တပည့်ခေါင်းဆောင်ရွေးချယ်ခြင်းအခမ်းအနားစတင်ခြင်း
Vol. 33 Ch. 459
ရွေးချယ်ခံဆယ်ဦး ရောက်ရှိလာပြီးသည့်နောက်တွင် အကြီးအကဲများလည်း အသီးသီးရောက်ရှိလာကြသည်။ ထိုသို့ ကလန်၏ ထိပ်သီးပိုင်းများ စုဝေးနေခြင်းကို ကြည့်ရှုရုံမျှဖြင့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ အရေးကြီးလှကြောင်း သိရှိနိုင်၏။
အချိန်များမှာ ဖြည်းညင်းစွာ ကုန်ဆုံးနေလျက်ရှိပြီး နေဝန်းကြီးမှာလည်း အတော်ပင် မြင့်မားနေပြီ ဖြစ်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ကောင်းကင်အား ကြည့်ရှုလိုက်ပြီးနောက် အင်္ကျီလက်မောင်းအိုးအား ဝေ့ယမ်းပြလိုက်၏။
ဒေါင်....
ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်ခုမှာ ကန်ရွှမ်းကလန်တစ်ခုလုံးဆီသို့ ပျ့ံနှံ့သွားသည်။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ စတင်တော့မည်ဖြစ်သဖြင့် ကန်ရွှမ်းကလန်အတွင်းရှိ လူတိုင်းမှာ စိတ်လှုပ်ရှားမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေကြပြီ ဖြစ်၏။
"တပည့်ခေါင်းဆောင် ရွေးချယ်တဲ့အခမ်းအနား စတင်ပါပြီ။ ပါဝင်ယှဥ်ပြိုင်ကြတဲ့ တပည့်တွေအားလုံး အရည်အချင်းတွေကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး ယှဥ်ပြိုင်ကြပါ။" ကလန်ခေါင်းဆောင်ချင်းယန်မှ မိန့်ခွန်းပြောကြားလိုက်သည်။
ကန်ရွှမ်းကလန်ဝန်းကျင်တစ်ခုလုံးမှာ အားပေးအားမြှောက်ပြုသံများဖြင့် ပြည့်နှက်သွားတော့၏။
"ကြိုးစားထား စီနီယာအကိုတော်ကျန်းရှီ။"
"စီနီယာအမတော်စုယွမ် နိုင်ကိုနိုင်ရမယ်။"
"........"
မူလသူတော်စင်တောင်ထွတ်တွင်လည်း အားပေးအားမြှောက်ပြုသံများဖြင့်သာ ပြည့်နှက်နေလေသည်။ သို့သော် စိန်းထိုက်ယွမ်၏အုပ်စုတွင်မူ ဇူထိုက်နှင့် ကျန်းယန်နှစ်ဦးကိုသာ အားပေးနေကြ၏။
"ကြိုးစားထား အကိုလေးယွမ်။ တပည့်ခေါင်းဆောင်နေရာအတွက် အကိုလေးကို ကျွန်တော် မူလကျောက်စိမ်းပြားနှစ်သိန်းတောင် လောင်းထားတယ်။" ရှန်ဝမ့်ကျင်းမှ အော်ဟစ်အားပေးလိုက်သည်။
ရှန်ဝမ့်ကျင်း၏စကားကြောင့် စိန်းထိုက်ယွမ်၏ တပည့်များမှာ အလွန်ပင် အ့ံအားသင့်သွားကြကာ ကူကယ်ရာမဲ့စွာဖြင့် စကားဆိုလိုက်၏။ "မင်းရူးနေတာလား။ မူလကျောက်စိမ်းပြားနှစ်သိန်းတောင်မှ လောင်းထားတယ်ပေါ့လေ။ တကယ်ဆို အဲ့ပမာဏနဲ့ဆိုရင် သင်းန့ံတစ်ရာအိမ်တော်မှာတောင် ငါတို့အားလုံးကို အဝကျွေးလို့ရနေပြီ။"
မူလကျောက်စိမ်းပြားနှစ်သိန်းမှာ ခရမ်းရောင်ခါးစည်း တပည့်များအတွက်ပင် များပြားလှသော ပမာဏဖြစ်သည်။ ရှန်ဝမ့်ကျင်းမှာ ဝူဟိုင်ဆီမှ ကျောက်စိမ်းပြား အများအပြား ရရှိနိုင်ခ့ဲခြင်းကြောင့်သာ ထိုသို့လောင်းကြေးထပ်နိုင်ခြင်း ဖြစ်၏။
မည်သူကမှ ရှန်ဝမ့်ကျင်းမှာ ပိုင်ဆိုင်သမျှ မူလကျောက်စိမ်းပြားအားလုံးအား ဇူယွမ်အတွက် လောင်းကြေးထပ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
လူတိုင်း၏အမြင်တွင်မူ ရှန်ဝမ့်ကျင်း၏လုပ်ရပ်မှာ ရူးသွပ်မိုက်မဲခြင်းပင် ဖြစ်သည်။ မူလကျောက်စိမ်းပြားများ လွန်စွာပေါများနေပါလျှင် ဇူယွမ်အား လောင်းကြေးထပ်လိုက်ခြင်းထက် မြစ်ထဲသို့ ပစ်ချလိုက်ခြင်းကသာ ပိုမိုအကျိုးရှိပေလိမ့်မည်။
ရှန်ဝမ့်ကျင်းမှာမူ တပည့်များ၏ နှမြောတဿဖြစ်နေသော မျက်ဝန်းများအား အလေးပင်မထားခ့ဲချေ။ မည်သို့ပင်ဆိုစေကာမူ ထိုမူလကျောက်စိမ်ပြားများမှာ ဇူယွမ်၏အကူအညီကြောင့်သာ ရရှိနိုင်ခ့ဲခြင်းဖြစ်သောကြောင့် ဇူယွမ်အတွက် ဆုံးရှုံးရခြင်းမှာ သင့်လျော်ပေ၏။
ရှန်ဝမ့်ကျင်း၏ အတွေးများမှာ အလွန်ပင် ရိုးစင်းလှသည်။ ရှန်ဝမ့်ကျင်းမှာ ဇူယွမ်အား အမြဲတစေ သစ္စာရှိသောသူဖြစ်သောကြောင့် ယခုလိုအချိန်တွင် ပို၍အားပေးထောက်ခံသင့်သည်ဟုသာ ယူဆထား၏။
ဇူယွမ်မှာလည်း ရှန်ဝမ့်ကျင်း၏လောင်းကြေးကြောင့် အလွန်ပင် အ့ံအားသင့်သွားရသည်။ ထို့နောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါယမ်းကာ ရှန်ဝမ့်ကျင်းအား ပြုံး၍နှုတ်ဆက်လိုက်၏။
စိန်းထိုက်ယွမ်မှာ ဇူထိုက်၊ ကျန်းယန်နှင့် ဇူယွမ်တို့အားကြည့်ကာ ပြောလိုက်သည်။ "သွားကြတော့။"
ဇူယွမ်တို့သုံးဦးလုံးမှာ လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
ဝှစ်...
ထို့နောက် ချက်ချင်းဆိုသလိုပင် ဇူယွမ်တို့သုံးဦးလုံးမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်ဆီသို့ ဦးတည်ပျံဝဲသွားကြသည်။
တစ်ချိန်တည်းမှာပင် လုစုန့်နှင့် လုဟုန်းတို့အုပ်စုမှ ပါဝင်ယှဥ်ပြိုင်ကြသော တပည့်များမှာလည်း ရွေးချယ်ခြင်းတောင်ထွတ်ဆီသို့ ပျံသန်းသွားကြ၏။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်၏ အနီးသို့ ေရာက်ရှိလာသည်နှင့်တကွ ဇူယွမ်မှာ စွမ်းအင်ဖိအားအချို့ကို ခံစားလိုက်မိသည်။ ထိုစွမ်းအင်ဖိအားကြောင့် ချီစွမ်းအင်လှည့်ပတ်ခြင်းများမှာ အနည်းငယ် နှေးကွေးသွားရ၏။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်နှင့် ပို၍နီးကပ်လာလေ၊ စွမ်းအင်ဖိအားမှာ ပိုမိုကြီးမားလာလေပင် ဖြစ်သည်။
သို့သော် ဇူယွမ်တို့အား စိန်းထိုက်ယွမ်မှ ထိုအကြောင်းကို ပြောဆိုရှင်းပြထားပြီး ဖြစ်၏။ ရွေးချယ်ခြင်းတောင်ထွတ်အတွင်း၌ မူလမှော်စာလုံးများအား ရေးထွင်းထားပြီး ထိုစာလုံးများနှင့် နီးကပ်လာသည်နှင့်အမျှ တောင်ကြီးတစ်လုံးအား ထမ်းထားရသက့ဲသို့ စွမ်းအင်ဖိအားများကို ခံစားရပေလိမ့်မည်။
ထို့ကြောင့် တိုက်ပွဲအတွင်း စွမ်းအင်ကုန်ဆုံးမှုဖြစ်စဥ်များမှာ ပိုမိုမြန်ဆန်ေနမည် ဖြစ်သည်။
ထိုသို့ပြုလုပ်ထားခြင်းကြောင့် လုံ့လောက်သော စွမ်းအင်ခွန်အားမရှိသူများမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် ပါဝင်နိုင်လိမ့်မည် မဟုတ်ချေ။
ကြီးမားလှသော တောင်ထွတ်ကြီးအား မြူခိုးများမှ ရစ်သိုင်းနေလျက် ရှိ၏။ ကျောက်တုံးစင်မြင့်ကြီးများမှာ တောင်ထွတ်ကြီးပေါ်တွင် အစီအရီရှိနေပြီး အမြင့်သို့တက်ရောက်ရန်ထားရှိထားသော ကြီးမားလှသည့် လှေကားထစ်ကြီးများအသွင် ဖြစ်နေသည်။
ပုံရိပ်ဆယ့်နှစ်ခုမှာ ကျောက်တုံးစင်မြင့်များပေါ်သို့ ပျံဝဲဆင်းသက်လာကြ၏။
ပုံရိပ်ဆယ့်နှစ်ခုအား ဦးဆောင်ထားသည့်သူမှာ ယွမ်ဟောင်ဖြစ်ပြီး ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့မှာ အနောက်မှ လိုက်ပါလာကြသည်။ ဇူယွမ်နှင့် အခြားသူများမှာမူ ခပ်လှမ်းလှမ်းမှသာ လိုက်ပါလာ၏။
ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ယွမ်ဟောင်အား ပိတ်ဆို့ထားလိုက်ကြသည်။
ဝှစ်.....
ဇူထိုက်တို့သုံးဦးလုံးမှာ လျင်မြန်စွာဖြင့်ပင် လှုပ်ရှားလိုက်ကြပြီး ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ယွမ်ဟောင်အား ဦးတည်တိုက်ခိုက်လိုက်ကြ၏။
ဇူထိုက်တို့၏ အပြုအမူကြောင့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်၏အပြင်ဖက်တွင် ဆူညံသွားရလေသည်။ မည်သူကမှ အုပ်စုနှစ်ခုပူးပေါင်းကာ ယွမ်ဟောင်အား တိုက်ခိုက်ကြလိမ့်မည်ဟု ထင်မှတ်မထားခ့ဲကြပေ။
ယွမ်ဟောင်မှာလည်း နောက်ကျောဖက်မှ စွမ်းအင်ပေါက်ကွဲမှုများကို ခံစားသိရှိလိုက်ပြီးနောက် ထိတ်လန့်တုန်လှုပ်မှုပင်မရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်၏။
ဝုန်း....
ချီစွမ်းအင်လှိုင်းသုံးခုမှာ ယွမ်ဟောင်၏ ချီစွမ်းအင်များနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရသော လုဟုန်းအုပ်စုမှ တပည့်များ၏ အမူအရာမှာ ပြောင်းလဲသွားပြီး ယွမ်ဟောင်အား အကူအညီပေးရန် ပြင်ဆင်လိုက်ကြ၏။
သို့သော် ဇူယွမ်နှင့် လုစုန့်၏အုပ်စုမှ တပည့်နှစ်ဦးမှာ လုဟုန်း၏ တပည့်များအား ပိတ်တို့ထားကြလေသည်။
ဝူဟိုင်မှာ ဇူယွမ်အား အေးစက်စွာကြည့်ရှုလိုက်ပြီးနောက် လှမ်း၍အော်ဟစ်လိုက်၏။ "စီနီယာအကိုတော်ယွမ်ဟောင် အဆင်ပြေရဲ့လား။"
ယွမ်ဟောင်မှာ လက်ကိုခါယမ်းပြလျက် ပြန်လည်တုံ့ပြန်လိုက်သည်။ "ငါသူတို့နဲ့ နည်းနည်းလောက် ကစားလိုက်ဦးမယ်။ မင်းတို့သာ ကျန်တဲ့သုံးယောက်ကို ကုိင်တွယ်ထားလိုက်။"
ယွမ်ဟောင်မှာ ဇူထိုက်တို့အားကြည့်ရှု၍ လှောင်ပြောင်သရော်လိုဟန်ဖြင့် ပြုံးကာပြောလိုက်၏။ "မင်းတို့တွေက ပူးပေါင်းထားကြတာပေါ့လေ။ တော်တော်ပါးနပ်ကြတာပဲ။ ဒါပေမယ့် မင်းတို့ပူးပေါင်းလိုက်ရုံနဲ့ ငါ့ကိုတားလို်ရပြီများ ထင်နေကြလား။"
"မင်းတို့မှာ သတ္တိရှိရင် ငါ့နောက်လိုက်ခ့ဲကြ။"
ယွမ်ဟောင်မှာ အေးစက်စွာရယ်မောလိုက်ပြီးနောက် မြူခိုးများ ရစ်ဝဲနေသော တောင်ထွတ်အတွင်းပိုင်းသို့ ပျံဝဲသွားလေတော့သည်။ ယွမ်ဟောင်မှာ တောင်ထွတ်အတွင်းပိုင်းတွင် တိုက်ခိုက်ကြရန် ကြံရွယ်နေခြင်း ဖြစ်၏။
ဇူထိုက်မှ ဇူယွမ်တို့အားကြည့်ကာ စကားဆိုလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ် မင်းတို့သုံးယောက်လုံး ဒီမှာကြာကြာလေး ထိန်းထားပေးစေချင်တယ်။ ယွမ်ဟောင်ကို အနိုင်ယူပြီးသွားရင် ငါတို့ပြန်လာပြီး ကူညီပေးမှာပါ။"
ထို့နောက် ဇူထိုက်တို့သုံးဦးလုံးမှာ လေထုထဲသို့ပျံသန်း၍ ယွမ်ဟောင်၏နောက်သို့ လိုက်ပါသွားကြ၏။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအတွက် အသန်မာဆုံး ပါဝင်ယှဥ်ပြိုင်သူအား ဦးစွာပထမ ထုတ်ပယ်ရန် ကြိုးစာရးပေလိမ့်မည်။ ထိုသို့မှမဟုတ်လျှင် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏အုပ်စုမှာ အနိုင်ရရှိရန် အနည်းငယ်မျှပင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။
ပုံရိပ်လေးခုမှာ မြူခိုးများအတွင်း လျင်မြန်စွာပင် ပျောက်ကွယ်သွားကြ၏။
ဇူယွမ်မှာ ဇူထိုက်တို့၏ပုံရိပ်အား ငေးမောကြည့်ရှုနေပြီးနောက် လုစုန့်၏အုပ်စုမှ ပါဝင်ယှဥ်ပြိုင်သူများဖြစ်ကြသော ယောက်ျားလေးတစ်ယောက်နှင့် မိန်းမငယ်တစ်ယောက်အား ကြည့်ရှုလိုက်သည်။
ယောက်ျားလေးတပည့်မှာ ဟန်ယန်းဟုခေါ်တွင်ပြီး ဖြောင့်မတ်မည့်အသွင်ရှိကာ ကိုယ်လုံးကိုယ်ထည် တောင့်လှ၏။ မိန်းမငယ်လေးမှာမူ ဟန်ယွီဟုခေါ်တွင်ကာ သေးငယ်သော အသွင်အပြင်နှင့် လွန်စွာချစ်စဖွယ်ကောင်းပေသည်။
ထိုနှစ်ဦးမှာ မောင်နှမများ ဖြစ်ကြ၏။
ဟန်ယန်းမှာ ဇူယွမ်အားကြည့်၍ ရိုးသားစွာပင် ပြုံးပြလိုက်သည်။ ဟန်ယွီမှာမူ ဇူယွမ်အား မျက်မှောင်ကျုံ့ကာ ကြည့်ရှုနေ၏။ ဟန်ယွီမှာ လုယန်းနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်သူဖြစ်သောကြောင့် လုယန်းက့ဲသို့ပင် ဇူယွမ်အား စိတ်အလိုမကျဖြစ်နေမိသည်။
"အကိုတော်ဇူယွမ် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားကြတာပေါ့။" ဟန်ယန်းမှ စကားဆိုလိုက်၏။
ဟန်ယွီမှာလည်း ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ငါတို့က ဒီမှာကျန်ခ့ဲဖို့ ေရွးချယ်ပြီးပြီဆိုမှတော့ ဘယ်လိုပဲဖြစ်ဖြစ် တိုက်လိုက်ကြရလိမ့်မယ်။ အခုချိန်မှ ပြန်ပြီးဆုတ်ခွာလို့ မရတော့ဘူး။ ငါတို့ဒီမှာ ထိန်းထားနိုင်သရွေ့ စီနီယာအမတော်လုယန်းတို့ အနိုင်ရရှိဖို့ အခွင့်အရေး ပိုရလိမ့်မယ်။"
"ငါတက်နိုင်သမျှ ကြိုးစားမှာပါ။" ဇူယွမ်မှ ပြုံးကာပြောလိုက်၏။
ဟန်ယွီမှာ ဇူယွမ်အား အလိုမကျဖြစ်နေပါသော်လည်း မည်သည့်စကားမှ ထပ်မံပြောကြားခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဟန်ယွီမှာ ဇူယွမ်ထံမှ အနည်းငယ်မျှပင် မမျှော်မှန်းထားသောကြောင့် ဖြစ်သည်။
ဟန်ယန်းနှင့် ဟန်ယွီတို့မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီး အနီးတွင်ရှိနေသော ပုံရိပ်ငါးခုအား ကြည့်ရှုလိုက်ကြ၏။
ဝူဟိုင်မှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "မင်းတို့တွေက စီနီယာအကိုတော်ယွမ်ဟောင်ကို တားဆီးဖို့အတွက်နဲ့ ပူးပေါင်းထားကြတာပေါ့လေ။"
"ငါပြောလိုက်မယ်...."
"မင်းတို့ရဲ့ အစီအစဥ်က....."
"လုံးဝဟာသပဲ...ဟားဟားဟား။"
အခြားသော တပည့်လေးဦးမှာလည်း ဝူဟိုင်နှင့်အတူ အော်ဟစ်ရယ်မောလိုက်ကြ၏။ ဝူဟိုင်တို့မှာ ယွမ်ဟေယင်၏အခြေအနေအား အနည်းငယ်မျှပင် စိုးရိမ်ပူပန်နေခြင်းမရှိကြောင်း ထင်ရှားလှသည်။
ဝူဟိုင်မှာ အခြားတပည့်လေးဦးအားကြည့်ကာ ဇူယွမ်အားညွှန်ပြ၍ စကားဆိုလိုက်၏။ "ဒီတစ်ယောက်ကို ငါနဲ့ထားခဲ့။ အရင်တစ်ခေါက်က ငါအရှက်ကွဲခ့ဲရတာတွေအတွက် ဒီကောင့်ဆီကနေ ပြန်ယူရမယ်။"
ဝူဟိုင်မှာ သတိလက်လွတ်ဖြစ်သွားသောကြောင့်သာ ဇူယွမ့်ထံ၌ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ယခုအချိန်ထိ ယုံကြည်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ဝူဟိုင်မှာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခ့ဲပါက ဇူယွမ်အား အနိုင်ရရှိရန် လွယ်ကူလိမ့်မည်ဟူ၍ ယူဆထား၏။
အခြားသော တပည့်လေးဦးမှာလည်း ဝူဟိုင်၏ အကြောင်းအရာများအား သိရှိထားသောကြောင့် ငြင်းပယ်ခြင်းမပြုပဲ ခေါင်းညိ်တ်ပြလိုက်ကြသည်။
"သွား။"
ဟန်ယန်းနှင့် ဟန်ယွီမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်ကာ အခြားသောနေရာတစ်ခုသို့ ဦးတည်ပျံသန်းလိုက်ကြ၏။
"သတိထားနော် အကိုတော်ဇူယွမ်။"
လုဟုန်း၏အုပ်စုမှ တပည့်လေးဦးမှာ လှောင်ပြောင်ရယ်မောလိုက်ကြပြီးနောက် ဟန်ယန်းတို့၏နောက်သို့ လိုက်ပါပျံသန်းသွားကြသည်။
ယခုဆိုလျှင် ကျောက်တုံးစင်မြင့်ပေါ်၌ ဝူဟိုင်နှင့် ဇူယွမ်နှစ်ဦးသာ ကျန်ရှိတော့၏။
ဝူဟိုင်မှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုကာ စကားဆိုလိုက်သည်။
"ဇူယွမ် ငါမင်းကို ဘယ်လိုနှိပ်စက်မလဲဆိုတာ ကြည့်နေလိုက်။"