ပထမဆုံးနိုင်ပွဲ
Vol. 34 Ch. 462
တောင်တန်းတစ်ခုဆီမှ ကျောက်တုံးကျောက်ဆောင်များမှာ ပြိုကျနေလျက်ရှိပြီး ပုံရိပ်တစ်ခုမှာ ကျောက်တုံးများကြား နစ်မြုပ်နေလျက် ရှိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေ၏။
ဖြစ်ပျက်နေသော မြင်ကွင်းများအား ကြည့်ရှုနေကြရင်းဖြင့် အသိစိတ်ပင် ပျောက်ဆုံးရလောက်အောင် အ့ံအားသင့်နေမိကြသည်။ မည်သူကမှ ကြိုဆင်ပြင်ဆင်ထားခ့ဲသော ဝူဟိုင်သည် ဇူယွမ်၏ တစ်ချက်တည်းသော ထိုးနှက်ချက်ဖြင့် နောက်ထပ်တစ်ကြိမ် ထပ်မံလွင့်စင်သွားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဝူဟိုင်မှာ အကောင်းဆုံးသော ကာကွယ်ရေးနည်းလမ်းအား အသုံးပြုခ့ဲပါသော်လည်း ဇူယွမ်၏တိုက်ခိုက်မှုအား တားဆီးခြင်း မပြုနိုင်ခ့ဲချေ။ ဇူယွမ်၏ လက်သီးချက်မှာ မူလစဦး အဋ္ဌမအဆင့်ရှိသူများသည်ပင် ရင်မဆိုင်ရဲလောက်သော စွမ်းအင်များ ပါဝင်နေ၏။
အချိန်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးသည့်နောက်တွင် ကျယ်လောင်စွာ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခ့ဲတော့သည်။
လုဟုန်း၏အုပ်စုမှလွဲ၍ အခြားသူများအားလုံးမှာ ကျေနပ်အားရစွာဖြင့် အော်ဟစ်အားပေးလိုက်ကြ၏။ ဇူယွမ်၏ အနိုင်ရရှိမှုမှာ အလွန်ပင် လှပသေသပ်လှသည်။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားအား ပါဝင်ယှဥ်ပြိုင်ကြသူများထဲတွင် ဇူယွမ်၏စွမ်းရည်မှာ အနိမ့်ပါးဆုံးဖြစ်သောကြောင့် မည်သူကမှ ေထာက်ခံအားပေးခြင်း မပြုခ့ဲကြပေ။ အချို့တပည့်များဆိုလျှင် ဇူယွမ်အား ပြိုင်ပွဲမှ ဦးစွာထွက်ခွာရမည့်သူဟုပင် ယူဆထားကြ၏။
မည်သို့ပင်ဆိုစေကာမူ မြင်တွေ့လိုက်ရသော အဖြစ်အပျက်များကြောင့် ထိုယူဆချက်များ ပျောက်ကွယ်သွားရပြီပင် ဖြစ်သည်။
လူတိုင်းမှာ ကြောက်ရွ့ံလေးစားစွာဖြင့် ကျောက်တုံးစင်မြင့်ပေါ်ရှိ လူငယ်လေး၏ပုံရိပ်အား ငေးမောကြည့်ရှုလိုက်ကြ၏။
ကောင်းကင်တစ်ခွင်လုံး ပ့ဲတင်ထပ်လောက်အောင် အော်ဟစ်အားပေးနေကြသော်လည်း လုဟုန်း၏ တပည့်များမှာမူ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ လုဟုန်း၏ တပည့်များမှာ ပြိုင်ပွဲမှ ပထမဆုံး နှုတ်ထွက်ရမည့်သူသည် သူတို့အုပ်စုမှ ဖြစ်နေလိမ့်မည်ဟု အနည်းငယ်မျှပင် တွေးထင်မထားခ့ဲကြချေ။
လုဟုန်း၏ အမူအရာမှာလည်း လွန်စွာခက်ထန်နေရပြီး စိတ်နှလုံးထဲ၌ ဒေါသများဖြင့် ပြည့်နှက်နေရ၏။
"သောက်သုံးမကျတဲ့ကောင်..."
လုဟုန်းမှာ ဒေါသများအား ဝူဟိုင်အပေါ်သို့သာ ပုံချလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ ဝူဟိုင်အသုံးမကျခြင်းကြောင့်သာ လုဟုန်း၏အုပ်စုမှာ အရှက်ကွဲခ့ဲရခြင်း ဖြစ်၏။
လုဟုန်းမှာ စိန်းထိုက်ယွမ်အား ကြည့်ရှုလိုက်သောအခါတွင် မဖုံးကွယ်ထားနိုင်လောက်အောင် ပျော်ရွှင်နေသည်ကို တွေ့ရှိလိုက်ရသည်။
လုဟုန်းမှ ကြည့်ရှုနေသည်ကို သိရှိသွားသောအခါတွင် စိန်းထိုက်ယွမ်မှ အလေးပင်မထားဟန်ဖြင့် လှည့်ကြည့်ကာ ရယ်ပြလိုက်၏။
လုဟုန်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှ္ူထုတ်လိုက်ရင်းဖြင့် ဒေါသများအား ထိန်းချုပ်ထားလိုက်ရသည်။ ဝူဟိုင်မှာ ရှုံးနိမ့်သွားရပါသော်လည်း အခွင့်အရေးမှာ လုဟုန်းတို့ဖက်တွင်သာ ရှိနေသေး၏။
ယွမ်ဟောင်အား ထည့်၍မတွက်လျှင်ပင်
ကျန်ရှိသောလေးဦးမှာ လုစုန့်၏ အုပ်စုမှ ပါဝင်ယှဥ်ပြိုင်သူနှစ်ဦးအား ကိုင်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် ဇူယွမ်အား ဖယ်ထုတ်ပစ်နိုင်မည်ပင် ဖြစ်သည်။
လုဟုန်းမှာ အေးစက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုလိုက်၏။
"မင်းခဏတော့ ပျော်ထားလိုက်ဦးပေါ့ကွာ။"
"ငါ့ရဲ့အုပ်စုကို တားဆီးလို့မရနိုင်ဘူးဆိုတာ မကြာခင်မှာပဲ မင်းသိသွားစေရမယ်။"
"အချိန်တန်ရင် မင်းကပျောက်ကွယ်သွားရမယ့်သူပဲ။"
.......
ကောင်းကင်ထက်တွင် ကြည့်ရှုနေလျက်ရှိသော ရွေးချယ်ခံများမှာလည်း ဇူယွမ်နှင့် ဝူဟိုင်တို့၏တိုက်ပွဲရလာဒ်အား အ့့ံအားသင့်သွားကြရသည်။
"ဇူယွမ်က ပိုပြီးသန်မာလာသလိုပဲ။" လီချင်းချန်မှာ ဇူယွမ်၏ပုံရိပ်အား ငေးမောကြည့်ရှုနေရင်းဖြင့် အ့ံအားသင့်စွာ ရေရွတ်လိုက်၏။ လီချင်းချန်မှာ ဇူယွမ်၏ခန္ဓာကိုယ်အား ကြည့်ရှုလိုက်သောအခါတွင် ပို၍ပင် အ့ံသြသွားရသည်။ "ပြင်ပသန်မာမှုကျင့်စဥ်လား..."
လီချင်းချန်၏ အနီးတွင်ရှိနေသော ဟုန်ယာတောင်ထွတ်မှ ရှန့်ချွမ်ချူးမှာလည်း ဇူယွမ်အား အ့ံသြတကြီးဖြင့် ငေးမောကြည့်ရှုနေ၏။ ရှန့်ချွမ်ချူးမှာ ဟုန်ယာတောင်ထွတ်၏ ေရွးချယ်ခံတပည့်တစ်ဦး ဖြစ်သည့်အလျောက် အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဥ်အား ကျင့်ကြံနေသူ ဖြစ်သည်။
ထို့ကြောင့် ဇူယွမ်၏ ကျောက်စိမ်းရောင်အသားအရေအား ရှန့်ချွမ်ချူးမှ အ့ံအားသင့်နေမိ၏။ ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်တစ်ဦးဖြစ်သောကြောင့် ဆန်းကြယ်သောခန္ဓာကျင့်စဥ်အား ကျင့်ကြံနိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဇူယွမ်မှာ မည်သည့်ပြင်ပသန်မာမှုကျင့်စဥ်အား ကျင့်ကြံနေသည်ကို ရှန့်ချွမ်ချူးမှ ဒွိဟဖြစ်နေရသည်။
ေရွးချယ်ခံများ၏ အဆုံးနေရာတွင် ထိုင်နေသော ကျောင်းဇူ၏ အမူအရာမှာ ပျက်ယွင်းနေရ၏။ ကျောင်းဇူမှာ လုဟုန်း၏အုပ်စုအား ထောက်ခံအားပေးသူ ဖြစ်သည့်အပြင် ပြီးဆုံးခဲ့သော ကောင်းကင်အဆင့်တာဝန်တွင်လည်း ဇူယွမ်နှင့် ကတောက်ကဆများ ဖြစ်ပေါ်ခ့ဲရသောကြောင့် ဇူယွမ်အနိုင်ရရှိခြင်းအား အနည်းငယ်မျှပင် မြင်တွေ့လိုစိတ် မရှိချေ။
"မိုက်လိုက်တာ..." ချူချင်းမှ အသိအမှတ်ပြုဟန်ဖြင့် ရေရွတ်လိုက်သည်။ "မူလစဦး အဋ္ဌမအဆင့်တစ်ယောက်ကို စတုတ္ထအဆင့်လောက်နဲ့ အမှောက်သိပ်နို်င်တယ်ဆိုတော့ ဇူယွမ်ရဲ့ ချီစွမ်းအင်အရင်းအမြစ်က ငါ့ထက်တောင် ပိုပြီးသန်မာတာပဲ။"
ချူချင်းနှင့် အခြားရွေးချယ်ခံများအားလုံးမှာ အဆင့်ပို၍မြင့်သောသူများနှင့် တိုက်ခိုက်နိုင်ကြ၏။ သို့သော် မည်သူကမှ မူလစဦး စတုတ္ထအဆင့်ရှိခ့ဲစဥ် ကာလများတွင် ဇူယွမ်လောက်ထိ ကြောက်မက်ဖွယ် မကောင်းခ့ဲကြပေ။
"ဂျူနီယာညီတော်ခုန်းရှန် ကြည့်ရတာ ငါ့ဖက်က အနိုင်ရနိုင်ခြေ ပိုများလာပြီထင်တယ်နော်။" ချူချင်းမှ ရယ်မောကာ စကားဆိုလိုက်သည်။
ခုန်းရှန်မှ တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်၏။ "အဲ့လိုပြောဖို့က အရမ်းစောပါသေးတယ်။ ဇူယွမ်တစ်ယောက်ထဲနဲ့ အခြေအနေတွေအားလုံးကို ကိုင်တွယ်နိုင်မှာတဲ့လား။"
ခုန်းရှန်မှာ ဇူယွမ်၏စွမ်းရည်ကြောင့် အ့ံအားသင့်မိသွားသော်လည်း လုဟုန်း၏အုပ်စုဖက်မှသာ အသာစီးရနေဆဲ ဖြစ်သည်။
ချူချင်းမှ မေးဖျားကိုပွတ်ကာ ပြုံး၍ပြောလိုက်၏။ "ဒါဆိုလည်း ငါတို့လောင်းကြေးတွေ ထပ်ပေါင်းရအောင်။"
ခုန်းရှန်မှာ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "စိတ်မဝင်စားဘူး။ ငါကမင်းကို စိန်ခေါ်နိုင်ဖို့ပဲ လောင်းထားတာ။ စိန်ခေါ်တိုက်ခိုက်တဲ့အချိန် ငါရှုံးသွားပြီးဆိုရင်လည်း မင်းကိုဘယ်တော့မှ နှောင့်ယှက်တော့မှာ မဟုတ်ဘူး။"
ချူချင်းမှ သက်ပြင်းချကာ ပြန်၍ပြောလိုက်၏။ "ငါ့ကို အသုံးချပြီးတာနဲ့ ပစ္စည်းတစ်ခုလုိ လွှင့်ပစ်လိုက်မှာပေါ့လေ။ မင်းကနည်းနည်းမှတောင် အကြင်နာတရား မရှိဘူးပဲ။ အဲ့ဒါကြောင့် ငါမင်းနဲ့စကားပြောရတာ မပျော်တာ။ ယဲ့ကယ်ဆို ငါ့ကိုကောင်းကောင်းဆက်ဆံတယ်။"
လီချင်းချန်နှင့် အခြားရွေးချယ်ခံများမှာ ပြုံးစစဖြစ်သွားရလေသည်။
ယဲ့ကယ်မှ ဒေါသထွက်နေဟန်ဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ "မင်းသေချင်နေတာလား ချူချင်း။ ငါ့ကို မင်းတို့အရှုပ်ထဲ ဆွဲမထည့်နဲ့။"
ချူချင်းမှာ စပ်ဖြီးဖြီးဖြင့် ယဲ့ကယ်အား လက်ပြနှုတ်ဆက်လိုက်သည်။
ခုန်းရှန်မှာ အာရုံနောက်နေဟန်ဖြင့် ချူချင်အား ကြည့်ရှုလိုက်ပြီးနောက် လျစ်လျူရှုကာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားပေါ်တွင်သာ ပြန်လည်အာရုံစိုက်လိုက်၏။
........
ပြိုကျနေသော ကျောက်တုံးစင်မြင့်ပေါ်တွင် ဇူယွမ်မှာ ဝူဟိုင်လွင့်စင်သွားရာနေရာအား ကြည့်ရှုလျက်ရှိသည်။ ဇူယွမ်မှာ ပေါ့ပါးစွာဖြင့် အသက်အားရှ္ူထုတ်လိုက်ပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ကျောက်စိမ်းရောင်အလင်းတန်းများမှာလည်း ပြန်လည်ပျောက်ကွယ်သွား၏။ ဇူယွမ်မှာ ပွဲအစ၌ပင် စွမ်းအင်များစွာ သုံးစွဲခ့ဲရသည့်အတွက် မပျော်မရွှင် ဖြစ်နေရသည်။
လုဟုန်း၏အုပ်စုမှာ အမှန်တကယ်ပင် အင်အားကြီးလွန်းလှ၏။
ဇူယွမ်မှ တိုးညင်းစွာဖြင့် ရေရွတ်လိုက်သည်။ "စီနီယာအကိုတော်ဇူထိုက်နဲ့ တခြားသူတွေရော အဆင်ပြေကြရဲ့လား မသိဘူး။"
ဇူထိုက်တို့၏တိုက်ပွဲမှာ ဤပြိုင်ပွဲအတွက် အရေးအကြီးဆုံးပင် ဖြစ်၏။ အကယ်၍ ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦး ပေါင်းခြင်းသည်ပင် ယွမ်ဟောင်အား ရှုံးနိမ့်ခ့ဲရပါက တပည့်ခေါင်းဆောင်နေရာအား လုဟုန်းတို့အုပ်စုမှ ရရှိရန် သေချာသလောက်ပင် ဖြစ်သွားရပေလိမ့်မည်။
ဇူယွမ်မှာ ထိုအတွေးစများအား ဖြတ်တောက်လိုက်ပြီး လုဟုန်း၏အုပ်စုမှ ကျန်ရှိနေသော ပါဝင်ယှဥ်ပြိုင်သူလေးဦးအား ဦးစွာထုတ်ပယ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုလေးဦးမှသာ ယွမ်ဟောင်နှင့် ပူးပေါင်းသွားနိုင်ခ့ဲလျှင် ဇူယွမ်အတွက် တပည့်ခေါင်းဆောင်နေရာ ရရှိနိုင်မည့် အခွင့်အရေးမှာ လွန်စွာနည်းပါးသွားရပေလိမ့်မည်။
"လေးယောက်ကျန်သေးတယ်..."
ဇူယွမ်မှာ မြူခိုးများ အုံ့မှိုင်းနေသော တောင်တန်းအတွင်းပိုင်းသို့ ကြည့်ရှုလိုက်၏။ ဇူယွမ်မှာ ဟန်ယန်း၊ ဟန်ယွီနှင့် အခြားသူများထံမှ ထုတ်လွတ်နေလျက်ရှိသော စွမ်းအင်ဖိအားများကို ခံစားမိလိုက်သည်။
"တခြားတစ်ဖက်က လူဦးရေပိုများတယ်ဆိုတော့ ငါ့ကိုယ်ငါ အရင်ပြင်ဆင်မှ ဖြစ်မယ်။"
ဇူယွမ်မှာ တွေးတောလိုက်ပြီးနောက် မြူခိုးများ အုံ့ဆိုင်းနေသော တောင်တန်းအတွင်းသို့ ပျံသန်းဝင်ရောက်သွားတော့၏။
ဇူယွမ်အတွက်မူ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲ အစစ်အမှန်မှာ ယခုမှ စတင်ခ့ဲခြင်း ဖြစ်လေသည်။