← Chapters

ဆေးမီးတောက်ကို ထွန်းညှိခြင်း

Vol. 23 Ch. 320

ဆေးမီးတောက်ကို ထွန်းညှိခြင်း

Vol. 23 Ch. 320

မန်ဟို ဒိန်းခနဲ ရင်တုန်သွားပြီး မျက်လုံးများဖျတ်ခနဲ ပြန်ဖွင့်လိုက်သည်။ သူက လက်ချောင်းကို မြေကြီးနှင့်ပြန်ခွာလိုက်၏။ မယုံကြည်နိုင်ဖွယ်အားတစ်ခုက စောစောက သူရောက်နေခဲ့သည့် ထူးဆန်းသောအခြေအနေမှ သူ့ကို တွန်းထုတ်လိုက်သကဲ့သို့ ခံစားရလေသည်။

သူက ကျင့်ကြံခြင်းဂူနံရံကို ဖြတ်၍ ကျောက်အစအနများပြည့်နေသောကွင်းပြင်ကို လှမ်းကြည့်လိုက်စဥ် သူ၏မျက်လုံးများ လင်းလက်သွားသည်။

"ဒီတော့ ကျီမျိုးနွယ်စုရဲ့ နောက်ရန်သူတစ်ယောက်ပေါ့။ ဒါပေမယ့် ဒီလူက မြင့်မြတ်သောရှေးဟောင်းနယ်မြေက လေးထောင့်ဒယ်အိုးနဲ့မတူပုံပဲ။ သူငါ့ကို သတိထားမိတဲ့အချက်က သူ့ရဲစိတ်ဆန္ဒ ဒီမှာရှိသေးတာကို ဖော်ပြနေတယ်" မန်ဟိုသည် အတွေးများကို စုပေါင်းပြီးနောက် ထရပ်၍ ကျင့်ကြံခြင်းဂူမှ ထွက်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် တောင်ရှိ အက်ကြောင်းမှ ထွက်လာလေသည်။

နေ့လည်ဖြစ်၍ နေက မြေပြင်ကို အရည်ပျော်ကျတော့မတတ် မီးဖုတ်ရင်း ခေါင်းအထက်တွင် တောက်ပနေသည်။ တောင်မှထွက်လာပြီးနောက်တွင် မန်ဟိုက ကျောက်ခဲကွင်းပြင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူက တခဏစဥ်းစားပြီး ဝတ်ရုံလက်စကို ခါ၍ ထိုနေရာကို ထွက်သွားသည်။

သူ့အတွက် ကျောက်အစအနများပြန့်ကျဲနေသော ကွင်းပြင်အပေါ်တွင် ပျံဝဲ၍ ၄င်းကို ငုံ့ကြည့်ရန် သိပ်မကြာလိုက်ပေ။ ဤနေရာသည် သိပ်မကြီးလှပေ။ အလွန်ဆုံး အလျားတစ်ဖက်စီကို ကီလိုမီတာအနည်းငယ်လောက် ကျယ်ကောင်းကျယ်နိုင်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မညီမညာ ပဲ့ရွဲ့နေသော ကျောက်ခဲများ မွစာကြဲနေသည်။ တစ်ချို့မြေကြီးထဲ တစ်ဝက်ကျော်ကျော် နစ်မြုပ်နေပြီး တချို့က မြေပေါ်တွင် ရှိသည်။

ကျောက်ခဲတိုင်းသည် ဤနေရာတွင် ခေတ်ပေါင်းများစွာ တည်ရှိနေခဲ့သကဲ့သို့ အလွန်ညို့မှိုင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

မန်ဟိုက အနားသိပ်မကပ်ဘဲ လေထဲတွင်သာ ရပ်နေရန် ရွေးချယ်လိုက်သည်။ သို့သော် အချိန်အနည်းငယ်ကြာသည့်တိုင် ဤနေရာကဘာလဲ သူမသိသေးပေ။ ၄င်းမှာ လုံးဝသာမန်ဖြစ်၏။ သူက ထပ်မံစူးစမ်းရန် သတိကြီးကြီးထားရင်း စိတ်ဝိညာဥ်အာရုံကို ထုတ်လွှတ်ကြည့်သော်လည်း ဘာမှမတွေ့ရပေ။

"အဟုတ်ပဲ" မန်ဟိုကတွေးသည်။ "ဒါမျိုးဖြစ်သင့်တာပဲ။ အပြင်လူတွေအနေနဲ့ ပုံမှန်မဟုတ်တာကို သတိပြုမိနိုင်မှာမဟုတ်ဘူး။ ငါရောပဲ။ ထူးဆန်းတဲ့အခြေအနေကိုသာ မရောက်ခဲ့ရင် ဒီကထူးဆန်းတာတစ်ခုကိုမီ အာရုံရမှာမဟုတ်ဘူး" သူက အလျင်စလိုမလုပ်ရန် ဆုံးဖြတ်ပြီး လှည့်ထွက်သွား၏။

သူထွက်သွားပြီးနောက် သေချာပေါက် မည်သည့်အရာမှ မဖြစ်ပွားပေ။

ကျင့်ကြံခြင်းဂူထဲတွင် သူသည် သူ့စိတ်ထဲ ဝင်ရောက်လာခဲ့သည့် အစွမ်းထက်သောအသံကြီးနှင့် ကျီမျိုးနွယ်စုနှင့်စပ်လျဥ်း၍ အရိုးထဲထိနက်ရှိုင်းလှသောအမုန်းကို ပြန်တွေးကြည့်သည်။

"ကျီရဲ့ကောင်းကင်...." မန်ဟိုက တွေးလိုက်သည်။ သူ၏အတွေ့အကြုံများအရ သူ၏သိချင်စိတ်မှာ အလွန်ကြာမြင့်စွာ ဖိနှိပ်ခံထားရလေသည်။ သို့သော် ကျင့်ကြံခြင်းလောကတွင် ခြေလှမ်းတစ်ချက်မှားသည်နှင့် ဘေးအန္တရာယ်ဖြစ်နိုင်ပြီး သတိကင်းမဲ့ခြင်းက ဘယ်တော့မှ မမှန်နိုင်သော အမှားများကို ဦးတည်သည်။

ထို့ကြောင့် ရှေးဆန်သောအသံကြီးအကြောင်း အတန်ကြာတွေးပြီးနောက်တွင် ပို၍အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံမရှိမချင်း လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။ လောလောဆယ်တွင် သူသည် အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်တွင် ဖြစ်သည့်အတွက် ထိုကဲ့သို့အခြေအနေမျိုးမှာ စွန့်စားရာကျလွန်းသည်။ ဤပုဂ္ဂိုလ်က ကျီမျိုးနွယ်စု၏ရန်သူတစ်ယောက်ဖြစ်လျှင်တောင်မှ မန်ဟို့ကို အန္တရာယ်မပြုဘူးဟု မဆိုနိုင်ပေ။

"ဒီမိစ္ဆာချီရဲ့အကူအညီနဲ့ ငါ့စိတ်ဝိညာဥ်အာရုံကို အကြိမ်များစွာ ဆပွားနိုင်တယ်..... သမာဓိအပ်နှင်းခြင်းပညာရပ်ကို ဘယ်အတိုင်းအတာအထိ ငါ့ကျင့်ကြံနိုင်မလဲ ဘယ်သူပြောနိုင်မလဲ။ ငါ့ဘာသာငါ မန္တန်တစ်ခုဖန်တီးဖို့ အဲ့ဒီချီနဲ့ ငါ့စိတ်ဆန္ဒကို ပေါင်းစည်းနိုင်မလားမသိဘူး" အစွမ်းထက်သောအသံကြီးအကြောင်း ထပ်မစဥ်းစားတော့ဘဲ သမာဓိအပ်နှင်းခြင်းပညာရပ်တွင်သာ မန်ဟိုအာရုံစိုက်လိုက်သည်။ သူ ဤပညာရပ်ကို ပထမဆုံးစမ်းသပ်ခြင်းက ၄င်းသည် သေချာပေါက် သာမန်ထက်ထူးခြားသည်ဟု ခံစားရစေခဲ့သည်။

"တာအိုနတ်ဘုရားကျမ်းစာကို ကျင့်ကြံတာရယ်၊ ငါ့ရဲ့စိတ်ဝိညာဥ်အာရုံက အဆင့်တူကျင့်ကြံသူတွေထက် အများကြီးကျော်လွန်တာရယ်နဲ့များ တစ်ခုခု ပတ်သက်မလားမသိဘူး" မန်ဟိုသည် ထိုကိစ္စကို အေးအေးဆေးဆေး သုံးသပ်နေ၏။ နောက်ဆုံးတွင် အပြင်ဘက်ရှိကောင်းကင် နက်မှောင်လာစဥ် မန်ဟိုမျက်လုံးများ ပိတ်လိုက်သည်။ သမာဓိအပ်နှင်းခြင်းပညာရပ်နှင့်ပတ်သက်သော ဉာဏ်အလင်းက သူ့ခေါင်းထဲတွင် လှည့်ပတ်နေသည်။ ဤပညာရပ်မှာ သူ့အတွက် အလွန်အရေးကြီးကြောင်း သူခံစားနေရသည်။

တစ်လအတောအတွင်း မန်ဟို တစ်ခါမှ မျက်လုံးမဖွင့်ပေ။ တစ်ရက်တွင် ကျင့်ကြံခြင်းဂူအပြင်၌ ကျင့်ကြံသူဆယ်ယောက်ကျော်ကို သူအာရုံရလိုက်သည်။

သူတို့သည် ရိုသေလေးစားသောအမူအရာများ ဆင်မြန်းထားပြီး ဂူအပြင်တွင် ဒူးထောက်ဦးညွှတ်နေကြသည်။ တစ်ယောက်စီတွင် ခရမ်းစိမ်ရောင်မြေကြီးတချို့ ပိုင်ဆိုင်ထားပြီး ထိုထဲက နှစ်ယောက်မှာ အရင်က ချီအခြေတည်အဆင့်ကျင်ကြံသူများဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း သူတို့ အကြိမ်အနည်းငယ်ပြန်လာခဲ့ကြသည်။ မန်ဟိုက သူတို့၏အဆိပ်တချို့ကို ဖြေပေးသည့်အတွက် တစ်ဝက်ကျော်ပျောက်ကင်းနေပြီဖြစ်သည်။ သူက သူတို့ကို ဆေးလုံးများပင် ချီးမြှင့်သေးသည်။ သူတို့မှာ အသတ်ခံလိုက်ရသော တာအိုရောင်ရင်းနှစ်ယောက်ကို သတိပင်မရတော့ပေ။ ဆေးလုံးများထပ်မံရရှိရန်အလို့ငှာ သူတို့သည် သူတို့သိသည့် အခြားသူများအား စုဆောင်းပြီး အသေးစားအခြေစိုက်စခန်း ဖွဲ့စည်းထားသည်။

အဖွဲ့ရှိ လူတချို့သည် မကောင်းသောအကြံအစည်များရှိခဲ့၏။ သို့သော် မြေကြီးတုန်ခါပြီး ကြောက်မက်ဖွယ် နွယ်လက်တံများက သူတို့ကို စုတ်ဖြဲ၍စားပစ်ပြီးနောက်ပိုင်း ဘယ်သူမှ မတွေးရဲတော့ပေ။

ထို့အပြင် မန်ဟိုက ဤကျင့်ကြံသူများအတွက် ရှားပါးလှသောခ ဆေးလုံးအစစ်များကို ဆုလာဘ်အဖြစ်ချီးမြှင့်သည့်အချက်ကို ထည့်တွက်လျှင် ၄င်းက သူတို့ကို အရူးအမူးဖြစ်စေသည်။

ဟွမ်ဒရှန်းမှာမူ ကျင့်ကြံခြင်းအခြေခံအဆင့် သိပ်မမြင့်သော်လည်း အဖွဲ့ထဲတွင် အထူးအရေးပါသော နေရာကို ကိုင်စွဲထား၏။ လောလောဆယ်တွင် သူသည် ကျင့်ကြံခြင်းဂူအပြင်တွင် ရပ်ရင်း အဖွဲ့ကို အားရကျေနပ်စွာ လှမ်းကြည့်နေသည်။ အသားဂျယ်လီက သူ့ခေါင်းပေါ်တွင် နေရာယူထားပြီး ကြက်တူရွေးက သူ့ပခုံးတွင် နားနေသည်။

"ခေါင်းဆောင်ကြီးရဲ့ စကားတွေကို မင်းတို့ဆီ ပြန်မိန့်ကြားပေးမယ်" သူက ပြောသည်။ "သိပ်တော်တယ် ဒါကမင်းတို့အတွက် ဆုကြေး" သူသည် ဆေးပုလင်းအသေးလေးတစ်လုံးထုတ်ပြီးနောက် အတွင်းရှိ သေးငယ်သောဆေးလုံးများအား အကုန်လုံးကို ဝေပေးလိုက်သည်။ ကျင့်ကြံသူများ ဆေးလုံးကို လက်ခံယူသောအခါ သူတို့၏မျက်နှာများ စိတ်လှုပ်ရှားစွာ ဝင်းပသွားပြီး ဆေးလုံးများအား ချက်ချင်းစားလိုက်ကြသည်။

မန်ဟို့ သိုလှောင်အိတ်ထဲတွင် ဤကဲ့သို့ အဆင့်နိမ့်ဆေးလုံးအမြောက်အမြားမရှိပေ။ သူတံခါးပိတ်ကျင့်ကြံနေသည့်ကာလအတွင်း လူအရေအတွက်တိုးလာသည်ကို မြင်သည့်အခါ ဆေးလုံးတစ်လုံးထုတ်၍ ခပ်သေးသေးဆေးလုံးများအဖြစ် သန့်စင်ခဲ့ခြင်းဖြစ်သည်။

သို့ထိတိုင် ဤကျင့်ကြံသူများအတွက် ထိုကဲ့သို့အရာမျိုးမှာ သူတို့ ပုံမှန်အားဖြင့် သောက်သုံးရသော ဆေးရည်များနှင့် မိုးနှင့်မြေပမာကွားခြားလှရာ အဖိုးထိုက်ရတနာတစ်ပါးနှင့် တူလေသည်။

ထို့ကြောင့် တစ်လအတွင်း မန်ဟို့၏ကျင့်ကြံခြင်းဂူပတ်ဝန်းကျင်မှ အဖွဲ့ထဲဝင်ရောက်လိုသော ကျင့်ကြံသူတစ်ဒါဇင်ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်အကြောင်းရင်းအား နားလည်ရန် မခက်ပေ။

အမှန်တွင် သူတို့သည် ကျင့်ကြံခြင်းဂူနှင့်တောင်ကို ဝန်းရံ၍ သာမန်အိမ်များ ဆောက်ကာ အခြေချနေနေကျလေပြီ။ တောင်ပင်လျှင် အထွတ်အမြတ်နယ်မြေတစ်မျိုး ဖြစ်လာ၏...

မန်ဟို့မှာ ဤသို့ဖြစ်ပျက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ဤအသေးစားအခြေစိုက်စခန်းသည် သူအလိုရှိသော မြေကြီးများအား ပိုပို၍ ရှာပေးနေလေသည်။

ဤမြေကြီးကြောင့် မန်ဟိုအခြားအရာအားလုံးကို လျစ်လျူရှုနိုင်သည်။ သူ၏အတွေ့အကြုံအရ ဤနေရာတွင် ကျင့်ကြံသူများ အခြေချနေထိုင်ခြင်းမှာ ဆေးလုံးများအတွက်သာမက အကာအကွယ်အတွက်လည်းဖြစ်လေသည်။

မန်ဟိုသည် ရှိန်လောက်စရာ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ဤလူများအနေဖြင့် သူ့ကို တိုက်ရိုက်မမြင်ရသော်လည်း နွယ်ပင်များ၏ ရက်စက်မှုကိုတော့ ကိုယ်တိုင်ကိုယ်ကျမြင်ဖူးလေသည်။ ထိုနှစ်ခုကြားက ပတ်သက်မှုကို သူတို့ဆွဲထုတ်နိုင်သည်။ ဤကဲ့သို့နွယ်ပင်မျိုးအား ပျိုးထောင်နိုင်သည့်မည်သူမဆို အတိုင်းထက်အလွန်ကြောက်မက်ဖွယ်ကောင်းမည်ဖြစ်သည်။

ထို့ကြောင့် ဤနေရာက လုံခြုံသည်ဟု သူတို့ယုံကြည်သည်။

အနက်ရောင်နယ်မြေများတွင် လုံခြုံမှုသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်။

အမှန်တွင် ထိုလအတောအတွင်း ကျင့်ကြံသူတစ်ဒါဇင်ကျော်ရှိသော ဒေသခံအဖွဲ့တစ်ဖွဲ့ ပေါ်လာခဲ့သည်။ သူတို့က မန်ဟို့ကိုသတ်၍ သူ့ဆေးလုံးကို လုချင်သည်။ ကျင့်ကြံခြင်းဂူအတွင်းမှ ပဲ့တင်ထပ်လာသော အေးစက်စက်နှာမှုတ်သံတစ်ချက်က ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေပြီး အဖွဲ့တစ်ဝက်ခန့် သတ်ပစ်လိုက်သည်။

အခြားတစ်ဝက်မှာ သွေးအန်ပြီး ဒဏ်ရာအပြင်းအထန်ရသွား၏။ သူတို့ထဲက အစွမ်းထက်ဆုံးမှာ အတုအယောင်အမြုတေဖြစ်တည်မှုအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ သူ့မှာ အဆုံးစွန်ထိ အံ့အားသင့်သွားပြီး ချက်ချင်း အနောက်သို့ ငါးကီလိုမီတာဆုတ်လိုက်သည်။ သို့သော် တစ်နေရာရောက်သော် ရုတ်တရက် သူ့ခန္ဓာကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ ကြီးမားသောအားတစ်ခုက သူ့ကို လွှမ်းမိုးပြီး ပြန်ဆွဲခေါ်လာသည်။ ဤအခြင်းအရာကိုမြင်သော် အခြားကျင့်ကြံသူများမှာ ချက်ချင်း သစ္စာခံတော့သည်။

အတုအယောင်အမြုတေကျင့်ကြံသူပင်လျှင် အံသြတုန်လှုပ်စွာဖြင့် အရှုံးပေးပြီး မန်ဟို့အဖွဲ့ဝင် တစ်ယောက်ဖြစ်လာသည်။

တစ်ရက်တွင် မန်ဟို ကျင့်ကြံခြင်းဂူအတွင်း တင်ပျဥ်ခွေထိုင်နေစဥ် သူ၏မျက်လုံးများ၌ ထူးဆန်းသောအလင်းရောင်တစ်ခု တောက်ပနေသည်။ သူ၏သူငယ်အိမ်များထဲတွင် လောင်ကျွမ်းနေသောမီးတောက်နှင့်တူသော အရာတစ်ခုပေါ်လာသည်။ ၄င်းက အရှေ့ဆေးဝါးအဖွဲ့၏ ထာဝရမီးတောက်အမွေအနှစ်မှတစ်ပါး အခြားမဟုတ်ပေ။

"ဒါကို အမြုတေနဲ့ မီးစာကျွေးပြီး ထာဝရမီးတောက်ကို လောင်ကျွမ်းစေခြင်း။ ဒီမီးတောက်နဲ့ဆိုရင် ဝိညာဥ်ဆင့်ခေါ်ခြင်းဂါထာကို အသုံးပြုနိုင်ပြီး ကြီးမြတ်သော ဆေးဝါတာအိုလမ်းကြောင်းကို ဖွင့်နိုင်ပြီ" မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီး မျက်လုံးမှိတ်လိုက်သည်။ သူထိုသို့လုပ်လိုက်သည်နှင့် မီးတောက်လျှာများ သူ၏ခရမ်းရောင်အမြုတေအပေါ်တွင် ပေါ်လာသည်။

မန်ဟို သူ၏ဆေးမီးတောက်အား လောင်ကျွမ်းစေလိုက်သည့် အခိုက်အတန့်မှာပင် တောင်ပိုင်းဒေသရှိ ဇီယွင်ဂိုဏ်း၏ အရှေ့ဆေးဝါးအဖွဲ့အတွင်းတွင် ဆေးလုံးမိစ္ဆာသည် ထုံးကျောက်လိုဏ်ဂူအထဲ၊ ထာဝရမီးတောက်ဘေးတွင် ဖြူဆုပ်နေသောမျက်နှာဖြင့် ထိုင်နေသည်။

"ဆိုတော့ မင်း ထာဝရမီးတောက်ကို လောင်ကျွမ်းစေလိုက်ပြီပေါ့ .... ကောင်းတယ် ။ အမွေအနှစ်ကို လွှဲပြောင်းပေးပြီးပြီဆိုတော့ မင်းရဲ့ဆရာ ငါ နောက်ဆုံးဖုန်ဖြစ်သွားရင် မြေအောက်ကမ္ဘာကို အပြုံးနဲ့သွားနိုင်ပြီ" ဆေးလုံးမိစ္ဆာက ပြုံးလိုက်သည်။ ကြင်နာမှုဖြင့်ပြည့်နှက်သော ပင်ပန်းနွမ်းနယ်နေသော အပြုံးဖြစ်သည်။ သိသာစွာပင် သူ့မှာ ကျီဖန်းနှင့်တိုက်ပွဲကြောင့် ပြန်မသက်သာသေးပေ။

ဆေးလုံးမိစ္ဆာသည် ထာဝရမီးတောက်ကို ခေါင်းလှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အမှတ်တရများ ဖြတ်ပြေးသွားသည်။ "ငါ့အရှေ့က ဒီမီးတောက်မငြိမ်းသေးသရွေ့ ငါလည်းမသေဘူး"

အချိန်များ ထပ်မံကုန်ဆုံးသွားပြီး သုံးလကြာခဲ့လေပြီ။ အနက်ရောင်နယ်မြေရှိ ခပ်နိမ့်နိမ့်တောင်တန်းထဲက ကျင့်ကြံခြင်းဂူထဲတွင် မန်ဟိုသည် ဆေးမီးတောက်ကို မီးစာဖြည့်ပေးရာ၌ စျာန်ဝင်စားနေသည်။ သူ့ခန္ဓာကိုယ်အပေါ်၌ မည်သည့်မီးတောက်မှ တောက်လောင်မနေသော်လည်း အလွန်ပူပြင်းသော အပူဓာတ်က သူ့ကိုဝန်းရံနေသည်။ သူ၏အရေပြားမှာ ယခင်အတိုင်း ဖြူဖျော့နေသော်လည်း ယခုတွင် သူ့ကိုယ်တွင်းရှိ ခရမ်းရောင်အမြုတေသည် ဖြေးဖြေးချင်း လောင်ကျွမ်းနေသော မီးလုံးတစ်လုံး ဖြစ်နေလေပြီ။

ဤသည်ကား မန်ဟို့၏ဆေးမီးတောက်ကလွဲ၍ တခြားမဟုတ်ပေ။

သုံးရက်ထပ်မံ ကုန်ဆုံးသွားပြီး မန်ဟိုမျက်လုံးပြန်ဖွင့်လိုက်သောအခါ ၄င်းတို့အတွင်းတွင် မီးတောက်များ တရိပ်ရိပ်လှုပ်နေသည်။ မန်ဟိုက တောင်ပိုင်းဒေသရှိရာသို့ လှမ်းကြည့်လိုက်သည်။

"ဒီသုံးလက အိပ်မက်လိုပဲ" သူကတွေးသည်။ "ဆရာ့မျက်နှာပေါ်က ကြင်နာပြီးချီးကျူးနေတဲ့အရိပ်အယောင်ကို ငါအိပ်မက်မက်ခဲ့တယ်" သူ၏ဆေးမီးတောက် ယခင်ထက်ပို၍တောက်လောင်နေသည့် လများအတွင်း သူ၏ကျင့်ကြံခြင်းအခြေခံ အားကောင်းလာနေသည်ကို မန်ဟိုခံစားရသည်။ ယခုတွင် သူသည်သေချာပေါက် အမြုတေဖြစ်တည်မှုစဦးပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည်။

အချိန်တချို့ကြာပြီးနောက် သူက စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်ရာ ရုတ်ခြည်းပါးစပ်အဟောင်းသား ဖြစ်သွား၏။

သူ၏ကျင့်ကြံခြင်းဂူပတ်ဝန်းကျင်တွင် ကျင့်ကြံသူဒါဇင်များစွာ အခြေချနေထိုင်နေကြောင်း သူမြင်လိုက်သည်။ အများစုမှာ စဦးချီဖွဲ့စည်းမှုအဆင့်ဖြစ်ပြီး ခြောက်ယောက်၊ခုနစ်ယောက်ခန့်က ချီအခြေတည်အဆင့်ဖြစ်သည်။

ဤသည်မှာ အသေးစားအခြေစိုက်စခန်း မဟုတ်တော့၊ အလယ်အလတ်အခြေစိုက်စခန်းဖြစ်နေလေပြီ။ သူတို့သည် တောင်ကို အဘက်ဘက်မှ ဝန်းရံထား၏။ သပ်သပ်ရပ်ရပ်နေရာချထားသော အိမ်များကို တည်ဆောက်ထားပြီး တစ်နေရာလုံးမှာ အတော်လေးစည်းကားနေသည်။

ဟွမ်ဒရှန်းသည် ယခုတွင် စဦးချီဖွဲ့စည်းမှုအဆင့် ၉ တွင်ဖြစ်၍ ချီအခြေတည်အဆင့်နှင့်နီးကပ်နေလေပြီ။ ချီအခြေတည်ဆေးလုံးဖြင့်ဆိုပါက သူ့အတွက် အဆင့်တက်ရန် မခက်ပေ။

ထိုသည်က ကံကောင်းရန် သို့မဟုတ် ဆေးမင်ကြောင်အရုပ်စွမ်းအား၏အကူအညီ လိုအပ်ပေမည်။ အနက်ရောင်နယ်မြေများတွင် ယခင်က ထိုချီအခြေတည်အဆင့်ကျင့်ကြံသူများအပေါ်၌ မြင်ခဲ့ရသည့်အရုပ်များသကဲ့သို့ ဆေးမင်ကြောင်အရုပ်များအား အတွေ့များသည်။

ယခုတွင် မန်ဟို နားလည်သွားသည်။ ချီီခြေတည်အဆင့်ဝင်ရောက်လိုသော်လည်း ချီအခြေတည်ဆေးလုံးမရှိသည့် ဤနေရာရှိ ကျင့်ကြံသူများမှာ အောင်မြင်နိုင်ခြေများရန် ဆေးမင်ကြောင်စွမ်းအားကို အသုံးပြုရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

မန်ဟိုသည် ဆေးမင်ကြောင်အရုပ်ကျင့်စဥ်ကို အနည်းငယ်လေ့လာ၍ စစ်ဆေးမှုတချို့ပင် လုပ်ခဲ့ဖူးသည်။ ကနဦးဖြစ်စဥ်မှာ ခက်ခဲပုံမပေါ်ပေ။ သတ္တဝါတစ်ကောင်ကောင်ကို သတ်ပြီးနောက် ၄င်း၏အသက်သွေးကိုသုံး၍ ခန္ဓာကိုယ်ပေါ်တွင် ပုံရိပ်တစ်ခုရေးဆွဲခြင်းမျိုးဖြစ်သည်။ ထို့နောက်တွင် အရုပ်စွမ်းအားကို အသုံးပြုနိုင်ပေမည်။

ထိုကဲ့သို့နည်းလမ်းမှာ ပြဿနာများပုံပင်။ သို့သော် မန်ဟိုမှာ ဆေးမင်ကြောင်အရုပ်ပညာရပ်ကို ကောင်းကောင်းနားမလည်သဖြင့် သူ့အတွက် အသေးစိတ်လေ့လာရန် ခက်ခဲလေသည်။

***

All Chapters