ဂယက်
Vol. 33 Ch. 453
မူလသူတော်စင်တောင်ထွတ်အတွင်း ဖြစ်ပျက်ခ့ဲသော အကြောင်းအရာများမှာ ကလန်တစ်ခုလုံးသို့ ပျ့ံနှံ့သွားခ့ဲသည်။ ယခုအချိန်တွင် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်ကြမည့်သူများအား ကလန်တစ်ခုလုံးမှ အာရုံစိုက်နေကြသောကြောင့် ဖြစ်၏။
ထို့အပြင် ၎င်းအဖြစ်အပျက်တွင် အားလုံးကို အ့ံအားသင့်စေခ့ဲသူမှာ ကန်ရွှမ်းကလန်တစ်ခုလုံး၌ လောင်းကြေးထပ်မည့်သူပင်မရှိသော ဇူယွမ်ပင် ဖြစ်သည်။
အကြောင်းအရာအသေးစိတ်အား ကြားသိရလိုက်ရပြီးနောက်တွင် တပည့်များမှာ မျက်လုံးကျွတ်ထွက်မတက်ပင် အ့ံအားသင့်သွားရ၏။
"ဘာ....ဇူယွမ်က လုဟုန်းအုပ်စုက ဝူဟိုင်ကို တစ်ချက်တည်းနဲ့ အပြတ်သိပ်ပစ်လိုက်တယ် ဟုတ်လား။"
"ဝူဟိုင်က မူလစဦး အဋ္ဌမအဆင့်ရဲ့ ကနဦးအဆင့်ကိုတောင် ရောက်နေပြီလေ။ ပြီးတော့ အရင်တုန်းက ဇူယွမ်ရင်ဆိုင်ခ့ဲရတဲ့ ယန်ရွှမ်းထက်တောင် ပိုပြီးသာသေးတယ်။"
"ပြီးတော့ ဇူယွမ်က ကောင်းကင်အဆင့် မူလလက်နက်ကိုတောင် မသုံးခဲ့ဘူးပေါ့လေ။"
"ဝူဟိုင်က နည်းနည်းမှကို အသုံးမကျဘူးပဲ။"
"ဝူဟိုင်က အသုံးမကျတာ မဟုတ်ဘူး။ ဂရုမစိုက်လွန်းတာ။ တစ်လတည်းနဲ့ ဇူယွမ်က အဲ့လောက်ထိ သန်မာလာလိမ့်မယ်လို့ သူမထင်ထားဘူးလေ။ တကယ်လို့ အစကတည်းကသာ ဝူဟိုင်က သတိထားခဲ့မယ်ဆိုရင် ဇူယွမ်ကို မနိုင်စရာအကြောင်း မရှိဘူး။" တပည့်တစ်ဦးမှ ဝေဖန်သုံးသပ်လိုက်သည်။
"ဘယ်လိုပဲပြောပြော ဇူယွမ်မှာ အရည်အချင်းရှိတာကိုတော့ လက်ခံရလိမ့်မယ်။"
"..........."
ထိုအကြောင်းအရာနှင့်ပက်သတ်၍ ဝေဖန်ဆွေးနွေးမှုများစွာ ဖြစ်ပေါ်ခ့ဲသော်လည်း ကြီးကြီးမားမား ပြောဆိုကြခြင်းတော့ မရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်နှင့် ဝူဟိုင်နှစ်ဦးလုံးမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် အရေးမပါသူများသာ ဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ဇူယွမ်တို့နှစ်ဦးကြားရှိ တိုက်ပွဲအကြောင်းအရာအား ကလန်အတွင်းရှိ တပည့်များမှ လျင်မြန်စွာပင် မေ့လျော့သွားကြသည်။
ကန်ရွှမ်းကလန်တစ်ခုလုံးရှိ တပည့်များမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် အသန်မာဆုံးသော ပါဝင်ယှဥ်ပြိုင်သူများအကြောင်းကိုသာ အာရုံစိုက်ကြ၏။
နှိုင်းယှဥ်ရမည်ဆိုပါလျှင် ဇူယွမ်နှင့်ဝူဟိုင်တို့နှစ်ဦး၏ တိုက်ပွဲအကြောင်းအရာမှာ အပျင်းပြေစကားဝိုင်းတစ်ခုအတွက်မျှသာ ဖြစ်သည်။
.........
မူလသူတော်စင်တောင်ထွတ်ရှိ လုဟုန်းအုပ်စု၌
ခန်းမတစ်ခုအတွင်း၌
ကျောက်တုံးထိုင်ခုံတစ်ခုပေါ်တွင် လုဟုန်းမှာ ခက်ထန်နေသော အမူအရာဖြင့် ထိုင်နေလျက်ရှိပြီး ဝူဟိုင်မှာ လက်နှစ်ဖက်အား ယှက်သန်းကာ ရပ်နေလျက် ရှိ၏။ "အသုံးကိုမကျဘူး။ ဇူယွမ်လိုကောင်မျိုးကိုတောင်မှ မကိုင်တွယ်နိုင်ဘူးလား။"
"မူလစဦး စတုတ္တအဆင့်ပဲရှိတဲ့ ဇူယွမ်လိုကောင်မျိုးဆီကနေ တစ်ချက်တည်းနဲ့ ရှုံးလာရတယ်လို့။"
ဝူဟိုင်မှာ မျက်နှာများနီရဲနေလျက် စကားဆိုလိုက်သည်။ " ဇူယွမ်က လွန်ခ့ဲတဲ့တစ်လကထက် တော်တော်ကို သန်မာလာတယ်ဆိုပေမယ့် ကျွန်တော်သတိမထားမိလို့ ရှုံးနိမ့်သွားရတာပါ။"
လုဟုန်းမှာ ဝူဟိုင်အား အလေးပင်မထားဟန်ဖြင့် တပည့်တစ်ဦး ကိုင်ဆောင်ထားသော လက်သီးအရွယ်ခန့်ရှိသည့် ကျောက်စိမ်းတုံးအတွင်းသို့ ချီစွမ်းအင်များ သွန်းလောင်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ဇူယွမ်နှင့် ဝူဟိုင်တို့၏ တိုက်ပွဲမြင်ကွင်းမှာ ပေါ်ထွက်လာလေသည်။
ထိုကျောက်စိမ်းတုံးမှာ အဖြစ်အပျက်များအား ယာယီမှတ်တမ်းတင်ထားနိုင်သည့် ရတနာတစ်မျိုးပင် ဖြစ်၏။
လုဟုန်းမှာ ဇူယွမ်၏ပုံရိပ်အား မျက်တောင်ပင်မခတ်ပဲကြည့်ရှုနေသည်။ ဇူယွမ်မှ ဝူဟိုင်အား ထိုးချလိုက်သောအချိန်တွင် လုဟုန်း၏ မျက်လုံးများသည်ပင် ပြူးကျယ်သွားရ၏။
"ဒီကောင်ရဲ့ လက်သီးက တကယ်အားပြင်းတာပဲ။" လုဟုန်း၏ဘေးတွင်ရှိနေသော တပည့်တစ်ဦးမှ ရေရွတ်လိုက်သည်။
"စီနီယာအကိုတော်ဝူဟိုင်က အငိုက်မိသွားတယ်ဆိုပေမယ့် ချီစွမ်းအင်ကာကွယ်ရေးအလွှာတွေကို ဖန်တီးလိုက်တယ်လေ။ ဒါပေမယ့် အဲ့အလွှာတွေအကုန်လုံးက ဇူယွမ်ရဲ့ လက်သီးကြောင့် ပျက်စီးသွားရတာ။ ကျွန်တော်တို့ ရထားတဲ့သတင်းအချက်အလက်တွေအရဆိုရင် ဇူယွမ်က အဲ့လောက်ထိ မသန်မာသင့်ဘူးလေ။"
"ပိုပြီးထူးဆန်းတာက ဇူယွမ်ရဲ့ ကျင့်ကြံရေးအဆင့်က မူလစဦး စတုတ္တအဆင့်ပဲ ရှိသေးတာပဲ။ ဇူယွမ်ရဲ့ ချီစွမ်းအင်တွေက နည်းနည်းတိုးတက်လာတယ်ဆိုပေမယ့် သူသုံးသွားတဲ့စွမ်းအားက အဲ့ထက်အများကြီးပိုနေတယ်။"
အခြားတပည့်များမှလည်း ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်ကြ၏။
လုဟုန်း၏ လက်အတွင်းရှိ မြင်ကွင်းငယ်မှာ ပျောက်ကွယ်သွားပြီးနောက် ကျောက်စိမ်းတုံးမှာ အပိုင်းပိုင်းအစစ ပြိုကွဲသွားေလသည်။
"ဘာမှတော့ မထူးဆန်းပါဘူး။" လုဟုန်းမှ တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "ဇူယွမ်က ပြင်ပသန်မာမှုကျင့်စဥ်တစ်ခုခုကို ကျင့်ကြံထားတဲ့ပုံပဲ။ အဲ့ဒါကြောင့် သူ့ရဲ့လက်သီးချက်က အရမ်းကိုအားပြင်းနေတာ။"
လုဟုန်းမှာ နတ်ဘုံခမ်းဝါအဆင့်သို့ ရောက်ရှိနေသူဖြစ်သောကြောင့် အခြားသူများမှ မမြင်တွေ့နိုင်သော ဇူယွမ်၏ လျှို့ဝှက်ချက်အား တစ်ချက်မျှကြည့်ရုံနှင့်ပင် သိရှိနိုင်သည်။
"ပြင်ပသန်မာမှုကျင့်စဥ်...."
တပည့်များမှာ အ့ံအားသင့်သွားပြီးနောက် တဖြည်းဖြည်းနှင့် နားလည်သဘောပေါက်သွားကြ၏။
ဇူယွမ်၏ ထိုးနှက်ချက် ပြင်းထန်နေရခြင်းအကြောင်းမှာ မထူးဆန်းတော့ပေ။ ဇူယွမ်မှာ ခန္ဓာကိုယ်အား သန်မာစေရန်အတွက် ပြင်ပသန်မာမှုကျင့်စဥ်အား ကျင့်ကြံထားခဲ့ခြင်းပင် ဖြစ်လေသည်။
"စိတ်ဓာတ်ပြင်းထန်လွန်းတဲ့ ကောင်လေးပဲ။ ပြင်ပသန်မာမှုကျင့်စဥ်ရော၊ အတွင်းအားကျင့်စဥ်ရော ကျင့်ကြံနေတဲ့ပုံကိုကြည့်ရင် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲအတွက် တော်တော်ပြင်ဆင်ထားပုံရတယ်။" လုဟုန်းမှ လှောင်ပြောင်သရော်လိုဟန်ဖြင့် ေရရွတ်လိုက်၏။
ကျင့်ကြံခြင်းလောကတွင် ပြင်ပသန်မာမှုကျင့်စဥ်နှင့် အတွင်းအားကျင့်စဥ်ဟူ၍ နှစ်မျိုးရှိသည်။
အတွင်းအားကျင့်စဥ်မှာ စွမ်းအင်များကို စုပ်ယူစုဆောင်း၍ ချီပင်လယ်အတွင်း၌ သိမ်းဆည်းထားခြင်း ဖြစ်၏။ တိုက်ပွဲများအတွင်းတွင် အတွင်းအားကျင့်စဥ်မှာ အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်ခုအလား အသုံးပြုနိုင်ပြီး တောင်တန်းနှင့် ပင်လယ်များကိုပင် ပျက်စီးစေနိုင်သည်။
ပြင်ပသန်မာမှုကျင့်စဥ်မှာမူ စွမ်းအင်များကိုစုပ်ယူ၍ အသွေးအသားများကို သန်မာစေသော ကျင့်စဥ်မျိုးဖြစ်၏။ ကောင်းမွန်လုံလောက်စွာ ကျင့်ကြံထားပါက ပြင်ပသန်မာမှုကျင့်စဥ်မှာ တောင်များကိုပင် ဖြိုခွင်းနိုင်လောက်အောင် စွမ်းအားကြီးနိုင်သည်။
လမ်းစဥ်တစ်ခုဆီ၌ ကောင်းကျိုးများရှိကြသော်လည်း အများစုမှာ အတွင်းအားကျင့်စဥ်ကိုသာ ရွေးချယ်ကြလေ့ ရှိ၏။ အဘယ့်ကြောင့်ဆိုသော် လမ်းစဥ်နှစ်ခုလုံးမှာ ဖြည်းညင်းစွာပင် ကျင့်ကြံရကြသောကြောင့် ဖြစ်သည်။
ပြင်ပသန်မာမှုကျင့်စဥ်များအတွက် ကြွယ်ဝများပြားသော အသက်စွမ်းအင်များစွာလိုအပ်၏။ ထိုအသက်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရသည့်ကိစ္စမှာ အကြီးမားဆုံး ပြဿနာတစ်ခုပင် ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် လမ်းစဥ်နှစ်ခုလုံးအား ကျင့်ကြံသည့်သူမှာ ရှားပါးလှ၏။ လမ်းစဥ်နှစ်ခုလုံးအား ကျင့်ကြံသည့်သူမှာ တစ်ခုတည်းကိုသာ ရွေးချယ်ကျင့်ကြံသူထက် ပုိ၍နှေးကွေးကြန့်ကြာသောကြောင့် ဖြစ်သည်။
ထိုအချက်များကြောင့် ဇူယွမ်မှ လမ်းစဥ်နှစ်ခုလုံးအား ကျင့်ကြံနေသည်ကို တွေ့ရှိလိုက်ရသောအခါတွင် လုဟုန်းမှ လှောင်ပြောင်ရယ်မောလိုက်ခြင်း ဖြစ်၏။
ခန်းမအတွင်းရှိ တပည့်များမှာလည်း ဇူယွမ်အား လှောင်ပြောင်သရော်နေကြလေသည်။ ဝူဟိုင်မှာ ရီမောလျက် စကားဆိုလိုက်၏။ "အဲ့ဒါဆို သူက ကျွန်တော့်ကို အနီးကပ် တိုက်ခိုက်နိုင်ခဲ့လို့သာ အနိုင်ရသွားတာပေါ့။ အဲ့ဒါဆို ကျွန်တော်က ချီစွမ်းအင်ကို အသုံးပြုပြီး သူ့ရဲ့အသက်စွမ်းအင်တွေကို ကုန်ဆုံးသွားအောင် လုပ်လိုက်ရုံပဲပေါ့။"
လုဟုန်း၏ အမူအရာမှာ တည်ငြိမ်နေလျက်ရှိသည်။ ဇူယွမ်၏ လျှို့ဝှက်ချက်အား သိရှိလိုက်ရပြီးနောက် လုဟုန်းမှာ ဇူယွမ်အား အလေးပင်မထားနေတော့ချေ။
"တပည့်ခေါင်းဆောင်နေရာကို ငါတို့အုပ်စုကပဲ ရရမယ်။" လုဟုန်းမှ ခန်းမအတွင်းရှိ တပည့်များအား ကြည့်ရှုလိုက်၏။ တပည့်များ၏ အရှေ့ဆုံးနေရာတွင် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်မည်ဖြစ်သော ပုံရိပ်ခြောက်ခု ရှိနေသည်။
"တောင်ထွတ်ဆရာသခင်လင်ကျွမ်းကလည်း ဒီကိစ္စကို အရမ်းအလေးထားတယ်။ ငါတို့အုပ်စုကို မူလသူတော်စင်တောင်ထွတ်ဆီ ရွေ့ပြောင်းနိုင်ဖို့ တောင်ထွတ်ဆရာသခင်လင်ကျွမ်းက ကလန်ခေါင်းဆောင်နဲ့တောင် အလောင်းအစား လုပ်ခ့ဲရတာ။"
"ငါတို့သာ တပည့်ခေါင်းဆောင်နေရာကို မရဘူးဆိုရင် ဓားကပ်ဘေးတောင်ထွတ်ကရနေတဲ့ ကျင့်ကြံရေးအရင်းအမြစ် ငါးပုံတစ်ပုံကို ဖြတ်တောက်ခံရလိမ့်မယ်။ ဒီကိစ္စက ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ သိကြတယ်မလား။"
လုဟုန်း၏ စကားကြောင့် ယွမ်ဟောင်၏အမူအရာသည်ပင် ေပြာင်းလဲသွားရ၏။ ခန်းမအတွင်းရှိ အခြားတပည့်များမှာလည်း အ့ံအားသင့်ကုန်ကြရသည်။
လုဟုန်း၏ အမူအရာမှာလည်း လေးနက်နေ၏။ အကယ်၍ တပည့်ခေါင်းဆောင်နေရာကိုသာ ဆုံးရှုံးခ့ဲရပါက တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ အမှန်တကယ်ပင် ဒေါသထွက်ရပေလိမ့်မည်။ ထို့ကြောင့် အမှားအယွင်း အနည်းငယ်မျှပင် မဖြစ်စေရန်အတွက် လုဟုန်းမှာ ဝူဟိုင်အားစေလွှတ်၍ ဇူယွမ်၏ စွမ်းရည်အား စမ်းသပ်စေခ့ဲခြင်း ဖြစ်သည်။
လုဟုန်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "ငါတို့ တပည့်ခေါင်းဆောင်နေရာကို မရရှိခ့ဲဘူးဆိုရင် ဓားကပ်ဘေးတောင်ထွတ်ကို ပြန်ပြောင်းကြရမှာ။ ဒါပေမယ့် အဲ့အချိန်ကြရင် အေးအေးဆေးဆေး နေရတော့မယ်မထင်နဲ့။"
လုဟုန်းမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် တပည့်များအား ကြည့်ရှုလိုက်သည်။
"အဲ့ဒါကြောင့် ငါတို့က တပည့်ခေါင်းဆောင်နေရာကို ရမှကိုဖြစ်မယ်။"
"နားလည်ပါပြီ။" ဝူဟိုင်နှင့် တပည့်များမှ ပြန်လည်ဖြေကြားလိုက်ကြ၏။
ယွမ်ဟောင်မှာ ခေါင်းညိတ်ပြလျက် ပြုံးကာပြောလိုက်ေလသည်။
"စိတ်မပူပါနဲ့ ဆရာလု ဇူထိုက်၊ ကျန်းယန်နဲ့့ လုယန်းကလွဲရင် ကျန်တာတွေအကုန်လုံးက သုံးစားမရတာချည်းပဲ။"
"ဇူယွမ်ကတော့......"
ယွမ်ဟောင်မှာ ကျယ်လောင်စွာပင် ရီမောပစ်လိုက်၏။ ဇူယွမ်မှာ စတင်ရောက်ရှိလာစဥ်မှစ၍ လျင်မြန်စွာ တိုးတက်လာခ့ဲသော်လည်း ယွမ်ဟောင်မှာ တစ်ခါမှပင် အလေးမထားဖူးခ့ဲချေ။
လုဟုန်းမှာ ကျေနပ်အားရစွာဖြင့် ယွမ်ဟောင်အား ကြည့်ရှုလိုက်သည်။ ယွမ်ဟောင်မှာ လုဟုန်းအပင်ပန်းခံ ပျိုးထောင်သင်ကြားခ့ဲရသော တပည့်ဖြစ်ပြီး တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် အသန်မာဆုံး ပါဝင်ယှဥ်ပြိုင်သူလည်း ဖြစ်၏။
ထို့ကြောင့် လုဟုန်းမှာ ယွမ်ဟောင်အား အခြားသောအုပ်စုနှစ်ခုထက် သာလွန်သည်ဟု စိတ်ချယုံကြည်လေသည်။