွယ်စု ငါ့ကို ခြေရာခံဖို့ အသုံးပြုလို့ရတဲ့ အမှတ်အသားလား။ အဲ့အတိုင်းဆိုရင် ငါအနက်ရောင်နယ်မြေထဲဝင်ရောက်တဲ့အချိန် ဘာလို့ဖိနှိပ်ခံလိုက်ရတာလဲ"
အချိန်သည် နှေးကွေးစွာ ရွေ့လျားနေသည်။ နောက်တစ်လ ထပ်ကုန်သွားပြန်ပြီ။ တောင်ပိုင်းဒေသနှင့်ယှဥ်လျှင် အနက်ရောင်နယ်မြေမှာ သိပ်မကြီးပေ။ သို့ရာတွင် ခရီးတစ်လျှောက်လုံး မြို့များများစားစား မရှိသည့်အတွက် ပို၍ ကျယ်ပြောပုံရနေသည်။
အားလုံးနီးပါး တိတ်ဆိတ်ခြောက်ကပ်၍ အထီးကျန်လျက်ရှိသည်။ မြေကြီးသည် ပျက်စီးမှုတို့ ဆိုးဆိုးရွားရွား စိမ့်ဝင်ပျံ့နှံ့နေလျက် မည်းနက်နေသည်။ စိတ်ဝိညာဥ်စွမ်းအင် ပြည့်ဝနေသော နေရာဟူ၍ မရှိသလောက်ရှားသည်။ ကံကောင်းစွာနှင့် လောလောဆယ်တွင် မန််ဟို့အတွက် စိတ်ဝိညာဥ်စွမ်းအင်ကို အထူးတလည်လိုအပ်မနေပေ။ တစ်ရက်တွင် သူသည် နွယ်ပင်များအပေါ်၌ တင်ပျဥ်ခွေထိုင်နေစဥ် ရုတ်တရက် မျက်လုံးဖွင့်၍ အဝေးသို့လှမ်းကြည့်လိုက်သည်။
သူသည် လေးဆယ်ကီလိုမီတာခန့်အကွာ၌ တောင်ပုတစ်လုံးနှင့်အတူ အထူးပြင်ဆင်မထားသော ကျင့်ကြံခြင်းဂူတစ်လုံးကို စိတ်ဝိညာဥ်အာရုံဖြင့် လှမ်းမြင်လိုက်သည်။ ကျင့်ကြံခြင်းဂူသည် တောင်အတွင်းတွင် တည်ရှိခြင်းမဟုတ်ဘဲ ကျင်းသဖွယ် ၄င်းအောက်တွင်ရှိနေလေသည်။ တောင်ဘေးတွင် ရေကန်အဖြစ် တည်ရှိနေသော စိမ့်စမ်းတစ်ခုရှိသည်။
ရေကန်အတွင်းရှိ ရေများသည် နောက်ကျနေပြီး တစ်နေရာလုံးမှာ တိရစ္ဆာန်များ၏ အညစ်အကြေးများ၊ ပေါင်းမြက်များဖြင့် ရှုပ်ပွနေသည်။ ကြည့်ရသရွေ့ ဤနေရာမှာ စွန့်ပစ်ခံထားရပုံပေါ်သည်။ မန်ဟိုသည် အနားယူပြီး အားပြန်ဖြည့်ဖို့ နေရာတစ်နေရာ အလောတကြီး လိုအပ်မနေလျှင် ဤကဲ့သို့နေရာမျိုးကို ကျော်သွားလောက်ပေမည်။
"တကယ်တော့ အဲ့လောက် မဆိုးပါဘူး" သူက သူ၏စိတ်ဆန္ဒကို နွယ်ပင်များထဲ ကူးပြောင်းပေးလိုက်ရာ ၄င်းတို့သည် ထိုတောင်ရှိရာသို့ ရွေ့လျားသွားကြ၏။
မကြာမီ သူထိုနေရာရောက်သွားသည်။ သူသည် နွယ်ပင်များအား မြေကြီးထဲ ထိုးဝင်၍ ၄င်းတို့ကိုယ်၄င်း ဖုံးကွယ်စေပြီးနောက် ခြေကျင်လျှောက်သွားသည်။
မန်ဟိုသည် မြက်ခြောက်များကို ဖြတ်လျှောက်ပြီး ရေကန်ကိုကျော်သွား၏။ ထိုစဥ် ရေသောက်နေသော အနက်ရောင်သတ္တဝါသေးသေးလေးတစ်ကောင်ကို သူသတိထားမိလိုက်သည်။ ၄င်းက ရန်လိုသော အငွေ့အသက်ထုတ်လွှတ်ရင်း သူ့ကို မော့ကြည့်သည်။
မန်ဟိုက ၄င်းကိုလျစ်လျူရှုပြီး တောင်ကိုအကဲခတ်ရန် ပျံတက်လိုက်သည်။ ထို့နောက်မှ သူသည် ကျေနပ်သွားဟန်ဖြင့် တောင်မျက်နှာပြင်ပေါ်ရှိ ကြီးမားသောအက်ကြောင်းကြီးထံ ပျံသန်းသွားသည်။
မညီမညာ ဖြစ်နေသော အက်ကြောင်းသည် အောက်သို့ဦးတည်သွားပြီး သူ့အရှေ့တွင် ကျင့်ကြံခြင်းဂူ၏ပင်မတံခါးပေါ်လာရန် တခဏသာကြာလိုက်သည်။ မန််ဟိုက လက်ကိုဝှေ့ယမ်းလိုက်ရာ တံခါးသည် တုန်ခါလာပြီးနောက် ဖြေးဖြေးချင်းပွင့်လာသည်။
ကျင့်ကြံခြင်းဂူမှာ သိပ်မကြီးလှပေ။ အတွင်းရှိသမျှအားလုံးမှာ ဖုန်ဖုံးနေသည်။ ၄င်းမှာ အချိန်အတော်ကြာ စွန့်ပစ်ခံထားရပုံပေါ်သော်လည်း စဦးချီဖွဲ့စည်းမှုအဆင့် ၅ သို့ ၆ လောက်ရှိသော အရှိန်အဝါသည် အတွင်း၌ ကျန်ရှိနေဆဲဖြစ်သည်။ ဂူပိုင်ရှင်မှာ ကျင့်ကြံခြင်းအခြေခံ သိပ်မြင့်မားပုံမရပေ။
ဘေးဘီဝဲယာကို တခဏကြည့်ရှုစစ်ဆေးပြီးနောက် မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ရာ လေတစ်ချက်သည် ဖုန်နှင့် မည်သည့်အမှိုက်သရိုက်ကိုမဆို ချက်ချင်းရှင်းလင်းလိုက်၏။
ထို့နောက် သူသည် တင်ပျဥ်ခွေထိုင်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ့မျက်ဝန်းများတွင် အတွေးနက်နေသော အရိပ်အယောင်ရှိပြီး သူ၏လက်က မုဒြာဟန်ဖော်ဆောင်၍ လက်ချောင်းကို တံခါးထံ ဝှေ့ယမ်းလိုက်သည်။ ၄င်းသည် ဖြေးဖြေးချင်းပိတ်သွားပြီးနောက် မှော်သင်္ကေတများ ၄င်း၏မျက်နှာပြင်တွင် ပေါ်လာကာ ချိတ်ပိတ်လိုက်သည်။
"ငါ့ဒဏ်ရာတွေက လောလောဆယ် ငါးဆယ်ရာခိုင်နှုန်း ကုသပြီးသွားပြီ။ ဒီတစ်ခေါက်တော့ တကယ်ပဲ အထိနာတယ်..." သူသည် ဆေးလုံးတချို့ထုတ်စားပြီးနောက် မျက်လုံးများပိတ်ကာ တရားထိုင်လိုက်သည်။ ဖြေးဖြေးနှင့်မှန်မှန် သူ၏ဒဏ်ရာများ သက်သာပျောက်ကင်းလာ၏။
ဆေးဝါးတာအို၏မဟာအကြီးအကဲအနေဖြင့် သူသည် သူ၏ဒဏ်ရာများအတွက် အသင့်တော်ဆုံးသော ဆေးလုံးများကို ဖော်စပ်နိုင်လေသည်။
အချိန်သည် အေးအေးချမ်းချမ်း ကုန်လွန်လာ၏။ ကျင့်ကြံခြင်းဂူထဲတွင် တိတ်ဆိတ်ပြီး မှောင်မည်းနေလေသည်။ သူသည် အချိန်တစ်ခုကြာသည်အထိ တစ်ယောက်တည်းထိုင်နေ၏။ နောက်ဆုံးတွင် မိန်းမောနေရာမှ နိုးလာပြီး မျက်စိဖွင့်၍ အမှောင်ထုထဲကို ကြည့်လိုက်သည်။ အကြောင်းတစ်ချို့ကြောင့် ဇီယွင်ဂိုဏ်းမှ အမှတ်တရများ သူ့စိတ်ထဲတွင် ပေါ်လာသည်။
"ကျီမျိုးနွယ်စု..." တောက်ပသောအလင်းရောင်က သူ၏မျက်လုံးများတွင်ဘပေါ်လာပြီးနောက် သူက နောက်တစ်ဖန် မျက်လုံးပြန်မှိတ်လိုက်သည်။
သုံးလဆိုသော အတိုင်းအတာသည် တရွေ့ရွေ့ကုန်ဆုံးသွားသည့်တိုင် မန်ဟိုမှာ အချိန်မည်မျှရှိပြီလဲ ကောင်းကောင်းမသိပေ။ ယခုတွင် သူ၏ဒဏ်ရာများသည် ရှစ်ဆယ်ရာခိုင်နှုန်းကျော် ပျောက်ကင်းနေလေပြီ။ သူ၏တွက်ချက်မှုများအရ လအနည်းငယ်အတွင်း အရှင်းသက်သာ၍ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရှိသွားပေလိမ့်မည်။ အမှန်တွင် အတန်ငယ်တိုးတက်အောင်ပင် လုပ်နိုင်သေးသည်။
သူ့အတွက် လုံးဝထူးဆန်းနေသည်မှာ ပြီးခဲ့သည့်သုံးလအတွင်း ကျီမျိုးနွယ်စု၏အရိပ်အယောင်ကိုပင် မမြင်ရသောကြောင့်ဖြစ်သည်။ မန်ဟိုမှာ ယင်းနှင့်ပတ်သက်၍ သူ့ဘာသာသူ ကောက်ချက်ချလိုက်သည်။
ရုတ်တရက် တစ်စုံတစ်ခုကို သူတွေးမိလိုက်သည်။ "ဆရာ့ကြောင့်များလား....." သူသည် ဤအကြောင်းကို အတန်ကြာသည်အထိ တိတ်ဆိတ်စွာတွေးနေသည်။
နောက်ဆုံး၌ သူသည် သက်ပြင်းချလိုက်ပြီး မျက်လုံးပြန်မှိတ်ကာ ဒဏ်ရာများကုသရာတွင် အပြည့်အဝအာရုံစိုက်လိုက်သည်။ သို့သော် တခဏကြာသော် သူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး ကျင့်ကြံခြင်းဂူ၏အပြင်ကို အာရုံစိုက်လိုက်သည်။
ဤတောင်မှ ကီလိုမီတာငါးဆယ်ခန့်အကွာတွင် အသက်သုံးဆယ်အရွယ် ခပ်ပိန်ပိန်လူတစ်ယောက်သည် သတိထားပြီး လမ်းလျှောက်လာနေ၏။
သူ၏ကျင့်ကြံခြင်းအခြေခံမှာ စဦးချီဖွဲ့စည်းမှုအဆင့် ၆လောက်သာ ရှိသည်။ ခက်ထန်သောအကြည့်ကို သူ၏မျက်လုံးများ၌ မြင်နိုင်သည်။ တောင်ပိုင်းဒေသတွင်ဆိုလျှင် ဤလူကို အနိုင်ယူနိုင်သည့် အဆင့်တူပုဂ္ဂိုလ် မရှိသလောက် ရှားပေးလိမ့်မည်။
"ငါ ဒီတစ်ခေါက် တကယ့်ကို ကံဆိုးခဲ့တာပဲ" ထိုလူက အံတင်းတင်းကြိတ်ပြီး ပြောသည်။ "နေပါဦး အဲ့နေရာက ဘယ်လိုသောက်နေရာကြီးတုံး။ ငါ့ကိုနှစ်နှစ်တောင် ပိတ်ထားတယ်" သူ တောင်ကုန်းထံသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလာနေစဥ် သူ၏မျက်လုံးများသည် ဟိုဟိုသည်သည်ကြည့်နေ၏။
သူက ပုံမှန်လုပ်ရိုးလုပ်စဥ်အလား တစ်ချိန်လုံး ကျီးကန်းတောင်းမှောက်ကြည့်ရင်း တောင်ကို တစ်ပတ်ပတ်လိုက်သည်။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီး ဘယ်သူ့မှ သူ့နောက်လိုက်မလာကြောင်း သေချာမှာသာလျှင် အက်ကြောင်းထဲ ခုန်ဝင်ပြီး အောက်ဆင်းလာသည်။
"အခုကစပြီး အဲ့သောက်နေရာကို ထပ်မသွားတော့ဘူး။ ကံကောင်းလို့ နှစ်နှစ်ပိတ်မိနေတာတောင်မှ အသက်အန္တရာယ်မရှိခဲ့လို့သာပေါ့။ တခြားသူတွေဆို အသတ်ခံရလောက်ပြီ" သူက သက်ပြင်းချရင်း ပွစိပွစိပြောကာ အက်ကြောင်းထဲဆင်းလာနေသည်။ သေခြင်းအား ကြိမ်ဖန်များစွာ မြင်တွေ့ရပြီးနောက် သူသည် ထုံတော့မထုံသွားသော်လည်း ဘဝ၏ပုံမှန်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသော အဆင့်အထိရောက်နေပြီဖြစ်သည်။
"ကံဆိုးစွာနဲ့ ငါ့မှာ ဆေးရည်မရှိသေးဘူး" သူက တစ်ယောက်တည်း ရွတ်နေသည်။ "ဒါမဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းဂူရှိလို့ တော်သေးတာပေါ့" သူသည် ကိုယ့်ကိုကိုယ် အားရကျေနပ်သွားပြီး အတန်ငယ်စိတ်သက်သာရာရသွား၏။ နောက်ဆုံး၌ သူအနားယူနိုင်သော ကျင့်ကြံခြင်းဂူကို ပြန်ကြည့်လိုက်သည်။ သူသည် ညာလက်ကိုမြှောက်၍ အမိန့်ပြားတစ်ခုကို တံခါးထံ ပစ်လိုက်သည်။
အမိန့်ပြား မြေပေါ်ပြုတ်ကျသွားသဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ကျင့်ကြံခြင်းဂူ၏ ပင်မတံခါးက တုပ်တုပ်မှမလှုပ်ပေ။
"အလုပ်မလုပ်တော့တာလား" သူက ပင့်သက်ရှိုက်ရင်း တွေးလိုက်သည်။ သူသည် ရှေ့သို့လျှောက်သွားပြီး အမိန့်ပြားကို ကောက်ကာ ဖင််တစ်ပြန်ခေါင်းတစ်ပြန် ကြည့်လိုက်ကြသည်။ ထပ်စမ်းကြည့်ရန်ပြင်လိုက်စဥ် ရုတ်တရက် မကြာသေးမီက တံခါးအဖွင့်ခံခဲ့ရကြောင်း ထင်ရှားစေသည့် မြေကြီးပေါ်က ဖုန်ထဲရှိ အရာများကို သတိထားမိလိုက်သည်။
သူ၏မျက်လုံးများတွင် ချက်ချင်းပင် ဒေါသမီးတောက်သွားတော့သည်။ သူ၏ကျင့်ကြံခြင်းဂူအား တခြားတစ်ယောက် ခိုးသွားသည်ကို အဘယ်ကြောင့်သူနားမလည်လဲရှိမည်နည်း။
"မင်း ဘယ်ကလာတာလဲ ငါ မသိဘူး ခွေးမသား နလပိန်းတုံး" သူက ချက်ချင်း အော်သည်။ "ဒါပေမယ့် ဒီနေရာက အဘိုးဟွမ်ရဲ့ ကျင့်ကြံခြင်းဂူကွ။ အခုချက်ချင်း ဒီနေရာကထွက်သွားစမ်း" သူ၏တွက်ချက်မှုအရ ကျင့်ကြံခြင်းဂူအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များမှာ ကုန်ခမ်းနေပြီဖြစ်သည်။ အဆင့်မြင့် စဦးချီဖွဲ့စည်းမှုကျင့်ကြံသူများဆိုလျှင် ၄င်းကို စိတ်ဝင်စားမည်မဟုတ်။ ထို့ထက်အစွမ်းထက်သူများဆိုလျှင် မဆိုထားနှင့်ဦး။
ထိုမျှသာမက သူ ဤကျင့်ကြံခြင်းဂူကို သိမ်းပိုက်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ မှန်ပါသည်၊ ယခင်က သူ့ထံမှ ၄င်းကို လုယူရန် ကြိုးစားခဲ့သော လူတချို့ရှိခဲ့သော်လည်း အားလုံးမှာ သူ့ထက် အဆင့်နိမ့်သူများဖြစ်သည့်အတွက် တစ်ယောက်မကျန်ရှင်းပစ်နိုင်ခဲ့သည်။ အဆုံးသတ်တွင် ဤသေးငယ်သောကျင့်ကြံခြင်းဂူလေးသည် သူ့အပိုင်ဖြစ်လာခဲ့၏။
သို့သော် ယခုတွင် သူနှစ်နှစ်တာ ဝေးကွာနေခဲ့သည့်အတောအတွင်း တစ်ယောက်ယောက်က သိမ်းပိုက်ရန်လာခဲ့လေပြီ။
"တံခါးဖွင့်စမ်း။ မင်းဘွားအေတဲ့မှ။ ဒါက အဘိုးဟွမ်ရဲ့ ပိုင်နက်၊ အဘိုးဟွမ်ရဲ့ ကျင့််ကြံခြင်းဂူကွ။ ပတ်ဝန်းကျင်ကလူတွေအကုန်လုံး ငါက လက်ရှစ်ချောင်း နဂါးဘုရင် ဟွမ်ဒရှန်းဆိုတာ သိကြတယ်"
ကျင့်ကြံခြင်းဂူအတွင်းတွင် မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ဤနေရာမှာ စွန့်ပစ်ခံထားရပုံပေါ်ခဲ့လေသည်။ ဤနေရာတွင်နေသူရှိလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ...
"မင်းက အဘိုးဟွမ်ရဲ့ကျင့်ကြံခြင်းဂူကို ခိုးဖို့ကြိုးစားရဲလောက်တဲ့အထိ သတ္တိရှိတယ်ပေါ့လေ" ဟွမ်ဒရှန်း ဟိန်းဟောက်လိုက်သည်။ အတွင်းမှ တုံပြန်မှုမရှိသောအခါ သူက အေးစက်စက်နှာမှုတ်ပြီး ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်သည်။ ထို့နောက် လက်ညှိုးကိုဆန့်ထုတ်လိုက်ရာမီးလျှံတစ်ခုထွက်လာသည်။ ၄င်းသည် မီးစက်လုံးပုံစံပြောင်း၍ ကျင့်ကြံခြင်းဂူတံခါးကို ပြေးတိုက်၏။
ပေါက်ကွဲသံသည် ခပ်ကျဥ်းကျဥ်းအက်ကြောင်းထဲတွင် မြည်ဟည်းသွားပြီးနောက် ဟွမ်ဒရှန်းက ချက်ချင်း ထပ်အော်ပြန်သည်။ "တံခါးကိုဖွင့်စမ်း သောက်..."
သူစကားပြောမပြီးခင် တံခါးသည် တိတ်ဆိတ်စွာ ဟလာ၏။ ဟွမ်ဒရှန်းက သူ၏မှော်ပညာရပ်ဖြင့် ရန်သူကို အနိုင်ယူရတော့မည်ကို ဂုဏ်ယူရင်း အေးစက်စက်နှာမှုတ်လိုက်သည်။ သူသည် ဒေါသထွက်နေသော်လည်း အထဲသို့ ချက်ချင်းမဝင်ပေ။ သတိထားနေသော အရိပ်အယောင်က သူ၏မျက်လုံးများတွင် တောက်ပနေသည်။
သူက တံခါးကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။ အထဲတွင် ဖုန်ဟူ၍မတွေ့ရဘဲ အေးချမ်းစွာ ထိုင်နေသောမန်ဟို့ကို မြင်လိုက်ရသည်။
မန်ဟို တစ်ယောက်တည်းကိုမြင်သော် သူကပြောသည်။ "မင်းဘွား....." သို့သော် သူက ဒေါကန်ကန်နှင့် မန့်ဟိုမျက်လုံးများကို ကြည့်လိုက်သည်။ ၄င်းတို့၏ နက်နဲသိမ်မွေ့နေမှုအတွင်းတွင် သွေးအေးရက်စက်မှုရှိလေသည်။
သူ၏ဆံပင်သည် ဆွတ်ဆွတ်ဖြူနေပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ပုံမှန်အတိုင်းပြန်ဖြစ်ရန် သွေးတချို့လိုအပ်နေသကဲ့သို့ သူ၏အသားအရေသည် ဖျော့ဖပ်နေသည်။
ဤအခြင်းအရာအားလုံးက ဟွမ်ဒရှန်းကို ရေခဲရေဖြင့် ခေါင်းမှလောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရစေသည်။ သူ့မှာ ကြက်သီးတဖြန်းဖြန်းထလာတော့သည်။
"တာ...တာအို....တာအိုရောင်ရင်း"
***