အစည်းအဝေးခန်းမ
Vol. 33 Ch. 446
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ ကန်ရွှမ်းကလန်ထဲတွင် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအကြောင်း ဆွေးနွေးဝေဖန်မှုများမှာ ပိုမိုများပြားလာခ့ဲသည်။ ကလန်၏ အကြီးမားဆုံး အခမ်းအနားတစ်ခု ဖြစ်သည့်အလျောက် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် စိတ်ဝင်စားမှုများမှာ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲထက် များစွာသာလွန်လှ၏။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များသည်ပင် စိတ်ဝင်စားကြလေသည်။
သက်ဆိုင်ရာတောင်ထွတ်များ၏ တပည့်ခေါင်းဆောင်နေရာ ရရှိသူမှာ ထိုတောင်ထွတ်၏ အထွတ်အထိပ်နေရာအား ရရှိခြင်းပင် ဖြစ်၏။ ထို့အပြင် တပည့်ခေါင်းဆောင်နေရာ ရရှိသူများမှာ အနာဂတ်၌ ကလန်၏ အရေးကြီးသော ကျောထောက်နောက်ခံများ ဖြစ်လာလေ့ရှိသည်။
ထို့ကြောင့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား ကလန်ခေါင်းဆောင်နှင့် သက်ဆိုင်ရာတောင်ထွတ်၏ ဆရာသခင်များကပါ အလေးထားလေ့ ရှိ၏။
...........
အစည်းအဝေးခန်းမ
အစည်းအဝေးခန်းမမှာ အဓိကအားဖြင့် ကန်ရွှမ်းကလန်၏ အာဏာအရှိဆုံးနေရာ ဖြစ်သည်။ ထိုခန်းမအား ကလန်၏ အမြင့်မားဆုံးတောင်ထွတ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ကာ မြူခိုးများက အမြဲလိုလို ရစ်သိုင်းနေတက်၏။ ကလန်၏ သာမန်အကြီးအကဲများသည်ပင် ထိုခန်းမအား ဝင်ရောက်ခွင့်မရှိပေ။
ခန်းမအတွင်း၌
နှင်းပဒုမ္မာတောင်ထွတ်၏ ဆရာသခင်မဖြစ်သော လျို့လျန်းယီမှ စကားဆိုလိုက်သည်။ " လာမယ့်တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားအတွက် မူလသူတော်စင်တောင်ထွတ်က အခြေအနေတွေက သိပ်ပြီးအဆင်မပြေဘူးလို့ ခံစားရတယ်။ မူလသူတော်စင်တောင်ထွတ်အတွက် အကြီးအကဲစိန်းနဲ့ အကြီးအကဲလုစုန့်တို့က နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတာ။ ဒါပေမယ့် အခုအကြီးအကဲလုဟုန်းတို့အုပ်စုက ပေါ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ရွေးချယ်ပွဲကို နောက်နှစ်ကြမှ ကျင်းပသင့်တယ်လို့ ထင်တယ်။"
လျို့လျန်းယီမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် ပါဝင်မည့်သူများစာရင်းကိုကြည့်လျက် ပြောဆိုနေခြင်း ဖြစ်၏။ မူလသူတော်စင်တောင်ထွတ်မှာ ကလန်တစ်ခုလုံးတွင် ပါဝင်ယှဥ်ပြိုင်သူအနည်းဆုံးဖြစ်ပြီး လုဟုန်းတို့အုပ်စုမှ သိသိသာသာပင် အင်အားကြီးနေပေသည်။
ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှ မျက်မှောင်ကျုံ့ကာ တုံ့ပြန်လိုက်၏။ "လုဟုန်းကို မူလသူတော်စင်တောင်ထွတ်ဆီကိုပို့ဖို့ ကျွန်တော်တို့အားလုံး သဘောတူခ့ဲကြတာပဲ မဟုတ်ဘူးလား။ အခုမှဘာလို့ ကန့်ကွက်နေရတာလဲ။"
"ပြီးတော့ အကြီးအကဲလုဟုန်းရဲ့ အုပ်စုက တပည့်ခေါင်းဆောင်နေရာကိုရပြီး အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကို ဖြည်နိုင်သွားတာလည်း ဖြစ်နိုင်တာပဲလေ။ ချိပ်စည်းမြန်မြန်ပွင့်လေ မူလသူတော်စင်တောင်ထွတ်က တပည့်တွေအတွက် ကောင်းလေပဲမလား။"
လျို့လျန်းယီမှ အေးစက်စွာပင် ရီမောလိုက်သည်။ " ငါစိုးရိမ်းတာက အဲ့လိုသာဖြစ်လာခ့ဲရင် မူလသူတော်စင်တောင်ထွတ်ကနေ ဒုတိယဓားကပ်ဘေးတောင်ထွတ် ဖြစ်သွားမှာကိုပဲ။"
လင်ကျွမ်းမှာ အမူအရာခက်ထန်သွားကာ ကျောက်စားပွဲအား လက်ဖြင့်ရိုက်ချလိုက်၏။ "လျို့လျန်းယီ မင်းလွန်မလာနဲ့နော်။"
လျို့လျန်းယီမှ တည်ငြိမ်စွာပင် ပြန်လည်ပြောဆိုလိုက်သည်။ "ဘာလဲ အမှန်တရားတွေ ပြောခံရလို့ အထိနာသွားတာလား။"
လင်ကျွမ်း၏ မျက်ဝန်းများမှာ ခက်ထန်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်လာပြီး ပတ်ဝန်းကျင်၏ လေထုမှာလည်း အလွန်ပင် တင်းမာလာခ့ဲ၏။
ထို့နောက် ငွေမျှင်ရောင်ဓားချီများမှာ လေထုတစ်ခုလုံးအား ပြည့်နှက်သွားလေတော့သည်။ လင်ကျွမ်းမှာ ခန်းမတစ်ခုလုံးအား ထိန်းချုပ်ထား၏။
လောကကိုကြီးစိုးခြင်းအဆင့်
လောကအားကြီးစိုးသောဓားချီများဖြင့်ဆိုလျှင် လင်ကျွမ်းမှာ ခန်းမအတွင်းရှိ အရာအားလုံး၏ ရှင်ခြင်း၊ သေခြင်းကိုပင် စီမံနိုင်သည်။
စွမ်းအင်ဖိအားများမှာ ကလန်တစ်ခုလုံးသို့ပင် ပျံနှ့ံလျက်ရှိ၏။
"နင်က အားသုံးပြီး ဖြေရှင်းမလို့ပေါ့လေ။"
လျို့လျန်းယီမှ ေအးစက်စွာ စကားဆိုလိုက်ပြီးနောက် လက်အားဆန့်တန်း၍ နှင်းမြူချီစွမ်းအင်များအား ထုတ်လွှတ်လိုက်သည်။
ခန်းမတစ်ခုလုံးမှာ အေးခဲသွားပြီး လောကအားကြီးစိုးသောဓားချီများလည်း ပျောက်ကွယ်သွား၏။ ကန်ရွှမ်းကလန်တစ်ခုလုံး၏ လေထုသည်ပင် ဆောင်းရာသီသို့ ကျရောက်နေသည့်အလား အေးခဲလာရသည်။
ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်အခြေအနေများကြောင့် ကလန်အတွင်းရှိ တပည့်များမှာ အလွန်ပင် ကြောက်လန့်နေကြပြီ ဖြစ်၏။
လောကအားကြီးစိုးသော ချီစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကောင်းကင်တစ်ခုလုံး မည်းမှောင်လာရသည်။ လောကအားကြီးစိုးသောအဆင့်ရှိသူနှစ်ယောက်၏ တွေ့ဆုံမှုမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။
လင်ကျွမ်းနှင့် လျို့လျန်းယီနှစ်ဦးလုံးမှာ အလွန်ပင် ဒေါသထွက်နေကြသော်လည်း စိတ်များကို ချုပ်တည်းထားဆဲ ဖြစ်သည်။ ထိုသို့မဟုတ်ပဲ စိတ်အလိုကျသာ တိုက်ခိုက်ခ့ဲမည်ဆိုလျှင် မိုင်တစ်ရာပတ်လည်ဝန်းကျင်တစ်ခုလုံးမှာ အပျက်အစီးများနှင့် ပြည့်နှက်သွားမည်သာ ဖြစ်၏။
ဒုန်း.....
လင်ကျွမ်းနှင့် လျို့လျန်းယီတို့ကြားရှိ ကျောက်စားပွဲအား တစ်စုံတစ်ဦးမှ ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပေသောင်းမျှရှိသော မိုးကြိုးများ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာပြီး စွမ်းအင်နှစ်ခုအား တားဆီးလိုက်၏။
"မင်းတို့နှစ်ယောက်လုံး တော်လိုက်ကြတော့။"
ကလန်ခေါင်းဆောင်ချင်းယန်၏ဘေးမှ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ မိုးကြိုးအကျဥ်းထောင်တောင်ထွတ်မှ ဆရာသခင် လ့ဲကျွမ်းပင် ဖြစ်၏။
လ့ဲကျွမ်းမှာ ကန်ရွှမ်းကလန်ထဲ၌ အချိန်အကြာဆုံး တည်ရှိလာသူဖြစ်ပြီး ကလန်ခေါင်းဆောင်ချင်းယန်သည်ပင် တလေးတစား ဆက်ဆံရသူ ဖြစ်သည်။ ထို့အပြင် လဲ့ကျွမ်းမှာ အလွန်စည်းကမ်းကြီးသူဖြစ်ကာ ကလန်အတွင်း၌ လွန်စွာပင် သြဇာညောင်းလှ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ကူကယ်ရာမဲ့စွာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် အင်္ကျီလက်မောင်းအိုးအားဝေ့ယမ်းလျက် ဆူပူကြိမ်းမောင်းလိုက်သည်။ "မင်းတို့နှစ်ယောက် အခုချက်ချင်း မတော်သေးဘူးလား။"
လင်ကျွမ်းနှင့် လျို့လျန်းယီမှာ တစ်ဦးကိုတစ်ဦး ခက်ထန်စွာ ကြည့်လိုက်ကြပြီးနောက် ချီစွမ်းအင်များအား ပြန်လည်းရုတ်သိမ်းလိုက်၏။ လေထုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
အစည်းအဝေးခန်းမအတွင်းရှိ အခြားဆရာသခင်များမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအားခါယမ်းလိုက်ကြ၏။ လင်ကျွမ်းနှင့် လျို့လျန်းယီတို့၏ ဆက်ဆံရေးမှာ အမြဲတစေပင် ဆိုးရွားနေခ့ဲသည်။ ဆရာသခင်ကန်ရွှမ်း ရှိစဥ်ကာလများအတွင်း အနည်းငယ် အဆင်ပြေနေခ့ဲပါသော်လည်း ဆရာသခင် သေဆုံးသွားပြီးနောက် ပို၍သာ ခက်ထန်ဆိုးရွားလာ၏။ ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်လ့ဲကျွမ်းတို့သာ ထိန်းချုပ်ထားခြင်းမရှိပါက အခြေအနေများမှာ ထိန်းချုပ်မရအောင်ပင် ဆိုးရွားနေပေလိမ့်မည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ လ့ဲကျွမ်းအားကြည့်ကာ မေးမြန်းလိုက်သည်။ "တောင်ထွတ်ဆရာသခင်လ့ဲကျွမ်းရော ဘယ်လိုသဘောရလဲ။ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲကို နောက်ဆုတ်သင့်တယ်လို့ထင်လား။"
လ့ဲကျွမ်းမှ တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။ "ငါတို့ ဒီအကြောင်းကို ဆွေးနွေးပြီးကြပြီပဲ။ အခုကြမှ ပြောင်းလဲလိုက်စရာ လိုလို့လား။"
"စိန်းထိုက်ယွမ်နဲ့ လုစုန့်က မူလသူတော်စင်တောင်ထွတ်မှာ အချိန်အကြာကြီး ရှိနေခဲ့ကြတယ်ဆိုပေမယ့် ဘာမှမှမလုပ်နိုင်ကြတာ။ အဲ့ဒါကြောင့် တခြားတစ်ယောက်က ချိပ်စည်းကို ဖြည်နိုင်မယ်ဆိုရင် ငါတို့ခွင့်ပြုရမှာပဲလေ။ အဲ့တော့မှ တပည့်တွေ အများကြီးကို မူလသူတော်စင်တောင်ထွတ်ဆီပို့လို့ ရမှာပေါ့။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းညိတ်ပြလိုက်သည်။ "ငါလည်းအဲ့လိုပဲမြင်တယ်။"
ထို့နောက် ကလန်ခေါင်းဆောင်ချင်းယန်မှ လျို့လျန်းယီအားကြည့်ကာ ပြောလိုက်၏။ "ဂျူနီယာညီမတော် မူလသူတော်စင်တောင်ထွတ်ရဲ့ အရေးကိစ္စတွေက ငါတို့ကလန်အတွက်လည်း အရေးကြီးတယ်။ အဲ့ဒါကြောင့် ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ထည့်တွက်နေလို့မရဘူး။"
လျို့လျန်းယီမှ စိန်းထိုက်ယွမ်နှင့် လုစုန်တို့အုပ်စုမှ ပါဝင်ယှဥ်ပြိုင်ကြသူများစာရင်းကို ညွှန်ပြကာ ပြန်လည်ပြောဆိုလိုက်သည်။ "သူတို့အုပ်စုနှစ်ခုက ဘာအခွင့်အရေးမှတောင်ရမှာ မဟုတ်ဘူး။"
လုဟုန်း၏အုပ်စုမှာ ကျန်သောအုပ်စုနှစ်ခုထက် သိသာစွာပင် အင်အားကြီးနေ၏။ ထို့ကြောင့် လျို့လျန်းယီမှ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားကို နောက်ဆုတ်ထားသင့်သည်ဟု ယူဆမိခြင်း ဖြစ်သည်။
လုဟုန်းမှာ ဓားကပ်ဘေးတောင်ထွတ်နှင့် ပက်သက်ဆက်နွယ်မှု မရှိတော့ပါသော်လည်း အဆုံးတွင်မူ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းအား ဦးညွတ်ကြမည်သာ ဖြစ်၏။
ထို့အပြင် လုဟုန်း၏အုပ်စုမှသာ အဓိကတောင်ထွတ်၏ ချိပ်စည်းကိုဖြည်နိုင်ခ့ဲလျှင် လုဟုန်းမှာ မူလသူတော်စင်တောင်ထွတ်၏ ဆရာသခင်တစ်ဦး ဖြစ်လာမည်ဖြစ်ကာ အခြားအကြီးအကဲများထက် ပိုမိုမြင့်မားသွားပေလိမ့်မည်။
လင်ကျွမ်းမှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ဒီလောကမှာ ပြီးပြည့်စုံတဲ့ တရားမျှတမှုဆိုတာ မရှိဘူး။ ငါတို့က ကျန်တဲ့အုပ်စုနှစ်ခုကို အခွင့်မရေးမပေးခ့ဲတာ မဟုတ်ဘူးလေ။ သူတို့ကမှ အဓိကတောင်ထွတ်ရဲ့ချိပ်စည်းကို မဖြည်နိုင်ခ့ဲတာ။ အဲ့ဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်တင်နေလို့ မရဘူး။"
"ပြီးတော့ လုဟုန်းတို့အုပ်စုသာ တပည့်ခေါင်းဆောင်နေရာကို မရဘူးဆိုရင် ငါ့ရဲ့ဓားကပ်ဘေးတောင်ထွတ်က ည့ံဖျင်းလို့ပဲ။ လုဟုန်းရဲ့အုပ်စုကို ငါတို့ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်တဝက် ခွဲဝေပေးထားတဲ့အပြင် ကျင့်ကြံရေးအရင်းအမြစ်တွေကိုလည်း ငါးပုံတစ်ပုံစာ ခွဲပေးထားရတာ။"
"ငါတို့ဓားကပ်ဘေးတောင်ထွတ်က အဓိကတောင်ထွတ်ရဲ့ ချိပ်စည်းကိုဖြည်နိုင်ဖို့အတွက် အများကြီး ကြိုးပမ်းထားရတာ။ အဲ့ဒါကို အောင်မြင်ခါနီးမှ ဆရာသခင်မလျို့လျန်းယီက ကန့်ကွက်နေတာလား။"
လျို့လျန်းယီမှာ တိတ်ဆိတ်သွား၏။ ယခင် မူလသူတော်စင်တောင်ထွတ်ထံသို့ အကြီးအကဲတစ်ဦးပို့ဆောင်ရန် ဆရာသခင်များမှ ဆွေးနွေးခ့ဲကြပြီး လင်ကျွမ်းမှာ အတက်ကြွဆုံး ဖြစ်သည်။
လင်ကျွမ်းမှာ ဓားကပ်ဘေးတောင်ထွတ်မှ အကြီးအကဲအား ပို့ဆောင်နိုင်ရန် အစွမ်းကုန် ကြိုးစားခ့ဲ၏။ လင်ကျွမ်းမှာ မူလသူတော်စင်တောင်ထွတ်အား ဓားကပ်ဘေးတောင်ထွတ်မှ တပည့်ခွဲတမ်းတဝက်နှင့် ကျင့်ကြံခြင်းအရင်းအမြစ် ငါးပုံတစ်ပုံမျှပင် ထောက်ပ့ံပေးရန် သဘောတူခ့ဲသည်။ ထို့ကြောင့် အခြားသောတောင်ထွတ်ဆရာသခင်များမှ အလျှော့ပေးခဲဲ့ကြပြီး မူလသူတော်စင်တောင်ထွတ်ဆီသို့ ဓားကပ်ဘေးတောင်ထွတ်မှ အကြီးအကဲတစ်ဦး ပို့ဆောင်ရန် သဘောတူခ့ဲကြ၏။
ယခု မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်မည့်သူမှာ အကြီးအကဲလုဟုန်း၏အုပ်စုသာ ဖြစ်သည်။ တစ်နည်းပြောရလျှင်မူ လင်ကျွမ်း၏ ရင်းနှီးမြုပ်နှံမှုကြီးမှာ အောင်မြင်တော့မည်ပင် ဖြစ်၏။
ထိုအချက်များကြောင့် လျို့လျန်းယီမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား ခေတ္တရပ်ဆိုင်းထားလိုခြင်း ဖြစ်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ ရီမောလိုက်၏။ ချင်းယန်မှာ ကလန်ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် တောင်ထွတ်ဆရာသခင်များ၏ ဆက်ဆံရေးကို ထိန်းသိမ်းပေးရန် လိုအပ်ပေသည်။ ချင်းယန်မှ လက်အားဝေ့ယမ်းကာ လျို့လျန်းယီအား ပြောလိုက်၏။ " ဒါဆိုရင် ဒီအကြောင်းကို ထပ်ပြီးမဆွေးနွေးတော့ဘူးနော်။ အရင်ကအတိုင်းပဲ ထားလိုက်တော့မယ်။"
လျို့လျန်းယီမှာ လင်ကျွမ်းအားကြည့်၍ အေးစက်စက်ဖြင့် ပြောလိုက်သည်။ "အရမ်းလည်း ပျော်မနေနဲ့ဦး။ မထင်မှတ်ထားတာတွေ ဖြစ်လာခ့ဲရင် နင်ပြုံးနေနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။"
ထိုစကားများအား ပြောပြီးသည့်နှင့်တစ်ပြိုင်နက် လျို့လျန်းယီမှာ ခန်းမအတွင်းမှ ထွက်ခွာသွားတော့၏။
လင်ကျွမ်းမှာ မူလသူတော်စင်တောင်ထွတ်မှ ပါဝင်ယှဥ်ပြိုင်မည့်သူစာရင်းအား ကြည့်ရှုလိုက်ပြီးနောက် လှောင်ပြောင်သရော်လိုဟန်ဖြင့် ပြုံးလိုက်သည်။
"မထင်မှတ်တာတွေ ဖြစ်လာမယ်ဟုတ်လား။"
"ဟာသပဲ...."