မန်ဟို့၏ စင်ကြယ်သော ကိုယ်ကျင့်တရား
Vol. 23 Ch. 316
"အာ.... တာအိုရောင်ရင်း...." ဟွမ်ဒရှန်းမှာ ရင်တဒိန်းဒိန်းခုန်နေသည်အား မရပ်တန့်နိုင်တော့ပေ။ သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူက ကတုန်ကယင်နှင့် စပ်ဖြဲဖြဲလုပ်လိုက်သည်။ ထို့နောက် စဥ်းပင်မစဥ်းစားမိလိုက်ဘဲ နောက်ဆုတ်မိသွားသည်။
"ဟဲဟဲ မင်္ဂလာပါဗျ ..... ကျွန်တော်တို့နှစ်ယောက် ဆုံတွေ့တာ ဘယ်လောက်ကံကောင်းလိုက်သလဲ။ တာအိုရောင်ရင်း ဒီမှာ နေချင်ရင် ရတယ် အေးဆေး ... အေးဆေး" ဟွမ်ဒရှန်းမှာ ကြောက်ဒူးတုန်တုန်ဖြင့် ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ် မန်ဟို့၏ တည်ငြိမ်သော မျက်လုံးများက သူ့ခြေထောက်အပေါ် ကျရောက်လာသည်။ ကျိုးဒရှန်း တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့မှာ တစ်လက်မလေးပင် မရွေ့ရဲပေ။ ချွေးသီးများ သူ့နဖူးတွင် ထွက်လာပြီး သူ၏ ဖြူဆုပ်နေသော မျက်နှာတစ်လျှောက် စီးကျလာသည်။ မန်ဟို့အကြည့် သူ့ခြေထောက်အပေါ် ရောက်လာသည်နှင့်တစ်ပြိုင်နက် ၄င်းတို့မှာ သူ့နှင့် မသက်ဆိုင်တော့သည့်အလားပင်။
နောက်ဆုံးတွင် မန်ဟို့အကြည့်က အပေါ်ရောက်လာပြီး ဟွမ်ဒရှန်း၏ မျက်လုံးတည့်တည့်ကို ကြည့်သည်။ ဟွမ်ဒရှန်းဦးနှောက်မှာ ပြင်းထန်စွာ လှုပ်ခါနေပြီး လိပ်ပြာလွင့်တော့မတတ် ခံစားနေရ၏။ ပြင်းထန်သော ထိတ်လန့်မှုတို့က သူ့ကို လွှမ်းမိုးနေသည်။
"ချီအခြေတည်ခြင်း.... ဒါ သေချာပေါက် ချီအခြေတည်အဆင့်ပဲ...." ဟွမ်ဒရှန်း ဘဝတစ်လျှောက်လုံး ကြုံတွေ့ဖူးသည့် အစွမ်းထက်ဆုံးလူမှာ ချီအခြေတည်အဆင့်ဖြစ်သည်။ မန်ဟို့ကြောင့် ခံစားနေရသော အကြောက်တရားသည် ဖော်ပြ၍မရလုနီးပါးဖြစ်ရာ သူမြင်ခဲ့ဖူးသည့် အစွမ်းထက်ဆုံးလူကို ပြန်တွေးမိလိုက်စေသည်။
မန်ဟို စကားတစ်ခွန်းပင် မပြောရသေးခင် ဟွမ်ဒရှန်းက သွေးမရှိသော မျက်နှာဖြင့် ဘုတ်ခနဲ ဒူးထောက်လိုက်သည်။
"စီနီယာကြီး ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါဗျာ။ ကျွန်တော် စောစောက မဆင်မခြင်ပြောမိသွားတယ်။ စီနီယာကြီး ခင်ဗျားက တကယ့်ကို သဘောထားကြီးတဲ့ ယောက်ျားတစ်ယောက်ပါ။ အသက်ချမ်းသာပေးပါနော်...." ဟွမ်ဒရှန်းမှာ ရှိခိိုးဦးချတော့မတတ် အသနားခံနေသည်။ သူ့ဝတ်ရုံနောက်ကျောတွင် ချွေးအေးများ ရွှဲနေပြီဖြစ်သည်။
မန်ဟို တခဏ တွေဝေသွားသည်။ သူ့အတွက် ဤစဦးချီဖွဲ့စည်းမှုကျင့်ကြံလေးသူတစ်ယောက်အား ဒုက္ခရှာစရာမလိုပေ။ ထို့အပြင် ဤကျင့်ကြံခြင်းဂူသာ ထိုလူ့အပိုင်ဟုတ်ပါက ခိုးမှုမြောက်သည်မဟုတ်လော။
ဟွမ်ဒရှန်းမှာတော့ သူတွေဝေနေသည်ကိုမြင်သောအခါ ပို၍ပင် ထိတ်လန့်လာ၏။
"သူငါ့ကို သတ်ချင်နေတာပဲ" သူက တွေးသည်။ "ငါတော့ သေပြီ။ သေပြီ။ ဒီချီအခြေတည်အဆင့်ကျင့်ကြံသူတွေအကြောင်း ငါကြားဖူးတယ်။ သူတို့က တစ်ချိန်လုံး လူသတ်နေတာတဲ့။ တချို့ဆို လူသားအစိမ်းလိုက်စားတဲ့ အကျင့်ရှိတယ်လို့တောင် ကြားဖူးတယ်...." ဤသည်ကို တွေးမိလိုက်သည်နှင့် ဟွမ်ဒရှန်း၏ အမြင်အာရုံ ရုတ်တရက် ဝေဝါးသွားသည်။ သူ့ရင်ထဲတွင် နောင်တများ၊ ခံပြင်းဒေါသများ ပြည့်နှက်နေ၏။ သူ့မှာ ဤနေရာထက်စာလျှင် ယခုလေးတင် လွတ်မြောက်လာခဲ့သော နေရာတွင်နေသည်က ပိုကောင်းမည်ဟု ရုတ်တရက် သဘောပေါက်လိုက်သည်။ အနည်းဆုံးတော့ ထိုနေရာတွင် သူ့အသက်အန္တရာယ်မရှိပေ။ ယခုတော့....
ရုတ်တရက် ဟွမ်ဒရှန်း စကားစလိုက်သည်။ သူ ဤနေရာတွင် မသေချင်ပေ။ ထို့အတွက် သူ့ခေါင်းထဲတွင် အကြံပေါင်းစုံပြေးလွှားနေသည်။ မန်ဟိုတစ်ခုခုပြောမည့်ပုံပေါ်သည့်အချိန်မှာပင် ဟွမ်ဒရှန်းက အော်ပြီးပြောသည်။ "အီး ဒါက တကယ်ပဲ ကျွန်တော့် ကျင့်ကြံခြင်းဂူ ဟုတ်ရဲ့လား။ ထူးဆန်းလိုက်တာ၊ စိတ်ဝိညာဥ်စွမ်းအင်တွေလည်း သိပ်သည်းနေတာပဲ။ ဒါ့အပြင် အကုန်လုံးက တောင်ပြောင်နေတော့ အင်မိုတယ်တစ်ယောက်ရဲ့စံအိမ်နဲ့ တူနေလိုက်တာနော်
"စီနီယာကြီး ခင်ဗျားက တကယ် အံသြစရာကောင်းလွန်းပါတယ်။ ကြည့်ပါဦး ဒီကျင့်ကြံခြင်းဂူကလေ အရမ်းရိုးရှင်းနေခဲ့ပေမယ့် စီနီယာကြီး ဒီမှာ စနေတာနဲ့ ခင်ဗျားရဲ့တည်ရှိမှုကြောင့် တလက်လက်တောက်ပနေတော့တာ ကောင်းကင်ဘုံဗိမာန်အတိုင်းပဲဗျာ" ဟွမ်ဒရှန်း၏စကားလုံးများက မန်ဟို့ကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
သူပါးစပ်အဟောင်းသားဖြစ်နေခြင်းက ဟွမ်ဒရှန်း၏စိတ်ဝိညာဥ်ကို နိုးကြားသွားစေ၏။ သူ့မှာ အသက်ရှင်မည့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့ပုံရသည်။ ထို့ကြောင့် ပို၍ပင် အားပါးတရပြောတော့သည်။
"ကျင့်ကြံခြင်းဂူကို မြင်ပြီးတာနဲ့ ကျွန်တော် ဘယ်တော့မှ စိတ်ငြိမ်နိုင်တော့မယ်မထင်ဘူး " သူသည် ထူးခြားအံဖွယ်ရာမြင်လိုက်ရသကဲ့သို့ ဘာမှမပြောင်းလဲသော ကျင့်ကြံခြင်းဂူကို ဝေ့ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် စိတ်အားထက်သန်မှု၊လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။ "အခု ကျွန်တော် ဘာလိုအပ်နေလဲ သိလိုက်ပြီ။ ဆရာကြီးရဲ့ ခိုင်မာပြတ်သားတဲ့ ကျင့်ကြံခြင်းနဲ့ အထင်ကြီးစရာကောင်းတဲ့ တည်ကြည်လေးနက်မှုတွေကို မွေးဖွားပေးလိုက်တဲ့ တန်ခိုးရှင်စိတ်သဘောထား
"ဆရာကြီး ခင်ဗျားမှာ တန်ခိုးရှင်တစ်ယောက်ရဲ့အငွေ့အသက် တကယ်ရှိတယ်။ ကျွန်တော် စိတ်ရင်းအတိုင်း ဦးမညွှတ်ဘဲ မနေနိုင်ပါဘူးဗျာ။ ဦးညွတ်လိုက်တိုင်း ကျွန်တော့်စိတ်လှုပ်ရှားမှုတွေ ထိန်းမနိုင်သိမ်းရဖြစ်ကုန်ပြီး ကျွန်တော့်ကျင့်ကြံခြင်းအခြေခံကတော့ ဝမ်းသာအားရကခုန်နေတော့တာပဲ" ဟွမ်ဒရှန်းမှာ ပြောနေသည်နှင့်အမျှ ပို၍စိတ်လှုပ်ရှားလာပြီး ပါးစပ်မှ တံတွေးများပင် ထွက်လာသည်။ သူ့မှာ မန်ဟို့ကို မျက်နှာချိုသွေးရန် ဘာမှမထိမ်ချန်တော့မည့်ပုံရ၏။
မန်ဟို့မှာတော့ ကြက်သေသေ သေပြီး နောက်တစ်ဖန် တွေဝေသွားပြန်သည်။ ထို့နောက် သူ့မျက်နှာရဲလာ၏။
"ကျွန်တော်တွေးနေတာ" ဟွမ်ဒရှန်းက ကရားရေလွှတ်ပြောနေသည်။ "ဒါဟာ မိုးကောင်းကင်ရဲ့ အလိုတော်များလားလို့ပေါ့။ မိုးကောင်းကင်ရဲ့ အလိုကြောင့် စီနီယာကြီး ဒီမှာပေါ်လာတယ်။ ကျွန်တော်တော့ ခင်ဗျား အရှေ့မှာရပ်ပြီး ခင်ဗျားရဲ့အင်မိုတယ်ချီနှင့် ထိတွေ့ခွင့် မတောင်းဆိုဘဲ မနေနိုင်ပါဘူးဗျာ။ ဒါကြောင့် ဒီတစ်ခုတော့ ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်" မျက်ရည်ပေါက်များ သူ၏ပါးပြင်တစ်လျှောက် စီးကျလာပြီး သူက မန်ဟို့ကို ရင်တုန်တုန်ဖြင့် စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
သူ၏စကားလုံးများက မန်ဟို့ကို သွေးတက်သွားစေသည်။(အမလေး ငါသွေးတက်) သူသည် မှီခိုရာဂိုဏ်းတွင် မျက်နှာချိုသွေးနည်း တော်တော်များများ သင်ယူခဲ့ရကြောင်း အမြဲတွေးခဲ့သည်။ သို့သော် ကမ္ဘာပေါ်တွင် သူ့ထက်ပို၍စွမ်းဆောင်နိုင်သူများစွာ ရှိကြောင်း သူသိလိုက်လေပြီ။
ထိုကဲ့သို့လူတစ်ယောက်က ဤနေရာ အနက်ရောင်နယ်မြေတွင် ရှိနေသည်....ကံဆိုးစွာနှင့် ထိုစကားလုံးများမှာ မန်ဟို့အပေါ် သက်ရောက်မှုမရှိပေ။ သူက တင်းမာခက်ထန်သောအမူအရာဖြင့် သူ့အရှေ့တွင် ရပ်နေသောကျင့်ကြံသူကို ကြည့်လိုက်သည်။
တင်းမာခက်ထန်မှုက ဟွမ်ဒရှန်းကို နောက်တစ်ကြိမ် ရင်တုန်သွားစေသည်။ သူ့က အားတင်းပြီး ထပ်ပြောပြန်သည်။
"စီနီယာကြီး ရဲ့ စင်ကြယ်တဲ့ကိုယ်ကျင့်တရား နောက်တစ်ခုကတော့ ဒါပါပဲ။ မြှောက်ပင့်စကားတွေမှာ ယိမ်းယိုင်မှုမရှိတာ။ ဒီလိုစကားတွေအားလုံးက တောင်ကိုရိုက်ခတ်နေတဲ့ လေပြေညင်းလေးလိုပဲ။ ခင်ဗျား ဒေါသထွက်ချင်ရင် ဒေါသထွက်မယ်။ ခင်ဗျားဟာ ထူးချွန်ပြောင်မြောက်ပြီး ခိုင်မာပြတ်သားတဲ့ သူရဲကောင်းကြီးတစ်ယောက်ပါပဲ"
ဤတစ်ကြိမ်တွင်တော့ မန်ဟို သည်းမခံနိုင်တော့ပေ။ သူက တဟားဟားရယ်လိုက်သည်။ ရယ်မောလိုက်ခြင်းက ပြန်လည်မွေးဖွားခြင်းဂူမှာတုန်းက အဖြစ်အပျက်အားလုံးကြောင့် သူ့ကို နှိပ်စက်နေသော ဖိအားတချို့ကို လျော့ကျသွားစေသည်။
ဟွမ်ဒရှန်း၏လျှာရိုးမရှိ လျှောက်ပြောနေသော စကားများကို ဖြတ်တောက်ရင်း မန်ဟိုကပြောသည်။ "သိပ်ကောင်းတယ်။ ငါတိတ်ဆိတ်တာကြိုက်တယ်။ ဒီကျင့်ကြံခြင်းဂူက မင်းအပိုင်ဆိုတော့ ငါအလကားမယူဘူး။ မင်းလိုအပ်တဲ့အခါတိုင်း ငါငှားခပေးမယ်"
ဟွမ်ဒရှန်းမှာ ချွေးတဖြိုက်ဖြိုက်ကျနေသော်လည်း နောက်ဆုံး၌ ရင်ထဲကအလုံးကြီးကျသွားလေသည်။ သူ့မှာ အသက်ချမ်းသာရာရဖို့အတွက် သူထုတ်နိုင်သမျှ စိတ်စွမ်းအားအလုံးစုံ အသုံးပြုခဲ့ရသည်။ စောစောက မန်ဟို့စကားကိုကြားသော် သူ့မှာ မည်သည့်အတွက်ကြောင့် တောင်းဆိုဝံ့မည်နည်း။
"စီနီယာကြီး ဒီကျင့်ကြံခြင်းဂူကို ကြိုက်တယ်ဆိုမှာတော့ ဘာတောင်းဆိုနိုင်မလဲဗျာ။ တကယ်မလိုပါဘူး။ ကိုယ့်အိမ်လို သဘောထားပြီး သက်တောင့်သက်သာနေပါ"
မန်ဟိုက တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်ရင်း ဟွမ်ဒရှန်းကို ခဏကြည့်လိုက်သည်။ ယခု သူ့အတွက် အလိုအပ်ဆုံးမှာ ဝိညာဥ်ကျောက်တုံးများဖြစ်၏။ သူက သိုလှောင်အိတ်ကိုပုတ်ကာ ဆေးဒယ်အိုးအမှတ်အသားမရှိသော စဦးချီဖွဲ့စည်းမှုဆေးလုံးတစ်လုံး ထုတ်လိုက်သည်။
ဤသည်မှာ သူ ဖော်စပ်ခဲ့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်သော သာမန်ဆေးစွမ်းအားနှင့် စဦးချီဖွဲ့စည်းမှုဆေးလုံးဖြစ်သည်။
ဆေးလုံးကို ထုတ်လိုက်စဥ် မန်ဟို့မှာ ပေးရန်မသင့်ကြောင်း ခံစားလိုက်ရ၏။ သူက ပြန်ထည့်ပြီး နောက်တစ်မျိုးထုတ်ရန်ပြင်လိုက်စဥ် ဟောဟဲလှိုက်နေသောအသံကို ကြားလိုက်ရသည်။
ဟွမ်ဒရှန်း၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေပြီး အသက်ရှူသံများမြန်နေချေသည်။ သူသည် ပြင်းပြသောမျှော်လင့်ချက်များဖြင့် မန်ဟို့လက်ထဲက ဆေးလုံးကို မမှိတ်မသုန်ကြည့်နေ၏။ သူ၏ခန္ဓာကိုယ်ကား တဆတ်ဆတ်တုန်နေသည်။ ကြောက်လန့်ခြင်းကြောင့်မဟုတ်၊ အံသြခြင်းကြောင့်ဖြစ်လေသည်။
သူ့အတွက်တော့ ဤဆေးလုံးမှာ တောက်ပပြီး အဆုံးစွန်အထိ လှပနေသည်။ ၄င်းပေါ်ပေါက်လာခြင်းက ကျင့်ကြံခြင်းဂူတွင် စိတ်ဝိညာဥ်စွမ်းအင်များ ချက်ချင်း သိပ်သည်းသွားစေ၏။
စိတ်ဝိညာဥ်စွမ်းအင်များ ကျင့်ကြံခြင်းဂူကို လွှမ်းခြုံသွားရာ သူ့ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်အားလုံးကို ပွင့်သွားစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချက်ချင်း တိုးတက်လာပုံရသဖြင့် ဟွမ်ဒရှန်း ချာချာလည်သွားလေပြီ။
"ဆေး....ဆေးလုံး" သူ့မှာ အာခေါင်ခြောက်ကပ်လာပြီး မန်ဟို့လက်ထဲမှဆေးလုံးကို ပြေးယူချင်နေသည့်အလား စိတ်မထိန်းနိုင်တော့ပုံရသည်။
သူ့ဘဝတစ်လျှောက်လုံးတွင် ဆေးလုံးတစ်လုံးသာ ကံကောင်းထောက်မ၍ စားခဲ့ဖူးသည်။ ယင်းက သူနှင့် သူ့ဆရာအတူရှိခဲ့သည့် တစ်ချိန်ကပင်။ ဒဏ်ရာအပြင်းအထန်ရခဲ့သည့်အတွက် သူနှင့် သူ့ဆရာ ထွက်ပြေးလာခဲ့သည်။ သူ့ဆရာသေခါနီးတွင် သူ့ကို အကြမ်းထည်အနက်ရောင်ဆေးလုံးတစ်လုံး အမွေပေးခဲ့၏။
ထိုဆေးလုံးမှာ သူ့ဆရာ အထွတ်အမြတ်ထားသော ဆေးလုံးဖြစ်သည်။ ၄င်းသည် ဟွမ်ဒရှန်း တစ်သက်မှတစ်ခါ ပထမဆုံးစားခဲ့ဖူးသော ဆေးလုံးဖြစ်သည်။
သို့သော် ထိုဆေးလုံးမှာ သူ ယခုကြည့်နေသော ဆေးလုံးနှင့်ဘယ်လိုမှ ယှဥ်မရပေ။ တစ်ခုကောင်းကင်၊ တစ်ခုက မြေကြီးဖြစ်၏။
အနက်ရောင်နယ်မြေများသည် မဖြစ်ထွန်းသဖြင့် ထိုနေရာရှိ ကျင့်ကြံသူများမှာ ပင်ပန်းဆင်းရဲကြီးစွာ အသက်ရှင်နေထိုင်ရလေသည်။ ဆေးပင်များ အလွယ်တကူ မပေါက်ရောက်နိုင်၍ ဆေးဝါးပညာရှင်များမရှိသလောက်ဖြစ်ရာ ဆေးလုံးများအလွန်တရာရှားပါး၏။ ပို၍ပင် ဆက်စပ်နေသည်က အနက်ရောင်နယ်မြေ၏ ဝင်ရိုးစွန်းနှစ်ဖက်ပင်။ တစ်ခြမ်းသည် တောင်ပိုင်းဒေသ၏ အစိတ်အပိုင်းဖြစ်ပြီး နောက်တစ်ခြမ်းက အနောက်ပိုင်းသဲကန္တာရ၏ အပိုင်ဖြစ်သည်။ ဤနေရာရှိကျင့်ကြံသူများမှာ ဆေးလုံးများအား တစ်ခါမှ မမြင်ဖူးကြပေ။ အလွန်ဆုံး ဟွမ်ဒရှန်းကဲ့သို့ တစ်သက်မှ တစ်ခါနှစ်ခါသာ မြင်ဖူးကြ၏။
ပြောရလျှင် ဤနေရာရှိကျင့်ကြံသူများသည် ဆေးလုံးများအားအရည်ဖြစ်သည်အထိ ထပ်တလဲလဲ ခွဲခြမ်းခြင်းဖြင့် ဖန်တီးထားသော ဆေးရည်များအပေါ် မှီခိုရသည်။ ထိုကဲ့သို့ ဆေးရည်များမှာ မယုံနိုင်လောက်အောင်တော့ ထိရောက်မှုမရှိသော်လည်း အနက်ရောင်နယ်မြေကျင့်ကြံသူအတွက် မရှိဘဲ အသက်မရှင်နိုင်သောအရာဖြစ်သည်။
"စီနီယာကြီး.... ကျွန်တော့်ကို အဲ့ဆေးလုံး ပေး....ပေးမလို့လား" ဟွမ်ဒရှန်းသည် တုန်ရီနေသောအသံဖြင့်ပြောသည်။ သူက ဟောဟဲလှိုက်နေလျက် ဆေးလုံးကို စိုက်ကြည့်နေသည်။
မန်ဟို့၏မျက်လုံးများ အရောင်လက်သွား၏။ သူသည် အနက်ရောင်နယ်မြေတွင် လအနည်းငယ်နေထိုင်ခဲ့ပြီးသော်လည်း အပြင်လောကနှင့် သိပ်အထိအတွေ့မရှိခဲ့ပေ။ ခရီးနှင်နေခဲ့စဥ်က အတွေ့အကြုံများစွာကြောင့် အတော်လေးနားလည်ခဲ့သော်လည်း အရာဝတ္ထု၏တန်ဖိုးနှင့်ပတ်သက်၍ သူ့အတွေးမှာ တောင်ပိုင်းဒေသအပေါ် အခြေခံနေသေးလေသည်။
ယခုတွင် သူ အရာအားလုံးနားလည်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်း၍ ဆေးလုံးကို ဟွမ်ဒရှန်းလက်ထဲ ပျံသန်းသွားစေသည်။
"မင်းရဲ့ကျင့်ကြံခြင်းဂူ ငှားခအတွက် ဆေးလုံးတစ်လုံး" မန်ဟိုက အေးစက်စွာပြောသည်။
ဟွမ်ဒရှန်းက ဆေးလုံးကို ရတနာသဖွယ်ကြည့်နေသည်။ သူက လေးစားမှုပြည့်နေသောမျက်နှာဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။ ထို့နောက် လေးလေးနက်နက်အရိုအသေပေးပြီး မန်ဟို တိတ်ဆိတ်မှုကို တန်ဖိုးထားကြောင်း ပြောခဲ့သည့်ကို သတိရလိုက်သဖြင့် ရုတ်တရင် မန်ဟို စိတ်ပြောင်းမည် စိုးသွားသည်။ သူသည် ကပျာကယာအရိုအသေပေးပြီး ကျင့်ကြံခြင်းဂူမှ ခပ်သုတ်သုတ်ထွက်လာလိုက်သည်။ တောင်ထံမှ ခပ်ဝေးဝေးသို့ရောက်သောအခါ သူအသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူ၏မျက်လုံးများသည် စောစောက ချုပ်တည်းထားခဲ့ရသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
"အချီကြီးပွတာပဲ" သူကတွေးသည်။ "ဒီဆေးလုံး.... တကယ့်ကို လက်ဖျားလောက်စရာပဲ" သူသည် ဆေးလုံးကို မစားဘဲ အချိန်အတော်ကြာအသုံးပြုနိုင်သောဆေးရည်များအဖြစ် ဖြိုခွဲရန် သုတ်သီးသုတ်ပျာ ထွက်ခွာသွား၏။
မန်ဟိုသည် ကျင့်ကြံခြင်းဂူထဲတွင် ထိုင်တွေးနေသည်။ ဤစဦးချီဖွဲ့စည်းမှုကျင့်ကြံသူနှင့်အတွေ့အကြုံက အနက်ရောင်နယ်မြေကျင့်ကြံသူများအတွက် အရင်းအမြစ်မည်မျှရှားကြောင်း နားလည်သွားစေသည်။
"ငါ့အိတ်ထဲမှာ ဆေးလုံးတော်တော်များများ ကျန်သေးတယ်" မန်ဟိုက တွေးသည်။ "အများစုက ဆေးဒယ်အိုးအမှတ်အသားရှိပေမယ့် ဖျက်လို့ရတယ်။ ဒါမဲ့ ငါဝိညာဥ်ကျောက်တုံးမွဲပြာကျနေတာကို ထည့်တွက်ရင် သတိထားဖို့လိုတယ်။ အနက်ရောင်နယ်မြေမှာ ဆေးဝါးပညာရှင်တစ်ယောက်မှ မရှိဘူးဆိုတော့ ဆေးလုံးတွေ ပေါ်လာရင်သံသယဝင်စရာကောင်းလိမ့်မယ်" သူသည် ထိုကိစ္စကို အတန်ကြာထပ်တွေးနေ၏။ စဦးချီဖွဲ့စည်းမှုကျင့်ကြံသူအပေါ်တွင် စိတ်ဝိညာဥ်အာရုံအနည်းငယ် ထားရှိခဲ့သဖြင့် ထိုလူ သူ့ကို အကောက်ကြံလျှင် စိတ်ဝိညာဥ်အာရုံကို အသက်သွင်း၍ ချက်ချင်းသတ်ဖြတ်နိုင်သည်။
နောက်ဆုံးတွင် မန်ဟိုသည် မျက်လုံးများပိတ်၍ ဒဏ်ရာများကုသရာတွင် နောက်တစ်ဖန်အာရုံစိုက်လိုက်သည်။ သူ့သက်တမ်းထိခိုက်မှုနှင့်ပတ်သက်ပြီးတော့ မန်ဟိုစိတ်မပူပေ။ ထိုပြဿနာကို ရှေးဆေးဝါးတာအို၏ မဟာဆေးလုံးသုံးလုံးထဲကတစ်လုံးဖြစ်သော ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးဖြင့်သော်လည်းကောင်း၊ သူ့ဆရာပေးခဲ့သည့် ဆန်းကြယ်ဆေးလုံးဖြင့်သော်လည်းကောင်း အလွယ်တကူဖြေရှင်းနိုင်သည်။
အချိန်များ ကုန်လွန်လာပြီး နောက်ဆုံး မန်ဟိုဒဏ်ရာများ အရှင်းပျောက်ကင်းသွားသည်။ သူ၏မျက်လုံးများ ပွင့်လာရာ ၄င်းတို့သည် တလက်လက်တောက်ပနေပြီး သူက သိုလှောင်အိတ်ထဲမှ ကြေးမုံကို ထုတ်လိုက်သည်။
"အမြုတေဖြစ်တည်မှုအဆင့်ရောက်တာနဲ့ ကြေးမုံထဲက စိတ်ဝိညာဥ် နိုးလာလိမ့်မယ်"သူသည် ဟိုးလွန်လေပြီးသောနှစ်များက မှီခိုရာဂိုဏ်းတွင် ရရှိခဲ့သော ကြေးမုံကိုကြည့်လိုက်သည်။ ၄င်းသည် ယနေ့ထက်ထိ သူနှင့်အတူ ရှိနေခဲ့လေသည်။
ယခုအချိန်မှာ အတွင်းရှိစိတ်ဝိညာဥ်ကို နိုးရန်အချိန်ဖြစ်သည်။
***