အကြီးအကဲ’ရန်’ မတွေ့ရတာ ကြာပြီ
Vol. 1-9 Ch. 90
အခန်း (၉၀) အကြီးအကဲ’ရန်’ မတွေ့ရတာ ကြာပြီ
ရန်ကျောက်ကဲနှင့် ရှီတိတို့ ရန်ရှု ရှေ့ သို့ ရောက်သောအခါ ရန်ကျောက်ကဲက ပြုံးရင်း ပြောလိုက်သည်။
"အကြီးအကဲ’ရန်’ မတွေ့ရတာကြာပြီ"
ရှီတိက ရန်ရှုအား သာမာန်မျှသာ တစ်ချက်ကြည့်လိုက်သည်။
"ငါတို့ လမ်းလျှောက်ရင်း စကားပြောတာပေါ့"
သူတို့ လမ်းလျှောက်ကြစဉ် ရန်ရှုသည် ရှီတိ၏နောက်မှ တိတ်ဆိတ်စွာ လိုက်ရင်း မည်သည့်အသံမှ မထွက်ရဲပေ။
မျက်လုံးတစ်ဖက်လပ်အကြီးအကဲက ခြေရာလက်ရာမရှိဘဲ ပျောက်ဆုံးသွားခြင်းကြောင့် နေသူတော်စင်ဂိုဏ်းမှလူများ သံသယဖြစ်မည်မှာ မလွဲမသွေပင်။
ထို့ကြောင့် သူ့သရုပ်မှန်နှင့် ကျင့်ကြံမှုအဆင့်ကို မပေါ်ပေါက်စေဘဲ ရှီတိသည် နေသူတော်စင်ဂိုဏ်းမှလူများ နောက်ယောင်ခံလိုက်လာရန် ရည်ရွယ်ချက်ရှိရှိ သဲလွန်စတချို့ ချန်ထားခဲ့သည်။
အမြင်အရ ထိုသဲလွန်စများသည် မျက်လုံးတစ်ဖက်လပ်အကြီးအကဲနှင့် ကျင့်ကြံမှု အဆင့်တူသော တစ်ယောက်ထက်ပိုသည့် သိုင်းဆရာသခင်များ၏ခြေရာလက်ရာများနှင့် ဆင်တူသည်။
ဤသို့ဖြင့် ရှီတိရောက်လာခြင်းကို ဖုံးကွယ်ပြီးသားဖြစ်သွားသည်။ အခြားတစ်ဖက်တွင် ဤငါးစာမှတဆင့် ပိုကြီးသော ငါးကိုပါ ချိတ်မိလာနိုင်သည်။
ရှီတိသည် တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်းအား ကြည့်လိုက်သည်။
"ဟန်ရှန်း၊ မင်းက ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းထဲ ဝင်ပြီး ငရဲမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးတယ်၊ ဒါဟာ တကယ်ကို စက်ဆုပ်စရာပဲ"
တစ္ဆေရဲဒင်းအဘိုးအိုက မုန်းတီးစွာ ပြောလိုက်သည်။
"လူ့လောကဆိုတာ ကြီးနိုင်ငယ်ညှင်းလောကပဲ၊ ဘာကွာတာရှိလဲ"
"မင်းက ဘာလို့ တခြားသူတွေရဲ့အထက်မှာ မောက်မောက်မာမာ ရပ်နေနိုင်တာလဲ၊ မင်းက သူများတွေထက် ပိုသန်မာနေလို့ပဲ"
"ငရဲကို ဖွင့်ပြီးရင် မြေအောက်ကမ္ဘာကိုးခု ရောက်လာလိမ့်မယ်၊ ငါတို့နေတဲ့ ဒီကမ္ဘာကို တစစီ ဆုတ်ဖြဲပြီး ကောင်းကင်နဲ့ မြေကြီးအသစ် ဖန်တီးလိမ့်မယ်၊ အဲ့အချိန်ကြရင် ဘယ်သူက အရှင်သခင်လဲဆိုတာ မင်းတွေ့ရမှာပါ"
ဟန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီတစ်ခါ မင်းလက်ထဲ ကျရောက်သွားမှတော့ ဒီလူအိုကြီးမှာ ပြောစရာစကားမရှိတော့ဘူး၊ ဒါပေမယ့် မင်းတို့တသိုက် အပျော်မစောနဲ့ဦး ၊ ဒီကိစ္စက မပြီးသေးဘူး"
ရှီတိက တည်ငြိမ်စွာပြောသည်။
"ငရဲက ခဏလောက် ငြိမ်သွားပေမယ့် မင်းတို့တွေ အလံတွေချ စစ်ဗုံတွေ တီးတာရပ်ပြီး လက်လျော့သွားမှာ မဟုတ်ဘူးလို့ ငါတို့ ကြိုတင်ခန့်မှန်းပြီးသားပါ"
"မင်း ဒီတစ်ခါ လှုပ်ရှားတာက ရှေ့ပြေးလှုပ်ရှားမှုတစ်ခုမလား"
ဟန်ရှန်းက အေးစက်စွာ ရယ်မောလိုက်သည်။ ပါးစပ်ကိုပိတ်၊ မျက်လုံးကိုမှိတ်ပြီး ရုန်းကန်နေသည်ကို ရပ်တန့်လိုက်သည့်အလား ငြိမ်သက်စွာ ရှိနေ၏။
ရန်ကျောက်ကဲက ရုတ်တရက် ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော့်ဆီက တစ်ခုခု လိုချင်နေတယ်မလား"
ရှီတိက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
ရန်ကျောက်ကဲက စိတ်အေးအေးထားစေလိုသည့်သဘောဖြင့် ရှီတိအား ပြန်ကြည့်လိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်ယူကာ ဟန်ရှန်း၏ရှေ့၌ အနည်းငယ် လှုပ်ရမ်းပြလိုက်သည်။
၎င်းမှာ ရီကျင်းဆီမှ သူ ရခဲ့သော သတ္တုပြားလေးပင်။ ထိုသတ္တုပြားလေးသည် ရေခဲနဂါးသိုင်းသူတော်စင်၏ အမွေအနှစ်နှင့် ဆက်နွယ်လျက်ရှိ၏။
ရန်ကျောက်ကဲ၏အမြင်အရ ဟန်ရှန်း၏မျက်နှာက အနည်းငယ်မျှပင် မပြောင်းလဲသွားပေ။ သူ့အကြည့်က မလှုပ်ခတ်သွားသလို သူ့အသက်ရှုနှုန်းနှင့် သွေးခုန်နှုန်းကလည်း ပုံမှန်အတိုင်း ရှိနေ၏။
ဟန်ရှန်းက သူ့အား ကြည့်သော အကြည့်မှာ အထင်သေးမှုများနှင့်အတူ နားမလည်နိုင်ဟန်ဖြင့် စိတ်ရှုပ်ထွေးနေပုံရသည်။
သို့သော် သူ့ဘေးမှ ရှီတိ၏အကြည့်က ရုတ်ချည်း လေးနက်သွားသည်။
"အိုး"
သူ့ကျင့်ကြံမှုက ဟန်ရှန်းထက် အများကြီး မြင့်မားသည့်အပြင် လက်ရှိတွင် သူ့စွမ်းအားဖြင့် ဟန်ရှန်းအား ချုပ်နှောင်ထားခြင်းကြောင့် ထိုအခိုက်တွင် ဟန်ရှန်း၏ခံစားချက်များ မငြိမ်မသက်ဖြစ်သွားသည်ကို သူ ထင်ထင်ရှားရှား ခံစားမိသည်။
ဤသည်ကို မြင်သောအခါ ရန်ကျောက်ကဲ ပြုံးလိုက်သည်။ သို့သော်လည်း မည်သည့်စကားမှ ထပ်မပြောချေ။
ရှီတိသည်လည်း အလားတူပင် ဟန်ရှန်းအား စိုက်ကြည့်လျက်ရှိသည်။ ဤသည်ကို မြင်လျှင် ဟန်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ သူ့ဟန်ဆောင်မှု ပေါ်သွားသော်လည်း တိတ်ဆိတ်လျက်သာ ဆက်ရှိနေသည်။
ရန်ကျောက်ကဲသည် သူ့လက်ထဲမှ သတ္တုပြားလေးကို လေထဲသို့ မြှောက်လိုက်သည်။ သတ္တုပြားလေး လေထဲသို့ မြှောက်တက်သွားပြီး အောက်ပြန်ကျလာသည်ကို ရန်ကျောက်ကဲက ဖမ်းယူလိုက်သည်။
"နဂါးချုပ်လှောင်ချောက်နက်ထဲမှာ မငြိမ်မသက်ဖြစ်အောင်လို့ ခင်ဗျား ဖန်တီးထားတဲ့ အနီရောင်မိစ္ဆာအရိပ်နဲ့ ပတ်သတ်ပြီး ဘာမှ ထူးခြားတာ မရှိဘူး၊ အဲဒါက ကျွန်တော့်လက်ထဲမှာ မရှိတာလဲ တော်တော်ကြာပြီ"
"အဲဒါအပြင်ကို ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘာအဆက်အစပ်မှ မရှိဘူး"
"တစ်ခုခုရှိသေးတယ်ဆိုရင်တောင် အဲဒါက ကျွန်တော်နဲ့ ဂိုဏ်းတူတပည့်၊ ခင်ဗျားရဲ့ သွေးသောက်ညီလေးရီကျင်းပဲ ရှိတယ်"
ရန်ကျောက်ကဲက သတ္တုပြားလေးကို လက်ချောင်းများဖြင့် ပွတ်သပ်နေသည်။
"ရီကျင်းဆီက ကျွန်တော်ရတဲ့ တစ်ခုတည်းသော ပစ္စည်းက ဒီသတ္တုပြားငယ်လေးပဲ၊ အဲ့တာကြောင့် ခင်ဗျား ကျွန်တော့်ဆီက လိုချင်နေတဲ့ဟာက ဒီသတ္တုပြားငယ်လို့ ယုံကြည်မိတာပဲ"
"ဆိုတော့… အကြီးအကဲ ‘ဟန်’ ၊ ခင်ဗျား ဒီပစ္စည်းကို ဘာလို့လိုချင်နေလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေးဖို့ အဆင်ပြေလား"
ရန်ကျောက်ကဲက ဟန်ရှန်းကို ကြည့်လိုက်သည်။
"ဒါက ရေခဲနဂါးသိုင်းသူတော်စင်နဲ့ ဆက်စပ်နေတယ်၊ ဒါပေမယ့် ဘယ်လောက်အထိ ဆက်စပ်နေလဲနဲ့ သူ့အမွေအနှစ်ကို ဘယ်လောက်အထိ ရနိုင်သလဲဆိုတာတော့ မသိဘူး"
"ဒီအရှေ့ထန်မြေပေါ်မှာ ကျွန်တော်တို့ ဝါဒတောင်ဂိုဏ်း ၊ နေသူတော်စင်ဂိုဏ်းနဲ့ အဆုံးမဲ့တောင်တန်းက သူရဲကောင်းတွေ စုဝေးနေတယ်၊ ခင်ဗျား နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ မငြိမ်မသက်ဖြစ်အောင်လုပ်ရင် ခင်ဗျားဟာ အားလုံးရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်၊ ဘယ်သူကမှ ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
"ဒီလိုအခြေအနေမျိုးမှာတောင် ခင်ဗျားက အကြီးအကျယ်စွန့်စားပြီး ပေါ်လာရဲသေးတယ်ဆိုတော့"
ရန်ကျောက်ကဲ ပြုံးလိုက်သည်။
"ကျွန်တော် ခန့်မှန်းကြည့်မယ်၊ ဒီသတ္တုပြားနဲ့ ပတ်သတ်တဲ့ တန်ဖိုးရှိသတင်းအချက်အလက်တချို့ကို ခင်ဗျား ရထားတယ်မလား ၊ အဲ့တာနဲ့ဆို ခင်ဗျားရဲ့ မဟာစီမံကိန်းလို့ခေါ်တဲ့ဟာကြီးကို အကောင်အထည်ဖော်နိုင်ဖို့ ခြေတစ်လှမ်း ထပ်လှမ်းနိုင်မယ်မလား"
"အဲ့ဒီ့အရာက ငရဲနဲ့ ဆက်နွယ်နေပြီး ခင်ဗျားနဲ့ ခင်ဗျားအပေါင်းအဖော်တွေရဲ့အစီအစဉ် ပြီးမြောက်ဖို့ ကူညီပေးနိုင်မှာလား"
ထိုစကားများကို ကြားလျှင် ဟန်ရှန်းက သူ့မျက်လုံးများကို တန်းပိတ်လိုက်သည်။ အချိန်အတော်ကြာမှ စကားပြောရန် သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
"ဒီလူအိုကြီးရဲ့စွမ်းရည်က နိမ့်ပါးလို့ မင်းတို့ဖမ်းတာ ခံရတာပဲ ၊ ဘာမှ ပြောစရာ မရှိတော့ဘူး"
ရန်ကျောက်ကဲက ခေါင်းလှည့်၍ ရှီတိအား ကြည့်လိုက်သည်။
"ပထမဆရာဦးလေး၊ အစတုန်းကတော့ ဒါက ကျွန်တော်အမှတ်မထင်ရရှိခဲ့တဲ့ သေချာရေရေရာရာမရှိတဲ့အခွင့်အရေးလေးတစ်ခုလောက်ပဲ ၊ အခုတော့ ဒါက တော်တော် အရေးပါနေတယ် ထင်တယ်"
ဝါဒတောင်သည် ၎င်း၏တပည့်များ ကံကောင်း၍ရရှိခဲ့သော ပစ္စည်းများ ၊ အခြားအရာများကို သူတို့ကိုယ်တိုင် ပိုင်ဆိုင်ခွင့ ်၊ အကျိုးခံစားခွင့် ပေးထားသည်။ အကယ်၍ တပည့်များက သူတို့ကိုယ်တိုင် ကိုင်တွယ်၍ မဖြစ်နိုင်ဟု ခံစားမိပါက ဂိုဏ်းထံမှ အကူအညီတောင်းခံနိုင်ပြီး အကျိုးအမြတ်ကို အတူတကွ မျှဝေခံစားရနိုင်သည်။
သို့သော်လည်း ထိုအရာက မီးတောက်မိစ္ဆာကမ္ဘာ ၊ ငရဲ သို့မဟုတ် အခြားထိပ်သီးနယ်မြေများနှင့် သက်ဆိုင်နေပါက မတူညီသော ကိစ္စတစ်ခုပင်။
ရှီတိက ပြောလိုက်သည်။
"ရတယ်၊ အခြားအရာတွေဖြေရှင်းပြီးမှပဲ ဒီကိစ္စအကြောင်း ဆွေးနွေးကြတာပေါ့"
"အဲ့တာက ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်း ၊ ငရဲနဲ့ ဆက်စပ်နေရင် ဂိုဏ်းက အဲ့တာကို တာဝန်ယူလိုက်မယ်၊ တကယ်လို့ အဲ့တာက ရေခဲနဂါးအရိုးသူတော်စင်နဲ့ ဆက်စပ်နေရင် ဂိုဏ်းကမင်းပိုင်တာကို မယူပါဘူး"
ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းသည် တစ္ဆေရဲဒင်းအဘိုးအိုဟန်ရှန်း ပါဝင်နေသော အဖွဲ့အစည်းဖြစ်သည်။
အစောပိုင်းက အရှေ့ထန်၌ ရှင်းလင်းရေးစစ်ဆင်ရေးတွင် ထိုအဖွဲ့အစည်း၏အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် အဖွဲ့ဝင်များ ပိုက်ကွန်ထဲ ကျရောက်ကုန်သည်။ ယနေ့အထိ ဟန်ရှန်းသည် ထိုအဖွဲ့အစည်းထဲမှ ဖမ်းဆီးရမိခဲ့သော အစွမ်းထက်ဆုံး အဖွဲ့ဝင်ဖြစ်သည်။
ရန်ကျောက်ကဲဖြစ်စေ ရှီတိဖြစ်စေ နှစ်ယောက်စလုံးက ဤသည်ကို အကြီးအကျယ် မျှော်လင့်ထားကြသည်။ ဟန်ရှန်းထံမှ စကားနှိုက်ပြီး အရေးကြီးသောအချက်အလက်များ တူးထုတ်ယူရန် ပြင်ဆင်နေကြသည်။
ရှီတိက…
"ဒီတစ်ကြိမ်မှာ မင်းက စွန့်စားလိုစိတ် ရှိခဲ့တယ်၊ အောင်မြင်တယ် ရှုံးနိမ့်တယ်ဆိုတာ အနာဂတ်မှ ဖြစ်လာမယ့်အရာပဲ၊ အနည်းဆုံးတော့ လောလောဆယ်မှာ ဟန်ရှန်းကို ဖမ်းဆီးနိုင်ခဲ့တာက တကယ်ကို အရေးပါတာပဲ၊ မင်းတော့ အကြီးကြီး အကျိူးဆောင်နိုင်ခဲ့ပြီ"
"ပထမ အရှေ့ထန်ရဲ့ ကျောက်ဘုရင်ကို ကယ်ဆယ်ပြီး ကျင်းယန်မြို့မဟာအစီအရင်အပေါ် ထိန်းချုပ်မှုကို ပြန်လည်ရယူရာမှာ ကူညီပေးနိုင်ခဲ့တယ်၊ မင်းရဲ့ အကျိုးဆောင်မှုတွေက အငြင်းပွားဖွယ်ရာ မရှိဘူး ၊ တိုက်ပွဲအလယ်မှာ ရန်သူမသေရင် မင်း သေသွားနိုင်တယ်၊ မင်း ရှောင်ရှန်းကို သတ်တာက မှားတယ်လို့ ပြောလို့မရဘူး"
ရန်ကျောက်ကဲအား ကြည့်သော ရှီတိ၏အကြည့်တွင် ပုံမှန် မြင်တွေ့နေကျ ခိုင်မာပြတ်သားမှုများအပြင် နွေးထွေးမှု တစွန်းတစပါ ပါဝင်နေ၏။
"လက်ရှိမှာ မင်းက သုံးကြိမ်လောက် အကြီးအကျယ် အကျိုးဆောင်နိုင်ခဲ့တယ်၊ ဂိုဏ်းက ဒါတွေအတွက် မင်းကို ဆုချီးမြှင့်မှာပါ"
"တွေးကြည့်ရရင် အရှေ့ထန်ကို ရောက်တာ နှစ်တစ်ဝက်တောင် မရှိသေးဘူး၊ မင်းက ကိစ္စကြီးတွေမှာ ဆက်တိုက် အကျိုးဆောင်နိုင်ခဲ့တယ်၊ မင်းရဲ့ စွမ်းဆောင်ရည်က အရမ်းထူးချွန်တယ်၊ ဒီလို အကြိမ်အရေအတွက်မျိုး ၊ ဒီလို စွမ်းဆောင်မှုမျိုးတွေကို ငါ စည်းကမ်းထိန်းသိမ်းရေးခန်းမရဲ့အကြီးအကဲခေါင်းဆောင် ဖြစ်တဲ့သက်တမ်းတစ်လျှောက် တစ်ခါမှ မတွေ့ဖူးသေးဘူး"
ရန်ကျောက်ကဲက…
"ပထမဆရာဦးလေး မြှောက်ပင့်လွန်းပါပြီ"
"ဒီတစ်ခါ တစ္ဆေရဲဒင်းအဘိုးအို ကျွန်တော်တို့ ပိုက်ကွန်ထဲ ကျရောက်လာတာက မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတစ်ခုပဲ"
ရန်ကျောက်ကဲ ထိုသို့ ပြောပြီးသည်နှင့် သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားသည်။
"ပြီးတော့ ဒီလိုချောချောမွေ့မွေ့ဖြစ်လာတာ အခြားသူတွေရဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်လဲ ပါပါတယ်"
ရှီတိက ညင်သာစွာ ပြောလိုက်သည်။
"တကယ်ကို ပူးပေါင်းဆောင်ရွက်မှုက အရမ်းကောင်းတယ်"
သူတို့နှစ်ယောက်စလုံး၏ အကြည့်များက ရန်ရှုအပေါ် ကျရောက်သွားသည်။
ရန်ကျောက်ကဲက မေးခွန်းထုတ်ဟန်ဖြင့် သူ့လက်များကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။
"အကြီးအကဲရန်၊ ကျွန်တော် သိရသလောက်ဆိုရင် ကျောက်ရှန်းဆီကို ကူညီဖို့ မြန်မြန်သွားရလို့ ဒီကို လာဖို့ အချိန်မရှိလောက်ဘူးမလား"
ထိုအချိန်တွင် ရန်ရှုသည် သူ့စိတ်ရော ကိုယ်ပါ နှစ်ခုစလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပြီးဖြစ်သည်။
"အရှေ့ထန်ရဲ့ တတိယမင်းသားကို ကယ်တင်ပြီးတော့ ဒီအဘိုးကြီးက ဒီကို တတ်နိုင်သလောက် အမြန်ဆုံး ပြေးလာခဲ့ပါတယ် ၊ ဝမ်းနည်းဖို့ကောင်းစွာပဲ ခြေတစ်လှမ်း နောက်ကျနေခဲ့တယ်"
သူသည် ရှီတိအား ဦးညွှတ်လိုက်သည်။
"ကံကောင်းစွာနဲ့ပဲ အကြီးအကဲရှီနဲ့ ဂိုဏ်းက တခြား ထိပ်တန်းကျင့်ကြံသူတွေ အချိန်မီ ရောက်လာနိုင်ခဲ့ပြီး နေသူတော်စင်ဂိုဏ်းနဲ့ မိစ္ဆာအိုကြီးဟန်ကို အနိုင်ယူနိုင်ခဲ့တယ်"
ရှီတိက ရန်ရှုအား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"ငါ ဒီကို ရောက်နေတာ မြင်တော့ ဘာလို့ မင်းက ထွက်ပြေးလဲ"
ရန်ရှုက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီလက်အောက်ငယ်သားဟာ ညံ့ဖျင်းပြီး ရန်သူရဲ့ လှုပ်ရှားမှုကို သေချာ မခန့်မှန်းနိုင်ခဲ့ပါဘူး၊ အဲ့တာကြောင့် နေသူတော်စင်ဂိုဏ်းက အရှေ့တန်က ကျွန်တော်တို့ဂိုဏ်းရဲ့ ပိုင်နက်မှာ ထင်တိုင်းကြဲ ဖျက်စီးနေခဲ့တယ်"
"ကျွန်တော် စစ်ကူတွေ စေလွှတ်ခဲ့ပေမယ့် နေသူတော်စင်ဂိုဏ်းကလူတွေနဲ့ ယှဉ်ရင် နောက်ကျနေခဲ့ပါတယ်၊ အဲ့တာကြောင့် ဒီလက်အောက်ငယ်သားက ဒီကိစ္စမှာ အပြစ်ရှိတာကို ရှောင်လွဲလို့ မရနိုင်ပါဘူး"
"ဒီလက်အောက်ငယ်သားက အစကထဲက စိတ်မသက်မသာဖြစ်နေခဲ့ပါတယ်၊ အကြီးအကဲရှီကို ရုတ်တရက် တွေ့လိုက်ရတော့ ဒီလက်အောက်ငယ်သား ပိုရှက်မိပြီး အထိတ်တလန့်ဖြစ်မိပါတယ်၊ အဲ့တာကြောင့် ဆက်လက် ဖုံးကွယ်မနေတော့ဘဲ ထွက်ပြေးမိတာပါ"
"တစ်ဖက်မှာတော့ ဒီရှက်ရွံနေတဲ့ လက်အောက်ငယ်သားမှာ အကြီးအကဲကို ပြစရာမျက်နှာ မရှိပါဘူး၊ အခြားတစ်ဖက်မှာတော့ ဒီလက်အောက်ငယ်သားက အတိတ်က အမှားတွေကို ပြင်ဆင်ပြီး နေသူတော်စင်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေ အကြောင်း အသေးစိတ်စုံစမ်းဖို့ လူတွေ စေလွှတ်ပြီး ကျွန်တော်တို့ဂိုဏ်းက ပြန်လည်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်မလို့ပါ"
ရန်ရှုသည် ရှီတိအား လေးနက်စွာ ဦးညွှတ်လိုက်သည်။
"ဒီလက်အောက်ငယ်သားက ကိစ္စတွေကို ကိုင်တွယ်တဲ့ နေရာမှာ ညံ့ဖျင်းခဲ့ပါတယ်၊ အဲ့တာကြောင့် ကျွန်တော်နဲ့ ထိုက်တဲ့ အပြစ်ဒဏ်အားလုံးကို ခံယူချင်ပါတယ်"
ရန်ရှုကို ကြည့်ရင်း သည်လူက ဉာဏ်နီဉာဏ်နက်များသည့် နေရာမှာတော့ ပညာရှင်အဆင့်ဟု ရန်ကျောက်ကဲ တွေးမိသည်။
အမှားသေးသေးလေးကို ဦးစွာ ဝန်ခံပြီး တကယ့် အဓိက ကိစ္စကိုတော့ ရှောင်လွဲပစ်သည်။
ရှီတိဘဝတွင် အမုန်းဆုံးသည်ကား သူတို့အလုပ်ကို ပြီးမြောက်အောင် မလုပ်နိုင်သော လူများနှင့် တာဝန်ကို လွှဲချတတ်သော လူများဖြစ်သည်။ ရန်ရှု၏စကားများကြောင့် သူ့အပေါ် ရှီတိ၏အမြင် အလွန် ဆိုးဝါးသွားသည်မှာ မလွဲမသွေပင်တည်း။
လတ်တလောတွင် နေသူတော်စင်ဂိုဏ်းနှင့် ရင်ဆိုင်နေရသဖြင့် ရန်ရှုသည် ယာယီမျှ အပြစ်ဒဏ်မကျသင့်ဘဲ နေရလောက်မည်ဖြစ်သော်လည်း ထို့နောက်မှာတော့ ရန်ရှု၏ဘဝ လှပလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ရန်ရှု၏တကယ့် ရည်ရွယ်ချက်နှင့် နှိုင်းယှဉ်ပါက ဤအမှားက ဘာမှမဟုတ်ပေ။
သို့ပေမဲ့ ရှီတိကလည်း အရူးလုပ်ရန် လွယ်ကူမည့်သူ မဟုတ်ပေ။
"မင်းနဲ့အတူ အရိပ်ရှုံ့အိတ်ကို သယ်လာတာပဲ ၊ အဲ့ထဲမှာ အသက်ရှိသေးတဲ့ လူတစ်ယောက်ပါလာတယ်လို့ ငါ မသိမသာ အာရုံခံစားမိနေတယ်"
ရှီတိက ရန်ရှုကို စိုက်ကြည့်လိုက်သည်။
"အဲဒါ ဘယ်သူလဲ"