← Chapters

ယောင်ယောင်၏ဒေါသ

Vol. 33 Ch. 455

ယောင်ယောင်၏ဒေါသ

Vol. 33 Ch. 455

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား နီးကပ်လာသည်နှင့်အမျှ ကန်ရွှမ်းကလန်တစ်ခုလုံးမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။ သက်ဆိုင်ရာတောင်ထွတ်များမှ အုပ်စုအသီးသီးမှာလည်း တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်ရန်အတွက် မျှော်လင့်နေ၏။

တပည့်ခေါင်းဆောင်နေရာအား ရရှိသည့်သူမှာ အနာဂတ်တွင် ကလန်၏ ရွေးချယ်ခံတစ်ယောက်ပင် ဖြစ်လာနိုင်ခြေ ရှိသည်။

ကန်ရွှမ်းကလန်သို့ ရောက်ရှိလာသည့် တပည့်တိုင်းမှာ တပည့်ခေါင်းဆောင်နေရာအား လိုချင်တောင့်တကြ၏။

ထို့ကြောင့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲထက် ပိုမိုစိတ်ဝင်စားကြခြင်း ဖြစ်သည်။

ထို့အတွက် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား ကန်ရွှမ်းကလန်၏ အကြီးမားဆုံးအခမ်းအနားဟုလည်း ခေါ်ဆိုကြ၏။

..........

ယောင်ယောင်မှာ ပန်းချီကားထဲမှ ထွက်ပေါ်လာသည့် နတ်ဘုရားမလေးအလား တောအုပ်ထဲ၌ ညင်သာစွာ လျှောက်လှမ်းနေလေသည်။ ထန်ထန်မှာလည်း ခြေတံတိုလေးများဖြင့် ယောင်ယောင်၏အနောက်မှ လိုက်ပါလာ၏။

ယောင်ယောင်မှာ ချိပ်စည်းများအား ကျွမ်းကျင်စွာ ရှောင်ရှားလိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် ယင်းယန်နဂါးစင်မြင့်ဆီသို့ ရောက်ရှိလာခ့ဲသည်။

ထိုနေရာသို့ ရောက်ရှိသွားသည်နှင့်တကွ ယောင်ယောင် မြင်တွေ့လိုက်ရသောအရာမှာ မြေပြင်ပေါ်တွင် သတိလစ်နေသော ဇူယွမ်ပင် ဖြစ်၏။ ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အိုးပူပူအတွင်း ပြုတ်ခံထားရသည့်အလား မြင်မကောင်းအောင် ဆိုးရွားနေသည်။ ဇူယွမ်၏ အရေပြားများမှာ ပေါက်ပြဲနေပြီး အသွေးအသားများထိပင် ဖောက်ထွင်းမြင်နေရကာ ထိခိုက်ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။

ယောင်ယောင်မှာ အလွန်ပင် အ့ံအားသင့်သွားပြီးနောက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ရွှမ်အဖိုးအိုအား ကြည့်ရှုလိုက်သည်။

ယောင်ယောင်မှာ ရွှမ်အဖိုးအိုနှင့် စကားစမြည် ပြောဆိုပြီးသည့်နေ့မှစ၍ ဤနေရာသို့ ထပ်မံလာရောက်ခြင်းမရှိတော့ပဲ ယနေ့မှသာ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။

"ဇူယွမ့်ကို ဘာလုပ်လိုက်တာလဲ။" ယောင်ယောင်၏အသံမှာ ရေခဲတမျှ အေးစက်နေသည်။

ဝေါင်း....

ထန်ထန်မှာလည်း ဟိန်းဟောက်၍  ရွှမ်အဖိုးအိုအား စူးရဲစွာ ကြည့်ရှုလိုက်၏။ ထန်ထန်၏ ခန္ဓာကိုယ်ထက်မှ အနက်ရောင် အလင်းတန်းများ လင်းလက်လာကာ သေးငယ်သော သတ္တဝါလေးအဖြစ်မှ ကြောက်မက်ဖွယ်သားရဲပြီးအသွင်သို့ ပြောင်းလဲသွားသည်။

ရွှမ်အဖိုးအိုမှာ ယောင်ယောင်တို့အားကြည့်ရှု၍ ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ "ငါဘာမှမလုပ်ပါဘူး။ ဇူယွမ်က ယင်းယန်စွမ်းအင်ကို တစ်ဆင့်ထပ်မြှင့်ပြီး ခံယူလိုက်လို့ အခုလိုဖြစ်သွားတာ။"

ယောင်ယောင်မှာ ရွှမ်အဖိုးအိုအား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်ထံသို့သွားကာ နှာခေါင်းဝအား လက်ဖြင့်စမ်းသပ်လိုက်သည်။ ဇူယွမ်မှ ဖြည်းညင်းစွာ အသက်ရှ္ူနေသည်ကို သိရှိလိုက်ရ​ေသာအခါမှသာ ယောင်ယောင်၏အမူအရာမှာ အနည်းငယ် ပြေလျော့သွား၏။

ယောင်ယောင်မှာ ဇူယွမ်၏ခန္ဓာကိုယ်ထက်တွင် လင်းလက်နေသော အစိမ်းရင့်ရောင် အလင်းတန်းများအား တွေ့ရှိလိုက်ရသည်။ ထိုအလင်းတန်းများ ထွက်ပေါ်နေသည်နှင့်အတူ မည်းနက်နေသော ချွေးစေးများမှာလည်း ဇူယွမ်၏ချွေးပေါက်များမှတဆင့် စီးကျနေ၏။

ထိုမည်းနက်နေသော ချွေးစေးများ ထွက်ပေါ်လာသည့် နေရာတိုင်း၌ ထိခိုက်ဒဏ်ရာများမှာ ဖြည်းညင်းစွာ ပြန်လည်ကောင်းမွန်လာလျက် ရှိသည်။

ဇူယွမ်မှာ သတိလစ်နေသော အနေအထား၌သာ ရှိနေသေးပြီး ခန္ဓာကိုယ်မှာလည်း တုန်ခါနေကာ အလွန်ပင် နာကျင်နေရကြောင်း ထင်ရှားနေ၏။

"တအားမဆင်မခြင်လုပ်တာပဲ။"

ယောင်ယောင်မှ မျက်မှောင်ကျုံ့ကာ ေရရွတ်လိုက်သည်။ ဇူယွမ်မှ ဂူနန်းသို့ ပြန်လည်ရောက်ရှိလာသည့်အချိန်မှာ ပိုမိုနောက်ကျလာပြီး ပြန်ရောက်လာချိန်တိုင်းတွင် ပို၍ပို၍ အားနည်းလာရခြင်းမှာ ထိုသို့အပြင်းအထန် ကျင့်ကြံနေသောကြောင့်သာ ဖြစ်လိမ့်မည်။ ယခုဆိုလျှင် ဇူယွမ်မှာ ယင်းယန်စွမ်းအင်အား အဆင့်သုံးအထိပင် တိုးမြှင့်ခံယူထားခ့ဲ၏။

ထို့အပြင် ဇူယွမ်မှာ ထိုသို့တိုးမြှင့်ကျင့်ကြံမည့်အကြောင်းကိုလည်း ယောင်ယောင့်အား အသိမပေးထားခ့ဲချေ။

ယောင်ယောင်မှာ ရွှမ်အဖိုးအိုအားကြည့်၍ အေးစက်စွာ မေးမြန်းလိုက်သည်။ "ဇူယွမ်က ဒီစင်မြင့်ရဲ့အကြောင်းကို နားမလည်ရင်တောင်မှ အဖိုးကတော့ နားလည်ရမှာပဲလေ။ ဇူယွမ်ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားနိုင်တယ်ဆိုတာ သိရက်သားနဲ့ အဆင့်တိုးမြှင့်ဖို့ကို ဘာလို့ခွင့်ပြုပေးခ့ဲတာလဲ။"

ရွှမ်အဖိုးအိုမှာ ယောင်ယောင့်ထံမှ ဆူပူကြိမ်းမောင်း​ခြင်းအား ခံယူရလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် အလွန်ပင် အ့ံအားသင့်မိသွား၏။ မည်သို့ပင်ဆိုစေကာမူ ယောင်ယောင့်ထံမှ ကြောက်မက်ဖွယ် အငွေ့အသက်များအား ရရှိနေသောကြောင့် ရွှမ်အဖိုးအိုမှာ ပြုံး၍သာပြန်လည်တုံ့ပြန်လိုက်သည်။ "အဲ့လောက်ကြီးလည်း အခြေအနေ မဆိုးပါဘူး။ ဇူယွမ်ကျင့်ကြံထားတဲ့ ထိုက်ရိအမှတ်အသားက ထိခိုက်ဒဏ်ရာတွေကို ပြန်ပြီးကောင်းမွန်စေလိမ့်မယ်။ အဲ့ဒါကြောင့် ဇူယွမ်က နည်းနည်းလောက်ပဲ ခံစားရမှာပါ။"

"ဒီပုံစံက နည်းနည်းလောက်ပဲ ခံစားနေရတဲ့ပုံစံလား။" ယောင်ယောင်မှ မေးမြန်းလိုက်၏။

ရွှမ်အဖိုးအိုမှာ ယောင်ယောင်အား ဖြောင်းဖြ၍ရမည်မဟုတ်ကြောင်း ခန့်မှန်းမိသောကြောင့် မည်သည့်စကားမှ ဆိုမနေတော့ပဲ တံမြက်စည်းအားဆွဲကိုင်ကာ ထောင့်တစ်နေရာတွင်ထို်င်လျက် ဆေးပြင်းလိပ်အား ခဲနေတော့သည်။

အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက်

ဇူယွမ်၏မျက်ဝန်းများ ပြန်လည်ပွင့်ဟလာကာ နာကျင်နေဟန်ဖြင့် ညည်းညူလိုက်၏။ ဇူယွမ်မှာ မြေပြင်ပေါ်တွင် လဲလျက်အနေအထားဖြင့်ရှိနေကာ ကောင်းကင်ကြီးအား အားအင်မဲ့စွာဖြင့် ငေးမောကြည့်ရှုလိုက်မိသည်။ တတိယအဆင့်မှာ ဇူယွမ်၏ခန္ဓာကိုယ်အတွက် အလွန်ပင် ပြင်းထန်လွန်းလှသောကြောင့် အသက်စွမ်းအင် အမြောက်အမြား ကုန်ဆုံးခ့ဲရ၏။

ထိုက်ရိအမှတ်အသား ရှိနေသောကြောင့်သာ ဇူယွမ်မှာ အသက်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်ခဲဲ့ခြင်း ဖြစ်သည်။

"အဟမ်း..."

ဇူယွမ်မှာ ေမြပြင်ပေါ်တွင် လှဲလျောင်းလျက် တိတ်ဆိတ်စွာ တွေးတောနေစဥ်မှာပင် ရွှမ်အဖိုးအိုထံမှ ချောင်းဟန့်သံ ထွက်ပေါ်လာ၏။

ဇူယွမ်မှာ အားအင်မဲ့စွာဖြင့် ညည်းညူလိုက်သည်။ "ကျွန်တော့်ကို ခဏလောက် ပေးနားပါဦး။"

"နင်ဒီမှာ ဘယ်လောက်ကြာအောင် လှဲနေမလို့လဲ။" အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။

ဇူယွမ်မှာ အသံလာရာသို့ အ့ံအားသင့်စွာဖြင့် လှည့်ကြည့်လိုက်ပြီးနောက် လျင်မြန်စွာပင် ထထိုင်လိုက်သည်။ "ယောင်ယောင်.."

ဇူယွမ်မှာ ကသိကအောက်ဖြစ်နေဟန်ဖြင့် ပြုံးကာမေးလိုက်၏။ "ဘာလို့ဒီမှာရှိနေတာလဲ။"

ယောင်ယောင်မှာ တည်ငြိမ်စွာဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။ "ငါသာမလာခ့ဲရင် နင်ဒီမှာ သေနေရင်တောင် သိရမှာမဟုတ်ဘူး။"

လသာဆောင်အတွင်းရှိနေသော ရွှမ်အဖိုးအိုမှာ ပါးစပ်အပြည့် မီးခိုးငွေ့များအား မှုတ်ထုတ်လိုက်၏။ ကန်ရွှမ်းကလန်အတွင်း၌ ရွှမ်အဖိုးအို၏ သင်ပြလမ်းညွှန်မှုအား တပည့်တိုင်းမှ လိုချင်တောင့်တနေရပါသော်လည်း ယောင်ယောင်မှာမူ အနည်းငယ်မျှပင် အလိုကျဟန် မရှိပေ။

ဇူယွမ်မှာ ရွှမ်အဖိုးအိုအားကြည့်၍ လျင်​မြန်စွာပင် ပြောလိုက်သည်။ "ကျွန်တော် အဆင်ပြေပါတယ်။ ဆက်ပြီးလေ့ကျင့်လို့ ရသေးတယ်။"

ယောင်ယောင်မှာ ရွှမ်အဖိုးအိုအား အလေးပင်မထားဟန်ဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "အခုချက်ချင်း ငါနဲ့ပြန်လိုက်ခ့ဲ။"

ယောင်ယောင်၏အမူအရာမှာ အေးစက်ခက်ထန်နေသောကြောင့် ဇူယွမ်မှာ ကြက်သီးမွှေးညင်းများပင် ထလာရသည်။ ထို့ကြောင့် ဇူယွမ်မှာ ယောင်ယောင်၏စကားအား နာခံစွာဖြင့် မတ်တပ်ရပ်ကာ ဖုန်များကို ခါထုတ်လိုက်၏။

"ကောင်လေး မင်းရဲ့လေ့ကျင့်မှုက တော်တော်လေး ကောင်းမွန်နေပါပြီ။ အခုမင်းက ငွေရောင်ခြည်အသွေးအသားအဆင့်ကို မရောက်သေးဘူးဆိုတာကလည်း အဆင့်တစ်ခုကိုတက်ဖို့က မလွယ်ကူဘူးလေ။ အဲ့ဒါကြောင့် နောက်ထပ်နည်းနည်းလောက် စိတ်ရှည်ရှည်နဲ့ လေ့ကျင့်လိုက်ရင် ရလာမှာပါ။" ရွှမ်အဖိုးအိုမှ စကားဆိုလိုက်သည်။

ဇူယွမ်မှာ အနည်းငယ် စိတ်ညစ်နေမိ၏။ ပြင်းထန်လှသော နာကျင်မှုများအား ခံစားခ့ဲရသော်လည်း ငွေရောင်ခြည်အသွေးအသားအဆင့်သို့ ရောက်ရှိနိုင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ ပြင်ပသန်မာမှုကျင့်ကြံရေးလမ်းစဥ်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှ၏။

ယောင်ယောင်မှာ ရွှမ်အဖိုးအိုအား အရေးပင်မစိုက်ပဲ တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားလေသည်။ ရွှမ်အဖိုးအိုအား ယောင်ယောင်မှ မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားနေ၏။

ဇူယွမ်မှာ ရွှမ်အဖိုးအိုအား လက်ပြနှုတ်ဆက်လိုက်ပြီးနောက် ယောင်ယောင်နောက်သို့ လျင်မြန်စွာ လိုက်ပါသွားသည်။

ရွှမ်အဖိုးအိုမှာ ထွက်ခွာသွားသော ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေရင်းဖြင့် မီးခိုးများကိုမှုတ်ထုတ်ကာ ေပြာလိုက်၏။ "ကောင်လေး မနက်ဖြန်ကြရင် တပည့်ခေါင်းဆောင် ရွေးချယ်တဲ့ပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားပါ။ မူလသူတော်စင်တောင်ထွတ်က ချိပ်ပိတ်နေခ့ဲတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ အဲ့ဒါကြောင့် အခုအချိန်မှာတော့ အလင်းရောင်ကို ပြန်မြင်တွေ့ရဖို့ အချိန်ကျပြီ။"

ဇူယွမ်၏ ခြေလှမ်းများမှာ ရပ်တန့်သွားပြီးနောက် ရွှမ်အဖိုးအိုဖက်သို့လှည့်ကာ ပြောလိုက်သည်။ "ကျွန်တော်က မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းကို ဖြည်နိုင်မယ်လို့ အဖိုးကထင်တာလား။"

ရွှမ်အဖိုးအိုမှာ ​မည်သည့်စကားမှ ပြန်လည်ဖြေကြားခြင်းမရှိပဲ မီးခိုးငွေ့များကိုသာ မှုတ်ထုတ်လိုက်၏။

ဇူယွမ်မှာလည်း မည်သည့်စကားမှ ထပ်မံမေးမြန်းခြင်း မပြုတော့ပဲ တောအုပ်တစ်ခုလုံးအား ပဲ့တင်ထပ်သွားအောင် အော်ဟစ်လိုက်သည်။

"စိတ်မပူပါနဲ့ အဖိုး။ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာက ကျွန်တော့်အတွက်ပဲ။"

ရွှမ်အဖိုးအိုမှာ ထွက်ခွာသွားသော ဇူယွမ်နှင့်ယောင်ယောင်တို့၏ပုံရိပ်အား ပျောက်ကွယ်သွားသည်အထိ ငေးမောကြည့်ရှုနေပြီးနောက် မြူခိုးများရစ်ဝဲနေသော အဓိကတောင်ထွတ်အားကြည့်ကာ ရေရွတ်လိုက်၏။

"နှစ်တွေအများကြီးကြာခဲ့ပြီ။ အခုအချိန်ဆိုရင်တော့ မူလသူတော်စင်တောင်ထွတ်ကို ပြန်ဖွင့်ဖို့သင့်တော်လောက်ပြီမလား။"

All Chapters