နတ်သမီးလေး သောလန်
Vol. 23 Ch. 323
မန်ဟို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သာလွန်အဆင့်ဝိညာဥ်ကျောက်တုံး၏အလင်းသည် သူ သိမ်းဆည်းသည်အထိ အချိန်ကြာမြင့်စွာ တောက်ပနေခဲ့၏။ ထို့နောက်တွင် သူ့လက်ဖဝါးအပေါ်၌ ငွေရောင်မှော်သင်္ကေတတစ်ခုပေါ်လာသည်။ ၄င်းသည် ငွေရောင်အလင်းနှင့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ထိုအရှိန်အဝါက လေထဲ လွင့်လူတက်၍ မှော်သင်္ကေတများအသွင် ပြောင်းသွားလေသည်။ ၄င်းက ကောင်းကင်မြေကြီးနှင့် အလွန်တူသောခံစားချက်ကို မန်ဟို့အား ရစေသည်။
မှော်သင်္ကေတများက အားကောင်းသောလှိုင်းများကို ထုတ်လွှင့်နေသည့်အတွက် မန်ဟို့ကို အန္တရာယ်အာရုံရလိုက်စေသည်။ သူသည် အရာအားလုံးကို အနီးကပ်ကြည့်ရှုပြီးနောက် သင်္ကေတကို သိမ်းလိုက်သည်။
"ငါထင်ထားတဲ့အတိုင်းပဲ။ ကျီမျိုးနွယ်စုရဲ့သားတစ်ယောက်ကို သတ်ဖို့ဆိုရင် တိုက်ပွဲကို ကြာကြာတိုက်လို့မရဘူး။ သူ့ကို မှော်ပစ္စည်းအသုံးပြုခွင့်မပေးဘဲ လျှပ်စီးလိုသတ်ပစ်မှ..... ငါသာ သွေးမျက်နှာဖုံးကို ပြတ်ပြတ်သားသားအသုံးမပြုခဲ့ရင် မတွေးဝံ့စရာပဲ....." သူ့မှာ တိုက်ပွဲကိုပြန်တွေးလိုက်သည်နှင့် ကြောက်စိတ်မွှန်သွားသည်။ သူသာ နည်းနည်းလေးတုံ့ဆိုင်းခဲ့လျှင် ရလဒ်ကား အလွန်ခြားနားသွားလိမ့်မည်။
ကျီမျိုးနွယ်စုကား အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့၌ ဖုံးကွယ်ထားသော လှည့်ကွက်များ မရှိဟု မန်ဟိုမယုံပေ။ သူအောင်မြင်ခဲ့သည့် အဓိကအကြောင်းရင်းမှာ ရန်သူတုံ့ပြန်ချိန်မရှိအောင် မိုးထစ်ချုန်းလိုက်သကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းကြောင့်ပင်။
မန်ဟိုသည် ငွေရောင်မှော်သင်္ကေတကိုကြည့်ရင်း ၄င်းကို အသုံးပြုရန် ပြင်ဆင်ချိန်လိုအပ်ကြောင်း ပြောနိုင်လေသည်။
"အားအနည်းဆုံးအချိန်မှာတောင် ဒီပစ္စည်းက ငါ့ကျင့်ကြံခြင်းအခြေခံထက် အစွမ်းထက်တယ်။ ဘယ်လိုသုံးရမလဲကို မသိဘူး" တခဏတွေးပြီးနောက် သူ့လက်က ထပ်မံလှုပ်ရှားသွားပြန်သည်။ ဤတစ်ကြိမ်တွင် ကြည်လဲ့နေသောဆေးပုလင်းတစ်လုံး ပေါ်လာသည်။
အတွင်းတွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်က လောင်ဂန်သီးအရွယ်ရှိ ဆေးလုံးတစ်လုံးဖြစ်သည်။ ဆေးလုံးကို လက်တစ်ဖက်၏ပုံရိပ်ဖြင့် တံဆိပ်ခတ်ထားသည်။ မန်ဟို၏ မျက်လုံးများတောက်ပသွားပြီး ဆေးပုလင်းကို ဖွင့်လိုက်သည်။ ဆေးနံ့ကိုရှူပြီးနောက်တွင် သူ့မှာ သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွား၏။ ****(လောင်ဂန်သီး - နှင်းသီး၊ တရုတ်ဇီးသီး၊ စစ်ကိုင်းသီး အစရှိသဖြင့်ခေါ်ကြပါတယ်)
"ဒါက သာမန်ဆေးလုံးမဟုတ်ဘူး..... တစ်ရာရာခိုင်နှုန်းပြီးပြည့်စုံတဲ့ဆေးလုံးပဲ" သူ့မှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး ဆေးလုံးကို သေသေချာချာကြည့်လိုက်သည်။ အချိန်အတန်ကြာသော် သူ၏မျက်လုံးများထဲတွင် အံ့အားသင့်သွားသောအရိပ်အယောင်တစ်ခု ဖုံးလွှမ်းသွားသည်။
"ဝိညာဥ်ရယူခြင်းဆေးလုံး၊ ကြီးမြတ်တဲ့ ရှေးဟောင်းဆေးလုံးသုံးလုံးထဲက တစ်လုံး။ ပြီးပြည့်စုံအဆင့် ဝိညာဥ်ရယူခြင်းဆေးလုံး" သူက အသက်ပြင်းပြင်းရှူရင်း မှန်သည်လား နောက်တစ်ခါအတည်ပြုလိုက်သည်။ သူမှန်၏။ လုံးဝမမှားပေ။ သူ၏မျက်နှာမှာ အံ့သြခြင်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။
ရှေးဟောင်းဆေးလုံးသုံးလုံးအနက် မန်ဟိုသည် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကို ပိုင်ဆိုင်ထားပြီးဖြစ်၏။ ယင်းဖြင့် သူ ဖြုန်းတီးခဲ့သည့် သက်တမ်းကို ပြန်လည်ကုစားနိုင်မည်။ သူ့ဆရာကလည်း သက်တမ်းတိုးဖို့အပြင် ရှင်သန်ခြင်းနှင်းပန်းကို ဖိနှိပ်ဖို့ အသုံးပြုနိုင်သော ဆန်းကြယ်ဆေးလုံးသုံးလုံးကို သူ့ထံပေးခဲ့သေးသည်။
"အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အနုသုခုမရုပ်ခန္ဓာက ဓာတ်ငါးပါးအပေါ် မူတည်ပြီး အရောင်ငါးရောင် ခွဲထားတယ်။ လေးရောင်အနုသုခုမရုပ်ခန္ဓာကို တကယ်တမ်း အထွတ်အထိပ်အဖြစ် သတ်မှတ်နိုင်တယ်။ အနာအဆာမဲ့အခြေ၊ ခရမ်းရောင်အမြုတေ၊ တစ်ရောင်ဝိညာဥ်ရယူခြင်းဆေးလုံးနဲ့ဆို နောက်ဓာတ်တစ်မျိုး ထပ်ထည့်ဖို့ဖြစ်နိုင်တယ်
"ငါ့မှာ ဓာတ်လေးမျိုးရှိရင် ဒီဆေးလုံးက ငါးရောင်အထိ တိုးပေးနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ ဓာတ်ငါးမျိုးရှိပြီးသားဆိုရင်ရော.... ခြောက်ရောင်အနုသုခုမရုပ်ခန္ဓာ ဖန်တီးနိုင်လေမလား။ ဒီဆေးလုံးက ဘယ်နှကြိမ်စားစား တစ်ကြိမ်ပဲ အာနိသင်ရှိတာ ဆိုးလွန်းတယ်" သူသည် တစ်ရောင်ဝိညာဥ်ရယူခြင်းဆေးလုံးကို ကိုင်ပြီး တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။ နောက်ဆုံး၌ သူ ၄င်းကို ဂရုတစိုက်ပြန်ထည့်လိုက်သည်။
ဤဆေးလုံးမှာ နောင်တစ်ချိန်တွင် သူ့အတွက် အတိုင်းထက်အလွန်အရေးပါလာမည်ဖြစ်ကြောင်း သူခံစားနေရ၏။
ထို့နောက် သူက သိုလှောင်အိတ်ကို ငုံ့ကြည့်ပြီး ငါးမျှားတံတစ်ချောင်း ထုတ်လိုက်သည်။
၄င်းသည် ရှည်မျောပြီး မြစိမ်းရောင်အတိဖြစ်သည်။ သူ့မှာ ၄င်းမည်သည့်အရာ လုပ်ဆောင်နိုင်သည်ကိုမသိသဖြင့် မကြည့်လိုက်သည်။ ၄င်းမှာ ပြောင်လက်နေပြီး အလွန်ထက်မည့်ပုံရသည်။ ၄င်းအဆုံးရှိ ငါးမြှားချိတ်မှာ အေးစက်သောအလင်းဖြင့် တောက်ပနေသည်။
"ဒီပစ္စည်းက..." သူက ခဏရပ်ပြီးနောက် ငါးမြှားတံကို လွှဲလိုက်သည်။ ချက်ချင်းပင် ပုံရိပ်ယောင်ရေကန်တစ်ကန် သူ့အရှေ့တွင် ပေါ်လာ၏။ ငါးမြှားချိတ် ကန်ရေပြင်ထဲ ကျသွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ မွေးကင်းစကလေးငိုသံများ၊ လူအိုများ မသေခင်အခိုက်အတန့်လေး၌ ပင့်သက်ရှိုက်လိုက်သံ၊ သန်သန်မာမာလူများ၏ ရယ်သံ၊ ဆယ်ကျော်သက်များ၏ ခေါင်းမာမာဆဲသံတို့ သူ့နားထဲဝင်ရောက်လာသည်။ သက်ရှိအားလုံး၏အသံကို သူကြားလိုက်ရ၏။
အသံများက သူ၏စိတ်နှလုံးထဲ ဝင်ရောက်ကာ ၄င်းတို့ကို လှုပ်ခါပစ်လိုက်သည်။ သူ့မှာ စုတ်ဖြဲခံရတော့မတတ် ခံစားလိုက်ရ၏။ သူက လက်လွှတ်လိုက်ရာ ငါးမြှားတံမြေပေါ်သို့ ကျပြီး အရာအားလုံးပျောက်ကွယ်သွားလေသည်။
စက္ကန့်ပိုင်းလေးအတွင်း မန်ဟို့၏ခန္ဓာကိုယ်မှာ ချွေးတို့ရွှဲသွား၏။ သူ၏အသက်ရှူသံမှာ ဟောဟဲလှိုက်နေသည်။
"ဘာကြီးလဲ" သူက ငါးမြှားတံကို ငုံ့ကြည့်ရင်း တွေးသည်။ ၄င်းမှ စစချင်း ထူးခြားပုံမပေါ်သော်လည်း ယခုတော့ ကျယ်ပြောနက်နဲနေသည်။
အထူးသဖြင့် ကျီမျိုးနွယ်စု မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း တွေးမိလိုက်သည့်အခါတွင် ဖြစ်သည်။ ဤငါးမြှားတံမှာ သေချာပေါက် အရေးပါသောပစ္စည်းတစ်မျိုးဖြစ်ပေလိမ့်မည်။
အချိန်အနည်းငယ်ကြာသော် မန်ဟိုက ငါးမြှားတံကို သိမ်းပြီး သိုလှောင်အိတ်ကို ပြန်ကြည့်သည်။ သာမန်ဝိညာဥ်ကျောက်တုံးပုံမှတစ်ပါး သတိပြုဖွယ်ရာပစ္စည်း တစ်ခုသာ ရှိတော့ပုံရသည်။
၄င်းက သေတ္တာတစ်လုံးပင်။
သေတ္တာသည် လေးထောင့်ဖြစ်ပြီး ကျောက်စိမ်းမှထွင်းထားပုံပေါ်သော်လည်း ထိုသို့မဟုတ်ပြန်။ ၄င်းက မည်းနက်နေပြီး ညာဘက်ထောင့်တွင် စာလုံးအမှတ်အသားတစ်ခုရှိသည်။
ဖန်(方)
သေတ္တာသည် ရှေးကျပြီး ရှေးဆန်သောအရှိန်အဝါတစ်ခု စိမ့်ဝင့်နေသည်။ မန်ဟိုက ၄င်းကို ဖြေးဖြေးချင်း ဖွင့်လိုက်သည်။ အတွင်းတွင်ကား လက်အိတ်တစ်ဖက်။ သူ ၄င်းကို မလိုက်စဥ် ၄င်းမှာ ပုစုဥ်းရင်ကွဲတောင်ပံသဖွယ် ပျော့ဖတ်နေသည်။
သူသည် ၄င်းကို ညာလက်တွင် မဝတ်ခင် စိတ်ဝိညာဥ်အာရုံဖြင့် သေသေချာချာ စစ်ဆေးလိုက်သည်။ သူဝတ်လိုက်သည့်အခိုက်၌ အတွင်းမှ ပေါက်ကွဲထွက်လာပြီး သူ၏ညာလက်အတွင်း စီးဆင်းလာသော မယုံကြည်နိုင်ဖွယ်ရာ စွမ်းအားကို အာရုံရလိုက်သည်။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် လက်ကိုကြည့်သည်။ လက်အိတ်အား မမြင်ရတော့ပေ။ သို့သော် သူ လက်သီးဆုပ်လိုက်သောအခါ လေထုမှာ ၄င်းထံ ဆွဲယူခံလိုက်ရသကဲ့သို့ ကြေမွသံများ ထွက်ပေါ်လာ၏။ ကျင့်ကြံခြင်းဂူရှိ အရာအားလုံး တုန်ခါသွားပြီးနောက် မန်ဟို၏လက်သီးထံ ပျံသန်းလာကြသည်။ လေပင်လျှင် လက်သီးအတွင်းသို့ အနည်းဆုံးတစ်ဝက်နီးပါး စုပ်ယူခံလိုက်သည့်အလား လျှော့ကျသွားပုံပင်။
"ဘာစွမ်းအားပါလိမ့်...." ရုတ်တရက် ဖန်မိန်းကလေးနှင့် သူမ၏ကြောက်မက်ဖွယ် လက်သီး၏ ပုံရိပ် သူ့စိတ်ထဲတွင် ပေါ်လာသည်။
"ဖန်..... ဒီပစ္စည်းက ဖန်မျိုးနွယ်စုနဲ့သက်ဆိုင်တယ် ဖြစ်မယ်။ ဒါမဲ့ ဘာလို့ ကျီမျိုးနွယ်စုရဲ့ သိုလှောင်အိတ်ထဲ ရောက်နေတာလဲ။ ပြီးတော့ သူက ဘာလို့မသုံးတာလဲ" ထိုကိစ္စကို အချိန်အကုန်ခံစဥ်းစားပြီးနောက် သူ့မှာ သဘောမပေါက်သေးပေ။ သာလွန်အဆင့် ဝိညာဥ်ကျောက်တုံးများ၊ ငါးမြှားတံနှင့် ငွေရောင်မှော်သင်္ကေတ အစရှိသဖြင့် အရာအားလုံးမှာ အသုံးပြုရန် အချိန်လိုအပ်သော ပစ္စည်းများဖြစ်သည်။ ကျီဟုန်တုန်မှာ မည်သည့်အရာကိုမှ သုံးချိန်မရခဲ့ပေ။
ထို့အပြင် သူသည် ထူးခြားသောလက်အိတ်ကိုလည်း မဝတ်ခဲ့။ ဝတ်ခဲ့လျှင်တော့ သူ့ကို သတ်ရလွယ်ခဲ့မည်မဟုတ်ပေ။
"ငါ့မှာ သူ့သွေးရှိသေးတယ်" မန်ဟိုကတွေးသည်။ "ငါ သွေးစိတ်ဝိညာဥ်ကို ဖန်တီးနိုင်တဲ့အချိန်ကျရင် အဲ့ဒီစိတ်ဝိညာဥ်ရဲ့ အသိစိတ်က ငါ့နဲ့ ချိတ်ဆက်သွားမယ်။ ဒါဆို သူရဲ့မှတ်ဉာဏ်တွေကို ငါမြင်နိုင်ပြီ။ အဖြေကိုတောင် ရှာလို့ရလောက်တယ်" သူသည် ညာလက်၏စွမ်းအားကို အချိန်တန်ကြာခံစားပြီးနောက်မှ ၄င်းကို ဖြေးဖြေးချင်း ချွတ်လိုက်သည်။ သူက သိုလှောင်အိတ်ကို ကြည့်လိုက်ပြန်သည်။ အတွင်းတွင် ပစ္စည်းအမျိုးမျိုးရှိနေ၏။ သာမန်ဝိညာဥ်ကျောက်တုံးများမှာမူ နှစ်သောင်း၊သုံးသောင်းသာ ရှိရာ လိုအပ်သည့်ဆေးလုံးများအား ပွားရန်မလုံလောက်ပေ။
သူသည် မျက်လုံးများ တဖိတ်ဖိတ်တောက်ပနေလျက် အိတ်ကို သိမ်းလိုက်သည်။
ဤပစ္စည်းများဖြင့်ဆိုပါက သူ့တွင် တောင်ပိုင်းဒေသအပြင်တွင် အင်အားထူထောင်နိုင်စွမ်းပင် ရှိသွားလေပြီ။ ယခုတွင် ခြေဦးတည့်ရာလျှောက်သွားနိုင်ပြီ ဖြစ်သည်။
"အခုလောလောဆယ် သွားလို့မရတာက လွဲလို့" မန်ဟိုက ခေါင်းကိုခါရင်း တွေးလိုက်သည်။ သူသည် ကျီဟုန်တုန်၏ခေါင်းလောင်းကို ထုတ်ပြီး အမြုတေချီတစ်လုပ်ထွေးထုတ်ကာ ထိုနှစ်ခုကို အတူတကွပေါင်းစည်းသွားစေသည်။ ထို့နောက် ၄င်းကို လေ့လာပြီး အသုံးပြုနည်းကို ရှာဖွေလိုက်သည်။ အခြားပစ္စည်းများနည်းတူ၊ အသုံးပြုနည်းကို သိရှိရန်မှာ လေ့လာမှု အနည်းငယ် လိုအပ်မည့်ပုံရသည်။
"အလျင်မလိုဘူး။ ငါ့ဒဏ်ရာတွေ သက်သာနေပြီဆိုတော့ အပြင်ထွက်ဖို့ အချိန်ရောက်တော့မယ်။ ဒါပေမယ့် အရင်ဆုံး ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကို ပွားဖို့လိုတယ်" စစချင်း သူ့မှာ ချီတုံချတုံဖြစ်နေသည်။ တစ်ရောင်ဝိညာဥ်ရယူခြင်းဆေးလုံးအား တစ်ကြိမ်သာအသုံးပြုနိုင်ကြောင်း သူသိသည်။ ကံဆိုးစွာနှင့် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးတွင် ထိုကဲ့သို့ကန့်သတ်မျိုးရှိသည်လား မစစ်ဆေးနိုင်ပေ။
အကယ်၍သာ ကန့်သတ်ထားလျှင်တော့ သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။ သို့သော် မပွားလျှင်လည်း တစ်ကြိမ်ထက်ပို၍ အသုံးပြုနိုင်ပါက နစ်နာသည်။
သူ့တွင် ပြတ်သားသော ပင်ကိုယ်စရိုက်ရှိသည်။ ထို့ကြောင့် သူသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် ကြေးမုံနှင့် ကမ္ဘာဦးကောင်းကင်အားဖြည့်ဆေးလုံးကိုထုတ်လိုက်သည်။ ထို့နောက် သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးဖြင့် ၄င်းကို စတင်ပွားတော့သည်။
ရှေးဟောင်းဆေးလုံးသုံးလုံးသည် ယနေ့ခေတ်တွင် ရှားပါးသည့်အတွက် ပွားခြင်းက အလုပ်ပင်ဖြစ်ပါ့မလား သူမသိပေ။ ဆေးလုံးတစ်လုံးပွားဖို့ သာလွန်အဆင့်ဝိညာဥ်ကျောက်တုံးငါးတုံး သုံးရန်က သူ့အတွက် ရင်နာစရာကောင်းသည်။
သူက ပွားထားသည့်ဆေးလုံးကို ပါးစပ်ထဲ ချက်ချင်းထည့်လိုက်၏။
အချိန်များ ကုန်ဆုံးသွားသည်။ ခုနစ်ရက်ကြာသော် သူ့ဆံပင် တဖြေးဖြေး ပြောင်းလဲလာသည်။ ၄င်းသည် မဖြူတော့ဘဲ အနက်ရောင်ပြန်ဖြစ်သွားလေပြီ။ သူ့မျက်နှာမှာလည်း သွေးရောင်ပြန်သမ်းလာကာ ဝင်းပလာ၏။ သူ့တစ်ကိုယ်လုံး တောက်ပလာပြီး အမှန်တွင် သူ၏ကျင့်ကြံခြင်းအခြေခံပင် တိုးတက်သွားခဲ့သည်။ သူ့အတွက် အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်သို့ ဖောက်ထွက်ရန် ကြာတော့မည်မဟုတ်ပေ။
သို့သော် မန်ဟိုက ချုပ်တည်းထားသည်။ သူ၏အဓိကပန်းတိုင်မှာ ပြီးပြည့်စုံသောရွှေအမြုတေဖြစ်သည်။ အမြုတေချီ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြန်လှည့်မရတော့ဘဲ အမြုတေဖြစ်တည်မှု အလယ်အလတ်အဆင့်သို့ ဝင်ရောက်သွားလိမ့်မည်။
ရက်အနည်းငယ်ကြာသော် သူ၏မျက်လုံးများ ပွင့်လာသည်။ ၄င်းတို့သည် စူးရှတောက်ပနေ၏။ သူ၏သက်တမ်းမှာ အပြည့်အဝ ပြန်လည်ဖြည့်တင်းပြီး ဖြစ်သည်။ သူက စိတ်ဝိညာဥ်အာရုံကို အပြင်သို့ ဖြန့်ကျက်လိုက်ရာ ဝေလီဝေလင်းအချိန်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မိုးသောက်နေ၏အောက်တွင် ကြက်တူရွေးသည် လူတစ်ရာကျော်အား အမိန့်များအဆက်မပြတ်ပေးရင်း ကောင်းကင်တွင် ပျံဝဲနေ၏။
"သခင်ငါး မင်းတို့ကို ကောင်ကင်းမန္တန်အစီအရင် တစ်ခု သင်ပေးမယ်။ ဒီကောင်းကင်မန္တန်အစီအရင်က လူတွေကို အခြေအဖြစ် အသုံးပြုတယ်။ မင်းတို့ အဲ့ဒီအစီအရင်ကို တတ်မြောက်တာနဲ့ ကိုယ်ပျောက်သွားလိမ့်မယ်။ ငါကိုယ်တိုင်အာမခံတယ်။ ကဲအခုလိုက်ဆို"
"သခင်ငါးကိုယုံကြည်၊ ထာဝရဘဝရမည်။ သခင်ငါးပေါ်လာ၊ ဘယ်သူရန်ဖြစ်ရဲမှာ" ကျင့်ကြံသူတစ်ရာကျော်၏ ကြွေးကြော်သံကား မိုးခြိမ်းသံသဖွယ်ပင်....
အသားဂျယ်လီမှာ အထင်သေးသော မျက်နှာထားဖြင့် ဘေးတွင်ရပ်နေသည်။ သို့သော် ၄င်းမှာ အတွင်းထဲ၌ ခံစားနေရသည့် အားကျမနာလိုမှုကို ဖုံးကွယ်ခြင်းငှာ မစွမ်းနိုင်ချေ။
ယခုတလော ထိုမြင်ကွင်းများကို ကြိမ်ဖန်များစွာ မန်ဟို ကြည့်ခဲ့ဖူးသည်။ သူ့မှာ ခပ်ယဲ့ယဲ့သာပြုံး၍ လျစ်လျူရှုခဲ့လေသည်။ ဤတစ်ကြိမ်တွင် သူ စိတ်ဝိညာဥ်အာရုံကို ပြန်ရုတ်သိမ်းရန်ပြင်လိုက်စဥ် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူသည် မြေကြီးအပေါ်သို့ လက်နှစ်ချောင်းဖိချလိုက်ပြီး သမာဓိအပ်နှင်းခြင်းပညာရပ်ကို လှုံ့ဆော်လိုက်သည်။ ဤဧရိယာရှိ ချီသည် သူ့ထံ စီးဝင်လာပြီး သူ၏မျက်လုံးများတွင် စုဆုံသွား၏။ သူက အမြင်ကို စိတ်ဝိညာဥ်အာရုံဖြင့် ပေါင်းစည်းရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုနေရာ၊ ကီလိုမီတာရာဂဏန်းမျှအကွာတွင် ကျင့်ကြံသူအတန်းလိုက်ကြီး ဤအရပ်မျက်နှာသို့ ပျံသန်းလာနေကြသည်။
ရှေ့ဆုံးတွင် ဦးဆောင်နေသည်မှာ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အမျိုးသားသည် ရွှေရောင်မျက်နှာဖုံးတပ်ထားသော်လည်း မန်ဟို သူ၏အရှိန်အဝါကို မှတ်မိလိုက်သည်။ ၄င်းက အနက်ရောင်နယ်မြေတာအိုကလေး လောင်ချုံးပင်။
သူ့ဘေးရှိ အမျိုးသမီးမှာ မျက်နှာလွှားဇာလေးတပ်ဆင်ထားသည်။ သူမ၏လှပသော ပုံပန်းသွင်ပြင်လေးများအား ဇာ၏အနောက်တွင် မြင်သည်ဆိုရုံလေးသာ မြင်ရသည်။ သူမသည် ကောင်းကင်နှင့်မြေကြီးအားလုံး၏အလှတရားကို ဖော်ကျူးနေသယောင်ပင်။
သူမတွင် ခပ်သွယ်သွယ်ခြေချောင်းလေးများနှင့် မို့မောက်သောရင်သားတစ်စုံရှိသည်။ ယင်းနှင့် သူမဝတ်ဆင်ထားသည့် မလုံတလုံဂါဝန်လေးနှင့် ပေါင်းစပ်သွားသောအခါ ညှို့ချက်ပြင်းစွာ ဆွဲဆောင်မှုရှိနေတော့သည်။
ဂါဝန်က သူမ၏သေးသွယ်သောခါးလေးကို ပွေ့ဖက်ရင်း အနောက်ပိုင်းအလှလေးကို ပေါ်လွင်နေစေသည်။ သူမနဖူးပေါ်တွင် လိပ်ပြာအရုပ်ဆေးမင်ကြောင်ရှိနေရာ သူမ၏ပုံစံလေးမှာ အတော်လေး စိတ်ကြွဖွယ်ကောင်းနေ၏။
သူမလက်ကလေးနှစ်ဖက်သည် ကျောက်စိမ်းမှ ကွေးညွှတ်နေသည့်အလားဖြစ်ပြီး ဆေးမင်ကြောင်အရုပ်များဖြင့် အလှဆင်ထားသည်။ ဤလူနှစ်ယောက်နောက်တွင် လေးယောက်ထပ်ရှိသည်။ နှစ်ယောက်က မျက်နှာဖုံးတပ်ထားသော အမြုတေဖြစ်တည်ခြင်းအလယ်အလတ်အဆင့် အနက်ရောင်နယ်မြေကျင့်ကြံသူများဖြစ်သည်။
အခြားနှစ်ယောက်မှာ ထောင်ထောင်မောင်းမောင်းဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အစွမ်းထက်အနောက်ပိုင်းသဲကန္တာရပညာရှင်များဖြစ်ကြောင်း သိသာသည်။ သူတို့လေးယောက်သည် လောင်ချုံးနှင့် ထိုမိန်းကလေး၏နောက်လိုက်များ ဖြစ်၏။
"ဒါက အနက်ရောင်နယ်မြေထဲမှာ မဖြစ်ထွန်းဆုံးဒေသထဲက တစ်ခုပဲ" လောင်ချုံးကပြောသည်။ " ခင်ဗျား ကြည့်ဖို့တောင် မသင့်တော်တဲ့ အဆင့်နိမ့်သင်းကွဲကျင့်ကြံသူတွေပဲ ဒီမှာနေတာ။ နတ်သမီးလေးသောလန်၊ ဘယ်လိုကြောင့် အနောက်ပိုင်းသဲကန္တာကနေ ဒီကိုလာလည်တာလဲ"
လောင်ချုံး၏မျက်နှာအား မျက်နှာဖုံးက ဖုံးကွယ်နေသော်လည်း သူစကားပြောသည့်အခါ နွေးထွေးသောအပြုံးကို ကြားနိုင်သည်။ သူက ရိုသေလေးစားသောမျက်လုံးများဖြင့် ထိုမိန်းကလေးကို ကြည့်နေ၏။
သူမက ဖူးပွင့်စ နှင်းပန်းလေးသဖွယ် သူ့ကို နူးညံ့စွာ ပြုံးပြသည်။ သူမသည် သဘာဝအတိုင်းမွေးဖွားလာသည့် အလှလေးဖြစ်ကြောင်း ယုံမှားဖွယ်မရှိပေ။ သူမအပြုံးက လောင်ချုံးကို အသက်ရှူသံများ ပို၍မြန်သွားစေသည်။ သူမ သူ့ကို တုံ့ပြန်တော့မည့်အချိန် ရုတ်တရက် သူမ၏သမင်မျက်လုံးလေးများ လက်ခနဲဖြစ်သွား၏။ သူမနဖူးပေါ်ရှိ လိပ်ပြာအရုပ်မှာ ပျံထွက်တော့မည့်အလား လှုပ်ရှားနေသည်။
"ဘယ်သူလဲ"
***