သံမဏိခြင်္သေ့ဘုရင်
Vol. 1-9 Ch. 89
အခန်း(၈၉) သံမဏိခြင်္သေ့ဘုရင်
နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှ ဖောက်လွဲဖောက်ပြန်ဖြစ်ရပ်များကြောင့် အကြီးအကဲချင်၊ ကျောက်ရှီချန်း၊ အရှေ့တက်နေဝန်းဘုရင်နှင့် အခြားသူများ နဂါးချုပ်လှောက်ခြင်းချောက်နက်ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်ခဲ့စဉ်က ရန်ကျောက်ကဲက အားဟူကို စေလွှတ်ပြီး ပင်မဂိုဏ်းထံ တောင်းဆိုခဲ့သည်။
တစ်စုံတစ်ခုကို အကြောင်းပြ၍ တောင်းဆိုခဲ့ခြင်းပင်။ သို့သော်လည်း အစက ရန်ရှုအတွက် စီစဉ်ထားသည့် အရာက နေသူတော်စင်ဂိုဏ်း၏အစီအစဉ်ကို တုံ့ပြန်ရန် အံကိုက်ဖြစ်သွားခဲ့သည်။
ဤနေရာကို တိတ်တဆိတ်ရောက်နေပြီး တိုက်ခိုက်ရန် စောင့်ဆိုင်းနေသော နေသူတော်စင်ဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူများနှင့်ယှဉ်လျှင် အရှေ့ထန်သို့ ရှီတိ ရောက်လာသည်မှာလည်း သူတို့နှင့် သိပ်မကွာပေ။
ရန်ကျောက်ကဲ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းအား ချုပ်နှောင်ထားရင်း ပထမဦးလေးရှီတိသည် လက်တစ်ဖက်ကို ဆန့်ထုတ်၍ နေသူတော်စင်ဂိုဏ်း၏မျက်လုံးတစ်ဖက်လပ်အကြီးအကဲအား ဖမ်းဆုပ်ရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။
ဤသည်ကို မြင်သော် မျက်လုံးတစ်ဖက်လပ်အကြီးအကဲက ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
"ရှီတိ ၊ မင်း လုပ်ရဲလား"
ရှီတိ၏ မျက်နှာက ခံစားချက်မဲ့နေ၏။ အချိန်နှင့် ရာသီဥတုက တိုက်စားသည့်တိုင်အောင် မပြောင်းလဲဘဲ ရှိနေသော ကျောက်ဆောင်တစ်ခုအလားပင်။
"မလုပ်ရဲစရာ ဘာရှိလဲ ၊ မင်းတို့နေသူတော်စင်ဂိုဏ်းက ငါ့ရဲ့အရှေ့ကောင်းကင်ဒေသမှာ ပြဿနာရှာနေတယ်၊ ဒါအတွက် မင်းတို့ ပြန်ပေးဆပ်ရမယ်"
မျက်လုံးတစ်ဖက်လပ်အကြီးအကဲက ဒေါသတကြီးဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။
"မင်းတို့ဝါဒတောင်က ငါတို့နေသူတော်စင်ဂိုဏ်းက သစ္စာဖောက်လာတဲ့ တပည့်တစ်ဦးကို လက်ခံထားတယ်၊ ဒါတင်မကဘူး၊ မင်းတို့ဝါဒတောင်တပည့်ရန်ကျောက်ကဲက ငါတို့ နေသူတော်စင်ဂိုဏ်းရဲ့ ပင်မတပည့်ရှောင်ရှန်းကို သတ်လိုက်သေးတယ်"
"ငါတို့ ဒါကို လွယ်လွယ်နဲ့ အလွတ်ပေးမယ် ထင်လား"
ရှီတိက အေးတိအေးစက် ပြောလိုက်သည်။
"အကျင့်ပျက်တယ်၊ တဏှာကြီးတယ်၊ တာဝန်မဲ့တယ်၊ ကိုယ့်ဂိုဏ်းသူတစ်ယောက်ကို ဗလက္ကာရလုပ်ဖို့ ကြံတာတောင် မင်းတို့နေသူတော်စင်ဂိုဏ်းက ဘက်လိုက်ပြီး ကာကွယ်ပေးထားတယ်ပေါ့၊ ရှောင်ရှန်းက သူနဲ့ထိုက်တာ သူရတာပဲ"
ရှီတိ စကားပြောနေရင်း သူ့ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ လက်ဖဝါးမှာ မှန်ကဲ့သို့ ပြောင်လက်သွားပြီး တဖျစ်ဖျစ် အသံမြည်နေသော မိုးကြိုးများ ဖြာထွက်လာသည်။
ပတ်ဝန်းကျင်ရှိ တိမ်တိုက်များနှင့် လေပြင်းများ နောက်တစ်ကြိမ် အပြင်းအထန် လှုပ်ရှားလာပြန်သည်။ ရွှေရောင်တိမ်တိုက်များက ကောင်းကင်ကိုပင် ပိတ်ဆို့နိုင်သော ဧရာမလက်ဖဝါးကြီးအဖြစ် အသွင်ပြောင်းသွားပြီး မျက်လုံးတစ်ဖက်လပ်အကြီးအကဲအား ဖမ်းဆုပ်လိုက်သည်။
"ကောင်းတယ် ရှီတိ၊ မင်းမှာသာ အရည်အချင်းရှိရင် အဲ့ဒီ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါတို့ ဂိုဏ်းချုပ်ရှေ့မှာ ပြောလေ"
မျက်လုံးတစ်ဖက်လပ်အကြီးအကဲသည် မုန်းတီးစွာ အော်ဟစ်လိုက်ပြီး နောက်လှည့်၍ တက်သစ်စနေဝန်းခုန်ပျံခြင်းသိုင်းဖြင့် အလျင်အမြန် ထွက်ပြေးလေသည်။
သူ့ထက် ကျင့်ကြံမှုအနည်းငယ်မျှသာ နိမ့်သော ဟန်ရှန်းပင် တစ်ကွက်တည်းဖြင့် ရှီတိ၏ အရှင်လတ်လတ် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
မျက်လုံးတစ်ဖက်လပ်အကြီးအကဲ မဆိုထားနှင့်၊ အရှေ့တက်နေဝန်းဘုရင်ပင် ရှီတိ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူသည် သူ့ကိုယ်သူ ရှီတိနှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
ယခု သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထွက်ပြေးဖို့သာဖြစ်သည်။
နေသူတော်စင်ဂိုဏ်း၏ တက်စနေဝန်းခုန်ပျံခြင်းသိုင်းသည် ကမ္ဘာတစ်ခွင်၌ ကျော်ကြားသည်။
သူ့ကိုယ်ဖော့ပညာ၏ အမြန်နှုန်းအရ မျက်လုံးတစ်ဖက်လပ်အကြီးအကဲသည် ဟန်ရှန်းထက် များစွာ ပိုမို လျင်မြန်လေသည်။
"ဟွမ်ရှုမပြောနဲ့၊ ဟွမ်ကွမ်လီရှိနေရင်တောင် ဒီရှီမျိုးနွယ်က ဒီလိုစကားမျိုး ပြောရဲတယ်၊ ဒီရှီမျိုးနွယ်က ဘဝမှာ ပျော့ပျောင်းတဲ့ နေရာတချို့တော့ရှိတယ်၊ ဒါပေမယ့် ကျောရိုးမှာတော့ မဟုတ်ဘူး၊ မင်း ငါ့အရိုးတွေ အကုန် ချိုးပစ်ရင်တောင် ဒီစကားပဲ ပြောမှာပဲ"
ရှီတိ၏ လေသံက တည်ငြိမ်၊ ညင်သာသော်လည်း မယိမ်းယိုင်နိုင်သော ဆန္ဒတစ်ခု ထုတ်လွှတ်နေသည်။
တိမ်များဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးက မိုးကုတ်စက်ဝိုင်းသို့တိုင် ပြန့်ကားသွားသည့်အလား အဆုံးအစမရှိအောင် ကြီးမားလာသည်။
နေသူတော်စင်ဂိုဏ်းအကြီးအကဲ၏ တက်သစ်စနေဝန်းခုန်ပျံခြင်းသိုင်းက မည်မျှပင် လျှင်မြန်ပါစေ၊ ၎င်း၏အရှိန်အဟုန်က မည်သို့ပင် တားဆီး၍မရနိုင်ပါစေ၊ အဆုံးမှာတော့ ရှီတိ၏လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဧရာမလက်ကြီး ကျဆင်းလာပြီး မျက်လုံးတစ်ဖက်လပ်အကြီးအကဲကို ရုတ်ချည်း ဖိချေသွားသည်။
မျက်လုံးတစ်ဖက်လပ်အကြီးအကဲနှင့် ဟန်ရှန်းတို့သည် သူတို့၏ အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက်များကို အသက်သွင်း၍ သွေးရူးသွေးတန်း ရုန်းကန်နေကြသည်။
သို့သော်လည်း ရွှေရောင်တိမ်များဖြင့် ဖွဲ့စည်းထားသော လှောင်ချိုင့်များက သူတို့ကို တင်းကြပ်စွာ ချုပ်နှောင်ထားရာ သူတို့အတွက် လွတ်မြောက်နိုင်စရာ အခွင့်အရေးမရှိခဲ့ပေ။
ရန်ကျောက်ကဲသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော ရှီတိ၏လက်ဖဝါးကို ကြည့်၍ ချီးကျူးမိဟန်ဖြင့် သက်ပြင်းချလိုက်သည်။
"ဘဝတစ်လျှောက်လုံး သိုင်းပညာရပ်တစ်ခုတည်းကိုသာ ကျင့်ကြံခဲ့တာ ၊ ပထမဆရာဦးလေးက တကယ်ကို တစ်ခုတည်းအပေါ်မှာ စိတ်ရောကိုယ်ပါ မြုပ်နှံခဲ့ပြီး အဲဒါကို အခြေခံတဲ့အရာအားလုံးမှာ အဆုံးစွန်ဆုံးအထိ ကျွမ်းကျင်ထားတာပဲ"
ဤသည်ကို ကြားသော ဘေးမှ အားဟူ၊ ရှုချွမ်နှင့် အခြားသူများသည်လည်း သဘောတူမိဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။
ဝါဒတောင်၏သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ရန်ကျောက်ကဲသည် အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်အနက် နှစ်ခုဖြစ်သော ခုနစ်စင်ကြယ်ဓားသိုင်းနှင့် တုရှိတလက်ဝါးသိုင်းတို့ကို ကျင့်ကြံထားပြီးဖြစ်သည်။
ရန်ရှု ၊ အကြီးအကဲချင်နှင့် အကြီးအကဲခုံကဲ့သို့သော ဝါဒတောင်၏သိုင်းဆရာသခင်များသည် ဝါဒတောင်၏အထွတ်အထိပ်သိုင်းပညာအများအပြားနှင့် ဝါဒတောင်မှ မဟုတ်သော သိုင်းပညာတချို့ကိုပင် တပြိုင်တည်း ကျင့်ကြံထားကြသည်။
ထိုအရာအားလုံးထဲမှ တစ်ခု နှစ်ခုကသာ သူတို့၏အဓိကသိုင်းပညာများ၊ သူတို့အကျွမ်းကျင်ဆုံး သိုင်းပညာများဖြစ်သည်။ ကျန်သော သိုင်းပညာများက အဖြည့်အနေဖြင့် ဗဟုသုတအနေဖြင့် တီးမိခေါက်မိရုံမျှသာ ဖြစ်သည်။
ထိုသို့ ဟိုစပ်စပ် ဒီစပ်စပ် လေ့လာခြင်းဖြင့် ကျင့်ကြံသူ၏ စုစုပေါင်းစွမ်းအားကို တိုးတက်စေနိုင်ရုံသာမက သိုင်းတာအိုအပေါ် သူတို့၏ သဘောပေါက်နိုင်စွမ်းကိုပါ မြင့်မားလာစေသည်။
သူတို့၏ကျင့်ကြံအဆင့်သို့ ရောက်သောအခါ မည်သည့်အရာများကို ဦးစားပေးသင့်သည်နှင့် အချိန်ကို မည်ကဲ့သို့ ခွဲဝေအသုံးချသင့်သည်ကသာ သူတို့အတွက် အရေးအကြီးဆုံးအရာဖြစ်သည်။
သို့သော် ဝါဒတောင်၏သိုင်းဆရာသခင်အားလုံးအနက် ရှီတိမှာ ခြွင်းချက်ဖြစ်သည်။
သူ ငယ်ရွယ်စဉ် ကျင့်ကြံမှုနိမ့်ပါးစဉ်ကတည်းက ရှီတိသည် သူ့အခြေခံအတွက် သိုင်းပညာရပ်တစ်ခုတည်းအပေါ်၌သာ မြုပ်နှံခဲ့သည်။
သူ ကျင့်ကြံမှု မြင့်မားလာသောအခါတွင်လည်း အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်၏ ရွှေခန္ဓာသိုင်းပညာတစ်ခုတည်းကိုသာ လေ့ကျင့်ခဲ့သည်။
သူသည် ၎င်းကို နှစ်တစ်ရာကျော်အောင် လေ့ကျင့်ခဲ့သည်။
သူ ကြုံတွေ့ခဲ့ရသော အနိမ့်အမြင့် အတက်အကျ ဘဝသက်တမ်းတစ်လျှောက်၊ ဝါဒတောင်၏လူငယ်တပည့်ဘဝမှ ဂိုဏ်း၏အဓိကပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာသည်အထိ ဤသိုင်းပညာရပ်တစ်ခုတည်းကိုသာ လေ့ကျင့်ခဲ့သည်။
ခွန်အားအရ ရန်ကျောက်ကဲ၏အဖေ ရန်တိသည် သူ့ ဆရာတူအကိုကြီး ရှီတိထက် သာလွန်ပေသည်။
ရန်တိသည် အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်စလုံးကို ကျွမ်းကျင်ကာ လက်ရှိ ဝါဒတောင်၌ ထိုသို့ စွမ်းဆောင်နိုင်သူ လေးယောက်သာ ရှိသည်။
သို့သော်လည်း ရွှေခန္ဓာသိုင်းပညာ ကျွမ်းကျင်မှု၌ ရှီတိနှင့် ယှဉ်လျှင် ရန်တိ ကိုယ်တိုင်က နိမ့်ပါးသည်ဟု ဝန်ခံရလေသည်။
ဤသိုင်းပညာတွင် သူ့ပေါက်မြောက်မှုအရ ရှီတိသည် ဝါဒတောင်၏ အရင်မျိုးဆက်တစ်ခုလုံးကို များစွာ ကျော်ဖြတ်သွားခဲ့ပြီးဖြစ်သည်။ ရွှေခန္ဓာသိုင်းပညာ၌ ရှီတိသည် ရှေးခေတ်မှ ယနေ့ခေတ်အထိ အငြင်းပွားဖွယ်မရှိ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်၏။
သူ၏ မဆုတ်မနစ်သော အားထုတ်မှု ၊ အဆက်မပြတ် စမ်းသပ်နေမှုများကြောင့် ထိုသိုင်းပညာ၏ အနှစ်သာရကို ထိန်းသိမ်းထား၍ မလိုအပ်သည်များ ၊ အားနည်းချက်များကို ဖယ်ထုတ်နိုင်ခဲ့ကာ အဟောင်းမှ အသစ်တစ်ခု ဖြစ်ပေါ်လာပြီး ရွှေခန္ဓာသိုင်းပညာသည် အဆက်မပြတ် ပြောင်းလဲတိုးတက်လာခဲ့ရာ အရင်ခေတ်များကထက် များစွာသာလွန်နေပြီဖြစ်သည်။
အတိတ်တုန်းက အစွန်းရောက်ရှစ်ပါး သိုင်းပညာရှစ်ရပ်သည် တစ်ခုနှင့်တစ်ခု ပုခုံးချင်းယှဉ်လျက် ရပ်တည်နေကြသည်။
ယခုအခါ အစွန်းရောက်ရှစ်ပါးသိုင်းပညာရှစ်ရပ်အနက် ရွှေခန္ဓာလက်ဝါးသိုင်းမှာ နံပါတ်တစ်ဖြစ်သည်။
ဤဂုဏ်သတင်းကို ရှီတိ တစ်ကိုယ်တည်းစွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
ဟန်ရှန်းနှင့် မျက်လုံးတစ်ဖက်လပ်အကြီးအကဲတို့ကို ဖမ်းဆီးပြီးနောက် ရှီတိသည် ခံစားချက်မဲ့နေသော မျက်နှာဖြင့် ရန်ကျောက်ကဲနှင့် အခြားသူများရှေ့သို့ ဆင်းသက်လာသည်။
ရန်ကျောက်ကဲက ပြုံးလိုက်သည်။
"ပထမဆရာဦးလေးကို ဒုက္ခပေးမိပါပြီ"
ရှီတိ ခေါင်းညိတ်လိုက်ရင်း…
"မင်း သတ္တိရှိတာကြောင့်လဲ ပါပါတယ် ၊ ကျောက်ကဲ တော်တယ်"
ရန်ကျောက်ကဲ ပြုံးလိုက်၏။ သူ့မျက်နှာက တည်ငြိမ်လျက်ပင်။ ဘေးမှ ရှုချွမ်က အံ့အားသင့်နေဟန်ဖြင့် သူ့လျှာကို တိတ်ဆိတ်စွာ ကိုက်လိုက်သည်။
ရှီတိထံမှ ချီးကျုးစကား ကြားရရန် အလွန်ခက်ခဲသည်ဟု ဆိုလေ့ရှိကြသည်။ သူ့ထံမှ မဆိုးဘူးဟူသော စကားကို လက်ခံရရှိခြင်းသည်ကား အလွန်ရှားပါးနေလေပြီ။ ရန်ကျောက်ကဲအား ရှီတိ ပြောလိုက်သော “တော်တယ်” ဟူသည့် စကားသည်ကား ဖီးနစ်အတောင် သို့မဟုတ် ချီလင်ဦးချိုကဲ့သို့ ရရှိဖို့ရာ အလွန်ခဲယင်းသည်။
"အရင်ဆုံး ဒီနေရာကနေ သွားကြတာပေါ့၊ ငါ အရှေ့ထန်ကို ရောက်နေတဲ့သတင်းက ပေါက်ကြားလို့မရဘူး"
ရှီတိ ပြောလိုက်သည်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း…
"ဒါက သာမာန်ပါပဲ"
ရှီတိသည် သူ့ခေါင်းကို လှည့်၍ ဝါဒတောင်၏ ပိန်ပိန်ပါးပါးအကြီးအကဲအား ကြည့်လိုက်သည်။
"ကျွန်တော်တို့ဂိုဏ်းက အခြားတပည့်တွေနဲ့ အရှေ့ထန်ရဲ့ ပထမမင်းသားအုပ်စုကို စောင့်ရှောက်ပေးဖို့ အကြီးအကဲရင်ကိုပဲ ကျွန်တော် ဒုက္ခပေးရဦးမှာပဲ"
အံ့အားသင့်နေသော အမူအရာ ပျောက်ကွယ်သွားနှင့်ပြီးဖြစ်သော ပိန်ပိန်ပါးပါးအကြီးအကဲက ဘာမေးခွန်းမှ ထပ်မမေးဘဲ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီအဘိုးကြီးတာဝန်သာ ထားလိုက်ပါ"
သူတို့ ချက်ချင်း ထွက်ခွာသွားကြသည်။
သို့ရာတွင် ရှီတိနှင့် ရန်ကျောက်ကဲက ချက်ချင်း မသွားသေးပေ။ ရှီတိ၏အကြည့်က အဝေးတစ်နေရာသို့သာ စူးစူးစိုက်စိုက် ကျရောက်နေသည်။
"မင်းမှာ ဘာပြောစရာရှိလဲ၊ ရန်ရှု"
ပတ်ပတ်လည်တွင် အတားအဆီးတစ်ခုခု ပေါ်လာပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည့်အလား မိုးကုပ်စက်ဝိုင်းတွင် ရွှေရောင်အလင်းများ ရုတ်တရက် ဖျတ်ခနဲ လက်သွားသည်။
ရှီတိသည် ရန်ကျောက်ကဲနှင့် အားဟူတို့ကိုပါ သယ်ဆောင်သွားပြီး ခြေလှမ်းအနည်းငယ်မျှဖြင့် အတားအဆီး၏အစွန်းသို့ ရောက်ရှိသွားသည်။
ဤအတားအဆီးသည် ရှီတိ၏ အစွမ်းထက်သော ရွှေခန္ဓာသိုင်းပညာဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ ၎င်းမှာ လုံးဝ ပုံသဏ္ဌာန်မဲ့ဖြစ်သောကြောင့် အခြားသူများ သတိပြုမိရန် မဖြစ်နိုင်ပေ။
ကျင့်ကြံခြင်းအဆင့်တူ ကျင့်ကြံသူများကို ပိတ်ဆို့ထားရန် မဖြစ်နိုင်သော်လည်း နေရာတစ်ခုလုံးကို ဖုံးအုပ်ထားသောကြောင့် ဟန်ရှန်း သို့မဟုတ် မျက်လုံးတစ်ဖက်လပ်အကြီးအကဲတို့ လွတ်မြောက်သွားလျှင်တောင်မှ ဤအတားအဆီးနှင့် တိုက်မိပြီး ရှေ့ဆက်သွားနိုင်မည် မဟုတ်ပေ။
လက်ရှိတွင် လူတစ်ယောက်သည် ဤအတားအဆီး၏ ပိတ်ပင်တားဆီးခြင်းကို ခံရသဖြင့် ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဘဲ သူရောက်နေသော နေရာ၌သာ ကို့ယို့ကားယားနိုင်စွာ ရပ်နေရလေသည်။
ထိုလူမှာ အတိအကျပင် ရန်ရှုပေတည်း။
အစောပိုင်းက ရန်ကျောက်ကဲတို့အုပ်စု ဒုက္ခရောက်နေသည်ကို ခပ်လှမ်းလှမ်းမှ သူ စောင့်ကြည့်နေခဲ့သည်။
ရန်ကျောက်ကဲတို့အုပ်စုက ဟန်ရှန်းနှင့် နေသူတော်စင်ဂိုဏ်း၏အကြီးအကဲလက်၌ သေသွားပါက သူ့အတွက် အကောင်းဆုံးပင်။
ရန်ကျောက်ကဲ ကံကောင်းပြီး လွတ်မြောက်လာပါကလည်း သူက ကိစ္စတုံးပေးလိုက်ရုံသာ ရှိသည်။
သို့သော် တိုက်ပွဲထဲကို ရှီတိ ဝင်ရောက်လာစဉ်ကတည်းက ရန်ရှုစိတ်ထဲ အကြီးအကျယ် လေးလံသွားသည်။
သူ့ခန့်မှန်းထားတာနှင့် ယှဉ်လျှင် ရှီတိ ရောက်လာသည်မှာ စောလွန်းနေသည်။
အခြေအနေမကောင်းတော့သည်ကို မြင်သည်နှင့် ရန်ရှု လှည့်ပြေးတော့သည်။
ရှီတိ၏လက်သီးသိုင်းဝိညာဉ်က နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး ကောင်းကင်နှင့် မြေကြီးကိုပါ ကန့်သတ်ထားသောကြောင့် ဟန်ရှန်းနှင့် နေသူတော်စင်ဂိုဏ်းအကြီးအကဲသာမက ရန်ရှုသည်လည်း ကရားထဲရောက်နေသော လိပ်တစ်ကောင်သဖွယ် ပိတ်မိနေခဲ့သည်။
ရှီတိ၏လက်သီးသိုင်းဝိညာဉ်ကြောင့် ရန်ရှုမှာ ဖိနှိပ်ခံရပြီး မလှုပ်ရှားနိုင်ဘဲ ဖြစ်နေသည်။ သူ ထွက်ပြေးချင်သော်လည်း မပြေးနိုင်ပေ။ သူ့လုပ်ရပ်ကို ဖုံးကွယ်ရန် သူ့ဘာသူ အလျင်ဦးအောင် ရှေ့ထွက်လာချင်သော်လည်း ထိုသို့မလုပ်နိုင်ခဲ့ပေ။
သူ့တစ်ကိုယ်လုံးက ထိုနေရာ၌ တောင့်တင်းနေကာ အလွန်အမင်း ကို့ယို့ကားယား နိုင်နေလေသည်။