← Chapters

လက်သီးတစ်ချက်

Vol. 34 Ch. 461

လက်သီးတစ်ချက်

Vol. 34 Ch. 461

အကောင်းပကတိအတိုင်းရှိနေသော ဇူယွမ်အား တွေ့မြင်လိုက်ရပြီးနောက်တွင် ရွေးချယ်ခြင်းတောင်ထွတ်အပြင်ဖက်ရှိ စောင့်ကြည့်နေကြသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူညံသွားခ့ဲရသည်။ ဖြစ်ပေါ်သွားသော တိုက်ပွဲရလာဒ်သည် လူတိုင်းခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေ၏။

လူတိုင်းမှာ ဝူဟိုင်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုသည် ဇူယွမ်အား အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ မဖြစ်ခဲ့ရသည်ကို အ့ံအားသင့်နေရသည်။

"ဒါ...ဒါ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

စိန်းထိုက်ယွမ်၏ တပည့်များမှာလည်း အ့ံအားသင့်သွားရပြီးနောက် အသိစိတ်ဝင်လာကာ ဇူယွမ်အား အော်ဟစ်အားပေးကြတော့၏။

စိန်းထိုက်ယွမ်၏ တပည့်များမှာ ဇူယွမ်အား ပြိုင်ပွဲမှ ပထမဆုံးထွက်ခွာရမည့်သူဟု ထင်မှတ်ထားခ့ဲသော်လည်း အဆုံး၌ တိုက်ပွဲအခြေအနေများမှာ ပြောင်းလဲသွားခ့ဲသည်။

ခက်ထန်နေသော စိန်းထိုက်ယွမ်၏ အမူအရာမှာလည်း ပြန်လည်ပြေလျော့လာကာ ကျောက်တုံးစင်မြင့်ပေါ်ရှိ ဇူယွမ်၏ပုံရိပ်အား ကျေနပ်အားရနေဟန်ဖြင့် ကြည့်ရှုလိုက်၏။

အောင်ပွဲခံနေကြသော စိန်းထိုက်ယွမ်တို့အုပ်စု၏ တစ်ဖက်တွင်မူ လုဟုန်းတို့မှာ ​တိတ်ဆိတ်ငြိမ်သက်နေရသည်။ လုဟုန်း၏ တပည့်များမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး နားလည်ရခက်စွာ ကြည့်ရှုနေကြ၏။

လုဟုန်းမှာ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် အမူအရာများ တင်းမာခက်ထန်လာသည်။

ကောင်းကင်ထက်တွင်ရှိနေသော ချူချင်းမှာ လက်ခုပ်တီးလျက် ပြုံးကာပြောလိုက်၏။ "ဇူယွမ်ကအရည်အချင်းတွေကို သေချာဖုံးကွယ်ထားတာပဲ။"

ခုန်းရှန်မှာ မြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့်  မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။ "တိုက်ပွဲအဆုံးအဖြတ်ကို သိရဖို့တော့ စောပါသေးတယ်။"

ချူချင်းမှာ ပြုံးလျက်သာရှိနေပြီး မည်သည့်စကားမှ တုံ့ပြန်ခြင်းမပြုချေ။

ရွေးချယ်ခံများ၏ အထက်တွင်ရှိနေသော ချီကြာပွင့်ခြောက်ခုဆီမှ တောင်ထွတ်ဆရာသခင်များမှာလည်း တိုက်ပွဲများအား လိုက်လံကြည့်ရှုနေကြသောကြောင့် ဇူယွမ်တို့၏ တိုက်ပွဲကိုလည်း မြင်တွေ့သွားကြ၏။

"အမ်...."

ဟုန်ယာတောင်ထွတ်၏ ဆရာသခင်ဂူထံမှ အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာသည်။ တောင်ထွတ်ဆရာသခင်ဂူ၏ ခန္ဓာကိုယ်မှာ ကောင်းကင်ထောက်တိုင်ကြီးအလား တောင့်တင်းထည်ဝါလှ၏။ တောင်ထွတ်ဆရာသခင်ဂူမှာ အ့ံအားသင့်စွာဖြင့် သတိမထားမိပဲ အားပြု၍ကြည့်ရှုလိုက်မိသောကြောင့် ပတ်ဝန်းကျင်ရှိ  လေထုသည်ပင် အနည်းငယ် ဆုတ်ပြဲသွားရသည်။

ထိုသို့ဖြစ်သွားရခြင်းမှာ တောင်ထွတ်ဆရာသခင်ဂူ၏ ပြင်ပခန္ဓာကျင့်စဥ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာနေသောကြောင့် ဖြစ်၏။

ဟုန်ယာတောင်ထွတ်မှာ ပြင်ပသန်မာမှုကျင့်စဥ်အား အထူးပြုလေ့ကျင့်ပေးသော တောင်ထွတ်ဖြစ်သည့်အလျောက် ဆရာသခင်ဂူမှာ ကန်ရွှမ်းကလန်တစ်ခုလုံးတွင် ပြင်ပခန္ဓာကျင့်စဥ် အကောင်းဆုံးသူ ဖြစ်သည်။

ဆရာသခင်ဂူမှာ အ့ံအားသင့်နေသော အမူအရာဖြင့် ဇူယွမ်၏ပုံရိပ်အားကြည့်ကာ ရေရွတ်လိုက်၏။ "ဒါ...ဒါက..အ့ံဖွယ်ကျောက်စိမ်းရောင်အသားအရေလား။"

"မဖြစ်နိုင်တာ...အ့ံဖွယ်ကျောက်စိမ်းရောင်အသားအရေက ဆန်းကြယ်သောခန္ဓာကျင့်စဥ်ရှိမှ ရမှာလေ။"

"ဒါပေမယ့်...အရမ်းတူနေသလိုပဲ။"

ဆရာသခင်ဂူ၏ စကားများအား အခြားသော တောင်ထွတ်ဆရာသခင်ငါးဦးမှလည်း ကြားလိုက်ရသည်။

ကလန်ခေါင်းဆောင်ချင်းယန်မှာ အ့ံအားသင့်သွားပြီး ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုလိုက်၏။ ဆန်းကြယ်သောခန္ဓာကျင့်စဥ်မှာ ကန်ရွှမ်းကလန်၏ ကျမ်းစာခုနစ်ခုထဲမှ တစ်ခုဖြစ်ပြီး ဟုန်ယာတောင်ထွတ်မှ ပိုင်ဆိုင်သောကျင့်စဥ် ဖြစ်သည်။ သာမန်ခရမ်းရောင်ခါးစည်း တပည့်တစ်ဦးဖြစ်သော ဇူယွမ်မှာ ထိုကျင့်စဥ်နှင့် ​သက်ဆိုင်မှုမရှိသင့်ပေ။

ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "ကျွန်တော်တို့ သူ့ကိုခေါ်ပြီး မေးကြည့်လိုက်ရင် သိရမှာပဲလေ။"

ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းကိုခါယမ်းကာ တုံ့ပြန်လိုက်သည်။ "ေရွးချယ်တဲ့အခမ်းအနား မပြီးဆုံးသေးတဲ့အတွက် သူ့ကိုခေါ်မေးလို့မရဘူး။ ပြီးတော့ အဲ့ဒါက အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဥ်လည်း မဟုတ်ဘူး။ ငါခန့်မှန်းတာ မမှားဘူးဆိုရင်တော့ သူအသုံးပြုနေတာက ဆန်းကြယ်သောခန္ဓာကျင့်စဥ်ကနေ ခွဲထွက်လာတဲ့ ကျင့်စဥ်တစ်ခုပဲ။"

ဆရာသခင်ဂူမှ အ့ံအားသင့်စွာဖြင့် လျင်မြန်စွာ ပြောလိုက်၏။ "ဆန်းကြယ်သောခန္ဓာကျင့်စဥ်ကနေ ခွဲထွက်လာတဲ့ ကျင့်စဥ်တဲ့လား။ ဟုန်ယာတောင်ထွတ်မှာတောင် အဲ့လိုကျင့်စဥ် မရှိဘူး။ သူကဘယ်ကရတာလဲ။"

ဆန်းကြယ်သောခန္ဓာကျင့်စဥ်မှ ကျင့်စဥ်ငယ်တစ်ခု ခွဲထုတ်ရန်မှာ သာမန်တပည့်တစ်ဦး ပြုလုပ်ရန် မဖြစ်နိုင်သော အရာပင်ဖြစ်သည်။

ကလန်ခေါင်းဆောင်ချင်းယန်မှ ခပ်ဖွဖွရယ်မောကာ စကားဆက်လိုက်၏။ "ဇူယွမ်လုပ်တာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ကန်ရွှမ်းကလန်ရဲ့ ကျမ်းစာတွေနဲ့ ရင်းနှီးပြီးတော့ ခွဲထုတ်နိုင်တဲ့အထိ လုပ်နိုင်တဲ့သူက ရွှမ်အဖိုးအို တစ်ယောက်ပဲရှိတယ်။"

"ရွှမ်အဖိုးကြီးလား..."

ဆရာသခင်ဂူမှ နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်မိသည်။

ဆရာသခင်လင်ကျွမ်းမှ မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်၏။ "ရွှမ်အဖိုးအိုရဲ့လုပ်ရပ်က လက်သင့်မခံနိုင်စရာပဲ။"

ဆရာသခင်မလျို့လျန်းယီမှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "နင့်ရဲ့ မူလသူတော်စင်တောင်ထွတ်က အစီအစဥ်တွေကို ဇူယွမ်က ဖျက်စီးပစ်လိုက်မှာ စိုးရိမ်နေတာမလား။"

လင်ကျွမ်းမှာ လျို့လျန်းယီ၏ စကားများအား လျစ်လျူရှုလိုက်၏။ ထို့နောက် လင်ကျွမ်းမှ မိုးကြိုးအကျဥ်းထောင်တောင်ထွတ်၏ ဆရာသခင်လဲ့ကျွမ်းအားကြည့်ကာ ပြောလိုက်သည်။ "ဆရာသခင်လဲ့ကျွမ်းက ကလန်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို သေချာကိုင်တွယ်တဲ့သူပဲ။ အခု ရွှမ်အဖိုးကြီးရဲ့လုပ်ရပ်က စည်းကမ်းနဲ့ မသင့်တော်ဘူးလို့ ခံစားရလား။"

လ့ဲကျွမ်းမှာ အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားလျက်ရှိပြီး တည်ကြည်မှုရှိသော အမူအရာဖြင့် လေးစားဖွယ်ပုံစံ ရှိ​ေန၏။ လ့ဲကျွမ်းမှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "ရွှမ်အဖိုးကြီးရဲ့လုပ်ရပ်က နည်းနည်းတော့ စည်းကျော်နေတယ်။ ဒါကို မင်းမကျေနပ်ရင် သူ့ဆီသွားပြီး ကိုယ်တိုင်ပြောလိုက်။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့စည်းမျဥ်းတွေကတော့ သူ့အပေါ် သက်ရောက်မှာ မဟုတ်ဘူး။"

လင်ကျွမ်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းအားခါယမ်းလိုက်သည်။ ရွှမ်အဖိုးအိုနှင့် လ့ဲကျွမ်းမှာ ကန်ရွှမ်းကလန်တွင် အချိန်အကြာဆုံး နေထိုင်လာသူနှစ်ဦးဖြစ်သောကြောင့် မည်သူကမှ မထိပါးလိုကြချေ။

ကလန်ခေါင်းဆောင်ချင်းယန်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။ "ရွှမ်အဖိုးအိုရဲ့ သင်ကြားပြသမှုကို ရရှိတယ်ဆိုတာ ဇူယွမ် ကံကောင်းလို့ပဲလေ။ ငါတို့ဝင်ပါနေစရာ မလိုအပ်ပါဘူး။"

ဆရာသခင်ဂူမှ ဇူယွမ်၏ပုံရိပ်အားကြည့်ကာ စိတ်ဝင်စားနေဟန်ဖြင့် ရေရွတ်လိုက်သည်။ "အရင်တစ်ခေါက် ငါသူ့ကိုတွေ့တုန်းက သူပြင်ပသန်မာမှုကျင့်စဥ်ကို မကျင့်ကြံရသေးဘူး။ ဒီလောက်အချိန်တိုတိုလေးနဲ့ ကျောက်စိမ်းရောင်အသားအရေ ရရှိတဲ့သူကို ငါတစ်ခါမှ မကြုံတွေ့ခဲ့ဖူးဘူး။ အဲ့ဒါက သူ့မှာ ပြင်ပသန်မာမှုကျင့်စဥ်နဲ့ပက်သက်ပြီးတော့ ပါရမီပါတယ်ဆိုတာ ပြနေတာပဲ။ သူသာ ငါ့ရဲ့ဟုန်ယာတောင်ထွတ်ကိုရောက်လာရင် နှစ်အနည်းငယ်အတွင်း ရှန့်ချွမ်ချူးလိုမျိုး ဖြစ်လာလိမ့်မယ်။"

ရှန့်ချွမ်ချူးမှာ ဟုန်ယာတောင်ထွတ်မှ အထူးချွန်ဆုံး တပည့်တစ်ဦးဖြစ်ပြီး ကန်ရွှမ်းကလန်၏ ရွေးချယ်ခံဆယ်ဦးထဲတွင် ပါဝင်သူတစ်ဦးဖြစ်၏။

မူလမှော်စာလုံးတောင်ထွတ်မှ ဆရာသခင်မျက်ခုံးဖြူမှာလည်း နှုတ်ခမ်းအစုံ ရှုံ့မဲ့လျက် စကားဆိုလိုက်သည်။ "ဒီကောင်လေးက မူလမှော်စာလုံးပညာရပ်မှာလည်း တော်တော်လေးကောင်းတယ်။ သူသာငါ့ရဲ့ မူလမှော်စာလုံးတောင်ထွတ်ကိုလာရင် သူ့ရဲ့အနာဂတ်က ေတာက်ပနေမှာ သေချာတယ်။ မင်းတို့လို ခြေတွေ၊ လက်တွေ သန်မာနေအောင် ကျင့်ကြံတာက ဘာထူးလာမှာမို့လို့်လဲ။"

"ပြီးတော့ အရေးကြီးတာက သူသာ ငါ့ရဲ့တောင်ထွတ်ဆီလာရင် ဇူရှောင်ယိုလည်း ပါလာမှာပဲ။"

"မင်းကဘာသိလို့လဲ။" ဆရာသခင်ဂူမှ ဒေါသထွက်နေဟန်ဖြင့် ဆရာသခင်မျက်ခုံးဖြူအား ကြည့်ရှုလိုက်သည်။ ဆရာသခင်ဂူ၏ ဒေါသစိတ်ကြောင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်များသည်ပင် ပေါက်ကွဲကုန်ရ၏။

ဆရာသခင်မျက်ခုံးဖြူမှ ခွန်းတုံ့ပြန်တော့မည့် အချိန်မှာပင် ကလန်ခေါင်းဆောင်ချင်းယန်မှ ဝင်ရောက်ပြောဆိုလိုက်၏။ "စကားမများကြပါနဲ့။"

ဆရာသခင်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မကျေနပ်စွာဖြင့် ကြည့်ရှုကာ နှာခေါင်းရှုံ့လိုက်ကြလေသည်။

.........

ဇူယွမ်၏ ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်သဲ့သဲ့မျှ လင်းလက်နေပြီး ပုံမှန်ထက်ပို၍ ခန့်ညားနေသယောင် ရှိ၏။ ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားရင်းဖြင့် ကောင်းကင်ထက်တွင် ပျံဝဲနေသော ဝူဟိုင်အား ကြည့်ရှုလိုက်သည်။

ဝူဟိုင်၏ တိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်လှပါသော်လည်း ကောင်းကင်ဘုံယွမ်စုတ်တံ၏ ချီဖြိုခွဲခြင်းစွမ်းအင်ဖြင့်  ဇူယွမ်မှ လွယ်ကူစွာပင် ချိုးဖျက်နိုင်ခ့ဲ၏။

ဝူဟိုင်မှာ အသိစိတ်ပြန်ဝင်လာဟန်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ " မဖြစ်နိုင်တာ....မင်းဘယ်လိုလုပ်လိုက်တာလဲ။"

ဇူယွမ်မှ ခေါင်းကိုခါယမ်းလျက် ပြန်လည်တုံ့ပြန်လိုက်၏။ "ကြည့်ရတာ မင်းက ကိုယ့်ဘာသာ ထွက်သွားချင်စိတ် မရှိသေးဘူးပဲ။"

ဝူဟိုင်၏ အမူအရာမှာ ခက်ထန်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ "ဟားဟားဟား....အရမ်းလည်း ကျေနပ်မနေနဲ့ဦး ဇူယွမ်။ မင်းရဲ့အကာအကွယ်က ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့ရဲ့အဖွဲ့သားက ဟိုနှစ်ယောက်ကို ရှင်းပြီးတာနဲ့ ဒီကိုပြန်လာကြတော့မှာ။ အဲ့အချိန်ကြရင် မင်းငါးယောက်တစ်ယောက် ယှဥ်တိုက်နိုင်ပါတော့မလား။"

ဝူဟိုင်မှာ ခါးသက်စွာဖြင့်ပင် ဇူယွမ်အား အနိုင်မရနိုင်သော အချက်အား လက်ခံခဲ့ရ၏။ ထို့ကြောင် ဝူဟိုင်မှာ သေချာစဥ်းစားတွေးတောပြီးသည့်နောက်တွင် ဇူယွမ်အား တက်နိုင်သမျှ အချိန်ဆွဲထားရန်သာ ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဝူဟိုင်၏အုပ်စုမှာ သာလွန်နေသောကြောင့် ဇူယွမ်တစ်ဦးတည်းဖြင့် မည်သည့်အရာမှ ပြောင်းလဲသွားမည်မဟုတ်ပေ။

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောဆိုခြင်း မပြုတော့ပဲ ခြေထောက်အား အပြင်ဖက်သို့ထုတ်ကာ ခန္ဓာကိုယ်အားကွေးလိုက်ပြီး ကျားသစ်တစ်ကောင်မှ သားကောင်အား ခုန်အုပ်တော့မည့််အသွင်သို့ ပြောင်းလဲလိုက်၏။

ဝူဟိုင်၏ အမူအရာမှာ လေးနက်သွားရပြီး အနီရောင်ဓားရှည်အား ဆုပ်ကိုင်ထားရင်းဖြင့် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ဝူဟိုင်မှာ ယခုအချိန်တွင် ဇူယွမ်အား လက်စားချေရန်ပင် မတွေးဝ့ံတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ယနေ့တွင် ဇူယွမ်အား အချိန်ဆွဲထားနိုင်ခ့ဲပါက တစ်နေ့နေ့တွင် ပြန်လည်လက်စားချေရန် အခွင့်အရေး ရှိလာနိုင်ပေ၏။

ဇူယွမ်၏ခြေဖဝါးအောက်ရှိ မြေပြင်မှာ ဖြည်းညင်းစွာဖြင့် အက်ကွဲလာရသည်။ ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်စိမ်းရောင်အလင်းတန်းဆီမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာ၏။

ဝှစ်....

ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ခန္ဓာကိုယ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ဇူယွမ်၏ပုံရိပ်မှာလည်း အရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွား၏။

ဇူယွမ်၏လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လွန်းလှပြီး အသက်တစ်ချက် ရှ္ူစာအတွင်း၌ပင် ဝူဟိုင်၏ ပေတစ်ရာဝန်းကျင်သို့ ရောက်ရှိသွားသည်။

"ကောင်းကင်ဘုံဓားတောင်ပံ...."

ဝူဟိုင်၏ နောက်ကျောဖက်တွင် ဓားချီများဖြင့် ပြည့်နှက်နေသော ကြီးမားလှသည့် အတောင်ပံတစ်စုံ ထွက်ပေါ်လာ၏။ ဓားတောင်ပံကြီးမှာ ပျံ့ကားသွားပြီးနောက် ဝူဟိုင်အား ဖုံးအုပ်ကာကွယ်လိုက်သည်။

ကောင်းကင်ဘုံဓားတောင်ပံမှာ ဝူဟိုင်၏ အကောင်းမွန်ဆုံး ကာကွယ်ရေးစွမ်းအင်တစ်ခု ဖြစ်၏။

လွန်ခ့ဲသောတစ်လခန့်က တိုက်ခိုက်မှုတွင် သတိမထားမိခ့ဲသောကြောင့် ဝူဟိုင်မှာ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။ ထိုက့ဲ့သို့အဖြစ်အပျက်အား ဝူဟိုင်မှ နောက်တစ်ကြိမ် ထပ်မံဖြစ်ပေါ်ခွင့် ပြုမည်မဟုတ်ချေ။

"ငါ့ရဲ့ အကာအကွယ်ကို မင်းဖောက်ဝင်နိုင်မလား ကြည့်ဦးမယ်။" ဝူဟိုင်မှ ယုံကြည်မှုရှိဟန်ဖြင့် ေရရွတ်လိုက်၏။

ဝှစ်....

ဇူယွမ်မှာ လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် ဝူဟိုင်အနီးသို့ ရောက်ရှိလာကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။

ဇူယွမ်၏ လက်တစ်ဖက်လုံးမှာ ကျောက်စိမ်းအတိပြီးသည့်အလား ကျောက်စိမ်းရောင်များ လင်းလက်တောက်ပနေ၏။

"ကောင်းကင်ဘုံမြွေနဂါးကြေးခွံ...."

ဇူယွမ်မှာ နှလုံးသားအတွင်းမှ အော်ဟစ်လိုက်သည်နှင့်တကွ မြွေနဂါးကြေးခွံများ ထွက်ပေါ်လာပြီး ဇူယွမ်၏ လက်တစ်ဖက်လုံးအား ဖုံးအုပ်သွားသည်။

ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဥ်ငယ်နှင့် စပါးအုံးနဂါးချီအား ပြီးပြည့်စုံစွာ ပေါင်းစည်းလိုက်ခြင်းပင် ဖြစ်၏။

ဝုန်း....

များစွာသောအကြည့်များ၏အောက်၌ပင် ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ဓားတောင်ပံကြီးအား ထိုးချလိုက်သည်။

ဒုန်း...

​ကျယ်လောင်ပြင်းထန်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်မှာ ​ကြီးမားလှသောကြောင့် ကျောက်တုံးစင်မြင့်တစ်ခုလုံးသည်ပင် အမှုန့်ကြေသွားရသည်။

စောင့်ကြည့်နေသော တပည့်များမှာ မျက်တောင်ပင်မခတ်နိုင်ပဲ တိုက်ပွဲအား ကြည့်ရှုနေကြ၏။

ခရက်....

ဖြည်းညင်းစွာဖြင့် ဓားတောင်ပံကြီးတစ်လုံးပေါ်တွင် အက်ကွဲရာများ ပေါ်ပေါက်လာသည်။ ဝူဟိုင်မှာ အလွန်ပင် ကြောက်လန့်တုန်လှုပ်နေရ၏။

ဝုန်း....

ဓားတောင်ပံကြီးတစ်ခုလုံးမှာ အက်ကွဲလာပြီးနောက် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားလေသည်။

ကြောက်မက်ဖွယ်ရာကောင်းလှသော လက်သီးတစ်ချက်မှာ ဝူဟိုင်၏ခန္ဓာကိုယ်ဆီသို့ တည့်တည့်ဝင်ရောက်လာ၏။

အား......

ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခ့ဲသည်။

ဝူဟိုင်၏ ခန္ဓာကိုယ်မှာ ရွေးချယ်ခြင်းတောင်ထွတ်ဆီမှ လွင့်ထွက်သွားပြီးနောက် အပြင်ဖက်ရှိ တောင်တန်းတစ်ခုနှင့် ရိုက်ခတ်သွားရ၏။ ဝူဟိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်တုံးကျောက်ဆောင်များကြား နစ်မြုပ်သွားရသည်။

ေရွးချယ်ခြင်းတောင်ထွတ်အပြင်ဖက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ဝူဟိုင်မှာ ဇူယွမ်၏ လက်သီးတစ်ချက်တည်းဖြင့် နောက်ထပ်တစ်ကြိမ် လွင့်စင်သွားခဲ့ရပြီပင် ဖြစ်သည်။

All Chapters