ယွမ်ဟောင်၏ခွန်အား
Vol. 33 Ch. 452
ယွမ်ဟောင်၏ စကားသံမှာ ကျင့်ကြံခြင်းစင်မြင့်တစ်ခုလုံးသို့ ပျ့ံနှံ့သွားခ့ဲသည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာလည်း ယွမ်ဟောင်၏ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေ၏။
ခရက်....
ယွမ်ဟောင်၏ခြေဖဝါးအောက်ရှိ မြေပြင်သည်ပင် ဖြည်းညင်းစွာဖြင့် အက်ကွဲလာရလေသည်။
ယွမ်ဟောင်၏ အဝတ်အစားများမှ လေတိုက်ခတ်မှုကြောင့် တဖျတ်ဖျတ်လွင့်ခါနေ၏။
ယွမ်ဟောင်အနီးတွင်ရှိနေသော တပည့်များမှာ ကြောက်လန့်နေသော မျက်ဝန်းများဖြင့် အနောက်သို့ ဆုတ်ခွာသွားကြသည်။
လုဟုန်းတပည့်များမှာမူ ကျေနပ်အားရနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေကြ၏။ ဇူယွမ်မှာ မိုက်မဲစွာဖြင့် စီနီယာအကိုတော်ယွမ်ဟောင်၏ ရှေ့၌ပင် မောက်မာစွာပြုမူခ့ဲသည်။ ဇူယွမ်မှာ အမှန်တကယ်ပင် ကိုယ့်သင်္ချိုင်းကိုယ်ရှာနေခြင်းပင် ဖြစ်၏။
တစ်ဖက်တွင်မူ စိန်းထိုက်ယွမ်၏တပည့်များမှာ စိုးရိမ်ပူပန်နေလျက် ရှိ၏။
"ဇူယွမ်က တကယ်ကို အသိဥာဏ်မရှိတာပဲ။" လုယန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။ ဝူဟိုင်အား တောင်ကုန်းပေါ်မှ ပစ်ချလိုက်ခြင်းမှာ ယွမ်ဟောင်၏ ဒေါသစိတ်အား ထိုးဆွလိုက်ခြင်းပင် ဖြစ်၏။
ဇူယွမ်မှာ မည်က့ဲသို့ ဝူဟိုင်အား အသာစီးရခ့ဲသည်ကို လုယန်းမှ မသိရှိပါသော်လည်း ယွမ်ဟောင်နှင့် ဝူဟိုင်မှာ အမှန်တကယ်ပင် ကွာခြားလွန်းလှသည်။
ဇူယွမ်မှာ ယွမ်ဟောင်ထံမှ စွမ်းအင်ဖိအားများကို ခံစားလိုက်ရသဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားရ၏။ ယွမ်ဟောင်မှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် အသန်မာဆုံးပါဝင်ယှဥ်ပြိုင်သူ ဖြစ်သည်နှင့်အညီ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၌ အလျော့ပေးလိုစိတ် မရှိချေ။
အတိတ်ကာလများ၌ ဇူယွမ်မှာ နှိမ့်ချ၍သာ ပြောဆိုဆက်ဆံနေခ့ဲသည့်အတွက် အခြားသူများမှ ဇူယွမ်အား အားနည်းသည်ဟု ယူဆထားခဲ့ကြ၏။ ထို့ကြောင့် ယနေ့တွင် ဝူဟိုင်မှ ဇူယွမ်၏ ရင်းနှီးသောသူငယ်ချင်းအား နှိပ်စက်ရဲသည်အထိပင် ဖြစ်လာခဲ့သည်။
အကယ်၍ ဇူယွမ်သည်သာ ဝူဟိုင်အား လွယ်ကူစွာဖြင့် အလွတ်ပေးလိုက်မည်ဆိုပါက ထိုကိစ္စများမှာ မည်သည့်အခါမှ အဆုံးသတ်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ယွမ်ဟောင်ရောက်ရှိလာသည့်တိုင်အောင် ဇူယွမ်မှာ ခက်ထန်စွာဖြင့် ဝူဟိုင်အား တောင်ကုန်းပေါ်မှ ပစ်ချခဲ့ခြင်း ဖြစ်၏။
ဇူယွမ်၏ အသားအရေမှာ ကျောက်စိမ်းရောင်သ့ဲသ့ဲမျှ တောက်ပလာပြီးနောက် ချီပင်လယ်အတွင်းမှ ကြယ်ပွင့်များ စတင်လင်းလက်လာသည်။ ထို့နောက် ချီစွမ်းအင်များမှာ ဇူယွမ်၏ အသွေးအသားများဆီသို့ စီးဆင်းသွား၏။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ပြန်လည်ခေါ်ဆောင်လိုက်သည်။ ယွမ်ဟောင်ကဲ့သို့သူမျိုးနှင့် ရင်ဆိုင်ရမည့်အချိန်တွင် ဇူယွမ်မှာ အနည်းငယ်မျှပင် တွေဝေနေရန် မဝ့ံရဲပေ။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုတ်ကိုင်ထားလျက် တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "စီနီယာအကိုတော်ယွမ်ဟောင် ဝူဟိုင်က အမှားလုပ်ထားတာ ဖြစ်တဲ့အတွက် ပြန်ပြီးပေးဆပ်ရမှာလဲ။ ဒါကိုဘယ်သူမှ ဝင်ပြီးစွက်ဖက်လို့ မရဘူး။"
ယွမ်ဟောင်မှာ မထီမဲ့မြင်ပြုစွာ ရယ်မော၍ ပြန်လည်တုံ့ပြန်လိုက်သည်။ "ငါတို့အုပ်စုက တပည့်တစ်ယောက် အမှားလုပ်ရင်တောင် ငါတို့ကပဲ အပြစ်ပေးခွင့်ရှိတာလေ။ မင််းကိုယ်မင်း ဘာထင်နေတာလဲ။"
"ဇူထိုက်နဲ့ ကျန်းယန်တောင်မှ ငါ့ရှေ့မှာ ခေါင်းမော့ပြီး မနေရဲဘူး။ မင်းက ဘာကောင်မို့လို့လဲ။"
"ငါ့ရဲ့ ဂျူနီယာညီတော်ကိုတောင် ငါ့ရှေ့မှာတင် တောင်ပေါ်က ပစ်ချရဲတယ်ဟုတ်လား။ အဲ့လိုဆိုမှတော့ မင်းလည်းဝူဟိုင့်ကိုသွားပြီး အဖော်ပြုပေးလိုက်တော့။"
ဝုန်း....
ယွမ်ဟောင်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါကွဲထွက်ပေါ်လာ၏။ ချီစွမ်းအင်များမှာ ပေရာကျော်မျှရှိသော လက်ဝါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဇူယွမ်အားလွှဲ၍ ရိုက်ချလိုက်လေတော့သည်။
ထိုလက်ဝါးအတွင်း၌ ပါဝင်နေသော စွမ်းအင်များမှာ တောင်များကိုပင် ပြိုကျစေနိုင်၏။
လက်ဝါးကြီးမှ ထွက်ပေါ်နေလျက်ရှိသည့် ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် မြေပြင်သို့မကျရောက်မီပင် ကြမ်းပြင်ထက်၌ လက်ဝါးရာကြီး ပေါ်ပေါက်လာရသည်။
ယွမ်ဟောင်၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှသဖြင့် စောင့်ကြည့်နေသော တပည့်များ၏ အမူအရာများမှာ ပြောင်းလဲကုန်ကြ၏။
ဇူယွမ်မှာ မျက်ဝန်းများပင် ပြူးကျယ်နေရပြီး ကောင်းကင်ဘုံယွမ်စုတ်တံအား တင်းကြပ်စွာ ဆွဲကိုင်ထားလျက် ယွမ်ဟောင်၏ တိုက်ခိုက်မှုအား ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
"ရပ်လိုက်။"
ထိုအချိန်၌ပင် ကျင့်ကြံခြင်းစင်မြင့်ထက်မှ ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် ဇူယွမ်၏ရှေ့သို့ ပုံရိပ်တစ်ခု ပျံသန်းဝင်ရောက်လာခ့ဲသည်။ ထိုပုံရိပ်မှာ ဇူထိုက်ပင် ဖြစ်၏။
"ဖယ်စမ်း..." မည်သို့ပင်ဆိုစေကာမူ ယွမ်ဟောင်မှာ ရပ်တန့်မည့်ဟန်မရှိပဲ အေးစက်စွာအော်ဟစ်လျက် လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။
ဇူထိုက်၏ အမူအရာမှာ အလွနန်ပင် ခက်ထန်သွားရ၏။ ချက်ချင်းဆိုသလိုပင် ဇူထိုက်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ တွန်းကန်နေသော လက်ဝါးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ဝုန်း....
ချီလက်ဝါးကြီးနှစ်ခုမှာ လေထုထဲ၌ တွေ့ဆုံသွားကြပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့၏။ စွမ်းအင်လှိုင်းဂယက်များ၏ ပြင်းထန်မှုကြောင့် ကျင့်ကြံခြင်းစင်မြင့်တစ်ခုလုံးသည်ပင် ကွဲအက်ကုန်ရသည်။
လက်ဝါးနှစ်ခု တွေ့ဆုံနေစဥ်အတွင်း ဦးစွာအော်ဟစ်လိုက်ရသူမှာ ဇူထိုက်ပင် ဖြစ်၏။ ယွမ်ဟောင်၏ ချီလက်ဝါးကြီးမှာ ဖြည်းညင်းစွာဖြင့် အရှေ့သို့ ဆက်လက်တိုးလာနေသောကြောင့် ဇူထိုက်မှာ ခက်ထန်စွာဖြင့် တွန်းကန်နေရလေသည်။
ထိပ်တိုက်ရင်ဆိုင်မှုတွင် ထင်ရှားစွာ အသာစီးနေရသူမှာ ယွမ်ဟောင်ပင် ဖြစ်၏။
ယွမ်ဟောင်၏မျက်ဝန်းများမှာ ခက်ထန်နေပြီး အေးစက်စွာဖြင့် စကားဆိုလိုက်သည်။ "ဇူထိုက် မင်းကငါ့ကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား။"
ဇူထိုက်၏အနောက်တွင်ရှိနေသော ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားလျက် အသင့်အနေအထားဖြင့် ရှိနေ၏။
"အဟက် ယွမ်ဟောင် မင်းကအရမ်းမောက်မာလွန်းတယ်။ ငါတို့အုပ်စုမှာ လူမရှိတော့ဘူးများ ထင်နေလား။"
ဇူယွမ်မှ မလှုပ်ရှားရသေးခင်မှာပင် အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို်နောက် ဇူထိုက်၏ဘေးသို့ ပုံရိပ်တစ်ခု ပျံသန်းရောက်ရှိလာခ့ဲ၏။ ထိုပုံရိပ်မှာ ကျန်းယန်ပင် ဖြစ်သည်။
ဇူထိုက်နှင့် ကျန်းယန်မှာ ကောင်းမွန်သောဆက်ဆံရေး မရှိပါသော်လည်း ယွမ်ဟောင်မှ သူတို့အုပ်စုကို ဖိနှိပ်အနိုင်ယူနေခြင်းအား ကျန်းယန်မှ လက်ပိုက်ကာ ကြည့်ရှုမနေနိုင်ချေ။
ဝုန်း....
ကျန်းယန်၏ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ချီစွမ်းအင်များမှာ ကြီးမားလှသော မြွေကြီးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ယွမ်ဟောင်၏ ချီလက်ဝါးကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားခ့ဲသည်။
ဝုန်း....
စွမ်းအင်နှစ်ခုမှာ လေထုထဲ၌ တွေ့ဆုံသွားကြပြီး တစ်ခုကိုတစ်ခု ပေါက်ကွဲပျက်စီးစေခ့ဲသောကြောင့် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားရ၏။
ယွမ်ဟောင်မှာ အင်္ကျီလက်မောင်းအိုးအားခါယမ်းလျက် စွမ်းအင်လှိုင်းဂယက်များကို ပြိုကွဲစေလိုက်ပြီးနောက် ဇူထိုက်နှင့်ကျန်းယန်အားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်က ပေါင်းပြီးချကြမှာပေါ့လေ။"
"ဟဟ ကောင်းပြီလေ။ အဲ့ဒါဆိုလည်း မင်းတို့နှစ်ယောက် ဘယ်လောက်သန်မာလဲဆိုတာ ငါ့ကိုပြစမ်းပါ။"
ယွမ်ဟောင်မှာ ရယ်မောလျက် ဇူထိုက်နှင့် ကျန်းယန်ဆီသို့ ဦးတည်ပျံသန်းလာ၏။ ယွမ်ဟောင်နှင့် ရင်ဆိုင်ကြရမည်ဖြစ်သောကြောင့် ဇူထိုက်နှင့်ကျန်းယန်မှာ ချီစွမ်းအင်များအားလုံးကို ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။
ကျင့်ကြံခြင်းစင်မြင့်ထက်တွင်ရှိနေသော တပည့်များမှာ အ့ံအားသင့်စွာဖြင့် ထိုမြင်ကွင်းအား ကြည့်ရှုနေကြ၏။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းမစတင်မီပင် အုပ်စုနှစ်ခုမှ အသန်မာဆုံး တပည့်များမှာ တိုက်ခိုက်ကြတော့မည်ပင် ဖြစ်သည်။
ပုံရိပ်များမှာ မျက်နှာချင်းဆိုင် အနေအထားတွင်ရှိနေပြီး စွမ်းအင်ဖိအားများမှာလည်း တစ်စထက်တစ်စ ပြင်းထန်လာ၏။
"ဟေး စည်းကမ်းတင်းကြပ်ရေးအဖွဲ့က လာတော့မှာနော်။ နင်တို့တွေ ဆက်ပြီးတိုက်ခိုက်နေဦးမှာလား။" တင်းမာနေသော လေထုအတွင်း၌ လုယန်း၏ စကားသံမှာ ထွက်ပေါ်လာသည်။
ပုံရိပ်သုံးခုလုံးမှာ ချီစွမ်းအင်များကို ရပ်တန့်လျက် အဝေးတစ်နေရာသို့ လှမ်းကာကြည့်ရှုလိုက်ကြ၏။ အမှန်တကယ်ပင် ဦးတည်ပျံသန်းလာနေသော ပုံရိပ်အချို့ကို တွေ့မြင်လိုက်ရလေသည်။
ယွမ်ဟောင်မှာ ခေတ္တမျှတွေဝေနေပြီးနောက် စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ဇူထိုက်နှင့် ကျန်းယန်မှာလည်း သက်ပြင်းချကာ စွမ်းအင်များကို ရုတ်သိမ်းလိုက်ကြသည်။
"မင်းတို့နှစ်ကောင် ကံကောင်းသွားတယ်မှတ်။ ငါကမင်းတို့အကုန်လုံးကို တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲမှာ မပါနိုင်တဲ့အထိ သင်ခန်းစာပေးဖို့ စဥ်းစားထားတာ။" ယွမ်ဟောင်မှ စကားဆိုလိုက်၏။
ကျန်းယန်မှာ ဒေါသထွက်နေဟန်ဖြင့် ကျယ်လောင်စွာ ရီမောလိုက်လေသည်။ "ကြီးကြီးကျယ်ကျယ်နဲ့။"
ဇူထိုက်မှ လျင်မြန်စွာ ပြောလိုက်၏။ "ငါတို့ကလည်း မင်းရဲ့အရည်အချင်းကို စမ်းကြည့်ချင်နေတာ။"
ယွမ်ဟောင်မှာ ခပ်ဖွဖွရီမောလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
"ဇူယွမ် မင်းမှာအသိစိတ်ရှိသေးရင် မင်းရဲ့ချီစွမ်းအင်တွေကို ကိုယ့်ဘာသာချိပ်ပိတ်ပြီး တောင်ပေါ်ကနေ ခုန်ချလိုက်။ အဲ့လိုဆိုရင် ဒီနေ့ကိစ္စကို မရှိခ့ဲသလို သဘောထားပေးမယ်။"
"အဲ့လိုမှမဟုတ်ရင်တော့....အခုတစ်ကြိမ် မင်းလွတ်သွားရင်တောင် နောက်တစ်ကြိမ်ကြ ကံကောင်းမှာမဟုတ်ဘူး။"
"ငါတို့က တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲမှာ ထပ်တွေ့ကြရဦးမှာနော်။ အဲ့အချိန်ကြမှဆိုရင် မင်းနောင်တရဖို့အတွက် နောက်ကျသွားပြီ။"
ယွမ်ဟောင်မှာ ဒေါသသံအနည်းငယ်မျှပင် ရောယှက်နေခြင်းမရှိပဲ တည်ငြိမ်စွာဖြင့် စကားဆိုနေခြင်း ဖြစ်၏။ ယွမ်ဟောင်၏ အမူအရာမှာ ဇူယွမ်အား အနည်းငယ်မျှပင် အလေးထားခြင်းမရှိကြောင်း ထင်ရှားနေသည်။
တပည့်များအားလုံးမှာ ဇူယွမ်အား ကြည့်ရှုလိုက်ကြ၏။ မည်သူမဆို ယွမ်ဟောင့်ထံမှ ခြိမ်းခြောက်ခြင်းခံရမည်ဆိုပါက ကြောက်လန့်တုန်လှုပ်ကြမည်ပင် ဖြစ်သည်။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရီမောလိုက်ပြီးနောက် စကားလုံးတစ်လုံးချင်းစီအား ဖြည်းညင်းစွာဖြင့် ပြောလိုက်၏။ "စီနီယာအကိုတော်ယွမ်ဟောင် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနားမှာ ကျွန်တော်တို့ တွေ့ကြတာပေါ့။"
ယွမ်ဟောင်မှာ ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်လိုက်ပြီးနောက် အေးစက်စွာဖြင့် ရီမောလိုက်လေသည်။ ယွမ်ဟောင်၏ ကြောက်မက်ဖွယ်ရာအပြုံးကြောင့် စောင့်ကြည့်နေသော တပည့်များသည်ပင် ကြက်သီးမွှေးညှင်းများ ထကုန်ကြရ၏။
"ဇူထိုက်၊ ကျန်းယန် ကြည့်ရတာ မင်းတို့အုပ်စုမှာ ကြမ်းတမ်းတဲ့ကောင်လေး ရှိနေတာပဲ။"
"တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲမှာ ငါနဲ့တွေ့ခ့ဲရင်လည်း သူအဲ့လိုပဲ ကြမ်းတမ်းနိုင်ပါဦးမလားဆိုတာ ငါသိချင်မိတယ်။"
ယွမ်ဟောင်မှာ ထိုစကားများအား ပြောပြီးသည်နှင့်တကွ အင်္ကျီလက်မောင်းအိုးအားဝေ့ယမ်းကာ ပြောလိုက်သည်။
"ငါတို့သွားရအောင်။"
ယွမ်ဟောင်မှာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်နှင့်တစ်ပြိုင်နက် လုဟုန်း၏ တပည့်များမှာ လျင်မြန်စွာ လိုက်ပါသွားကြ၏။
လုဟုန်း၏ တပည့်များ ထွက်ခွာသွားသည့်နောက်တွင် လေထုအတွင်းရှိ တင်းမာခက်ထန်မှုများမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။
ဇူထိုက်နှင့်ကျန်းယန်မှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြ၏။ နှစ်ဦးစလုံးမှာ ယွမ်ဟောင်နှင့် ရင်ဆိုင်တွေ့ဆုံခ့ဲရသောကြောင့် စိတ်ဖိအားများ ဖြစ်ပေါ်နေရသည်။
ဇူထိုက်မှ ဇူယွမ်အားကြည့်ကာ မေးလိုက်၏။ "ဂျူနီယာညီတော်ဇူယွမ် မင်းအဆင်ပြေရဲ့လား။"
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
ကျန်းယန်မှ အေးစက်စွာပင် စကားဆိုလိုက်၏။ "မင်းက သန်မာမှုလည်း မရှိပဲနဲ့ ဘာလို့မောက်မာနေရတာလဲ။ မင်းကိုယ်မင်း ယွမ်ဟောင်နဲ့ယှဥ်နိုင်မယ်များ ထင်နေတာလား။"
ထို့နောက် ကျန်းယန်မှာ တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားလေတော့သည်။ ကျန်းယန်နှင့် ဇူယွမ်မှာ ရင်းနှီးသောဆက်ဆံရေးရှိသည် မဟုတ်ပေ။ ယွမ်ဟောင်မှ စိန်းထိုက်ယွမ်တို့အုပ်စုအား အထင်အမြင် သေးနေသည့်အတွက်ကြောင့်သာ ကျန်းယန်မှ ဝင်ပါခဲ့ခြင်း ဖြစ်၏။
ဇူယွမ်မှာ ကျန်းယန်အားကြည့်၍ ခပ်ဖွဖွသာ ရီမောလိုက်မိသည်။
ဇူထိုက်မှာ ဇူယွမ်၏ပခုံးအားပုတ်ကာ နှစ်သိမ့်ပေးလိုက်ပြီးနောက် ကျင့်ကြံခြင်းစင်မြင့်ထံမှ ထွက်ခွာသွားတော့၏။ ဇူယွမ်မှာ ဇူထိုက်၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှု အရိပ်အယောင်များအား တွေ့မြင်လိုက်ရသည်။ ဇူထိုက်မှာ ယွမ်ဟောင်၏အခြေအနေနှင့်ပက်သတ်၍ အလွန်ပင် ဖိအားများနေပုံ ရ၏။
ဇူယွမ်မှာ ထွက်ခွာသွားသော ယွမ်ဟောင်၏ပုံရိပ်အား ငေးမောကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။
ယွမ်ဟောင်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ဇူယွမ်မှာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ကျောက်စိမ်းရောင်လင်းလက်နေသော အသားအရေအား ကြည့်ရှုလိုက်သည်။
ကြည့်ရသည်မှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် ပိုမိုကြိုးစားရတော့မည်ပင် ဖြစ်၏။