ကျီမျိုးနွယ်စု သိုလှောင်အိတ်
Vol. 23 Ch. 322
အချိန်အနည်းငယ်ကြာသော် မန်ဟို၏ပုံရိပ်သည် သက်ဝင်လှုပ်ရှားနေသော အရှိန်အဝါတစ်ခုအသွင်ပြောင်းရင်း တစတစပျောက်ကွယ်လာကာ နောက်ဆုံးဘာမှမရှိတော့ပေ။
ကျင့်ကြံခြင်းဂူထဲတွင် သူ၏မျက်လုံးများ တဖြေးဖြေးပြန်ပွင့်လာသည်။ ၄င်းတို့သည် ငေးကြောင်နေပြီး အခက်တွေ့နေသော ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူ၏အသက်ရှူသံမှာ အတန်ငယ်မြန်နေ၏။ အဘိုးကြီးပြောခဲ့သည့် စကားလုံးတစ်လုံးတိုင်း၊ စာကြောင်းတစ်ကြောင်းတိုင်းက မန်ဟို့နားထဲတွင် မိုးထစ်ချုန်းသံသဖွယ် ဆက်လက် ပဲ့တင်နေသည်။
မှတ်ဉာဏ်အမျိုးမျိုးက သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး သူ၏မျက်လုံးများတောက်ပလာသည်။
"အကန့်အသတ်မဲ့ နဝမတောင်..... ချုံမန်းတိုင်က အဋ္ဌမတောင်ရဲ့ ကျားလှောင်အိမ်ဂြိုဟ်ကပဲ။ ပြီးတော့ နဝမတောင်ရဲ့မဟာစစ်ပွဲကြီးလို့ခေါ်တဲ့အရာမှာ ပါဝင်ခဲ့တတယ်....အဲ့တာက အဘိုးကြီးပြောသွားတဲ့ မဟာစစ်ပွဲဆိုတာ ဖြစ်မယ်
"ပြီးတော့ ရှစ်ဆက်မြောက်မိစ္ဆာချုပ်နှောင်သူပြောတာကိုလည်း မှတ်မိသေးတယ်။ ဆဋ္ဌမတောင်က ခုနစ်ဆက်မြောက်မိစ္ဆာချုပ်နှောင်သူရဲ့အမွေအနှစ်နဲ့ကြုံတွေ့တာကြောင့် မိစ္ဆာချုပ်နှောင်သူများအဖွဲ့ကို ဝင်ရောက်ခဲ့တယ်။ သူရဲ့မိစ္ဆာချုပ်နှောင်ကျောက်စိမ်းကို ဖန်တီးဖို့ ဆဋ္ဌမတောင်ရဲ့ပင်လယ်တစ်ဝက်ကို သန့်စင်ခဲ့တယ်ပြောတယ်" (အပိုင်း ၁၀၂)
ယခုတွင် သူ့စိတ်ထဲ၌ ပြန့်ကြဲနေခဲ့သော အစိတ်အပိုင်းများမှာ အဘိုးကြီး၏စကားများကြောင့် တစ်ခုနှင့်တစ်ခု ဆက်နေကြသည်။ တဖြေးဖြေးနှင့် အရာအားလုံးကို အများကြီးပို၍ရှင်းလင်းစွာ မြင်လာရလေပြီ။
"ဒီကမ္ဘာကြီးရဲ့အလွန်က အနန္တဟင်းလင်းပြင်မှာ ဖော်ပြလို့တောင်မရတဲ့ အရွယ်အစားရှိတဲ့ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရှိတယ်။ တောင်တစ်လုံးစီမှာ နေနဲ့လအသီးသီးရှိတဲ့အပြင်..... ဂြိုလ်ကိုးလုံးတောင် ရှိတယ်။ ချုံမန်းတိုင်ပြောခဲ့တဲ့အတိုင်းဆိုရင် ငါက နဝမတောင်ရဲ့ ဂြိုဟ်လေးလုံးထဲကတစ်လုံးဖြစ်တဲ့ တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာပဲ" ဤအခိုက်တွင် မန်ဟိုသိခဲ့ဖူးသော ကမ္ဘာမှာ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွား၏။ အရာအားလုံးမှာ သူထင်ထားသည်ထက်ပို၍ အဆပေါင်းများစွာ ကြီးမားကျယ်ပြောနေသည်။ လောလောဆယ်တွင် သူ၏စိတ်မှာ .... အင်မိုတယ်များသာ နားလည်နိုင်သော ကောင်းကင်နှင့်ပတ်သက်သည့် အသိအမြင်များဖြင့် ပြည့်နေလေသည်။
"ကျီမျိုးနွယ်စုက တောင်ကောင်းကင်ဂြိုဟ်မှာတင်မဟုတ်ဘူး၊ တခြားဂြိုဟ်သုံးလုံးမှာလည်း အင်အားကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကျီဘိုးဘေးက နဝမတောင်နဲ့ပင်လယ်ရဲ့ အနှစ်သာရကို သိမ်းပိုက်ပြီး နဝမတောင်ရဲ့ကောင်းကင်ကို တဖြေးဖြေးပြောင်းလဲရင်း အားလုံးအထဲမှာ အင်အားအကြီးဆုံးဖြစ်လာတာပဲ။ ကျီ (季) ဘိုးဘေးက လီ (李)ကို ကောင်းကင်(天)နဲ့ ဖုံးကွယ်လိုက်တာ။ ဘယ်လောက်ရဲတင်းလိုက်သလဲ" မန်ဟိုမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ရုတ်တရက် သူ့အပေါ် ဖိအားအကြီးကြီးသက်ရောက်လာသကဲ့သို့ ခံစားရလေသည်။ ကျီမျိုးနွယ်စု မည်မျှအင်အားကြီးကြောင်း သူ အဘယ်သို့စိတ်ကူးနိုင်မည်နည်း။ တွေးကြည့်၍မရလောက်အောင် ကြောက်စရာကောင်းသည်။
ထိုမျှသာမက သူ အာခံခဲ့သည်မှာ တောင်ကောင်းကင်ဂြိုဟ်ပေါ်က မပြောပလောက်သော ကျီမျိုးနွယ်စုအခွဲသေးသေးလေးသာ။
"ကံကြွေးမျှင်... " သူကတွေးသည်။ "အဲ့တာက ကျီဟုန်တုန်ကို သတ်ပြီးတဲ့နောက် ငါ့ကိုယ်ပေါ်မှာချိတ်ဆက်နေတဲ့ မမြင်ရတဲ့အမျှင်ဖြစ်ရမယ်။ အဲ့အမျှင်ကြောင့် ငါ့အတွက် နဝမတောင်နဲ့ပင်လယ်ထဲမှာ ပြေးစရာနေရာမရှိဘူး။ ဒါနဲ့.... ဖန်မျိုးနွယ်စုကရော ဘယ်လိုနေရာကို သိမ်းပိုက်ထားတာလဲ" သူ့မှာ ထိုမေးခွန်းအတွက် အဖြေမရှိသဖြင့် မျက်မှောင်ကြုတ်သွားသည်။
"နဝမတောင်နဲ့ပင်လယ်ရဲ့ အနှစ်သာရ.... အဲ့တာက သမာဓိအပ်နှင်းခြင်းပညာရပ်ကို သုံးရင်း အာရုံခံနိုင်တဲ့ မိစ္ဆာချီများလား။ နဝမတောင်ရဲ့အနှစ်သာရက မိစ္ဆာတစ်ကောင်လား" မန်ဟိုမျက်မှောင်ကြုတ်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အတွေ့အကြုံအရ ဤအရာများမှာ စဥ်းစားရခက်သော အရာများဖြစ်သည်။
"ချုံမန်းတိုင်က အဋ္ဌမတောင်က။ ရှစ်ဆက်မြောက်မိစ္ဆာချုပ်နှောင်သူက ဆဋ္ဌမတောင်က။ ခုနစ်ဆက်မြောက်မိစ္ဆာချုပ်နှောင်သူရဲ့အမွေအနှစ်က ဆဋ္ဌမတောင်က.... ငါက မှီခိုရာဂိုဏ်းက... ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ" မန်ဟို့၏စိတ်ထဲမှာ ကစဥ့်ကလျားဖြစ်နေတော့သည်။ ၄င်းမှာ လျှို့ဝှက်ဆန်းကြယ်သောစာလိပ်အကြီးကြီး သူ့အရှေ့တွင် တဖြေးဖြေးပြေကျလာသကဲ့သို့ပင်။ သူမြင်ချင်လေလေ စာလိပ်ကို များများဖြန့်ရမည်ဖြစ်သည်။
"ပြီးတော့ ယီကျန့်ဂိုဏ်းက ရှန်လင်းဆိုတဲ့ အမျိုးသမီး။ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းပြောတဲ့အတိုင်းဆို သူက ဒီကိုကျလာပြီး စိတ်ဝိညာဥ်ဖြစ်လာတဲ့ နဝမတောင်ပေါ်က ကျောက်ခဲတစ်ခဲပဲ....." မန်ဟို နှာခေါင်းကိုပွတ်လိုက်သည်။ သူ့စိတ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေသည့်အလား ခံစားနေရသည်။
"အရှေ့က မိစ္ဆာချုပ်နှောင်သူမျိုးဆက်ရှစ်ဆက်က ဘယ်လိုလူမျိုးတွေလဲ။ သူတို့ရဲ့မှော်ကိုကျင့်ကြံရင်း နဝမတောင်နဲ့ပင်လယ်ရဲ့ အနှစ်သာရကို အာရုံခံနိုင်တယ်။ သူတို့က တကယ်ကြီး ဘယ်လောက်အစွမ်းထက်တာလဲ။ ပြီးတော့ ဘာ့ကြောင့် ကျီဘိုးဘေးက မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို အသိအမှတ်မပြုတာလဲ...." သူမျက်မှောင်ကြုတ်သွားပြန်သည်။ သူ့မှာ တွေးရသည်ကိုနှစ်သက်သူဖြစ်သော်လည်း သိသမျှအားလုံး မည်မျှတွေးကြည့်စေကာမူ အပိုင်းအစများအားဆက်စပ်၍မရသေးပေ။ အချက်အလက်များစွာလိုနေချေသည်။
မဖြစ်စလောက်အချက်အလက်လေးဖြင့် အကြောင်းအရာအကြီးကြီးကိုနားလည်အောင် ကြိုးစားခြင်းက အချည်းနှီးသာဖြစ်သည်။
"မိစ္ဆာချုပ်နှောင်သူတွေ မိစ္ဆာချုပ်နှောင်သူတွေ.....နဝမတောင်နဲ့ပင်လယ်ရဲ့အနှစ်သာရက မိစ္ဆာချီဆိုရင် မိစ္ဆာချုပ်နှောင်သူအဖွဲ့က နဝမတောင်နဲ့ပင်လယ်မှာ ရာထူးပိုမြင့်တယ်မဟုတ်လား။ အဲ့ဒီလိုသာဆိုရင် ငါက...." မေးခွန်း၏ကြီးကျယ်မှုကြောင့် သူ့မှာရင်တဒိန်းဒိန်းခုန်လာသည်။ သို့သော် သူက ထိုအတွေးကို အလျင်အမြန်ဖယ်ရှားရန် ဆုံးဖြတ်လိုက်သည်။
"မဖြစ်နိုင်ဘူး။ အမှန်သာဆိုရင် အရှေ့ကမိစ္ဆာချုပ်နှောင်သူရှစ်ဆက် ကွယ်လွန်သွားပြီလား။ ပြီးတော့ ငါက ဘာလို့ ဒီလိုကျဥ်းထဲကြပ်ထဲမှာ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူဖြစ်လာမှာလဲ။ ငါ့ရဲ့တစ်ယောက်တည်းသော တာအိုစောင့်ရှောက်သူ လိပ်အိုကြီးလည်း ထွက်ပြေးသွားတာကြာပြီ" မန်ဟိုက ခါးသက်သက်ရယ်လိုက်သည်။ သူ ထိုအတွေးကို ခေါင်းထဲက မည်မျှထုတ်ထုတ် မရပေ။ ၄င်းမှာ သူ့စိတ်ထဲတွင် အမြစ်တွယ်နေ၏။
"ရှစ်ဆက်မြောက်မိစ္ဆာချုပ်နှောင်သူက တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းမှာ တာအိုပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရတယ်.....သူက နဝမတောင်လို့မပြောဘူး။ တောင်ကိုးလုံးလို့ပြောတာ။ ဒါဆို တောင်နဲ့ပင်လယ်ကိုးခုလုံးကို ရည်ညွှန်းတာပဲ..." မန်ဟို တခဏစဥ်းစားနေပြီးနောက် အကုန်လုံးခွဲခြမ်းစိတ်ဖြာနေသည်ကို ရပ်ရန် ဆုံးဖြတ်လိုက်သည်။ သူက သက်ပြင်းဖွဖွချလိုက်သည်။ သူ့အတွက် လျှောက်တွေးနေခြင်းက အကြောင်းမထူးကြောင်း သူသိသည်။ သူ့မှာ အမြုတဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်သာ မဟုတ်ပါလော။
"ငါ တောင်ကောင်းကင်ဂြိုဟ်ကနေ ဘယ်တော့မှ ထွက်မသွားနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အဲ့လိုထွက်သွားဖို့ တစ်ခုတည်းသောနည်းလမ်းက အင်မိုတယ်အဆင့်တက်ခြင်းကို ရောက်ရှိဖို့ပဲရှိတယ်" သူက စိတ်ကိုရှင်းလင်းရန် ခေါင်းခါလိုက်သည်။
အင်မိုတယ်အဆင့်တက်ခြင်းမှာ သူ့အတွက် ဝေဝါးသောအရာတစ်ခုသာဖြစ်သည်။ လက်ရှိစိုးရိမ်စရာက ပြီးပြည့်စုံသော ရွှေအမြုတေလမ်းကြောင်းဖြစ်သည်။
သမာဓိအပ်နှင်းခြင်းပညာရပ်ကို လေ့ကျင့်နေသည့် လများအတွင်း ကျောက်ခဲကွင်းပြင်၌ အဘိုးကြီးကို အာရုံခံမရတော့ပေ။ သို့သော် သူ့မှာ စောင့်ကြည့်ခံနေရသည်ကို အလိုလိခံစားနေရသည်။
သူ၏ကျင့်ကြံခြင်းဂူကို ဝန်းရံထားသည့် အခြေစိုက်စခန်းကို ဝင်ရောက်လာသော ကျင့်ကြံသူအရေအတွက်မှာလည်း အချိန်နှင့်အမျှ တိုးများလာခဲ့သည်။ ယခုတွင် တစ်ရာကျော်သွားပြီး ဒေသတစ်ခုလုံးတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်လာလေပြီ။
လူပေါင်းတစ်ရာကျော် တောင်ကိုဝန်းရံထားကြသည်။ ဆေးကန်မှာ ဒုတိယအထွတ်အမြတ်နေရာဖြစ်ပြီး မန်ဟို့၏ကျင့်ကြံခြင်းဂူက ပထမဖြစ်သည်။
နေ့တိုင်း သူတို့အားလုံး သခင်ငါးကို ယုံကြည်ပါက ထာဝရဘဝကို ရမည်ဆိုသော စကားလုံးများအား တညီတညွတ်တည်း ရွတ်ကြရသည်။
အရေအတွက်တိုးခြင်းက မန်ဟို့အတွက် အထောက်အကူဖြစ်သည်။ သူတစ်ခုခုလိုအပ်သည့်အခါတိုင်း စကားတစ်ခွန်းဆိုလိုက်ရုံနှင့် ကျင့်ကြံသူအုပ်လိုက်ပေါ်လာပြီး မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းပေးသည်။ ကြက်တူရွေးနှင့်အသားဂျယ်လီမှာ ကျင့်ကြံသူများအား အမိန့်ပေးရသည်ကို အတိုင်းထက်အလွန် စိတ်ဝင်စားကြပုံရသည်။ ထို့ကြောင့် မန်ဟို သူတို့ကို သိပ်အာရုံမထားဘဲ လွှတ်ထားလိုက်၏။
တစ်ရက်တွင် မန်ဟို တင်ပျဥ်ခွေ၍တရားထိုင်နေစဥ် ရုတ်တရက် သူ့မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ ကျီဟုန်တုန်၏ သိုလှောင်အိတ်အပေါ်က မှော်သင်္ကေတ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
"ကျီမျိုးနွယ်တစ်ယောက်ရဲ့ သိုလှောင်အိတ်ထဲမှာ ဘာတွေရှိနေမလဲ..... ကျီဟုန်တုန်က ဂျူနီယာမျိုးဆက်တစ်ယောက်ဆိုတော့ ပြောရခက်တယ်" ယခုတွင် သူသည် ကျီမျိုးနွယ်စု၏ ကြောက်မက်ဖွယ်အင်အားကို ပို၍နားလည်လာသည့်အတွက် သူ၏မျှော်လင့်ချက်က ပို၍ပင်ကြီးလေသည်။ သူက သိုလှောင်အိတ်ကို ထုတ်ပြီး စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးလိုက်သည်။
သူ၏မျက်နှာထား ချက်ချင်း ပြောင်းသွားပြီး ပါးစပ်အဟောင်းသားဖြစ်သွား၏။
"သေချာပေါက် ကျီမျိုးနွယ်ပီသပါပေတယ်...." သူက ရေရွတ်သည်။ "ငါတော့ ဒီတစ်ခေါက် အချီကြီးပွပြီ" သိုလှောင်အိတ်အတွင်းရှိ ပစ္စည်းများမှာ ဘယ်နည်းနှင့်မှ စိတ်ပျက်ရမည်မဟုတ်ကြောင်း သူမျှော်လင့်ထားပြီးဖြစ်သည်။ သို့စေကာမူ မျိုးနွယ်စုမှာ အင်အားကြီးမားပြီး ရင်းမြစ်ပေါများသည့်တိုင် ကျီဟုန်တုန်က ဂျူနီယာမျိုးဆက်ဝင်လေးတစ်ယောက်သာ။ ထို့ကြောင့် မန်ဟိုသည် စိတ်ပျက်ရမည်မဟုတ်ကြောင်း ယူဆခဲ့သော်လည်း သိပ်အများကြီးလည်း မျှော်လင့်မထားပေ။
သို့သော် ကျီမျိုးနွယ်စု အယောင်ဆောင်တပ်သားတစ်ယောက်ကို သူ အထင်သေးခဲ့မိပုံရသည်။
"သာလွန်အဆင့် ဝိညာဥ်ကျောက်တုံးတွေ...." ဝိညာဥ်ကျောက်တုံးတစ်တုံးပေါ်လာသဖြင့် မန်ဟို၏ညာဘက်ပေါ်တွင် အလင်းရောင်တစ်ခုဖြာထွက်လာသည်။ ဝိညာဥ်ကျောက်တုံး၏အတွင်းပိုင်းမှာ ကြည်လင်မနေဘဲ နောက်ကျနေသည်။ ၄င်းမှာ ဘာမှမထူးခြားပုံပေါ်ပြီး လူအများစု မြင်ပင်မမြင်ဖူးသည့်အရာဖြစ်သည်။ သို့သော် မန်ဟိုကတော့ ၄င်းနှင့်ရင်းနှီး၏။
ဤသည်မှာ လွန်ခဲ့သောနှစ်များက သစ်သားဓားကိုပွားရန် သူအသုံးပြုခဲ့သော သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးများနှင့် အမျိုးအစားတစ်ခုတည်းဖြစ်သည်။
ထိုကဲ့သို့ဝိညာဥ်ကျောက်တုံးများမှာ မယုံနိုင်လောက်အောင် အသုံးဝင်သည်။ မန်ဟို့တွင် ၄င်းတို့ကုန်သွားသည်မှာ ကြာခဲ့လေပြီ။ သူ ထိုစဥ်က မည်သို့အသုံးအဖြုန်းကြီးခဲ့ကြောင်းပြန်တွေးမိသောအခါ ရင်နာသွားလေသည်။ အမှန်တွင် သစ်သားဓားမှာ အလယ်အလတ်မျှသာ အစွမ်းထက်သည်ကို စဥ်းစားကြည့်လျှင် အမှန်တကယ်အချည်းနှီးပင်။
လက်ထဲရှိ ဝိညာဥ်ကျောက်တုံးကို ကြည့်လိုက်စဥ် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားမှာ ရုတ်တရက် အုံကြွလာ၏။ ဝိညာဥ်ကျောက်တုံးမှာ ထွန်းလင်းတောက်ပလာသည်။ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဥ်စွမ်းအင်အမြောက်အမြား ထွက်လာပြီး ကျင်ံ့ကြံခြင်းဂူတစ်ခုလုံး ပြည့်သွားသည်။
၄င်းက ဂူထဲ စိမ့်ဝင်ပြီးနောက် အပြင်ကိုလည်း လျှံထွက်သွားသည်။ အပြင်ရှိ ကျင့်ကြံသူတစ်ရာကျော်လည်း စိတ်ဝိညာဥ်စွမ်းအင်ကို အာရုံရလိုက်သဖြင့် တအံတသြ မျက်လုံးများဖွင့်လိုက်ကြသည်။
"သာလွန်အဆင့်ကျောက်တုံး အတုံးငါးဆယ်" မန်ဟိုက စိတ်လှုပ်ရှားနေသည်ကို ဖိနှိပ်ရင်း တွေးလိုက်သည်။ သူ့အတွက် ဤကဲ့သို့ ဝိညာဥ်ကျောက်တုံးများမှာ အလွန်အသုံးဝင်သည်။ ၄င်းတို့က မှော်ရတနာများ သို့မဟုတ် မန္တန်ဝင်္ကပါများ၏ ဗဟိုချက်အဖြစ် အလုပ်လုပ်နိုင်လေသည်။
ထိုမျှသာမက သက်တမ်းအား ပြန်လည်ကုစားဖို့ လိုအပ်နေသည့် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကို ပွားရန်လည်း အသုံးပြုနိုင်သည်။ ထိုသို့ဆိုလျှင် သွေးအင်မိုတယ်မျက်နှာဖုံးကို ထပ်မံအသုံးပြီး အံသြတုန်လှုပ်ဖွယ်စွမ်းအားကို ကိုင်စွဲနိုင်ပေမည်။
သူက ဝိညာဥ်ကျောက်တုံးကို ပြန်ထည့်လိုက်သည်။ "ဟုတ်ပြီ ဝိညာဥ်ကျောက်တုံးတွေရှိတယ်။ နောက်ဘာ....ဟင်" ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီလာပြီး မယုံနိုင်သောမျက်နှာအမူအရာဖြင့် ထရပ်သည်။
"ဒါ...ဒါက...." သူ့မှာ အံသြခြင်းဟူ၍ မျက်နှာပေါ်တွင် ရေးထိုးထားလျက် အသက်ရှူသံများ မြန်ဆန်လာသည်။ စောစောက သူအာရုံမရခဲ့သည်မှာ ကြာပြီဖြစ်သော အရာတစ်ခုဖြစ်ပျက်သွား၏..... စိတ်ဝိညာဥ်စွမ်းအင်များ သူ့၏ကိုယ်ထဲ စီးဆင်းခြင်း။
ဤနေရာသည် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေ မဟုတ်သလို စုန့်မျိုးနွယ်စုလည်း မဟုတ်ပေ။ သို့သော် ရုတ်တရက် သူ့မှာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်သွား၏။ သူသည် ပြီးပြည့်စုံသောအခြေကို တည်ဆောက်ပြီးကတည်းက သွေးအင်မိုတယ်နယ်မြေနှင့် စုန့်မျိုးနွယ်စုကလွဲ၍ မည်သည့်နေရာတွင်မှ စိတ်ဝိညာဥ်အာရုံကို မစုပ်ယူနိုင်ခဲ့ပေ။
တခဏကြာသော် သူ၏မျက်လုံးများ ပွင့်လာပြီး စူးရှသောအလင်းဖြင့် တောက်ပသွားသည်။ သူသည် ကျင့်ကြံခြင်းဂူအပြင်အပါအဝင် တစ်နေရာလုံးရှိ စိတ်ဝိညာဥ်စွမ်းအင်များကို စုပ်ယူပြီးသွားလေပြီ။
ဤသည်က သူ၏သိုလှောင်အိတ်အပေါ်သဘောထားကို လုံးဝပြောင်းလဲသွားစေသည်။ သူ့စိတ်မှာ ကျောက်ခဲကွင်းပြင်က အဘိုးကြီး၏စကားများကို ကြားခဲ့စဥ်ကထက်ပင် ပို၍ပြင်းထန်စွာ ချာချာလည်နေသည်။
"သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးတွေ...." သူက လက်ထဲရှိ ဝိညာဥ်ကျောက်တုံးကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ရာ သူ့ထံ တဟုန်ထိုးပြေးဝင်လာသော အကန့်အသတ်မဲ့စိတ်ဝိညာဥ်စွမ်းအင်များကို ခံစားလိုက်ရသည်။ ဤသည်က သူ၏ထင်မြင်ချက်ကို သက်သေပြလိုက်သည်။ ၄င်းက ထင်ယောင်ထင်မှားမဟုတ်ပေ။
"ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ တစ်ခုခုပတ်သက်ရမယ်။ ဘယ်လိုနေနေ ပြီးပြည့်စုံသောရွှေအမြုတေကို ဖန်တီးပြီးတာနဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကိုစုပ်ယူဖို့ သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးတွေကို အသုံးပြုနိုင်ဦးမယ်ထင်တယ်။ ချီအခြေတည်အဆင့်တုန်းကဆိုရင် ငါလုပ်နိုင်မှာမဟုတ်ဘူး။ ဒီဝိညာဥ်ကျောက်တုံးတွေနဲ့ဆို ငါ့ကိုယ်ငါကုသဖို့ ဆေးလုံးတွေနဲ့ ခရမ်းမျက်ဆံအသွင်ပြောင်းခြင်းအပေါ်မှီခိုနေစရာမလိုတော့ဘူး" သူက သိုလှောင်အိတ်ထဲရှိ သာလွန်အဆင့်ဝိညာဥ်ကျောက်တုံး အတုံးငါးဆယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ ယခုတွင် ၄င်းတို့သည် မန်ဟို့အတွက် ယခင်ကထက်ပို၍ တန်ဖိုးရှိလေသည်။
***