← Chapters

သဘောထားကွဲလွဲခြင်း

Vol. 33 Ch. 448

သဘောထားကွဲလွဲခြင်း

Vol. 33 Ch. 448

ယင်းယန်နဂါးစင်မြင့်ထက်တွင် ဇူယွမ်မှာ ပြုံးရွှင်နေလျက် ရှိသည်။ ဇူယွမ်၏ အသားအရေမှာ ေနွးထွေးသော ကျောက်စိမ်းရောင်သ့ဲသ့ဲမျှ တောက်ပနေ၏။

ဇူယွမ်မှာ ပြင်ပအသွင်အပြင်အား အလေးထားတက်သူတစ်ဦး မဟုတ်သဖြင့် ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော များပြားလှသည့် စွမ်းအင်များကိုသာ ပိုမိုစိတ်ဝင်စားနေမိသည်။

ဇူယွမ်မှာ အသွေးအသားများအတွင်း စီးဆင်းနေသော  သန်မာလှသည့် စွမ်းအင်များကို ခံစားမိ၏။ ထိုသို့သော ခံစားချက်မျိုးကို ဇူယွမ်တစ်ကြိမ်မှပင် မခံစားဖူးခ့ဲချေ။

ဇူယ​ွမ်မှာ ပြင်ပသန်မာမှုကျင့်စဥ်များအား တစ်ကြိမ်တစ်ခါမှပင် ကျင့်ကြံဖူးခြင်းမရှိသဖြင့် အသွေးအသားများထဲမှ စွမ်းအင်များ ထွက်ပေါ်နေခြင်းကို ပထမဦးဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်သည်။

ဇူယွမ်၏ ကျင့်ကြံခြင်းအဆင့်မှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးပါသော်လည်း ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်ဖြင့်ဆိုလျှင် ကောင်းကင်ဘုံယွမ်စုတ်တံ၏ အကူအညီမပါလျှင်ပင် ယန်ရွှမ်းအား အနိုင်ရရှိနိုင်ပေလိမ့်မည်။

ကျောက်စိမ်းရောင်အသားအရေမှာ ဇူယွမ်၏စွမ်းအင်များကို တိုးပွားစေရုံသာမက ခုခံကာကွယ်ခြင်းကိုလည်း ပိုမိုကောင်းမွန်စေ၏။ ရိုးရှင်းစွာဆိုရလျှင်မူ ယခုဇူယွမ်၏ ခုခံကာကွယ်​ရေးစွမ်းအင်အား ယန်ရွှမ်းသည်ပင် ခက်ခဲပင်ပန်းစွာ ထိုးဖောက်ရပေလိမ့်မည်။

ဇူယွမ်မှာ စိတ်နှလုံးထဲ၌ ခံစားချက်မျိုးစုံ ရောထွေးနေခ့ဲပြီးနောက် အချိန်အတန်ကြာမှပင် ပြန်လည်တည်ငြိမ်လာခ့ဲသည်။ ထို့နောက် ဇူယွမ်၏ ခန္ဓာကိုယ်ထက်၌ မှေးမှိန်စွာ လင်းလက်တောက်ပနေသော ကျောက်စိမ်းရောင်သ့ဲသ့ဲမှာ အရေပြားအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

ဇူယွမ်မှာ ေလထုထဲသို့ပျံသန်းကာ တောင်ကုန်းပေါ်၌ ဆင်းသက်လိုက်သည်။

သို့သော် ဇူယွမ်မှာ ရရှိလာသော စွမ်းအင်အသစ်အား ထိန်းချုပ်နိုင်ခြင်း မရှိသေးသောကြောင့် ဆင်းသက်လိုက်သော တောင်ကုန်းသည်ပင် တစ်စစီ ကွဲအက်သွားရ၏။

"မဆိုးဘူးပဲ ကောင်ကလေး။ တစ်လအတွင်းမှာ မင်းကျောက်စိမ်းရောင်အသားအရေကို ရရှိနိုင်ခ့ဲတယ်။" ရွှမ်အဖိုးအိုမှ ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။

"ပုံမှန်အတိုင်းသာဆိုရင် ကြွယ်ဝတဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေ ရှိနေရင်တောင်မှ ဒီအဆင့်ကိုရောက်ဖို့ တစ်နှစ်လောက် အချိန်ယူရမှာ။"

"အခုလို မြန်ဆန်နိုင်ခ့ဲတာက အဖိုးရဲ့ ညွှန်ပြမှုတွေကြောင့်ပါ။" ဇူယွမ်မှ ရွှမ်အဖိုးအိုအား အရိုအသေပြုကာ စကားဆိုလိုက်၏။ ရွှမ်အဖိုးအို၏ အကြံပေးမှုကြောင့်သာမဟုတ်လျှင် ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်အား ရွေးချယ်ဖြစ်ခ့ဲမည်မဟုတ်ပေ။

ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်အား မကျင့်ကြံခ့ဲပါက ထိုက်ရိအမှတ်အသား၏ စွမ်းအင်များကိုလည်း အပြည့်အဝ အသုံးပြုနိုင်မည် မဟုတ်ပါချေ။

ရွှမ်အဖိုးအိုမှ လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။ "မင်းသာ စိတ်ဓာတ်ပြင်းပြမှု မရှိဘူးဆိုရင် ယင်းယန်နဂါးစင်မြင့်ပေါ်မှာတောင် နေနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါ့ရဲ့အကြံပေးမှုတွေက တကယ်အရေးပါတာ မဟုတ်ပါဘူး။ မင်းရဲ့စိတ်ကသာ အဓိကပါ။"

ယင်းယန်နဂါးစင်မြင့်ထက်၌ ခံစားရသော နာကျင်မှုများအား ရွှမ်အဖိုးအိုမှ ကောင်းစွာသိရှိနားလည်ထား၏။ ထို့အပြင် ပြင်ပသန်မာမှုကျင့်စဥ်အား ပထမဆုံးအကြိမ် စတင်ကျင့်ကြံသူဖြစ်ပါက ပို၍ပြင်းထန်စွာ နာကျင်ရမည်ပင် ဖြစ်သည်။ သို့သော် ဇူယွမ်မှာ ထိုနာကျင်မှုများကို ကြ့ံကြ့ံခံ၍ ကျောက်စိမ်းရောင်အသားအရေအား အောင်မြင်အောင် ကျင့်ကြံနိုင်ခ့ဲ၏။

ထို့ကြောင့် ရွှမ်အဖိုးအိုမှာ ဇူယွမ်၏လုပ်ရပ်အား အလွန်ပင် ကျေနပ်အားရမိလေသည်။

"တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲကိုရောက်ဖို့က နည်းနည်းလိုသေးတာမို့လို့ ကျွန်တော်ဒီနေရာမှာ ဆက်ပြီးလေ့ကျင့်ချင်တယ်။ အဖိုး စိတ်အနှောင့်အယှက် မဖြစ်ဘူးနော်။" ဇူယွမ်မှ ပြုံးကာပြောလိုက်၏။ ကျောက်စိမ်းရောင်အသားအရေအား ရရှိပြီးသည့်တိုင် ဇူယွမ်မှာ ဆက်လက်ကျင့်ကြံလိုဆဲပင် ဖြစ်သည်။

ရွှမ်အဖိုးအိုမှာ အ့ံအားသင့်သွားဟန်ဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်၏။ ဇူယွမ်မှာ အမှန်တကယ်ပင် လုံ့လပြင်းပြလွန်းလှပေသည်။ သို့သော် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ တွေ့ကြုံရမည့် နာကျင်မှုများထက်စာလျှင် ဤနေရာ၌ ခံစားရသော နာကျင်မှုမှာ ပိုမိုကောင်းမွန်၏။

ရွှမ်အဖိုးအိုမှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းက ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီအဖိုးကြီးအတွက်က ဘာမှအနှောင့်အယှက် မဖြစ်ပါဘူး။"

ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်သွားရ၏။ ယင်းယန်နဂါးစင်မြင့်ဆီသို့ သွားရောက်ရန်အတွက် ရွှမ်အဖိုးအို၏ အကူအညီအား လိုအပ်ပေသည်။ ထိုသို့မဟုတ်ပဲ ချိပ်ပိတ်ထားသော ဧရိယာအတွင်းသို့ ဇူယွမ်တစ်ဦးတည်း ဝင်ရောက်မည်ဆိုပါက အလွန်ပင် အန္တရာယ်များလှ၏။

ဇူယွမ်မှ ခေါင်းကိုကုတ်ကာ အပြစ်ကင်းစင်ဟန်ဖြင့် ​ပြောလိုက်သည်။ "အဖိုး ကျွန်တော့်ကို တစ်ခုလောက်ထပ်ပြီး ကူညီပေးလို့ရမလား။"

"ပြောပါ။"

"အဖိုး ကျွန်တော့်ကို ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ဆီကို ထပ်ပြီးခေါ်သွားပေးလို့ ရမလား။ အရင်တစ်ခေါက်က နဂါးကြေးခွံတွေက အားလုံးကုန်သွားပြီ။ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်ကို တစ်လလုံးကျင့်ကြံလိုက်ရတာကလည်း ကျွန်တော့်မှာရှိတဲ့ ထိုက်ရိအမှတ်အသားစွမ်းအင်ကို အားနည်းစေတယ်။"

ရွှမ်အဖိုးအိုမှာ ဇူယွမ်အား မျက်မှောင်ကျုံ့လျက် စကားဆိုလိုက်၏။ "ကောင်ကလေး ဒဏ္ဍာရီလာ နဂါးကြေးခွံသစ်ပင်ကိုများ မင်းရဲ့ကျင့်ကြံရေးအရင်းအမြစ်တွေ လိုသလောက်ရနိုင်တဲ့ လှောင်အိမ်ထင်နေတာလား။"

ဇူယွမ်မှာ ရှက်ရွံ့ဟန်ဖြင့် ခပ်ဖွဖွရီမောလိုက်လေသည်။ ထိုက်ရိအမှတ်အသားအား ကျင့်ကြံနိုင်ရန်အတွက် ကြွယ်ဝသော ရိမူချီစွမ်းအင်များစွာ လိုအပ်၏။ ထို့ကြောင့် ဇူယွမ်မှာ ဒဏ္ဍရီလာ နဂါးကြေးခွံသစ်ပင်ထံသို့ ထပ်မံသွားရောက်ရန် မျှော်လင့်မိနေခြင်း ဖြစ်သည်။

ရွှမ်အဖိုးအိုမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ "ကောင်းပြီလေ။ ကူညီပြီဆိုမှတော့ အဆုံးထိ ကူညီပေးရတော့မှာပဲ။ ဒီနေ့တော့ ပြန်ပြီးနားလိုက်တော့။ မနက်ဖြန်ကြရင် ငါနဲ့တူတူ ကြေးခွံနည်းနည်းလောက် သွားခုတ်ကြမယ်။"

ထို့နောက် ရွှမ်အဖိုးအိုမှာ တံမြက်စည်းအားဆွဲကိုင်လျက် တစ်ဖက်သို့ လှည့်ထွက်သွားတော့သည်။ ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်သွားရပြီးနောက် လျင်မြန်စွာဖြင့် ရွှမ်အဖိုးအို၏နောက်သို့ လိုက်ပါကာ တံမြက်စည်းအား ဆွဲကိုင်လိုက်၏။

"အဖိုးက တကယ်ကို လူကောင်းတစ်ယောက်ပဲ။ အဖိုးမပင်ပန်းအောင်လို့ တံမြက်စည်းကို ကျွန်တော်သယ်ပေးပါ့မယ်။"

ဇူယွမ်၏လုပ်ရပ်ကြောင့် ရွှမ်အဖိုးအိုမှာ ရီရမလား၊ ငိုရမလားပင် မသဲကွဲတော့ပဲ ခေါင်းကိုသာ ခါယမ်းလိုက်သည်။

ချိပ်ပိတ်ထားသော ဧရိယာအတွင်းမှ ထွက်လာခဲ့ပြီးနောက် ဇူယွမ်မှာ ရွှမ်အဖိုးအိုအား နှုတ်ဆက်ကာ ဂူနန်းဆီသို့ ပြန်လည်ပျံသန်းလာ၏။

ဇူယွမ်မှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တကွ ဂူနန်း၏ရှေ့၌ လူတစ်ဦး ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

"ဘာကိစ္စရှိလို့လဲ။"

ဇူယွမ်မှ စကားဆိုလိုက်၏။ ဂူနန်းဝတွင် ရောက်ရှိနေသူမှာ အကြီးအကဲစိန်းထိုက်ယွမ်၏ အုပ်စုမှ တပည့်တစ်ဦးပင်ဖြစ်ကြောင်း ဇူယွမ်မှ မှတ်မိသွားသည်။

ထိုတပည့်မှာ ဇူယွမ်အား တွေ့ရှိလိုက်ရသည်နှင့်တစ်ပြိုင်နက် အလွန်ပင် အလောတကြီးဖြစ်နေဟန်ဖြင့် ပြောလိုက်၏။ "စီနီယာအကိုတော်ဇူယွမ် ပြန်ရောက်လာပြီပေါ့။ မြန်မြန်လေး ရှန်ဝမ့်ကျင်းကို သွားကယ်ပေးပါဦး။"

"ရှန်ဝမ့်ကျင်း..." ဇူယွမ်မှာ အ့ံအားသင့်သွားပြီးနောက် မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ။"

ထိုတပည့်မှ သက်ပြင်းချကာ တုံ့ပြန်လိုက်၏။ " မူလသူတော်စင်တောင်ထွတ်မှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေသလဲဆိုတာ စီနီယာအကိုတော်ဇူယွမ်လည်း သိတယ်မလား။"

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား နီးကပ်လာသည်နှင့်အမျှ လုဟုန်း၏အုပ်စုကြောင့် မူလသူတော်စင်တောင်ထွတ်၏ အခြေအနေများမှာ တင်းမာလာလျက် ရှိ၏။

လုဟုန်း၏တပည့်များမှာ တပည့်ခေါင်းဆောင်နေရာအား ရရှိပြီးသည့်အလား ပြုမူပြောဆိုနေကြသောကြောင့်ပင် ဖြစ်သည်။ လုဟုန်း၏ တပည့်များမှာ မကြာခင်၌ပင် မူလသူတော်စင်တောင်ထွတ်၏ ဆရာသခင်အုပ်စု ဖြစ်လာတော့မည်ဟု ယုံကြည်ထားကြ၏။

ဆရာသခင်အုပ်စု ဖြစ်လာလျှင်မူ အခြားသောအုပ်စုနှစ်ခုထက် အဆင့်အတန်း ပိုမိုမြင့်မားသွားမည်ပင် ဖြစ်သည်။ လုဟုန်း၏ တပည့်များမှာ ယခုကတည်းကပင် ဆရာသခင်အုပ်စု၏ တပည့်များဟု ယူဆလျက် မောက်မာခက်ထန်စွာ ပြောဆိုပြုမူနေကြ၏။

အခြားသောအုပ်စုနှစ်ခုမှာလည်း လုဟုန်းတပည့်များ၏ အပြုအမူများအား သည်းခံနိုင်ခြင်း မရှိတော့သည့်အတွက် သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်ပေါ်လာခ့ဲသည်။

"ကျွန်တော်တို့ ဒီနေ့ ကျင့်ကြံရေး လုပ်နေကြတုန်းမှာ လုဟုန်းရဲ့ တပည့်တစ်ယောက်က ရှန်ဝမ့်ကျင်းနဲ့ တခြားတစ်ယောက်ကြားထဲကို မတော်တဆ လဲကျသွားတယ်။ အဲ့ဒါကို လုဟုန်းရဲ့တပည့်တွေက ရှန်ဝမ့်ကျင်းကို ဖမ်းထားပြီး ကျွန်တော်တို့ လွှတ်ပေးဖို့ ပြောတာတောင်မှ မလွှတ်ပေးဘူး။"

"သူတို့အုပ်စုကို ဦးဆောင်ထားတာက ဝူဟိုင်ပဲ..."

"ဝူဟိုင်..." ဇူယွမ်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွား၏။ ထိုနာမည်အား ဇူယွမ်ကြားသိခ့ဲရဖူးသည်။ ဝူဟိုင်မှာ လုဟုန်း၏ အုပ်စုမှ ကျော်ကြားလှသော တပည့်တစ်ဦးဖြစ်ပြီး တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်မည့်သူများထဲမှ တစ်ဦးဖြစ်သည်။

"ရှန်ဝမ့်ကျင်းက ကြောက်တက်တဲ့အပြင် ဘယ်သူနဲ့မှလည်း ရန်ငြိုးရန်စ မရှိဖူးဘူး။ သူတို့က သိသိသာသာကို ရှန်ဝမ့်ကျင်းကို ပစ်မှတ်ထားနေတာပဲ။" ဇူယွမ်မှ ခပ်ဖွဖွ ရီမောလိုက်၏။ "သူတို့မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိနေတဲ့ပုံပဲ။"

မူလသူတော်စင်တောင်ထွတ်တစ်ခုလုံး၌ ဇူယွမ်နှင့် ရှန်ဝမ့်ကျင်းတို့၏ ရင်းနှီးသော ဆက်ဆံရေးအား မသိသူမရှိချေ။ ထို့ကြောင့် လုဟုန်း၏ တပည့်များမှာ ရှန်ဝမ့်ကျင်းအား ရည်ရွယ်ချက်ရှိစွာ ပစ်မှတ်ထားခ့ဲခြင်း ဖြစ်သည်။

ထိုတပည့်မှ ခေါင်းညိတ်ပြကာ ခါးသက်စွာရီမောရင်းဖြင့် ပြောလိုက်၏။ "ဝူဟိုင်ကလည်း အကိုတော်ဇူယွမ်ကိုယ်တိုင်လာဖို့ ပြောလိုက်တယ်။ နေဝင်တဲ့အချိန်ထိ အကိုတော်မလာသေးရင် ရှန်ဝမ့်ကျင်းကို တောင်ပေါ်က ပစ်ချမယ်တဲ့။"

ဇူယ​ွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရီမောလိုက်မိသည်။ လုဟုန်း၏ တပည့်များမှာ အမှန်တကယ်ပင် မောက်မာလွန်းလှ၏။

"စီနီယာအကိုတော်ဇူယွမ် ကျွန်တော် စီနီယာအကိုတော်ဇူထိုက်ကို သတင်းပေးလိုက်ရမလား။" ထိုတပည့်မှ တွေဝေနေဟန်ဖြင့် မေးမြန်းလာသည်။ ထိုတပည့်မှာလည်း အ​ခြေအနေများအား ဇူယွမ်မှ ကိုင်တွယ်နိုင်ခြင်းမရှိမည်ကို ပူပန်နေ၏။

ဇူယွမ်မှ လက်အား ဝေ့ယမ်းပြလိုက်သည်။

"လောစရာမလိုပါဘူး။ အခြေအနေတွေကို ငါအရင် သွားကြည့်လိုက်ဦးမယ်။"

ဇူယွမ်မှာ ေကာက်းကင်ထက်သို့ ပျံသန်းသွားတော့၏။

" ဝူဟိုင်က ဘယ်လိုသတ္တိတွေကြောင့် ငါ့ရဲ့သူငယ်ချင်းကို တောင်ပေါ်ကနေ ပစ်ချမယ်လို့ ပြောရဲတာလဲဆိုတာ စိတ်ဝင်စားစရာပဲ။"

ဇူယွမ်၏ အေးစက်လှသောအသံမှာ လေထုအတွင်း ပ့ဲတင်ထပ်သွားလေသည်။

လုဟုန်းရဲ့အုပ်စုက အရမ်းကိုခက်ထန်လွန်းတယ်....

တပည့်ခေါင်းဆောင်နေရာကို တကယ်ရမယ်လို့များ ထင်နေကြတာလားပဲ......

All Chapters