← Chapters

ကျောက်ခဲထံမှ အသံကျယ်ကြီး

Vol. 23 Ch. 319

ကျောက်ခဲထံမှ အသံကျယ်ကြီး

Vol. 23 Ch. 319

ချီအခြေတည်အဆင့်ကျင့်ကြံသူများအတွက် ကီလိုမီတာငါးဆယ် ခရီးနှင်ရန်အချိန်အနည်းငယ်ကြာလိုက်သည်။

မန်ဟိုက တရားထိုင်ရင်း သူတို့ကို စောင့်နေသည်။ ယခုတွင် သူသည် သမာဓိအပ်နှင်းခြင်းပညာရပ်ကို လေ့လာရာ၌ ကျင့်သားရလာပြီဖြစ်၏။ ကောင်းကင်မြေကြီးနှင့်ပတ်သက်သော ဉာဏ်အလင်းအတွက်မူ စိတ်စောစရာမလို။ ဖြေးဖြေးနှင့်မှန်မှန် သွားရမည်ဖြစ်သည်။ ဖြေးဖြေးချင်း စုဆောင်းခြင်းဖြင့် သူ့အတွက် ၄င်းကို နှံ့နှံ့စပ်စပ်လေ့လာရန် အချိန်ရလိမ့်မည်။ ဤနည်းအားဖြင့် ကျန်ခဲ့သော မှော်သင်္ကေတများအား တဖြေးဖြေးဖြည့်စွက်နိုင်လိမ့်မည်။

သူသည် လောလောဆယ်တွင် သူ၏ခရမ်းရောင်အမြုတေ နှေးကွေးစွာ လည်နေသည်ကို စစ်ဆေးရင်း တင်ပျဥ်ခွေထိုင်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင်အမြုတေသည် သူ၏ခန္ဓာကိုယ်တစ်ဝှမ်းသို့ တုန်လှုပ်ဖွယ်အရှိန်အဝါအား ပို့လွှတ်ပေးပြီး ပြန်လည်ရုပ်သိမ်းလိမ့်မည်။

၄င်းမှာ လျှပ်စီးသဖွယ်ပင်၊ ပို့လွှတ်လိုက်၊ရုတ်သိမ်းလိုက်နှင့် တစ်ပတ်လည်သွားသည်။ ဤအခြင်းအရာက ချီအခြေတည်အဆင့်၏စွမ်းအားထက် အဆများစွာ အစွမ်းထက်ပြီး လုံးဝခြားနားသော ကျင့်ကြံခြင်းအခြေခံစွမ်းအားတစ်မျိုးဖြင့် သူ့ကို တွန်းပို့ပေးသည်။

"ဆရာပြောတဲ့အတိုင်းဆို အမြုတေဖြစ်တည်မှုအဆင့်ရောက်ရင် ထာဝရမီးတောက်ကို ငါ့အမြုတေနဲ့ ပေါင်းစည်းနိုင်မယ်။ ပြီးရင် ငါ့ရဲ့ ကိုယ်ပိုင်ဆေးမီးတောက်ကို အသုံးပြုလို့ရပြီ...." မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ ဤသည်ကိုအောင်မြင်ဖို့ရန်အတွက် တံခါးပိတ်ကျင့်ကြံရာတွင် သေချာပေါက် ဆင်းရဲဒုက္ခခံရပေမည်။

သူ့မှာ အနက်ရောင်နယ်မြေတွင် တစ်နှစ်ပင်မနေရသေးသည့်တိုင် တံခါးပိတ်ကျင့်ကြံပြီး ကုသရင်း အချိန်ဖြုန်းရသည့်အတွက် စိတ်ပိုင်းဆိုင်ရာအရ အာရုံမစိုက်နိုင်ခဲ့ပေ။ သို့သော် ကောင်းကင်မြေကြီး၊ သမာဓိအပ်နှင်းခြင်းပညာရပ်၊ ဆေးမီးတောက်ကိုလောင်ကျွမ်းခြင်းနှင့် ကျီဟုန်တုန်၏သိုလှောင်အိတ်ကိစ္စများမှာ အမြုတေဖြစ်တည်မှုအဆင့်ရောက်နေသော သူ့အတွက် အချိန်ပေးရမည့်အရာများဖြစ်သည်။

ကျီမျိုးနွယ်စု ခြေရာခံလိုက်လာမည်ကို စိုးရိမ်ခြင်းကြောင့် သူ့မှာ အမြဲသတိထားနေရသဖြင့် တစ်ချိန်လုံး သက်တောင့်သက်သာမနေနိုင်ခဲ့ပေ။ သို့သော် ကျီမျိုးနွယ်ဝင်တစ်ယောက်မှ ယခုထက်ထိ ဘာကြောင့် သူ့အနောက်လိုက်မလာသည်လဲ ခပ်ရေးရေးတော့သိပြီဖြစ်သည်။

သူက စိတ်ပိုင်းဖြတ်လိုက်သည်။ "ငါ နည်းနည်းလောက်ထပ်ပြီး တံခါးပိတ်ကျင်ကြံဖို့ လိုသေးပုံပဲ။ လိုအပ်တာတွေအားလုံး လုပ်ပြီးရင် ပြီးပြည့်စုံသောရွှေအမြုတေဆေးလုံးအတွက် လိုနေတဲ့ နောက်ဆုံးဆေးပင်ကို ထွက်ရှာမယ်"

သူက ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများထဲတွင် အေးစက်သောအလင်းရောင်ကို မြင်နိုင်သည်။ သူ၏နှုတ်ခမ်းတွင် မိစ္ဆာအငွေ့အသက်အနည်းငယ် ရောယှက်နေသည့် အဓိပ္ပါယ်ပါသော အပြုံးတစ်ခုဖြစ်ထွန်းသွားသည်။ ထိုအပြုံးမှာ အေးစိမ့်မှုတို့ ပြည့်နှက်နေသယောင်ပင်။

လောလောဆယ်တွင် ချီအခြေတည်အဆင့်ကျင်ကြံသူလေးယောက်သည် ခပ်နိမ့်နိမ့်တောင်တန်းထံသို့ ပျံသန်းလာနေကြသည်။ သူတို့က မရပ်နားဘဲ ချဥ်းကပ်လာ၍ တခဏလေးနှင့် တောင်ရှိ အက်ကြောင်းထံရောက်ကာ အောက်သို့ဆင်းလာကြသည်။

ဟွမ်ဒရှန်း၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့ရင်ထဲတွင် အကြောက်တရားတို့ ပြည့်နှက်နေသည်။ သို့သော် သူ့တွင်လည်း အကြံတစ်ခုရှိသည်။ သူက အံတင်းတင်းကြိတ်ပြီး ကတုန်ကယင်ဖြင့် အကျယ်ကြီးပြောလိုက်သည်။ "ဒီ....ဒီအောက်နားလေးမှာပဲ..."

ချီအခြေတည်အဆင့်ကျင်ကြံသူများက အသတ်အဖြတ်စိတ်ဆန္ဒများ တောက်ပနေသောမျက်လုံးများဖြင့် သူ့ကိုကြည့်သည်။ "တိတ်စမ်း" တစ်ယောက်ကပြောသည်။

သူတို့လေးယောက် တခဏအတွင်း အက်ကြောင်း၏အောက်ခြေသို့ ရောက်သွားကြသည်။ သူတို့သည် ကျင့်ကြံခြင်းဂူကိုကြည့်ပြီး သတိအပြည့်ရှိသွား၏။

အဘယ်ကြောင့်ဆိုသော် မန်ဟို့ကျင့်ကြံခြင်းဂူတံခါးက ပိတ်မနေ၍ပင်။ ၄င်းက ခပ်ကျယ်ကျယ်ပွင့်နေရာ တင်ပျဥ်ခွေထိုင်နေသော မန်ဟို့ကို မြင်လိုက်စေသည်။ သူက တဖြေးဖြေး ခေါင်းမော့လာသည်။ သူ၏မျက်နှာအမူအရာကား အေးဆေးတည်ငြိမ်လျက်ရှိ၏။

ထို့အပြင် သူ့မျက်နှာတွင် သွေးရှိပုံမပေါ်ပေ။ ယင်းနှင့် သူ၏သွေးအေးသော အပြည့်ပေါင်းစည်းသွားသောအခါ ပတ်ဝန်းကျင်၏အပူချိန်ကို ရေခဲမှတ်သို့ ချက်ချင်းကျဆင်းသွားစေ၏။

ချီအခြေတည်အဆင့်ကျင့်ကြံသူလေးယောက်လုံး ပင့်သက်ရှိုက်သွားသည်။ မန်ဟို၏ပုံပန်းသွင်ပြင်က သူတို့ရင်ထဲတွင် ပြင်းထန်သောအန္တရာယ်အာရုံကြီး ချက်ချင်းပေါက်ဖွားလာစေသည်။ ၄င်းက သူတို့အရှေ့၌ ထိုင်နေသောပုဂ္ဂိုလ်အား ကျင့်ကြံသူမဟုတ်ဘဲ ရှေးသားရဲအရိုင်းကောင်ကြီးနှင့်တူနေစေသည်။ သူ့အကြည့်က သူတို့ကို တစ်ခါတည်းစားပစ်တော့မည့်အလားပင်။

ချွေးသီးများ သူတို့နဖူးတွင် စို့လာသည်။ သူတို့၏ပါးစပ်နှင့်လျှာများ ခြောက်ကပ်သွားပြီး အသိစိတ်များလွတ်သွားပုံရသည်။ သူတို့သည် တုတ်တုတ်မှမလှုပ်ဘဲ ကျောက်ရုပ်ကြီးသဖွယ် ရပ်နေကြသည်။

မန်ဟိုက ဘာမှမပြောပေ။ တိတ်ဆိတ်မှုက တောင်အက်ကြောင်းတစ်လျှောက် ကြီးစိုးနေပြီး အသက်ရှူသံပင်မကြားရပေ။

အဆိုပါတိတ်ဆိတ်မှုသည် တဖြေးဖြေး အားကောင်းသောဖိအားကြီးသဖွယ် ပြောင်းလာပြီး ရှိသမျှလူတိုင်း၏အပေါ်သို့ တောင်တစ်လုံးဖိချနေသကဲ့သို့ပင်။ ခံစားချက်က သူတို့ကို သေခြင်းနှင့်ရှင်ခြင်းအကြားရှိ မျဥ်းပေါ်တွင် ထားရှိလိုက်ပုံရသည်။ မန်ဟို့အကြည့်က သူတို့လှုပ််လျှင် ချက်ချင်းသေသွားမည့်အလား နက်ရှိုင်းသော ခံစားချက်ဖြင့်ပြည့်နှက်သွားစေသည်။

သို့သော် နောက်ဆုံး၌ ချီအခြေတည်အဆင့်ကျင်ကြံသူလေးယောက်အနက် အနိမ့်ဆုံးကျင့်ကြံခြင်းအခြေခံနှင့်တစ်ယောက်မှာ ဖိအားကို မတောင့်ခံနိုင်တော့ပေ။ သူက ထိုနေရာတွင် ရပ်မနေနိုင်တော့သဖြင့် ဟိန်းဟောက်ပြီး အက်ကြောင်း၏အပေါက်ဝထံ ပျံတက်သွားသည်။

သူပျံတက်သွားသည့်အချိန်မှာပင် မန်ဟိုက ညာလက်ညှိုးကို မြှောက်လိုက်သည်။ "ဆင်းလာခဲ့"

စကားလုံးသုံးလုံး၊ စာကြောင်းတစ်ကြောင်း၊ သွေးပျက်ချောက်ချားဖွယ် အော်သံ။ အလောင်းတစ်လောင်း ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်အရှေ့တည့်တည့်သို့ ဘုတ်ခနဲ ပြုတ်ကျလာသည်။ သူတို့၏မျက်နှာများ ဖြူဆုပ်သွားပြီး ပို၍တုန်ရီလာကြသည်။

ယခု ပြုတ်ကျလာသောအလောင်း၏နဖူး၌ သွေးတို့စီးကျနေသော အပေါက်တစ်ပေါက််ရှိသည်။ အလောင်း၏မျက်လုံးများက ပြူးထွက်နေပြီး ထိတ်လန့်မှု၊ စိတ်ပျက်မှုတို့ဖြင့် သိသိသာသာပြည့်နေသည်။

ထိုမြင်ကွင်းသည် အံ့အားသင့်နေသော ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်အပေါ် ဖိအားထပ်တိုးသွားစေသည်။ သးတို့သည် သတ်ဖြတ်မှုများအားလုပ်ဆောင်ခဲ့ဖူးသော်လည်း ချီအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်ရန်မှာ ရိုးရှင်းသောအလုပ်မဟုတ်ကြောင်း သိသည်။ သူတို့အားလုံး ချက်ချင်း တသိမ့်သိမ့်တုန်လာတော့သည်။

"အမြုတေဖြစ်တည်မှု...ဒီလူက သေချာပေါက်အမြုတေဖြစ်တည်မှုအဆင့်ပဲ"

"သေလိုက်ပါတော့ ဘယ်လိုဖြစ်လို့ အမြုတေဖြစ်တည်မှုအဆင့်ပညာရှင်ကိုမှ သွားရန်မိတာတုန်း"

သုံးယောက်သား စိတ်ပျက်ဝမ်းနည်းစွာဖြင့်အကြည့်များအားဖလှယ်လိုက်ကြသည်။

ဟွမ်ဒရှန်းမှာ သူတို့ထက်ပင်ပို၍ တုန်ရီနေပြီး စိုးရိမ်သောကများ သူ့မျက်နှာကို ဖုံးလွှမ်းနေသည်။ မန်ဟိုက အစွမ်းထက်ကြောင်း သူခန့်မှန်ထားပြီးဖြစ်သော်လည်း သူ့စွမ်းအားက ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သုတ်သင်နိုင်သည့်အဆင့်ဖြစ်ကြောင်း တစ်ခါမှစိတ်မကူးခဲ့ဖူးပေ။

အချိန်အနည်းငယ် ကုန်လွန်သွားပြီး ချီအခြေတည်အဆင့်ကျင့်ကြံသူသုံးယောက်မှာ ရင်ဘတ်ကြီးပေါက်ထွက်တော့မတတ် တဒိန်းဒိန်းရင်ခုန်ပြီး ထိတ်လန့်နေကြသည်။ သေမင်း၏ခြိမ်းခြောက်မှုတွင် ဤမျှကြာကြာ စောင့်နေရခြင်းက သာမန်လူများ သည်းမခံနိုင်သောအရာဖြစ်သည်။

နောက်ဆုံး၌ ကျန်သုံးယောက်ထဲကတစ်ယောက် ထပ်သည်းမခံနိုင်တော့ပေ။ မန်ဟို မျက်လုံးများပိတ်ထားသည်ကို ကြည့်ရင်း သက်လတ်ပိုင်းလူသည် အံတင်းတင်းကြိတ်၍ ရုတ်တရက် လေပေါ်ပျံတက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ကျောက်စိမ်းပြားတစ်ပြားကို ချိုးဖျက်လိုက်ရာ မြူတိမ်တိုက်တစ်ခုအား သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံ၍ အရှိန်တင်ပေးလိုက်သည်။ သူ လွတ်မြောက်ခါနီးတွင် မန်ဟိုကမလှုပ်ပေ။ သူက မျက်လုံးပင်မဖွင့်။ ထွက်ပြေးနေသောကျင့်ကြံသူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအမူအရာပေါ်လာရာ ကျန်နှစ်ယောက်ကို တခဏချီတုံချတုံဖြစ်သွားစေပြီး သူ့နောက်လိုက်ရန် ဆုံးဖြတ်လိုက်စေသည်။

ရုတ်တရက် တောင်အက်ကြောင်း၏ တစ်ဖက်တစ်ချက်ရှိ ကျောက်စိုင်များ ပြိုကျလာသည်။ ရက်စက်ကြမ်းကြတ်သောအငွေ့အသက်ထုတ်လွှတ်နေသော ခရမ်းပုပ်ရောင် နွယ်တစ်ချောင်း ဝုန်းခနဲ တိုးထွက်လာ၏။ နွယ်၏အဆုံးက မညီသော သွေးသံရဲရဲ ပါးစပ်ပေါက်ကြီးအသွင်ပြောင်းသွားသည်။ ချီအခြေတည်အဆင့်ကျင့်ကြံသူမှာ စူးစူးဝါးဝါးအော်ပြီးနောက် ဧရာမမြွေကြီး၏ ဝါးမြိုခြင်းခံလိုက်ရလေသည်။ ထိုလူကို မြိုချပြီးနောက် ပျစ်ချွဲချွဲအရည်များ အေက်သို့စီးကျလာသည်။ တစ်ချိန်တည်းမှာပင် ပို၍များပြားသောနွယ်ပင်များ တောင်၏ကျောက်စိုင်ထဲမှ ထိုးထွက်လာကြသည်။

၄င်းတို့က တွန့်လိမ်လူးလွန့်ရင်း အက်ကြောင်း၏အပေါက်ဝကို ကာဆီးကာ ဟွမ်ဒရှန်းနှင့် ကျန်ရှိသောချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ရှိရာသို့ ဆန့်တန်းလာသည်။

ဟွမ်ဒရှန်း မျက်နှာ ဖြူဆုပ်သွားပြီး ကြောင်အမ်းသွားသည်။

ချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ ရင်တဒိန်းဒိန်းခုန်နေလေသည်။ စောစောကမြင်ကွင်းသည် သူတို့၏စိတ်များ၌ ပြန်လည်ထင်ဟပ်လာပြီး ရုတ်တရက် ငရဲရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"စ..စီ..စီနီယာကြီး.... အသက်ချမ်းသာပေးပါ" ချီအခြေတည်ခြင်းမဟာစက်ဝန်းအဆင့်ကျင့်ကြံသူက မန်ဟို့အရှေ့တွင် ဒူးထောက်ပြီး တုန်ရီနေသောအသံဖြင့်ပြောသည်။

"စီနီယာ ကျွန်တော်မှားသွားပါတယ် ခွင့်လွှတ်ပေးပါ" အခြားချီအခြေတည်အဆင့်ကျင့်ကြံသူလည်း ဒူးထောက်ပြီး မြေကြီးပေါ်ဝပ်တွားရင်း ပြောသည်။

သူတို့နှစ်ယောက်လုံးမှာ လိပ်ပြာလွင့်မတတ်ကြောက်နေလေပြီ။

မန်ဟိုက မျက်လုံးများဖြေးညင်းစွာ ဖွင့်ပြီးနောက် သူတို့နှစ်ယောက်နှင့်အတူ ဟွမ်ဒရှန်းကိုကြည့်သည်။ သူသည် သူတို့ခန္ဓာကိုယ်ပေါ်က ဆေးမင်ကြောင်အရုပ်များကို အချိန်အတော်ကြာကတည်းက သတိထားမိပြီးဖြစ်သည်။ ၄င်းတို့က အနောက်ပိုင်းသဲကန္တာကအရုပ်များနှင့်မတူသော်လည်း အရည်သဖွယ် လှုပ်ရှားနေသယောင်ပင်။

"ဆေးလုံးတောင်းဖို့ ဒီကိုလာတာလား" မနဟိုက ပြောသည်။ သူက လက်မြှောက်လိုက်ရာ သူ့လက်ဝါးပေါ်တွင် ဆေးလုံးနှစ်လုံး ပေါ်လာသည်။ ၄င်းတို့သည် နက်ပြာရောင်သမ်းနေပြီး မည်သည့်ဆေးရနံ့ကိုမှ ထုတ်လွှတ်မနေပေ။ အမှန်တွင် ဆေးလုံးတစ်လုံးစီ၏ မျက်နှာပြင်ပေါ်တွင် တွန့်လိမ်လူးလွန့်နေသော ကြောက်မက်ဖွယ် ကင်းခြေများတစ်ကောင်၏ပုံရိပ်ကို ခပ်ရေးရေးမြင်နိုင်၏။

တစ်ချက်ကြည့်လိုက်ရုံနှင့် အဆိပ်ဆေးလုံးဖြစ်ကြောင်း ထင်ရှားသည်။

ချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက် သူ့အဖြေကို မတုံ့ပြန်နိုင်ခင် မန်ဟိုက အင်္ကျီလက်စကို ခါ၍ ဆေးလုံးနှစ်လုံးကို သူတို့၏ပါးစပ်ထဲ တန်းဝင်သွားစေသည်။ သူတို့မှာ တုံ့ပြန်ရန်အချိန်မရလိုက်ပေ။ ဆေးလုံးက သူတို့၏သွားကို ဝင်တိုက်ပြီးနောက် လည််ချောင်းထဲ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၄င်းတို့ အရည်ပျော်သွားလေပြီ။

ထိုလူနှစ်ယောက်၏မျက်နှာ ချက်ချင်းပြောင်းသွားသည်။ သို့သော်လည်း သူတို့ဘာမှမတတ်နိုင်ပေ။ သူတို့မှာ ခါးသက်သက်သာသက်ပြင်းချလိုက်နိုင်သည်။ အနည်းဆုံးတော့ နည်းနည်းကြာကြာ အသက်ထပ်ရှင်နိုင်ပါသေးသည်။

"ဒီဆေးလုံးကို ပြစ်ဒဏ်လို့တွေး" မန်ဟိုက တည်ငြိမ်စွာပြောသည်။ "မင်းတို့နှစ်ယောက်ကို ဟွမ်ဒရှန်းနဲ့အတူ ဒီလိုမြေကြီးမျိုးသွားရှာစေချင်တယ်။ များများရှာနိုင်လေလေ၊ အဆိပ်မြန်မြန်ဖြေပေးနိုင်လေလေပဲ။ မင်းတို့လုံလုံလောက်လောက် ရှာနိုင်ရင် ဆေးလုံးတချို့တောင်ပေးနိုင်တယ်" သူက ဟွမ်ဒရှန်းကို တစ်ချက်ကြည့်လိုက်သည်။

ဟွမ်ဒရှန်းက ချက်ချင်းပင် သဘောတူကြောင်းပြော၏။

မန်ဟိုက အင်္ကျီလက်စကို ခါ၍ ခရမ်းစိမ်းရောင်မြေမှုန့်နည်းနည်းစီကို သူတို့သုံးယောက်ထံ ပျံသန်းသွားစေလိုက်သည်။ ထို့နောက် ကျင့်ကြံခြင်းဂူတံခါးကား ဝုန်းခနဲပိတ်သွားတော့သည်။ အက်ကြောင်းကို ကာဆီးထားသည့် နွယ်များ ကျောက်ဆောင်ထဲပြန်ဝင်သွားပြီး အရာအားလုံးပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ချီအခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ ခါးခါးသီးသီးပြုံးရင်း သက်ပြင်းချလိုက်ကြသည်။ ဂူထဲက အစွမ်းထက်ပုဂ္ဂိုလ် ပေးလိုက်သော မြေကြီးတွင် မည်ကဲ့သို့ သာလွန်ထူးကဲသည့် ဂုဏ်သတ္တိများပါဝင်နေသည်လဲ သူတို့မသိပေ။ သို့သော် သူတို့အတွက် ကံနည်းနည်းကောင်းသည်ဟုဆိုရမည်။ သူတို့၏မျက်လုံးများ တောက်ပလာပြီး အကြည့်ချင်းဖလှယ်ကာ ဟွမ်ဒရှန်းကို ယဥ်ယဥ်ကျေးကျေး ခေါ်သွား၏။

မန်ဟို၏လိုအပ်ချက်များတိုင်း သူတို့သုံးယောက်သား မြေကြီးအရှာထွက်သွားလေပြီ။

မကြာမီ တစ်လကြာသွားသည်။ ထိုအချိန်အတောအတွင်း မန်ဟိုသည် သမာဓိအပ်နှင်းခြင်းပညာရပ်နှင့် အတော်လေး ကျွမ်းဝင်လာခဲ့သည်။ ထိုပညာရပ်၏စွမ်းအားသည် နားလည်သဘောပေါက်ရန် ခက်ခဲ၏။ ၄င်းက တစ်စုံတစ်ခုကို ထိတွေ့၍ မိစ္ဆာဖြစ်အောင် လုပ်နိုင်သည့်အရာမျိုးဖြစ်သည်။ သို့သော် "ထိတွေ့"ဆိုသော စကားလုံအစား "အပ်နှင်း"ဆိုသော စကားလုံးကို သုံးထား၏။

မည်သည့်သက်ရှိကိုမဆို မိစ္ဆာဓာတ်အပ်နှင််းပြီး အသုံးပြုစေခြင်း။ ၄င်းတွင် "မိစ္ဆာ" ဆိုသည့် စာလုံးနှင့် ဆန့်ကျင့်ဖြစ်သော "သမာဓိ" ဆိုသည့်စာလုံးလည်း ပါရှိသည်။ သို့ထိတိုင် ပညာရပ်ကိုယ်တိုင်က အလွန်မာန်ပါပြီး ဖိနှိပ်ချုပ်ချယ်နေသည် .... မိစ္ဆာချုပ်နှောင်သူတစ်ဦး၏ သမာဓိအပ်နှင်းခြင်းကို လက်ခံရခြင်းက တရားဝင်အသိအမှတ်ပြုခံလိုက်ရသည်နှင့် တူသည့်အလားပင်။

ထိုမျှသာမက မန်ဟို ကျင့်ကြံခြင်းအခြေခံကိုလှည့်ပတ်တိုင်း ခပ်ယဲ့ယဲ့အရှိန်အဝါတစ်ခု၏ တည်ရှိမှုကို ခံစားရသည်။ သူအလိုရှိလျှင် .. သမာဓိအပ်နှင်းခြင်းကို ကျင့်ကြံ၍ မိစ္ဆာအသွင်ပြောင်းခြင်းကို ဖော်ဆောင်ရန် ဤအရှိန်အဝါကို အသုံးပြုနိုင်ပုံရသည်။

ထွက်ပေါ်လာသော မိစ္ဆာတွင် စိတ်ဝိညာဥ်အစား အတင်းအဓမ္မဖန်တီးထားသော အရှိန်အဝါတစ်ခုသာ ရှိလိမ့်မည်။ သို့သော် မန်ဟို ၄င်းကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ၄င်းက ဇီယွင်ဂိုဏ်း၏ရှေးမှတ်တမ်းများတွင် မန်ဟိုဖတ်ခဲ့ရသည့် နက္ခတာရာစိတ်အာရုံမြင်ကွင်းနှင့် အလားတူသော ထူးဆန်းသည့်အာရုံတစ်ခုဖြစ်သည်။

"သက်ရှိအားလုံးကို မိစ္ဆာဆန်လာအောင် လှုံ့ဆော်..." မန်ဟို၏မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ဖြင့် တောက်ပသွားသည်။ သူက လက်မြှောက်ပြီး လက်ညှိုးကိုကြည့်လိုက်သည်။ တခဏတွေးပြီးသော် သူ၏လက်ချောင်းကို ကျင့်ကြံခြင်းဂူကြမ်းပြင်အပေါ် ဖိချလိုက်၏။

"သမာဓိအပ်နှင်းခြင်း" သူကပြောသည်။ ချက်ချင်းပင် ကျင့်ကြံခြင်းတစ်ခုလုံး သရဲပုံရိပ်များ ပြည့်နှက်သွားသည်။ ချက်ချင်းပင် တောင်အတွင်းမှ လွတ်မြောက်သွားသည့် ကျင့်ကြံခြင်းဂူထဲက အရှိန်အဝါကို အာရုံရလိုက်သည်။

ဤအရှိန်အဝါမှာ ထူးဆန်းပြီး အပြောင်းအလဲများပြည့်နေသည်။ ၄င်းက မည့်သည့်အရာဖြစ်သည်လဲ မန်ဟိုသေသေချာချာမပြောနိုင်ပေ။ သို့သော် မကြာခင် ဤသည်မှာ .... သက်ရှိအရာများ၏ မိစ္ဆာချီဖြစ်ကြောင်း သူနားလည်လိုက်သည်။

သူ၏မျက်လုံးများ လက်ခနဲဖြစ်သွားပြီး အရှိန်အဝါအတွင်းသို့ သူ၏စိတ်ဝိညာဥ်အာရုံကို ပို့လွှတ်လိုက်သည်။ ထစ်ချုန်းသံတစ်သံ သူ့စိတ်ထဲမြည်ဟည်းသွားပြီး ရုတ်တရက် သူ၏အမြင်နယ်ပယ်မှာ လျင်မြန်စွာ ကျယ်ပြန့်လာ၏။ ယခုတွင် သူသည် တောင်ပတ်ပတ်လည် ကီလိုမီတာ ၁၅၀ ၊၂၀၀ အတွင်းရှိ အရာအားလုံး မြင်နိုင်သွားလေပြီ။

စိတ်ဝိညာဥ်အာရုံနှင့် မိစ္ဆာချီ၏ ပေါင်းစည်းခြင်းအပေါ်အာရုံစိုက်ခြင်းဖြင့် ပတ်ဝန်းကျင်ရှိအရာအားလုံးကို သူအာရုံခံနိုင်သွားသည်။ သူ၏အမြင်အာရုံကို ပြန်ရုတ်သိမ်းတော့မည်အချိန်မှာပင် ရုတ်တရက် အနောက်မြောက်အရပ်တွင် ကျောက်ခဲနှင့်တူသည့် အရာတစ်ခုကို မြင်လိုက်သည်။ ပုံမှန်ဆို သူ ၄င်းကို အရေးတယူလုပ်နေမည်မဟုတ်သော်လည်း ဤထူးဆန်းသောအခြေအနေတွင် ကျောက်ခဲအတွင်းမှ လာနေသောအသံတစ်သံကို သူကြားလိုက်သည်။

ဝမ်းနည်းကြေကွဲနေသည့် ရှေးကျကျအသံတစ်သံ ရုတ်တရက် ထွက်လာသည်။ "ကျီရဲ့ကောင်းကင် မသေဘူး။ ငါမသေဘူး... ကျီရဲ့ကောင်းကင်... မင်း ငါ့ကို နှစ်သုံးသောင်း ဖိနှိပ်ထားခဲ့ပေမယ့် အင်မိုတယ်အပ်နှင်းခြင်းစင့်မြင်အပေါ် ခြေချဖို့ ငါငြင်းဆန်တုန်းပဲ" အသံပဲ့တင်ထပ်နေစဥ် ၄င်းက ရုတ်တရက်ပြောသည်။ "မင်းက ဘယ်သူတုန်း" ကောင်းကင်တမျှ အစွမ်းထက်သောအကြည့်တစ်ခု ရုတ်တရက် သူ့အပေါ်ကျရောက်လာခဲ့သည့်အလား မန်ဟိုခံစားလိုက်ရသည်။

***

All Chapters