← Chapters

ဓားကွက်တစ်ကွက်

Vol. 34 Ch. 460

ဓားကွက်တစ်ကွက်

Vol. 34 Ch. 460

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်ခုနှစ်ခုလုံးတွင် လူပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး အော်ဟစ်အားပေးသံများမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေလေသည်။

ပါဝင်ယှဥ်ပြိုင်သူများအားလုံးမှာ ရွေးချယ်ခြင်းတောင်ထွတ်များအတွင်းသို့ ရောက်ရှိနေကြပြီဖြစ်ပြီး တိုက်ပွဲများမှာလည်း စတင်ဖြစ်ပေါ်နေကြပြီပင် ဖြစ်၏။

အခြားသောတောင်ထွတ်ခြောက်ခုနှင့် နှိုင်းယှဥ်ရမည်ဆိုပါလျှင် မူလသူတော်စင်တောင်ထွတ်မှာ ပါဝင်ယှဥ်ပြိုင်သူ အနည်းဆုံးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်မှာ အုပ်စုသုံးခုသာရှိပြီး အခြားသောတောင်ထွတ်များမှာမူ အနည်းဆုံး အုပ်စုခုနစ်ခုမျှ ရှိနေကြခြင်းကြောင့်ပင် ဖြစ်၏။

မူလသူတော်စင်တောင်ထွတ်တွင် ပါဝင်ယှဥ်ပြိုင်သူ နည်းပါးသော်လည်း လူအများမှ အလွန်ပင် စိတ်ဝင်စားကြလေသည်။ ကလန်၏ ထိပ်သီးပုဂ္ဂိုလ်ခြောက်ဦးသည်ပင် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား အာရုံစိုက်ခ့ဲ​ြက၏။

ခုန်းရှန်နှင့် ချူချင်းတို့၏ အလောင်းအစားကြောင့် ရွေးချယ်ခံများမှာလည်း မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား အာရုံစိုက်မိနေကြသည်။ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့အုပ်စုနှစ်ခု ပူးပေါင်းတိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါတွင် ခုန်းရှန်မှ အေးစက်စွာ ရယ်မောလိုက်၏။

"ဒီအုပ်စုနှစ်ခုက ဦးနှောက်တော့ ရှိသေးသားပဲ။" ခုန်းရှန်မှ လှောင်ပြောင်သရော်လိုဟန်ဖြင့် ရေရွတ်လိုက်သည်။ လုဟုန်း၏အုပ်စုမှာ အလွန်ပင် အင်အားကြီးနေသောကြောင့် အခြားအုပ်စုနှစ်ခုမှ ပူးပေါင်း၍တိုက်ခိုက်ခြင်းမပြုလျှင် လျင်မြန်စွာပင် ရှုံးနိမ့်သွားရပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ယခုက့ဲသို့ ပူးပေါင်းတိုက်ခိုက်နေခြင်းကိုပင် ခုန်းရှန်မှ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မဖြစ်မိပေ။ အဘယ့်ကြောင့်ဆိုသော် စွမ်းရည်ချင်းမှာ အလွန်ပင် ကွာခြားနေသောကြောင့် ဖြစ်၏။

ခုန်းရှန်မှာ ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင်ရှိနေသော ပုံရိပ်နှစ်ခုအား ကြည့်ရှုလိုက်သည်။

ခုန်းရှန်မှာ ဝူဟိုင်နှင့်ဇူယွမ်တို့၏ တိုက်ခိုက်မှုအကြောင်းကို ကြားသိခ့ဲရပြီးဖြစ်သော်လည်း ဇူယွမ်အနိုင်ရရှိခဲ့ခြင်းမှာ ဝူဟိုင်၏သတိမထားမှုကြောင့်သာဖြစ်သည်ဟု ယူဆထား၏။ ထို့ကြောင့် ယခုအကြိမ်တွင် ဇူယွမ်မှာ လွယ်ကူစွာဖြင့် အနိုင်ရရှိလိမ့်မည် မဟုတ်ချေ။

ဝူဟိုင်မှ ဇူယွမ်အား ထိန်းချုပ်ထားလိုက်လျှင် အခြားတပည့်လေးဦးမှ ဟန်မောင်နှမအား လျင်မြန်စွာဖြင့် ကိုင်တွယ်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အခြေအနေများမှာ လုဟုန်း၏အုပ်စုကသာ အသာစီးရနေဆဲ ဖြစ်သည်။

ယွမ်ဟောင်အတွက်ကတော့.....

ခုန်းရှန်မှ ခပ်ဖွဖွရယ်မောလိုက်၏။ ပူးပေါင်းတိုက်ခိုက်ရုံမျှနှင့် ယွမ်ဟောင်အား တားဆီးနိုင်မည် မဟုတ်ပေ။ အဆုံး၌ တပည့်ခေါင်းဆောင်နေရာအား လုဟုန်း၏ အုပ်စုမှသာ ရရှိနိုင်မည် ဖြစ်သည်။

..........

ဇူယွမ်မှာ မထီမဲ့မြင်ပြုစွာ ကြည့်ရှုနေသော ဝူဟိုင်အားကြည့်ကာ လက်သီးဆုပ်ရင်းဖြင့် ပြောလိုက်၏။ "အရင်တစ်ခေါက်တုန်းက ငါနဲ့တိုက်ခိုက်ထားတာကို မင်းမမှတ်သေးတဲ့ပုံပဲ။"

ဝူဟိုင်၏အမူအရာမှာ ခက်ထန်သွားရသည်။ လွန်ခ့ဲသောတစ်လခန့်က ဝူဟိုင်မှာ ဇူယွမ်ထံတွင် ရှုံးနိမ့်ခဲ့ရသောကြောင့် အလွန်ပင် အရှက်ကွဲခ့ဲရ၏။ ထိုကိစ္စကြောင့် လုဟုန်းမှ သူ့အားပြိုင်ပွဲမှ ထုတ်ပယ်လိုက်မည်ကိုပင် စိတ်ပူခ့ဲရသည်။

ထို့ကြောင့် ဝူဟိုင်မှာ ဇူယွမ်အား အလွန်ပင် မုန်းတီးနေမိ၏။ ထိုသို့အရှက်တကွဲ ဖြစ်ခ့ဲရခြင်းများ အားလုံးအတွက် ဇူယွမ်မှ ပြန်လည်ခံစားရသင့်ပေသည်။

"မင်းငါ့ကို ပြန်ပြီးဒူးထောက်စေရမယ်။" ဝူဟိုင်မှာ ပြင်းထန်လှသော ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်၏။ ဖြစ်ပေါ်လာသော စွမ်းအင်ဖိအားများကြောင့် ဝူဟိုင်ခြေဖဝါးအောက်ရှိ မြေပြင်များသည်ပင် အက်ကွဲလာရသည်။

ထို့နောက် ဝူဟိုင်၏လက်ထဲတွင် အနီရောင်ဓားရှည်တစ်ခု ပေါ်ထွက်လာပြီး လေထုအတွင်းရှိ ချီစွမ်းအင်များကို စုပ်ယူသွား၏။ ထိုအနီရောင်ဓားရှည်မှာ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်တစ်ခု ဖြစ်သည်။

ဇူယွမ်အား တစ်ကြိမ်ရှုံးနိမ့်ခဲ့ရပြီးသည့်နောက်တွင် ဝူဟိုင်မှာ စွမ်းအင်များအား ချန်လှပ်ထားရန် မဝ့ံရဲတော့ပေ။ ထို့ကြောင့် လုဟုန်းမှပေးအပ်ထားသည့် ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်ဖြစ်သော အနီရောင်ဓားရှည်အားထုတ်ယူကာ စွမ်းအင်များကို အထွတ်အထိပ်ဆီသို့ မြှင့်တင်လိုက်၏။

ဝူဟိုင်မှာ ယုံကြည်မှုရှိနေသော မျက်ဝန်းများဖြင့် ဇူယွမ်အား အေးစက်စွာ ကြည့်ရှုလိုက်သည်။ "ဇူယွမ် အရင်တစ်ခါက ငါသတိမထားမိခ့ဲလို့ မင်းဆီမှာ တစ်ချက်တည်းနဲ့ ရှုံးနိမ့်ခဲ့ရတာ။ အဲ့ဒါကြောင့် ဒီတစ်ခါကတော့ မင်းခံစားကြည့်ရမယ့်အလှည့်ပဲ။"

ဝူဟိုင်မှာ ကောင်းကင်ထက်သို့ ပျံသန်းလိုက်ပြီးနောက် အနီရောင်ဓားရှည်မှလည်း အနီရင့်ရောင်အလင်းတန်းများ ဖြာထွက်လာသည်။ ထိုဓားရှည်မှာ လေထုအတွင်းရှိ စွမ်းအင်များအား စုပ်ယူနေလျက်ရှိပြီး ပြင်းထန်လှသော ဖိအားလှိုင်းများကို ထုတ်လွှတ်နေ၏။

ဝူဟိုင်၏ပုံစံမှာ အလွန်ပင် ပြတ်သားလှပြီး ဇူယွမ်အား အညှာအတာကင်းမဲ့စွာဖြင့် ပြန်လည်လက်စားချေမည့်ပုံ ရှိသည်။ ဝူဟိုင်မှာ ဇူယွမ်၏ လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခ့ဲရခြင်း ဖြစ်၏။ ထို့ကြောင့် ဇူယွမ်အားလည်း တိုက်ခိုက်မှုတစ်ကွက်တည်းဖြင့် ပြန်လည်အနိုင်ယူမည့်ဟန် ရှိသည်။

"အဆင့်နိမ့်ကောင်းကင်ဘုံကျင့်စဥ် အလင်းခွင်းဓား။"

ပတ်ဝန်းကျင်မှ စွမ်းအင်လှိုင်းများအားလုံးမှာ အနီရောက်ဓားရှည်ဆီသို့ စုဝေးသွားကာ အနီရင့်ရောင် ဓားအလင်းတန်းမှလည်း ပိုမိုပြန့်ကားလာ၏။

ဝူဟိုင်မှာ တောင်များကိုပင် ဖြိုခွင်းနိုင်သောအင်အားဖြင့် အနီရောင်ဓားရှည်အား လွှဲ၍ခုတ်ချလိုက်သည်။

ဝုန်း....

ချက်ချင်းဆိုသလိုပင် ဓားအလင်းတန်းမှာ ပေရှစ်ရာကျော်မျှအထိ ပြန့်ကားသွားပြီး ကြောက်မက်ဖွယ်ရာကောင်းစွာဖြင့် ဇူယွမ်ဆီသို့ ဦးတည်ပျံဝဲလာ၏။

စောင့်ကြည့်နေကြသော တပည့်များမှာ တိုက်ပွဲအခြေအနေများကြောင့် အမူအရာများပင် ပြောင်းလဲသွားရသည်။ မည်သူကမှ တိုက်ပွဲအစ၌ပင် ဝူဟိုင်မှာ အကောင်းဆုံးဝှက်ဖဲအား ထုတ်၍အသုံးချလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ဝူဟိုင်မှာ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်အား အသုံးပြုရုံမျှမကသေးပဲ ကောင်းကင်ကျင့်စဥ်ကိုပါ ထပ်တိုးအသုံးချခ့ဲ၏။

ထိုမြင်ကွင်းအား ကြည့်ရှုနေကြသော စိန်းထိုက်ယွမ်နှင့် တပည့်များ၏မျက်နှာမှာ အလွန်ပင် တင်းမာခက်ထန်နေရသည်။

တစ်ဖက်တွင်မူ လုဟုန်းမှာ ကျေနပ်အားရနေသော အမူအရာဖြင့် ပြုံးကာခေါင်းညိတ်နေလျက် ရှိ၏။ ဝူဟိုင်မှာ ဆင်ခြင်တုံတရား ကင်းမဲ့သူတစ်ဦး မဟုတ်ချေ။ ဇူယွမ်မှာ ပြင်ပသန်မာမှုကျင့်စဥ်အား ကျင့်ကြံနေသည့်သူဖြစ်သည့်အတွက် အချိန်ဖြုန်းနေခြင်းမပြုတော့ပဲ အခက်ထန်ဆုံး တိုက်ခိုက်လိုက်ခြင်းကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

"အလင်းခွင်းဓားကျင့်စဥ်က ဓားကပ်ဘေးတောင်ထွတ်က အကောင်းဆုံးကျင့်စဥ်တွေထဲက တစ်ခုပဲ။ အဲ့ကျင့်စဥ်ကို ကောင်းကင်တစ်ပိုင်း မူလလက်နက်နဲ့ ပေါင်းစည်းအသုံးပြုလိုက်တော့ ဇူယွမ်ခုခံလို့တောင် ရတော့မှာမဟုတ်ဘူး။" လုဟုန်းမှ အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။

လုဟုန်းဘေးတွင်ရှိနေသော တပည့်များမှာလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ ကြည့်ရသည်မှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် ပထမဆုံး နှုတ်ထွက်ရမည့်သူမှာ ဇူယွမ်ပင် ​ဖြစ်ရပေလိမ့်မည်။

ဓားအလင်းတန်းမှာ ကျဆင်းလာသည်နှင့်အမျှ မြေပြင်မှာလည်း ပိိုမိုအက်ကွဲလာရ၏။

ဇူယွမ်မှာ ခေါင်းကိုမော့ကာ ကျဆင်းလာနေသော ဓားအလင်းတန်းအား ကြည့်ရှုလိုက်သည်။

အဟက်....ဝူဟိုင်က နည်းနည်းတော့ တွေးတက်လာပြီပဲ....

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်လိုက်သည်နှင့်တကွ ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများမှာ စုတ်တံဆီသို့ စုဝေးလာ၏။ ဇူယွမ်ထံမှ ထွက်ရှိနေသော စွမ်းအင်ဖိအားများမှာ ​ပိုမိုပြင်းထန်လာသည်။

ဇူယွမ်မှာ ကျဆင်းလာနေသော ဓားအလင်းတန်းအား တည်ငြိမ်စွာပင် ကြည့်ရှုလိုက်ပြီးနောက် တိုးညင်းစွာ ရေရွတ်လိုက်၏။ "ချီဖြိုခွဲခြင်း...."

နှင်းကဲ့သို့ ဖြူဖွေးနေသော ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးများမှာ တောက်ပနေသော အမည်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ် ကျောက်စိမ်းရောင်အသားအရေ...."

ဇူယွမ်၏ခန္ဓာကိုယ်မျက်နှာပြင်တစ်ခုလုံးမှာ ကျောက်စိမ်းရောင်သဲ့သဲ့မျှ လင်းလက်လာ၏။

ထို့နောက် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားရင်းဖြင့် အော်ဟစ်လိုက်သည်။ "သန်းချီသော နဂါးဝေလငါးမှော်စာလုံး...."

ကောင်းကင်ဘုံယွမ်စုတ်တံမှာ ကျဆင်းလာနေသော ဓားအလင်းတန်းဆီသို့ ဦးတည်ပျံဝဲသွား၏။

ကောင်းကင်ဘုံယွမ်စုတ်တံထံမှ ကြီးမားလှသော ဝေလငါးကြီး၏ပုံရိပ်သ့ဲသ့ဲမျှ ထွက်ပေါ်လာသည်။

များစွာသောအကြည့်များ၏အောက်၌ပင် ဓားအလင်းတန်းနှင့် အနက်ရောင်စုတ်တံထိပ်ဖျားတို့ တွေ့ဆုံသွားကြ၏။

ဝုန်း....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားပြီး လေထုအတွင်းရှိ မြူခိုးများသည်ပင် ဆုတ်ဖြဲခံလိုက်ရသည်။ ကျောက်တုံးစင်မြင့်တစ်ခုလုံးမှာလည်း ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားရကာ အက်ကွဲကြောင်းများ အဆက်မပြတ် ဖြစ်ပေါ်နေ၏။ စွမ်းအင်နှစ်ခု၏ ထိ်ပ်တိုက်တွေ့ဆုံမှုမှာ အလွန်ပင် ပြင်းထန်ခ့ဲကြောင်း ထင်ရှားလှသည်။

စောင့်ကြည့်နေသော တပည့်များမှာ ကူကယ်ရာမဲ့စွာဖြင့် တံထွေးများပင် မြိုချမိကြ၏။ ဝူဟိုင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုအား ဇူယွမ်မှ ရှောင်ရှားခြင်းပင်မပြုပဲ ရင်ဆိုင်တိုက်ခိုက်ခ့ဲသည်။ ဇူယွမ်မှာ အမှန်တကယ်ပင် အသိဥာဏ်မဲ့လွန်းလှ၏။

လုဟုန်း၏ နှုတ်ခမ်းထက်တွင် လှောင်ပြောင်သရော်လိုသော အပြုံးတစ်ခု ပေါ်လာသည်။ ကြည့်ရသည်မှာ ပထမဆုံး နှုတ်ထွက်ရမည့်သူ ပေါ်ထွက်လာတော့မည်ပင် ဖြစ်၏။

တပည့်များမှာ ပြိုကျနေလျက်ရှိသော ကျောက်တုံးစင်မြင့်အား သနားဂရုဏာသက်စွာဖြင့် ကြည့်ရှုလိုက်ကြသည်။

ေကာင်းကင်ထက်တွင် ပျံဝဲနေသော ဝူဟိုင်မှာ ေကျနပ်အားရစွာဖြင့် ကျောက်တုံးစင်မြင့်အား ကြည့်ရှုနေ၏။

ဖြည်းညင်းစွာဖြင့် ကျောက်တုံးစင်မြင့်ပေါ်ရှိ ဖုန်မှုန့်များမှာ ပျောက်ကွယ်သွားပြီး မြင်ကွင်းမှာလည်း ထင်ရှားလာခ့ဲသည်။

ကျန်ရှိနေသော ကျောက်တုံးစင်မြင့်ပေါ်တွင် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားလျက် ရှိနေ၏။ ဇူယွမ်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်စိမ်းရောင်သ့ဲသဲ့ တောက်ပနေကာ ရွှေရောင်ချီစွမ်းအင်များမှ ရစ်ပတ်ထားလျက် ရှိသည်။

ဇူယွမ်၏ အကောင်ပကတိအတိုင်းရှိနေသော ပုံရိပ်အား မြင်တွေ့လိုက်ရပြီးနောက် ရွေးချယ်ခြင်းတောင်ထွတ်အပြင်ဖက်မှ စောင့်ကြည့်နေသော တပည့်များမှာ မယုံကြည်နိုင်သော အမူအရာများဖြင့် အ့ံအားသင့်ကုန်ရ၏။

ဇူယွမ်မှာ ထိုနေရာမှ ခြေတစ်လှမ်းစာမျှပင် ရွေ့လျားခ့ဲခြင်းမရှိကြောင်း တွေ့ရှိနိုင်ပေသည်။

တစ်နည်းဆိုရလျှင်မူ ဝူဟိုင်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုမှာ ဇူယွမ်အပေါ်တွင် အနည်းငယ်မျှပင် သက်ရောက်မှုမရှိခ့ဲခြင်း ဖြစ်၏။

လုဟုန်း၏ အမူအရာမှာ ခက်ထန်သွားရသည်။

ကောင်းကင်ထက်တွင် ပျံဝဲလျက်ရှိနေသော ဝူဟိုင်၏ အမူအရာမှာလည်း ပျက်ယွင်းသွားရ၏။

"ဒါ....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

ကျောက်တုံးစင်မြင့်ပေါ်တွင်ရှိနေသော ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် ဝူဟိုင်အားကြည့်၍ ပြောလိုက်သည်။

"ဒါကမင်းရဲ့အကောင်းဆုံးတိုက်ကွက်လား...."

ဇူယွမ်မှာ ခေါင်းကိုခါယမ်းကာ စကားဆက်လိုက်၏။

"အဲ့ဒါဆိုရင်တော့ ပြိုင်ပွဲကနေ မင်းထွက်သွားလိုက်တော့။ ငါ့အချိန်တွေကို လာဖြုန်းမနေနဲ့။"

All Chapters