ခက်ထန်လှသောဇူယွမ်
Vol. 33 Ch. 451
ကျင့်ကြံရေးစင်မြင့်တစ်ခုလုံးမှာ အပျက်အစီးများနှင့် မြင်မကောင်းအောင် ဖြစ်နေသည်။ ထိုအပျက်အစီးများ၏အဆုံးတွင် ပြိုကျအက်ကွဲနေသော တောင်ကုန်းငယ်တစ်ခု ရှိ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက် နေပေသည်။
လူများအားလုံးမှာ အ့ံအားသင့်နေသော မျက်ဝန်းများဖြင့် ပြိုကျပျက်စီးနေသော တောင်ကုန်းငယ်အား ကြည့်ရှုနေကြ၏။
အော်ဟစ်လှောင်ပြောင်နေခ့ဲသော လုဟုန်းတပည့်များ၏ မျက်နှာများမှာ အေးခဲတောင့်တင်းသွားသောကြောင့် အလွန်ရယ်ဖွယ်ချင်ရာမြင်ကွင်းအား ပေးစွမ်းနေသည်။
စိန်းထိုက်ယွမ်၏ တပည့်များမှာမူ ဇူယွမ်အား အလွန်ပင် စိုးရိမ်နေခ့ဲကြသော်လည်း ဝူဟိုင်ကသာ တောင်ကုန်းနှင့် ရိုက်ခတ်ခံရသူဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
လုယန်းအနီးရှိ တပည့်များမှာ အ့ံအားသင့်လွန်းသဖြင့် တိတ်ဆိတ်ငြိမ်သက်သွားခ့ဲပြီး လုယန်းကိုယ်တိုင်မှာလည်း ပါးစပ်အဟောင်းသားဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေမိသည်။
ဇူယွမ်၏တိုက်ခိုက်မှုမှာ ထိုမျှလောက် ပြင်းထန်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခ့ဲကြချေ။
"ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။" လုယန်းမှ တိုးညင်းစွာ ရေရွတ်လိုက်၏။
လုယန်း၏ မျက်ဝန်းများမှာ အ့ံအားသင့်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ ဇူယွမ်၏ ချီစွမ်းအင်များမှာ ယခင်ကထက် အနည်းငယ်သာ ပိုမိုသန်မာလာသည်ကို လုယန်းမှ တွေ့မြင်သိရှိခ့ဲ၏။ သို့သော် ဇူယွမ်၏ ထိုးနှက်ချက်မှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။
ဇူယွမ်၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ဝူဟိုင်မှာ အငိုက်မိသွားရသော်လည်း ဝူဟိုင်ဖန်တီးလိုက်သော ကာကွယ်ရေးအလွှာသည် ခိုင်ခ့ံလွန်းလှပြီး မူလစဦး အဋ္ဌမအဆင့်တွင်ရှိသော မည်သည့်တပည့်မှ ထိုးဖောက်နိုင်ခြင်း ရှိမည်မဟုတ်ပေ။
သို့သော် ထိုကာကွယ်ရေးအလွှာအလုံးစုံအား ဇူယွမ်မှ စက္ကူစလေးအလား တစ်စစီ ဆုတ်ပြဲစေခ့ဲသည်။
ထို့အပြင် ဇူယွမ်မှာ ကောင်းကင်အဆင့် မူလလက်နက်ကိုပင် အသုံးပြုခဲ့ခြင်း မရှိချေ။ ဇူယွမ်၏ ကောင်းကင်အဆင့် မူလလက်နက်ဖြစ်သော အနက်ရောင်စုတ်တံရှည်မှာ တောင်ကုန်းပေါ်၌ စိုက်ထူထားဆဲပင် ဖြစ်သည်။
မစ်ရှင်ခန်းမမှ ထုတ်ပြန်ခ့ဲသော အချက်အလက်များအရဆိုလျှင် မဟူရာမီးတောက်စီရင်စု၌ ဇူယွမ်မှာ ကောင်းကင်အဆင့် မူလလက်နက်၏ အကူအညီဖြင့်သာ ယန်ရွှမ်းအား အနိုငျရရှိခ့ဲခြင်း ဖြစ်၏။ ထိုကောင်းကင်အဆင့် မူလလက်နက်သာမရှိလျှင် ဇူယွမ်မှာ မူလစဦး အဋ္ဌမအဆင့်၏ ကနဦးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ယန်ရွှမ်းအား ရင်ဆိုင်နိုင်လိမ့်မည်ပင် မဟုတ်ပေ။
သို့သော် ယခုအကြိမ် တိုက်ခိုက်မှု၌ ဇူယွမ်မှာ ကောင်းကင်အဆင့် မူလလက်နက်အား အသုံးပြုခြင်းပင် မရှိခဲ့ချေ။
လုယန်းမှ သေချာစွာ ကြည့်ရှုစစ်ဆေးနေပါသော်လည်း ဇူယွမ်၏ ချီစွမ်းအင်သန်မာမှုများမှာ ယခင်အတိုင်းသာ ရှိနေခ့ဲသည်။
များစွာသောအကြည့်များ၏အောက်၌ပင် ဇူယွမ်၏ အသားအရေမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။
ဇူယွမ်မှာ အ့ံအားသင့်နေသော မျက်ဝန်းများဖြင့် လက်ချောင်းများအား ငုံ့ကြည့်လိုက်သည်။ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်မှာ အမှန်တကယ်ပင် ထူးခြားလှ၏။ ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်၏ ကျောက်စိမ်းရောင်အသားအရေအဆင့်ကိုသာ ရောက်ရှိသေးပါသော်လည်း စွမ်းအင်များမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်နေပေသည်။
ကျောက်စိမ်းရောင်အသားအရေနှင့် မူလရှိသော ချီစွမ်းအင်များအား ပေါင်းစပ်လိုက်မည်ဆိုလျှင် ဇူယွမ်မှာ မူလစဦး အဋ္ဌမအဆင့်ရှိသူများနှင့် ရင်ဆိုင်တိုက်ခို်က်နိုင်ပေလိမ့်မည်။
ဝူဟိုင်၏ အလေးမထားမှုကြောင့် ဇူယွမ်မှာ ဝူဟိုင်အား အနီးကပ် တိုက်ခိုက်နိုင်ခဲဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဝူဟိုင်မှာ အဝေးသို့ လွင့်စင်သွားရန် ထိုက်တန်ပေသည်။
ကျင့်ကြံသူအများစုမှာ ပြင်ပသန်မာမှုကျင့်စဥ်များကို အသုံးပြုသူများနှင့် နီးနီးကပ်ကပ် နေခြင်းမရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် ပြင်ပသန်မာမှုကျင့်စဥ်များကို အသုံးပြုသူများမှာ အနီးကပ်အခြေအနေသို့ရောက်လေ တိုက်ခိုက်မှုပို၍ပြင်းထန်လေ ဖြစ်သောကြောင့် ဖြစ်၏။
ဇူယွမ်မှာ ပြိုကျပျက်စီးနေသော တောင်ကုန်းငယ်အား ကြည့်ရှုလိုက်သည်။ ထို့နောက် ထိုတောင်ကုန်းငယ်ဆီသို့ ပျံသန်း၍ လက်အားဝေ့ယမ်းကာ ပြိုကျနေသော ကျောက်တုံးကျောက်ဆောင်များအား ဖယ်ရှားလိုက်၏။
ကျောက်တုံးကျောက်ဆောင်များအား ဖယ်ရှားလိုက်သည်နှင့်တကွ သွေးအလိမ်းလိမ်း ပေကျံနေသော ပုံရိပ်တစ်ခုအား တွေ့မြင်လိုက်ရသည်။
ဝူဟိုင်မှာ သွေးချင်းချင်းနီရဲနေလျက် အလွန်ပင် မရှုမလှ ဖြစ်နေ၏။ ဝူဟိုင်မှာ မျက်လုံးများပြူးကျယ်လျက် ဇူယွမ်အား ငေးမောကြည့်ရှုနေသည်။ သို့သော် အစောပိုင်း၌ ခံစားခ့ဲရသည့် ဇူယွမ်၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ဝူဟိုင်၏ စွမ်းအင်လည်ပတ်မှုများမှာ ကမောက်ကမဖြစ်နေရသဖြင့် မည်သည့်စွမ်းအင်ကိုမှ ထုတ်ဖော်နိုင်ခြင်း မရှိပေ။
ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ဝူဟိုင်အားကြည့်ကာ မေးမြန်းလိုက်၏။ "ခုနက ရှန်ဝမ့်ကျင်းရဲ့ မျက်နှာကိုရိုက်တာ မင်းမလား။"
ဝူဟိုင်မှ အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။ "အရမ်းလည်း ပျော်မနေပါနဲ့ဦး။ ခုနက ငါကအငိုက်မိသွားလို့ပါ။"
ဇူယွမ်မှာ ဝူဟိုင်၏စကားအား လျစ်လျူရှုလျက် လက်တစ်ဖက်အား ဆန့်ထုတ်ကာ လွှဲချလိုက်၏။
ဖြောင်း....
ချီစွမ်းအင်များမှာ လက်ဝါးတစ်ခုအသွင် ပေါ်ပေါက်လာပြီး ဝူဟိုင်၏ပါးအား အရှိန်ပြင်းစွာဖြင့် ရိုက်ချလိုက်သည်။
ဝူဟိုင်၏ မျက်နှာပေါ်၌ နီရဲနေသော လက်ဝါးရာတစ်ခု ဖြစ်ပေါ်သွား၏။
ဝူဟိုင်မှာ ပြင်းထန်လှသော ရိုက်နှက်ချက်ကြောင့် ခေတ္တမျှပင် တွေဝေသွားရလေသည်။ ထို့နောက် ဝူဟိုင်မှာ အသိစိတ်ပြန်ဝင်လာကာ အလွန်အမင်း ဒေါသထွက်နေဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "မင်းငါ့ကို ပါးရိုက်ရဲတယ်ပေါ့လေ။"
ဝူဟိုင်မှာ လုဟုန်း၏အုပ်စုတွင် အကျော်ကြားဆုံး တပည့်တစ်ဦးဖြစ်ကာ လူတိုင်းမှ လေးစားကြရသူ ဖြစ်သည်။ ထို့်ကြောင့် ဝူဟိုင်မှာ လူပုံအလယ်တွင် ဇူယွမ်မှ သူ့အားပါးရိုက်ရဲလိမ့်မည်ဟု တစ်ခါမှပင် ေတွးထင်မထားခ့ဲမိပေ။
ဖြောင်း.....
ဇူယွမ်မှ နောက်တစ်ချက် ထပ်ရိုက်လိုက်၏။
"ဇူယွမ်...ငါမင်းကိုသတ်မယ်။"
ဖြောင်း....
"အရိုင်းအစိုင်းကောင် မင်းတော့သေပြီပဲ။"
ဖြောင်း.....
ဖြောင်း.......
ဝူဟိုင်မှာ မည်သည့်စကားမှ မပြောနိုင်လောက်အောင် ဇူယွမ်မှာ အဆက်မပြတ်ပင် ရိုက်နှက်နေခဲ့သည်။
ကျင့်ကြံခြင်းစင်မြင့်ပေါ်မှ စောင့်ကြည့်နေကြသော အခြားအုပ်စုမှ တပည့်များမှာလည်း ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် အ့ံအားသင့်နေကြ၏။ ဇူယွမ်မှာ ဝူဟိုင်အား အနည်းငယ်မျှပင် သက်ညှာပေးမည့်ဟန် မရှိချေ။
ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်တောင့်တင်းနေသည်ကို လူတိုင်းမှ တွေ့မြင်ခ့ဲရသည်။ ဝူဟိုင်တို့အုပ်စုမှ ရှန်ဝမ့်ကျင်းအား နှိပ်စက်ခ့ဲခြင်းမှာ ဇူယွမ်အား အလွန်အမင်း ဒေါသဖြစ်စေပုံရ၏။
လုဟုန်း၏တပည့်များမှာ ကြောက်ရွံ့မှုနှင့် ဒေါသများ ရောထွေးနေရသည်။ သူတို့အားလုံးမှာ ဇူယွမ်အား အော်ဟစ်ကျိန်ဆဲပစ်လိုက်ချင်ပါသော်လည်း ခက်ထန်နေသော ဇူယွမ်၏ အမူအရာကြောင့် မဝ့ံမရဲဖြစ်နေရ၏။ ထို့ကြောင့် လုဟုန်း၏ တပည့်များမှာ ကူကယ်ရာမဲ့စွာဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြရသည်။ "သွား စီနီယာအကိုတော်တစ်ယောက်ကို သွားခေါ်လာခ့ဲ။"
တစ်ဖက်တွင်မူ ဇူယွမ်၏ ရိုက်နှက်မှုကြောင့် ဝူဟိုင်၏ မျက်နှာမှာ ဝက်တစ်ကောင်အလား ဖောယောင်နေရ၏။ ဝူဟိုင်၏ စွမ်းအင်စီးဆင်းမှုများမှာ ကမောက်ကမဖြစ်နေရသောကြောင့် ဇူယွမ်အား အနည်းငယ်မျှပင် ခုခံတိုက်ခိုက်နို်င်ခြင်း မရှိပေ။
"တော်ပါတော့။ တော်ပါတော့။" ဝူဟိုင်မှာ နာကျင်မှုကြောင့် အသိစိတ်ပင် လွတ်ချင်နေပြီ ဖြစ်သည်။ ဝူဟိုင်မှာ တုန်ရီစွာဖြင့် စကားဆိုလိုက်၏။ "ငါဘာမှထပ်မပြောတော့ပါဘူး။"
ဇူယွမ်မှာ ခေတ္တမျှရပ်တန့်သွားပြီး တည်ငြိမ်စွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ "ဘာပြောလိုက်တယ် ငါမကြားရဘူး။"
ထို့နောက် ဇူယွမ်မှာ လက်အားမြှောက်လျက် ထပ်မံရိုက်နှက်ရန် ပြင်ဆင်လိုက်၏။
ဝူဟိုင်မှာ တုန်တုန်ရီရီဖြင့် လျင်မြန်စွာပင် ပြောလိုက်သည်။ "ငါ့ကိုမရိုက်ပါနဲ့တော့.....တောင်းပန်ပါတယ်။"
ဝူဟိုင်မှာ ဇူယွမ်၏ အညှာအတာမဲ့သော ရိုက်နှက်ချင်များအား ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ပေ။ အကယ်၍သာ ဆက်လက်ရိုက်နှက်ခံနေရဦးမည်ဆိုပါက ဝူဟိုင်၏မျက်နှာမှာ ရွဲပြဲသွားရတော့မည်သာ ဖြစ်၏။
ဇူယွမ်မှ ဝူဟိုင်အားကြည့်ကာ ပြောလိုက်သည်။ "တောင်းပန်ရုံနဲ့ မလုံလောက်သေးဘူးလေ။"
"မင်းကဘာလိုချင်သေးလို့လဲ။"
ဇူယွမ်မှာ ခေတ္တမျှတွေးတောလိုက်ပြီးနောက် ပြုံးကာပြောလိုက်၏။ "မူလကျောက်စိမ်းပြားတစ်သိန်း..."
ဝူဟိုင်မှာ သွေးအန်မတက်ပင် ဖြစ်သွားရသည်။ ဝူဟိုင်မှာ ရှန်ဝမ့်ကျင်းအား လျော်ကြေးအနေဖြင့် မူလကျောက်စိမ်းပြားတစ်သိန်းကို တောင်းဆိုခ့ဲ၏။ သို့သော် ယခုအခါတွင် ဇူယွမ်မှသူ့အား ပြန်လည်တောင်းဆိုနေပြီ ဖြစ်သည်။ ဝူဟိုင်မှာ စိတ်နှလုံးထဲတွင် ခက်ထန်နေရသော်လည်း ဒေါသများကိုမြိုချကာ ပြောလိုက်၏။ "ငါ့မှာ မူလကျောက်စိမ်းပြားတစ်သိန်း မရှိဘူး။"
ဇူယွမ်မှာ မည်သည့်စကားမှ ဆက်လက်ပြောဆိုခြင်းမရှိပဲ လက်အားထပ်မံမြှောက်တင်လိုက်သည်။
ဝူဟိုင် းမှ လျင်မြန်စွာပင် စကားဆိုလိုက်၏။ "နေ...နေပါဦး။ ငါ့မှာ မူလကျောက်စိမ်းပြားတစ်သိန်း မရှိပေမယ့် သုံးသောင်းတော့ ရှိပါတယ်။"
ဝူဟိုင်မှာ သိုလှောင်အိတ်အားပုတ်၍ မူလကျောက်စိမ်းပြားများကို ထုတ်ပေးလိုက်၏။ မူလကျောက်စိမ်းပြားများမှာ အလင်းရောင်အောက်၌ ခပ်မှိန်မှိန် လင်းလက်တောက်နေလေသည်။
ဇူယွမ်မှာ လက်အားဝေ့ယမ်းလိုက်သည်နှင့်တကွ မူလကျောက်စိမ်းပြားအားလုံးမှာ ရှန်ဝမ့်ကျင်းဆီသို့ ရောက်ရှိသွား၏။ "ယူထားလိုက်။"
ရှန်ဝမ့်ကျင်းမှာ အ့ံအားသင့်စွာဖြင့် ကျောက်စိမ်းပြားများအား ငေးမောကြည့်ရှုနေပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော်ထင်တာတော့ အကိုလေးယွမ်ပဲ ယူသင့်တယ်ထင်တယ်။"
"အရိုက်ခံရတာမင်းလေ။ ငါမှမဟုတ်တာ။ အဲ့ဒါကို လျော်ကြေးအနေနဲ့ ယူထားလိုက်။" ဇူယွမ်မှ ပြန်လည်တုံ့ပြန်လိုက်၏။
ရှန်ဝမ့်ကျင်းမှာ တံထွေးများကိုမြိုချလျက် တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ "ပါးလေးအရိုက်ခံရတာကို လျော်ကြေးက မူလကျောက်စိမ်းပြား သုံးသောင်းတောင်လား။"
ရှန်ဝမ့်ကျင်းမှာ တောက်ပနေသော မျက်ဝန်းများဖြင့် ဝူဟိုင်အားကြည့်ကာ ပြောလိုက်၏။ "စီနီယာအကိုတော်ဝူဟိုင် ကျွန်တော့်ကို နောက်တစ်ခါလောက် ထပ်ရိုက်ပါဦးလား။"
ဝူဟိုင်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရေလသည်။
ဇူယွမ်မှာ သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်မိ၏။ ရှန်ဝမ့်ကျင်းမှာ အမှန်တကယ်ပင် အရေထူလွန်းလှသည်။ ဝူဟိုင်တို့မှ အုပ်စုဖွဲ့ နှိပ်စက်ခဲဲ့ခြင်းကြောင့် ဇူယွမ်မှာ ရှန်ဝမ့်ကျင်း၏ စိတ်အခြေအနေအား စိုးရိမ်နေမိခ့ဲ၏။ သို့သော် ရှန်ဝမ့်ကျင်း၏ စိတ်ဓာတ်ကြ့ံခိုင်မှုမှာ ဇူယွမ်၏ ခန့်မှန်းချက်ထက်ပင် များစွာကျော်လွန်နေပါသေးသည်။
ဇူယွမ်မှာ ဝူဟိုင်အားကြည့်၍ တောင်ကုန်းအစွန်အားညွှန်ပြကာ ပြောလိုက်၏။ "မင်းဘာသာမင်း ခုန်ချမှာမလား။"
ဝူဟိုင်၏ အမူအရာမှာ ခက်ထန်သွားရသည်။ "ငါခုန်ချဖို့ လိုသေးလို့လား။"
ဇူယွမ်မှာ တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်၏။ "ငါမင်းကို ပစ်ချပေးလို့လည်း ရပါတယ်။"
ဝူဟိုင်မှာ ဒေါသထွက်နေဟန်ဖြင့် အံကိုကြိတ်ကာ အော်ဟစ်လိုက်သည်။ "ဇူယွမ် မင်းတရားမလွန်လာနဲ့နော်။"
ဇူယွမ်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားပြီး လက်အားဖြည်းညင်းစွာဖြင့် ထပ်မံမြှောက်တင်လိုက်၏။
ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ပုံရိပ်အချို့ ဆင်းသက်ရောက်ရှိလာပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားလိုက်ရသည်။
"ဇူယွမ် သူ့ကိုလွှတ်ပေးလိုက်။" အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာ၏။ ထုိအသံမှာ တောင်းဆိုနေခြင်းမဟုတ်ပဲ အမိန့်ပေးနေခြင်းသာ ဖြစ်သည်။
တပည့်များမှာ အသံလာရာသို့ ကြည့်ရှုလိုက်ပြီးနောက် အမူအရာများ ပြောင်းလဲကုန်ကြ၏။
လုဟုန်း၏တပည့်များမှာမူ အလွန်ပင် ပျော်ရွှင်သွားဟန်ဖြင့် အော်ဟစ်နှုတ်ဆက်လိုက်လေသည်။
"စီနီယာအကိုတော်ယွမ်ဟောင်..."
ဇူယွမ်မှာ မော့ကြည့်လိုက်သောအခါတွင် ပုံရိပ်အချို့အား တွေ့ရှိလိုက်ရ၏။ ထိုပုံရိက်များအား ဦးဆောင်ထားသည့်သူမှာ မျောက်ဝံတစ်ကောင်အလား ကုိယ်လုံးကိုယ်ထည် တောင့်တင်းလှသည်။ ထိုလူထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လျက်ရှိသောကြောင့် တပည့်အများစုသည်ပင် ကြောက်ရွ့ံနေဟန် ရှိ၏။
ထိုသူမှာ လုဟုန်း၏ ပထမဆုံးတပည့်ဖြစ်သော ယွမ်ဟောင်ပင် ဖြစ်သည်။
"ယွမ်ဟောင်တောင်လာတယ်ပေါ့လေ။" လုယန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားရ၏။
လေးစားကြောက်ရွ့ံနေကြသော အကြည့်များစွာ၏အောက်၌ပင် ယွမ်ဟောင်မှာ လက်နှစ်ဖက်ကို ယှက်သိုင်းထားလျက် ဇူယွမ်အားကြည့်၍ ပြောလိုက်သည်။ "မင်းလုပ်နေတာတွေ တော်လောက်ပြီ။ ဝူဟိုင်ကိုလွှတ်ပေးပြီးတော့ မူလကျောက်စိမ်းပြားတွေ ပြန်ပေးခ့ဲ။ အဲ့ဒါဆို ဒီနေ့ပြဿနာကို မရှိခဲ့သလို ထားပေးလိုက်မယ်။"
ဇူယွမ်၏အနောက်တွင်ရှိနေသော ရှန်ဝမ့်ကျင်းမှာ အလွန်ပင် ကြောက်လန့်နေရကာ မူလကျောက်စိမ်းပြားများအား ဆက်လက်ယူဆောင်ရဲခြင်း မရှိတော့ချေ။
ယွမ်ဟောင်မှာ မူလသူတော်စင်တောင်ထွတ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင် ဖြစ်၏။
တပည့်များအားလုံးမှာ ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် အသန်မာဆုံး ပါဝင်ယှဥ်ပြိုင်သူနှင့် ရင်ဆိုင်နေရချိန်တွင် ဇူယွမ်မှာ ေကြာက်ရွ့ံသွားရမည်သာ ဖြစ်၏။
တပည့်များမှ ထိုသို့တွေးတောနေစဥ်မှာပင် ဇူယွမ်မှာ ဝူဟိုင်အား ကြည့်ရှုလိုက်သည်။
ဝူဟိုင်မှာ ကျေနပ်အားရစွာရီမောလျက် ပြောလိုက်၏။ "မင်းအခုတော့ နောင်တရနေပြီမလား။ ငါပြောလိုက်မယ် မင်းအရမ်းကို နောက်ကျသွား...."
ဝူဟိုင်၏စကားမဆုံးသေးခင်မှာပင် ဇူယွမ်မှာ အရှေ့သို့တိုး၍ ဝူဟိုင်အား ပြင်းထန်စွာ ထိုးချလိုက်သည်။ ပြင်းထန်လှသော ထိုးနှက်ချက်ကြောင့် ဝူဟိုင်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်စီးဆင်းမှုများ ထပ်မံရှုပ်ထွေးကုန်ရ၏။
ဇူယွမ်မှာ ဝူဟိုင်၏ဆံပင်များအား ဆုတ်ကိုင်လိုက်ပြီးနောက် တောင်ကုန်းထက်မှ အရှိန်ဖြင့် လွှဲချလိုက်သည်။
ဝူဟိုင်၏ အော်ဟစ်သံမှာ တောင်ကုန်းတစ်ခုလုံးအား ပဲ့တင်ထပ်သွားတော့၏။
ဇူယွမ်မှာ လက်နှစ်ဖက်အား ဖုန်ခါလိုက်ပြီးနောက် တိုးညင်းစွာ ရေရွတ်လိုက်သည်။ "မင်းဘာသာမင်း ခုန်ချဖို့ ပြောခ့ဲသားပဲ။"
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရ၏။
လုယန်းမှာ ဇူယွမ်၏ပုံရိပ်အား အ့ံအားသင့်စွာဖြင့် ေငးမောကြည့်ရှုနေမိသည်။ ဇူယွမ်မှာ ယွမ်ဟောင်ကိုပင် အလေးထားခြင်းမရှိပဲ ဝူဟိုင်အား တောင်ကုန်းပေါ်မှ ပစ်ချလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ဇူယွမ်မှာ အမှန်တကယ်ပင် ခက်ထန်လွန်းလှ၏။
တပည့်များအားလုံးမှာ ယွမ်ဟောင်အား ငေးမောကြည့်ရှုလိုက်ကြသည်။ ယွမ်ဟောင်မှာ ဇူယွမ်အား ခက်ထန်စွာဖြင့် ကြည့်ရှုနေပြီး ပြင်းထန်လှသော စွမ်းအင်ဖိအားများလည်း ထုတ်လွှတ်နေလျက် ရှိ၏။
"ဇူယွမ် မင်းကငါ့ကို စိန်ခေါ်နေတာလား။"
ထင်မှတ်ထားသည့်အတိုင်းပင် ယွမ်ဟောင်မှာ အလွန်အမင်း ဒေါသထွက်သွားခ့ဲပြီ ဖြစ်လေသည်။