လီကို ကောင်းကင်နှင့် ဖုံးကွယ်
Vol. 23 Ch. 321
ကျင့်ကြံခြင်းဂူ၏အပြင်တွင် ကြက်တူရွေးသည် စူးစူးဝါးဝါးအော်မြည်ရင်း ကောင်းကင်တွင် ပျံဝဲနေ၏။
"မင်းတို့အားလုံး ငါပြောတာနားထောင်။ သခင်ငါးက ကောင်းကင်ငှက်၊ ရှေးကောင်းကင်ငှက်တစ်ကောင်။ ကောင်းကင်အားလုံးကို သိတယ်။ မြေအောက်ကမ္ဘာကိုလည်း သိတယ်၊ ဒါကြောင့်ငါမသိတာ မရှိဘူး။ ငါစိတ်ကြည်ရင် မင်းတို့ကို ကောင်းကင်မှော်ပညာရပ်တစ်ခု လက်ဆင့်ကမ်းပေးမယ်။ ကောင်းကင်မှော်ပညာ။ အဲ့တာ ဘာအဓိပ္ပါယ်လဲ မင်းတို့သိလား။ ကဲအခုငါ့နောက်က လိုက်ဆို ကျယ်ကျယ်အော်မယ်၊ သခင်ငါးကို ယုံကြည်၊ ထာဝရဘဝကိုရမည်။ သခင်ငါးပေါ်လာ ဘယ်သူရန်ဖြစ်ရဲမှာ" ၄င်းသည်ပြောပြီးသည်နှင့် မည်သူမဆို၏အထက်တွင်ရှိနေသကဲ့သို့ မာနကြီးသောအမူရာဖြင့် ဟွမ်ဒရှန်း၏ခေါင်းပေါ်တွင် နားလိုက်သည်။
"မင်းက မျက်စိနောက်စရာကောင်းတဲ့ ငှက်တစ်ကောင်ကလွဲပြီး ဘာမှမဟုတ်ဘူး" အသားဂျယ်လီက တည်ကြည်လေးနက်စွာ ဆိုသည်။ ၄င်းသည် လောလောဆယ်တွင် ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ထိပ်တွင် နားနေသည်။ "မင်းက မင်းကိုမင်း ကောင်းကင်ငှက်လို့ခေါ်နေပေမယ့် တကယ်တမ်း ဘာမှမဟုတ်တဲ့ ငှက်လေးတစ်ကောင်ပဲ။ ပြီးတော့ နံပါတ်ငါးသခင်ဆိုတာ ဘာအဓိပ္ပါယ်တုန်း။ ထားပါ နံပါတ်ငါးက ဘာတုန်း။ မင်းက အလွန်ဆုံးမှ သခင်တစ်ပဲကို" ၄င်းအောက်က ကျင့်ကြံသူမှာ မျက်နှာဖြူဖျောစွာဖြင့် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"ငါ မင်းကို ဘယ်နှဘဝတောင် သင်ပေးနေရမှာတုန်း" ကြက်တူရွေးက အသားဂျယ်လီကို အထင်သေးစွာကြည့်ရင်း ပြောသည်။ "အခုထက်ထိကို သုံးထက်ပိုပြီး မရေတွက်နိုင်သေးဘူး။ မင်းက သခင်ငါးနဲ့ စကားပြောဖို့ ဘောင်မဝင်ဘူး"
"အော် ဟုတ်လား၊ မင်းကရော ဘယ်လောက်ထိ ရေရွတ်နိုင်တုန်း" အသားဂျယ်လီမှာ ဒေါသထွက်ပြီး အရှက်ခွဲခံလိုက်ရသောအသံဖြင့် ပြောသည်။
"ကိုးအထိ ရေနိုင်တယ်" ကြက်တူရွေးက မျက်လုံးပြူးကြီးဖြင့် စိမ်းစိမ်းဝါးဝါးကြည့်ပြီး မာမာထန်ထန်ပြန်ဖြေသည်။ အသားဂျယ်လီမှာ အံ့သြမှင်သက်သွားပြီး ကိုးဂဏန်းက မည်မျှမြင့်သည်လဲ ကြိုးစားတွေးကြည့်လိုက်သည်။ ၄င်းက ကြက်တူရွေးကို တစ်ခုခုပြန်ပြောချင်သော်လည်း ၄င်း၏မာန်တက်နေသောပုံပန်းသွင်ပြင်ကို မြင်သော် အသားဂျယ်လီမှာ ကိုးက မယုံနိုင်လောက်အောင်မြင့်မည်ဟု သဘောပေါက်လိုက်သည်။ ၄င်းမှာ ရုတ်တရက် သိမ်ငယ်သွားသလို ခံစားလိုက်ရ၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများရှိသော်လည်း တစ်ယောက်မှ အက်ကြောင်းထပ်မတတ်ကြားနေရသော စကားများကို မသည်းခံဝံ့ဘဲ မနေပေ။ အသားဂျယ်လီနှင့် ကြက်တူရွေး မည်မျှကြောက်စရာကောင်းကြောင်း သူတို့သိသည်မဟုတ်လော။
အသားဂျယ်လီက လုံးဝမပျက်စီးနိုင်။ ပြီးခဲ့သည့်နှစ်လက အနီးပတ်ဝန်းကျင်က လောဘကြီးသော နောက်တစ်ဖွဲ့ ထပ်လာခဲ့သော်လည်း အသားဂျယ်လီက ဧရာမပူဖောင်းကြီးအသွင်ပြောင်းပြီး သူတို့ကို လွှမ်းခြုံခဲ့သည်။ အတွင်းရှိ ကျင့်ကြံသူများ မည်သို့ကြိုးစားစေကာမူ အရာလေးတစ်ရာထင်အောင်ပင် မလုပ်နိုင်ပေ။
နောက်ဆုံး၌ သူတို့မှာ ကူရာမဲ့စွာ ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ပေ။ အသားဂျယ်လီက သူတို့ကို လွှတ်ပေးပြီး ကြက်တူရွေး ရန်စခဲ့သည်။
နောက်ပိုင်း ကျင့်ကြံသူနောက်တစ်ဖွဲ့ရောက်လာခဲ့သည်။ ထိုအခါတွင် စခန်းရှိကျင့်ကြံသူများသည် မည်သည့်အရာကို ရူးသွပ်မှုအစစ်နှင့် ဒုက္ခစစ်စစ်ဟု ခေါ်သည်လဲ သိရှိသွား၏။
ထိုကျင့်ကြံသူထဲကတစ်ယောက်သည် ကြက်တူရွေးကို ဆဲဆိုခဲ့ရာ ထိုအန္တရာယ်မပေးသော ရောင်စုံငှက်က ... မြင်မြင်သမျှအပေါက်ထဲ ဝင်တိုးခဲ့သည်။ ကြက်တူရွေးက ကျူးကျော်ရန်လာစသော ကျင့်ကြံသူများ၏ ကိုယ်တစ်ပိုင်းအား သွေးသံရဲရဲအပေါက်များဖြင့်ပြည့်အောင် ထိုးဖောက်ပစ်သဖြင့် မျက်စိတစ်မှိတ်အတွင်း သွေးပျက်ဖွယ်အော်သံများ ထွက်ပေါ်လာတော့သည်။
ကံမကောင်းသူတချို့မှာမူ ကြက်တူရွေးက သူတို့၏မျက်လုံးများကို ထိုးဖောက်သွားခဲ့သည်။ ထိုနေ့က ပဲ့တင်ထပ်နေခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်အော်သံများအား ယခုထက်ထိ မေ့မရသေးပေ။
ကြက်တူရွေးကို ဆဲဆိုခဲ့သည့်လူအတွက်မူ ကြက်တူရွေးက အသားဂျယ်လီကို ခြိမ်းခြောက်၍ ထိုလူ့ကို အမွေးထူမျောက်ဝံကြီးအဖြစ်ပြောင်းခိုင်းခဲ့သည်။
ထို့နောက် ၄င်းမှာ မြင်လိုက်ရသည့်လူတိုင်းအား ချင်းနင်းနှိပ်စက်သည့် အိပ်မက်ဆိုးကြီးလာလေသည်။
ကြက်တူရွေးက ဟိန်းဟောက်ကြုံးဝါးရင်း အမွေးထူမျောက်ဝံကြီးထံ လျှပ်စီးတန်းသဖွယ် ပြေးဝင်သွားသည်။ အထူးသဖြင့် ၄င်း၏တင်ပါးထံကိုပင်....
ထိုကျင့်ကြံသူ၏ပါးစပ်မှ ထွက်လာသော စူးစူးဝါးဝါးအော်သံကြီးနှင့် ကြက်တူရွေး၏ သွေးအေးရက်စက်သောစိတ်လှုပ်ရှားမှုက လူတိုင်းကို တိတ်ဆိတ်သွားစေသည်။
ဤတိုက်ပွဲနှစ်ပွဲပြီးနောက် အဖွဲ့၏စွမ်းအားကို သက်သေထူပြီးဖြစ်၍ ဘယ်သူမှ သူတို့ကို ရန်လာမစရဲတော့ပေ။
ကြက်တူရွေး၏မောက်မာမှု၊ ၄င်း၏ လူများအား ဆဲဆိုရသည်ကို နှစ်သက်ခြင်း၊ လှပမှုနှင့် အငြိုးထားတတ်မှုတို့က ကျော်ကြားလာသည်။
ဟွမ်ဒရှန်းကတော့ ကြက်တူရွေး သို့မဟုတ် အသားဂျယ်လီကိုတွေ့သည့်အခါတိုင်း မြှောက်ပင့်ဖားတတ်သည်။ နောက်ဆုံး အခြားသူများလည်း သူထံမှ သင်ယူကြလေသည်။ မကြာမီ တစ်နေရာလုံးသည် ကြက်တူရွေးနှင့်အသားဂျယ်လီ၏ ပိုင်နက်ဖြစ်လာ၏။
ထိုနေ့ကစ၍ ကျင့်ကြံသူများမှာ နေ့စဥ်နေ့တိုင်း အော်ကြသည်။ "သခင်ငါးကို ယုံကြည်၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ၊ ဘယ်သူရန်ဖြစ်ရဲမှာ"
အရေအတွက်များလာသည်နှင့်အမျှ သူတို့၏လွှမ်းမိုးမှုအတိုင်းအတာလည်း ကျယ်ပြောလာသည်။ ဤသို့ဖြင့် ကောင်းကင်မြေကြီးသည် ပိုပို၍ စုဆောင်းမိလာ၏။
မန်ဟိုက စိတ်ဝိညာဥ်အာရုံကို ပြန်ရုတ်သိမ်းပြီး သိုလှောင်အိတ်ကို စစ်ဆေးလိုက်သည်။ အမှန်တွင် ဤနေရာသို့လူအများကြီးရှိနေခြင်းက ခေါင်းခဲစရာပင်။ ထပ်ပြီးဝင်ရောက်လာကြလျှင်တော့ မန်ဟို့တွင် ပေးစရာဆေးလုံးများရှိလျှင်တောင်မှ လုံလောက်ဦးမည်မဟုတ်ပေ။
အခြေအနေကို တခဏစဥ်းစားပြီးနောက် မန်ဟို ထရပ်ပြီး ကျင့်ကြံခြင်းဂူမှ ထွက်လာသည်။ သူပေါ်လာသည်နှင့်တစ်ပြိုင်နက် အသားဂျယ်လီက ပျံလာသည်။ ကြက်တူရွေးမှာ စိတ်မပါသော်လည်း ချဥ်းကပ်လာပြီး မန်ဟို့ကို ပတ်၍ပျံဝဲနေသည်။ နွယ်များက မြေကြီးကိုဖောက်ထွက်လာပြီး သူ့ကိုတွေ့ရသဖြင့် ပျော်ရွှင်စွာ ရှေ့နောက်ယိမ်းနေသည်။ ယခင်က မန်ဟို့စွမ်းအားကို မျက်မြင်ကိုယ်တွေ့ကြုံဖူးသည့် ကျင့်ကြံသူတချို့လည်း သူ့ကို ဦးညွှတ်လိုက်ကြသည်။
မကြာမီ တစ်နေရာလုံး အတော်လေးအုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။ ဤနေရာရှိလူအများစုမှာ မန်ဟို့ကို တစ်ခါမှမမြင်ဖူးသော်လည်း သူ့အကြောင်းကြားဖူးသဖြင့် ယခုတွင် ခေါင်းထောင်ကြည့်နေကြသည်။
ဘယ်သူမှ ဆေးလုံးများကို မမြင်နိုင်ခင် မန်ဟိုက ၄င်းတို့ကို ရေကန်ထဲ ပစ်လိုက်သည်။ ထို့နောက် ညာလက်ဖြင့် မုဒြာဟန် အလျင်အမြန်ဖော်ပြီး ရေကန်ကို လက်ညှိုးထိုးလိုက်သည်။ ရေများမှာ တပွက်ပွက်ဆူလာပြီး မမြင်ရသော မီးတောက်များလောင်ကျွမ်းနေသကဲ့သို့ အပူပြင်းပြင်းကို ခံစားရသည်။
တခဏကြာသော် ရေကန်မှ သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်စီးကြောင်း ပျံလွင့်လာပြီး တစ်နေရာလုံးကို လွှမ်းခြုံသွားသည်။ ကျင့်ကြံသူအားလုံး၏မျက်နှာများ ချက်ချင်း အံ့သြစိတ်လှုပ်ရှားမှုဖြင့်ပြည့်သွားသည်။
စိတ်ဝိညာဥ်စွမ်းအင်၏သိပ်သည်းမှုအရ ကန်ရေတစ်ငုံသောက်ခြင်းက ဆေးရည်သောက်ခြင်းနှင့်တူမည့်ပုံရလေသည်။
"လူတိုင်း ဒီဆေးကန်ကနေ တစ်ကြိမ်စီသောက်ကြ" မန်ဟိုက ဟွမ်ဒရှန်းနှင့် ချီအခြေတည်ခြင်း မဟာစက်ဝန်းအဆင့်ကျင့်ကြံသူကို တစ်ချက်ကြည့်ရင်းပြောသည်။ သူ၏အကြည့် သူတို့ကိုကျော်သွားသောအခါ သူတို့မှရင်တုန်သွား၏။ ချီအခြေတည်အဆင့်တာအိုမဏ္ဍိုင်များမှာ မန်ဟို့၏ရက်စက်မှုကို အာရုံခံနိုင်သည့်အလား တုန်ရီသွားလေသည်။
လူတိုင်း ဖြေးဖြေးချင်းခေါင်းငုံ့သွားပြီးနောက် မန်ဟိုက လတ်တလော စုဆောင်းထားသော ကောင်းကင်မြေကြီးကိုယူပြီး ဉာဏ်အလင်းထပ်မံရရှိဖို့ လေ့လာရန် ကျင့်ကြံခြင်းဂူထဲပြန်ဝင်သွား၏။
နောက်တစ်လ ကုန်ဆုံးသွားသည်။ ယခုအချိန်တွင် မန်ဟိုသည် အမွေးတိုင်တစ်ဝက်ထွန်းစာနှင့်ညီမျှသော အချိန်အထိ မြေကြီးကို လေ့လာနိုင်သွားသည်။ ထိုအချိန်အတောအတွင်း ရွှေရောင်မှော်သင်္ကေတများမှ ဖြစ်ပေါ်လာသော လူသေးသေးလေးများနှင့် သူတို့၏စုတ်ချက်များကို သူလေ့လာလိုက်သည်။
မန်ဟို့၏သုံးသပ်မှုအရ သူ့မှာ တစ်ရာပုံပုံမှ တစ်ပုံသာ စုဆောင်းရသေး၏။ ဉာဏ်အလင်းရဖို့အလို့ငှာ ကောင်းကင်မြေကြီး များစွာထပ်လိုအပ်ပေမည်။
ယခုတလော မန်ဟိုသည် သူ့အမြုတေ၏တိုးတက်မှုကို ဖိနှိပ်ထား၏။ အကြောင်းရင်းမှာ အမြုတေဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏အမြုတေမှာ အပြည့်အဝအစိုင်အခဲဖြစ်သွားလိမ့်မည်။ နောက်လာမည့်အဆင့်မှာ ပြီးပြည့်စုံသောရွှေအမြုတေရဖို့သာ ဖြစ်ပေမည်။
အမြုတေချီ၏အနှစ်သာရကတော့ မန်ဟိုနားလည်သလောက်ဆိုလျှင် ပြီးပြည့်စုံသောရွှေအမြုတေရရှိပြီးနောက်မှ ဖန်တီးခြင်းက ပိုကောင်းလိမ့်မည်။ ထိုအချိန်တွင် သူ၏အတိုက်အခိုက်စွမ်းရည်မှာ ချက်ချင်းတဟုန်ထိုးတက်သွားမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိလေသည်။
ယနေ့တွင် မန်ဟိုသည် သူ၏လေ့လာမှုကို အပြီးသတ်ပြီးနောက် ခဏနားကာ သမာဓိအပ်နှင်းခြင်းပညာရပ်ကို တစ်ဖန်စမ်းကြည့်လိုက်သည်။ ယခုတလော ဤနတ်ဘုရားစွမ်းရည်နှစ်ခုကို ကျင့်ကြံရင်းအချိန်ကုန်သည်က များလေသည်။ မှန်ပါသည်၊ သူအနေဖြင့် သမာဓိအပ်နှင်းခြင်းကို သုံးသည့်အချိန်တိုင်း ကျောက်ခဲကွင်းပြင်အနားသွားမည်မဟုတ်ပေ။
သူ ၄င်းကို အသုံးပြုလေလေ သူ၏နားလည်မှုက ပို၍နက်ရှိုင်းလာလေလေဖြစ်သည်။ သူ့မှာ အခြေခံရှိပြီးဖြစ်သည့်အတွက် မန္တန်တစ်ခုဖန်တီးရန် သူ၏စိတ်ဆန္ဒကို မိစ္ဆာချီဖြင့်ပေါင်းစည်းနိုင်သည်။
သူက လက်ကိုမြေကြီးပေါ်ချလိုက်ရာ သရဲပုံရိပ်များ နေရာအနှံ့ပေါ်လာသည်။ သူ၏စိတ်ဝိညာဥ်အာရုံကို ဤနေရာရှိ မိစ္ဆာချီနှင့် ပေါင်းစည်းပြီး အဘက်ဘက်သို့ ဖြန့်ကျက်ရန် တခဏသာကြာလိုက်သည်။ လောလောဆယ်တွင် ၄င်းသည် အချင်းဝက် ကီလိုမီတာသုံးရာရှိသော ဧရိယာအတွင်းရှိ အရာအားလုံးကို လွှမ်းခြုံနိုင်သည်။ ထိုသည်က အမြုတေဖြစ်တည်မှုအဆင့်နှောင်းပိုင်းအဆင့်၏ စိတ်ဝိညာဥ်အာရုံနှင့် ညီမျှလေသည်။
ကီလိုမီတာငါးရာကျော်နိုင်ရန်က အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအတွက်သာ ဖြစ်နိုင်သည်။
မန်ဟို၏ စိတ်ဝိညာဥ်အာရုံနှင့်မိစ္ဆာချီ ပေါင်းစည်းထားမှု ပျံနှံ့လာစဥ် ကျင့်ကြံခြင်းဂူအတွင်း၌ သူ၏မမြင်ရသောကိုယ်တစ်ခုရှိနေသည်။ ဤမမြင်ရသောကိုယ်သည် သူ့စိတ်ဆန္ဒ၏ ညွှန်ကြားရာအတိုင်း အချင်းဝက်မီတာသုံးရာအတွင်း မည်သည့်နေရာကိုမဆို သွားနိုင်သည်။
ကျင့်ကြံခြင်းဂူအပြင်ရှိ ကျင့်ကြံသူများကို သူမြင်လိုက်သည်။ သူတို့သည် ကျင့်ကြံခြင်းအခြေခံအဆင့်အမျိုးမျိုးဖြင့် အယောက်ခုနစ်ဆယ်၊ ရှစ်ဆယ်ရှိနေပြီဖြစ်သည်။ သူ့တို့တွင် လုပ်စရာတစ်ခုသာ ရှိသည်။ နေ့စဥ်နေ့တိုင်း စခန်းမှထွက်ခွာ၍ ခရမ်းစိမ်းရောင် ကောင်းကင်မြေကြီးတချို့ဖြင့် ပြန်လာရန်လိုအပ်သည်။ ထိုသို့လုပ်ရန်လိုအပ်သည့်အရာမှန်သမျှ သူတို့လုပ်နိုင်သည်။ ပမာဏများများဖြင့်ပြန်လာလေလေ၊ ဆေးကန်မှ များများသောက်ခွင့်ရလေလေ ဖြစ်သည်။
မန်ဟိုက တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုကာ ဤထူးဆန်းသောအခြေအနေတွင် သူ့ကိိုယ်သူ နစ်မြှုပ်၍ မိစ္ဆာချီအသုံးပြုနိုင်ခြင်း၏အရသာကို ခံစားရင်း ဟိုဟိုသည်သည်သွားလာနေသည်။
သူသတိပင်မထားလိုက်ခင် တစ်နာရီကုန်လွန်သွားသည််။ မန်ဟို့အတွေ့အကြုံအရ သမာဓိအပ်နှင်းခြင်းပညာရပ်ကို အသုံးပြုပြီး ဖန်တီးခဲ့သော မန္တန်မှာ တစ်နာရီစွန်းစွန်း သာ ခံလေသည်။ ပညာရပ်၏သက်ရောက်မှုကို ဖယ်ရှားတော့မည့်အချိန် သူ၏မန္တန်က ခေါင်းလှည့်၍ မျက်လုံးများကျဥ်းမြောင်းပြီး အဝေးကို ကြည့်လိုက်သည်။ သူက ထိတ်လန့်ခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေသည်။
ထိုနေရာ၊ ခပ်လှမ်းလှမ်းတွင် ကျောက်ခဲကွင်းပြင်ရှိသည်။ အံဖွယ်ကောင်းစွာ အနက်ရောင်ချီမြူထု ထွက်ပေါ်လာပြီး ဧရာမအဘိုးကြီးတစ်ယောက်၏ပုံရိပ်အဖြစ် စုစည်းလာသည်ကို မြင်လိုက်ရသည်။
အဘိုးကြီးသည် ဘီလူးကြီးတစ်ကောင်ကဲ့သို့ ကြီးမားပြီး မန်ဟို့ကို ကြည့်နေလေသည်။
သူ၏အောက်ပိုင်းက အနက်ရောင်မြူဖြစ်ပြီး အပေါ်ပိုင်းတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏အဖြူရောင်ဆံပင်များမှာ လွင့်လျက်ရှိပြီး သူ၏မျက်လုံးများက လျှပ်စီးသဖွယ်ပင်။ သူ၏အမူအရာမှာ ရှေးဆန်သော နက်နဲသိမ်မွေ့မှုနှင့်ပြည့်နှက်နေပြီး နဖူးကား ကွဲအက်နေသည်။ အဆိုပါအက်ကြောင်းအတွင်းမှ တွန့်လိမ်လူးလွန့်ပြီး တရွှီးရွှီးအသံများ ထုတ်လွှတ်နေသော အနက်ရောင်မြွေသေးသေးလေးများ ထွက်လာသည်။
"ဂါဝရပြုပါတယ် စီနီယာ" မန်ဟိုက လက်နှစ်ဖက်ယှက်၍ ဦးညွှတ်ရင်းပြောသည်။
အဘိုးကြီးက မန်ဟို့ တခဏကြည့်သည်။ "ငါမင်းကို စောင့်ကြည့်နေတာ" သူပြောသည်။ ထို့နောက် ယဥ်ကျေးမှုမရှိသော လေသံဖြင့် ဆက်ပြော၏။ "ကျီမျိုးနွယ်စုရဲ့ကံကြွေးက ဘာကြောင့်မင်းနဲ့ပတ်သက်နေတာလဲ ဖြေစမ်း"
"လူကြီးမင်းနဲ့ မဆိုင်ဘူး" မန်ဟိုက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေသည်။
"ဟုတ်လား" အဘိုးကြီးက ခပ်စူးစူးကြည့်ရင်းပြောသည်။ သူ၏အရှိန်အဝါမှာ ရုတ်တရက် ဝုန်းခနဲတောက်လာပြီး သူ၏ခန္ဓာကိုယ်ကား ကောင်းကင်ဘုံမှလာသောအင်အားကြီးဖြင့် တရိပ်ရိပ်ဖြစ်နေသည့်အလားပင်။ အနက်ရောင်မြူများ တဖွေးဖွေးလှုပ်လာပြီး အနက်ရောင်မြွေများက မန်ဟို့ကို ရန်စောင်ရင်း သူ့နဖူးမှ တိုးထွက်လာသည်။ သူတို့၏လျှာနှစ်ခွကား ဝင်လိုက်ထွက်လိုက်ဖြစ်နေပြီး ခပ်စူးစူးအသံများ အော်မြည်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် သူနဖူးမှ မြွေသေးသေးလေးများ၏ ထင်ဟပ်မှုသကဲ့သို့ အနက်ရောင်မြွေကြီးတစ်ရာကျော် အဘိုးကြီး၏အရှေ့တွင် ပေါ်လာသည်။ သူတို့ကပေါ်လာသည်နှင့် အဘက်ဘက်သို့ ဖြန့်လိုက်သည်။ ထိုမြင်ကွင်းကြီးမှာ မယုံနိုင်လောက်အောင် အံ့သြစရာကောင်းသည်။
မှန်ပါသည်၊ ဤအခြင်းအရာကို မန်ဟိုမှတစ်ပါး အခြားဘယ်သူမှ မမြင်နိုင်သည့်တိုင် သူ၏အမူအရာမှာ တည်ငြိမ်လျက်ရှိ၏။
"မင်း ဒီကိုတစ်ခါ လာဖူးတယ်" အဘိုးကြီးက မန်ဟို့ကို ကြည့်ရင်း ပြောသည်။ "ချိတ်တံဆိပ်က ငါ့ကို ဖိနှိပ်နိုင်မယ်ထင်လား။ ဒါကြောင့် မင်းဒီလောက်ယုံကြည်ချက်ရှိနေမလား" သူ၏အသံက မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်နေရာ ကောင်းကင်ကို မည်းမှောင်သွားစေသည်။
"မှန်တယ်" မန်ဟိုက အေးအေးလူလူပြန်ဖြေသည်။
ထိုလူက သူ့ကိုစိုက်ကြည့်ပြီးနောက် ရုတ်တရက် တဟားဟားရယ်လိုက်သည်။ "သိပ်ကောင်းတဲ့ တုံ့ပြန်ချက်ပဲ။ ကျီမျိုးနွယ်စုကံကြွေးတစ်မျှင် မင်းနဲ့ ဆက်နွှယ်နေပြီဆိုတော့ ဒီတစ်ဘဝလုံး အဲ့ကံကြွေးကိုရှောင်ရင်း မင်းဒုက္ခရောက်တော့မှာ။ နဝမတောင်နဲ့ပင်လယ်ရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီး ဉာဏ်အလင်းရတဲ့ဘယ်သူမဆို ကျီမျိုးနွယ်စုရဲ့သားကောင်ဖြစ်လာတယ်
"မင်းက ငယ်သေးတယ်ဆိုတော့ မင်းအတွက် နဝမတောင်နဲ့ပင်လယ်ကို အာရုံခံနိုင်တာက ကြီးမြတ်တဲ့အမွေအနှစ်လမ်းကြောင်းပေါ်မှာ ရောက်နေတယ်လို့ ဆိုလိုတယ်။ ဒါပေမဲ့ ဒီလိုလမ်းကြောင်းတစ်ခုဟာ.... ကျီမျိုးနွယ်စုနဲ့ ပဋိပက္ခဖြစ်လိမ့်မယ်။ ငါ့အတွက်တော့ မင်းသိပ်ဝေးဝေးသွားနိုင်မှာမဟုတ်ဘူး" သူက နောက်တစ်ခါရယ်ရင်း လှည့်ကာ အနက်ရောင်မြူထုထဲဝင်ရောက်ပျောက်ကွယ်သွားသည်။
အဘိုးကြီး၏စကားလုံးများက မန်ဟို့ကို အတန်ငယ်တွေဝေသွားစေသည်။ ထိုလူပျောက်ကွယ်တော့မည့်အချိန် သူက ရုတ်တက်ပြော၏။ "နဝမတောင်နဲ့ပင်လယ်ရဲ့ အနှစ်သာရက ဘာလဲ။ ကျီမျိုးနွယ်စုက အဲ့တာနဲ့ပတ်သက်ပြီး ဘာကိုလိုချင်တာလဲ"
"အင်မတန်ကျယ်ပြောတဲ့ဟင်းလင်းပြင်မှာ တောင်ကိုးလုံးရှိတယ်။ တစ်တောင်လုံးစီမှာ ဂြိုလ်လေးခုစီနဲ့ တောင်နဲ့ပင်လယ်ကိုလှည့်ပတ်နေတဲ့ နေတစ်စင်း၊ လတစ်စင်းစီရှိတယ်။ တောင်တစ်လုံး၊ ပင်လယ်တစ်စင်း၊ အနှစ်သာရတစ်ခု။ တောင်နဲ့ပင်လယ်တစ်စုံရဲ့ အနှစ်သာရကို ရရှိရင် တောင်နဲ့ပင်လယ်ရဲ့ အရှင်ဖြစ်လာမယ်.... နဝမတောင်နဲ့ပင်လယ် အရှင်ရဲ့မျိုးရိုးက လီ။ ဒါပေမယ့် သူက အသေဆိုးနဲ့သေသွားတဲ့အတွက် အဲ့ဒီတောင်မှာ အရှင်မရှိဘူး။ ဒါကြောင့် အင်မိုတယ်အားလုံး အဲ့ဒီနေရာကိုလုကြတယ်
"အရှင်လီမှာ လက်အောက်ခံကောင်းကင်စစ်သည်နှစ်ဦးရှိတယ်။ အဲ့နှစ်ဦးထဲက အစွမ်းထက်ဆုံးတစ်ယောက်က မျိုးရိုးနာမည်ပြောင်းလိုက်တယ်။ သူက လီ (李) ကို ဖုံးကွယ်ဖို့ ကောင်းကင် (天) ကို အသုံးပြုပြီး ကျီ (季) ဆိုပြီး ခေါ်တွင်စေတယ်။ အဲ့ဒီအချိန်ကစပြီး ကျီဘိုးဘေးဟာ ကောင်းကင်နန်းတော်ကို သိမ်းပိုက်လိုက်တယ်။ သူက ရှေးနာမည်တွေကို လိုက်ရှာသတ်ဖြတ်၊ နက္ခတ်တာရာတွေရဲ့ နေရာကိုပြောင်းပြီး အင်မိုတယ်တွေကို အစုလိုက်အပြုံလိုက် ချုပ်နှောင်ခဲ့တယ်....
"တောင်နဲ့ပင်လယ်ရဲ့ ပြစ်ဒဏ်။ ဂြိုဟ်တွေကြားက မဟာစစ်ပွဲ။ အင်မိုတယ်တွေ သေဆုံးခြင်း။ အဆုံးမရှိတဲ့ ဝမ်းနည်းငိုကြွေးမှုတွေ။ သက်ရှိအားလုံး ခေါင်းမော့လိုက်တဲ့အခါ တဖျပ်ဖျပ်လက်နေတဲ့ကြယ်စင်တွေကို မြင်ရမယ့်အစား ကျီရဲ့ကောင်းကင်ကိုပဲ မြင်ရတယ်" အဘိုးကြီး တဖြေးဖြေးပျောက်ကွယ်သွားစဥ် သူ၏ ကျယ်လောင်သောအသံကြီးသည် ရယ်သံနှင့်အတူ ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေပုံရသည်။
မန်ဟိုမှာ ကြောင်တောင်တောင်လေးငေးရင်း လေလယ်တွင် ရပ်ကျန်ခဲ့သည်။ သူ၏စိတ်မှာ အဘိုးကြီး၏ ပျော်ရွှင်လိုက်၊ ရူးသွပ်လိုက်ဖြစ်နေပုံရသော ခါးသက်သက်ရယ်သံကြီးနှင့် စကားများဖြင့် ပဲ့တင်ထပ်ရင်း ချာချာလည်နေသည်။
***