← Chapters

သုံးယောက်ပဲကျန်တော့တယ်

Vol. 34 Ch. 463

သုံးယောက်ပဲကျန်တော့တယ်

Vol. 34 Ch. 463

ဝုန်း....

မြူခိုးများ ရစ်ဝဲနေသော ကျောက်တုံးစင်မြင့်ပေါ်တွင် ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်နေလျက် ရှိသည်။ ထို့နောက် ချီစွမ်းအင်အမျှင်တန်းတစ်ခုမှာ ဆုတ်ဖြဲခံလိုက်ရပြီး ပုံရိပ်တစ်ခုမှာလည်း အဝေးတစ်နေရာသို့ လွင့်စင်သွား၏။

လွင့်စင်သွားသောပုံရိပ်မှာ အလွန်ပင် ဖြူရော်နေပြီး အားအင်ချိနဲ့စွာဖြင့် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်သည်။

"အဟ...ဟန်ယန်း  မင်းတက်နိုင်တာ ဒါအကုန်ပဲလား။"

လုဟုန်း၏အုပ်စုမှ တပည့်တစ်ဦးမှ လှောင်ပြောင်သရော်လိုက်ပြီးနောက် ချီစွမ်းအင်များအား ပစ်လွှတ်လိုက်၏။ ချီစွမ်းအင်များမှာ လေထုကိုပင် ဖြိုခွင်းသွားပြီး ပြင်းထန်လှသောအရှိန်ဖြင့် ဟန်ယန်းဆီသို့ ဦးတည်ပျံသန်းလာသည်။

ဟန်ယန်းမှာ လက်နှစ်ဖက်အားယှက်သန်းလျက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီး အကာအကွယ်တစ်ခု ပြုလုပ်လိုက်၏။

ဝုန်း....

ချီစွမ်းအင်များမှာ ပြင်းထန်လွန်းလှသဖြင့် ဟန်ယန်းမှာ တောင့်ခံထားနိုင်ခြင်းမရှိပဲ အနောက်သို့ ထပ်မံဆုတ်ခွာသွားရသည်။ ဟန်ယန်း၏ လက်များမှာ တုန်ခါနေပြီး အပြင်းအထန်ဒဏ်ရာရထားကြောင်း ထင်ရှားလှ၏။

ဟန်ယန်းမှ ပါးစပ်အပြည့် သွေးများကုိ ေနာက်ထက်တစ်ကြိမ် အန်ထုတ်လိုက်ရသည်။

ဟန်ယန်း၏မျက်နှာတစ်ခုလုံးမှာ သွေးများဖြင့် မြင်မကောင်းအောင်ပင် ဖြစ်နေရ၏။ ဟန်ယန်းမှာ နှုတ်ခမ်းထောင့်စွန်းမှသွေးစအား လက်ဖြင့်ပွတ်ထုတ်လိုက်ကာ   မျက်နှာချင်းဆိုင်တွင်ရှိနေသော ပုံရိပ်နှစ်ခုအား ကြည့်ရှုလိုက်သည်။

ထိုပုံရိပ်နှစ်ခုမှာ လုဟုန်း၏အုပ်စုမှ ပါဝင်ယှဥ်ပြိုင်သူများ ဖြစ်၏။ ဟန်ယန်းမှာ တစ်ဦးတည်းဖြင့် နှစ်ဦးစဘုံးအား ဆန့်ကျင်တိုက်ခိုက်နေရသောကြောင့် အားအင်များ ကုန်ဆုံးနေပြီ ဖြစ်သည်။

လုဟုန်း၏ တပည့်နှစ်ဦးမှာ ဟန်ယန်းအား ကြောင်မှကြွက်သူငယ်အား ဆော့မြူကစားနေသက့ဲသို့ ကြည့်ရှုနေကြ၏။ ဟန်ယန်းတစ်ဦးတည်းဖြင့် ထိုနှစ်ဦးအား အနိုင်ရရှိရန်မှာ မည်သို့မျှပင် မဖြစ်နိုင်သောကိစ္စ ဖြစ်သည်။

ထိုအချိန်မှာပင် ဟန်ယန်း၏ဘေးသို့ ပုံရိပ်တစ်ခုမှ ပျံဝဲဆင်းသက်လာ၏။

ထိုသေးငယ်လှပသော ပုံရိပ်လေးမှာ ဟန်ယွီပင် ဖြစ်သည်။

ဟန်ယွီမှာလည်း ဟန်ယန်းက့ဲသို့ပင် အားဆုတ်ဖြူရော်နေရ၏။ လုဟုန်း၏ တပည့်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ရယ်မောလိုက်ကြပြီးနောက် ဟန်မောင်နှမအား ဝန်းရံပိတ်ဆို့ထားလိုက်ကြသည်။

ဟန်ယန်းမှာ ဟန်ယွီအားကြည့်၍ ပြုံးကာမေးလိုက်၏။ "ညီမလေး နင်အဆင်ပြေရဲ့လား။"

ဟန်ယွီမှာ အံကိုကြိတ်လျက် ခေါင်းအားခါယမ်းပြလိုက်သည်။

"ကြည့်ရတာ ငါတို့နှစ်ယောက်တည်းနဲ့ သူတို့လေးယောက်ကို ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူးထင်တယ်။" ဟန်ယန်းမှ သက်ပြင်းချလိုက်၏။ ဟန်ယန်းနှင့် ဟန်ယွီမှာ အကောင်းဆုံး ကြိုးစားခ့ဲပါသော်လည်း တိုက်ပွဲရလာဒ်မှာ ဆိုးရွားနေလျက်သာ ရှိသည်။

"ငါတို့ အချိန်နည်းနည်းလောက် ထပ်ဆွဲထားရအောင်။ ဇူယွမ်က အရင်တစ်ခါတုန်းကလည်း ဝူဟိုင်ကိုနိုင်ဖူးတယ်လို့ ငါကြားခ့ဲရတယ်။ အခုတစ်ခေါက်လည်း သူနိုင်သွားခ့ဲရင် ငါတို့ဆီလာပြီး ကူညီမှာပါ။ အဲ့အချိန်ကြရင်တော့ အခြေအနေတွေက နည်းနည်းပိုကောင်းသွားမှာ သေချာတယ်။"

ဟန်ယွီမှာ ခေါင်အားခါယမ်းလျက် ရှုံ့မဲ့ကာ စကားဆိုလိုက်၏။ "နင်က ဇူယွမ်ကို မျှော်လင့်နေတာလား။ အရင်တစ်ခါက ဇူယွမ်နိုင်ခ့ဲတယ်ဆိုတာ ဝူဟိုင်က ဂရုမစိုက်မိခ့ဲလို့ပဲ။ အဲ့လိုအမှားမျိုးကို ဝူဟိုင်က ထပ်ပြီးအဖြစ်ခံမှာတဲ့လား။ အဲ့ဒါကြောင့် ဇူယွမ်ဆီက အကူအညီရဖို့ကို အိမ်မက်မက်မနေနဲ့တော့။"

ဟန်ယန်းမှာ ဆွ့ံအသွားရပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ "ငါနင်ပြေးဖို့အတွက် လမ်းဖွင့်ပေးမယ်။ နင်ပြေးလို့ရပြီဆိုတာနဲ့ သူတို့နဲ့ ထိပ်တိုက်ရင်မဆိုင်နဲ့တော့။ တခြားနည်းနဲ့ပဲ တက်နိုင်သမျှ အချိန်ဆွဲထားလိုက်။"

ဟန်ယွီမှာ စိတ်အလိုမကျဟန်ဖြင့် နှုတ်ခမ်းများအား ဖိကိုက်လိုက်၏။ ဟန်ယန်းမှ သူမအတွက် ထိုသို့ပြုလုပ်ပေးလိုက်ပြီးလျှင် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ပဲ ပြိုင်ပွဲမှ နှုတ်ထွက်သွားရပေလိမ့်မည်။

"နင်ကငါ့ထက်မြန်တော့ သူတို့ကို အချိန်ဆွဲထားဖို့ ပိုပြီးသင့်တော်တယ်။" ဟန်ယန်းမှ လေးနက်စွာ ပြောလိုက်သည်။

ဟန်ယွီမှာ အံကိုတင်းတင်းကြိတ်လိုက်ပြီးနောက် ခက်ခဲစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဝုန်း.....

ဟန်ယန်း၏ဦးခေါင်းထက်မှ ပေထောင်ကျော်မျှရှိသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုချီစွမ်းအင်များမှာ စွမ်းအင်စီးကြောင်းလေးခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပုံရိပ်လေးခုအား ရစ်ပတ်ထားလိုက်၏။

ဟန်ယန်းမှာ ကျန်ရှိနေသော စွမ်းအင်များအား အကုန်အစင် အသုံးပြုကာ တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။

ဟန်ယန်းမှ အော်ဟစ်ပြောဆိုလိုက်၏။ "သွားတော့။"

ဟန်ယွီမှာ အနည်းငယ်မျှပင် တွေဝေနေရန် မဝ့ံရဲပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် လျင်မြန်စွာပင် ပျံသန်းထွက်ခွာသွားသည်။

အသက်ရှ္ူစာ အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်တွင် ဟန်ယန်း၏ ချီစွမ်းအင်များမှာ ပြိုကွဲသွားတော့၏။ လုဟုန်း၏ တပည့်လေးဦးမှာ ဟန်ယန်းအား ပြင်းထန်စွာဖြင့် တိုက်ခိုက်ကြလေတော့သည်။

ကျောက်တုံးစင်မြင့်သည်ပင် ပြိုကျသွားရပြီး ဟန်ယန်း၏ပုံရိပ်မှာလည်း မြင်မကောင်းအောင် ဆိုးရွားနေ၏။ ဟန်ယန်းမှာ နာကျင်စွာဖြင့် သွေးများအား အန်ထုတ်လိုက်သည်။

ဟန်ယွီမှာ ဟန်ယန်း၏ပုံရိပ်အား ငေးမောကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများပါ နီရဲလာရ၏။ သို့သော် ဟန်ယွီမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲပဲ ပျံသန်းနေသောအရှိန်အား ထပ်မံမြှင့်တင်လိုက်သည်။

သို့သော် ဟန်ယွီမှ မြူခိုးများကြား တိုးဝင်သွားတော့မည့် အချိန်မှာပင် ပုံရိပ်တစ်ခုမှ သူမ၏လမ်းကြောင်းအား ပိတ်ဆို့ထားလိုက်၏။ ထိုပုံရိပ်မှာ အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ဟန်ယွီအနားသို့ကပ်ကာ တိုးညင်းစွာဖြင့် စကားဆိုလိုက်သည်။ "မင်းကငါ့လောက် မမြန်သေးဘူးပဲ။"

ထိုပုံရိပ်မှာ လုဟုန်း၏အုပ်စုမှ တပည့်တစ်ဦးပင် ဖြစ်၏။

ထိုလူငယ်မှာ အေးစက်စွာပြုံးလိုက်ပြီးနောက် ဟန်ယွီအနီးသို့ တိုးကပ်လာလေသည်။ ထို့နောက် ​ဟန်ယွီ၏မေးဖျားလေးအား ဆုပ်ကိုင်ထားလိုက်၏။

ဟန်ယွီမှာ ခက်ထန်စွာဖြင့် သူမ၏ရှေ့တွင်ရှိနေသော လူငယ်လေးအား ကြည့်ရှုလိုက်သည်။ ဟန်ယွီ၏ မျက်ဝန်းများမှာ စိတ်ပျက်အားလျော့သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

"အခုထိ အရှုံးကို လက်မခံသေးဘူးလား။ ငါက မင်းလို ပန်းပွင့်ကလေးကို မဖျက်စီးချင်ဘူးဆိုပေမယ့် မတက်နိုင်ရင်တော့ လုပ်ရမှာပဲလေ။" ထိုလူငယ်မှ ပြုံးကာပြောလိုက်သည်။

အဝေးတစ်နေရာတွင်ရှိနေသော လုဟုန်း၏ တပည့်သုံးဦးမှာလည်း ဟန်ယွီ၏ပုံရိပ်အား လှောင်ပြောင်သရော်လိုဟန်ဖြင့် ကြည့်ရှုနေ၏။

ထို့နောက် ထိုသုံးဦးမှာ ဟန်ယန်းဖက်သို့လှည့်ကာ ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်တည်းနဲ့ ငါတို့လေးယောက်ကို နိုင်မယ်ထင်နေတာလား။ မင်းတို့က ငါတို့ကို အထင်သေးနေတာပဲ။"

ဟန်ယန်းမှာ မြေပြင်ပေါ်တွင် အားအင်ချိနဲ့စွာ လှဲလျောင်းနေလျက်ရှိပြီး ခါးသက်စွာဖြင့် ရယ်မောပစ်လိုက်၏။ ဟန်ယန်းမှာ လုယန်းတို့မှ ယွမ်ဟောင်အား လျင်မြန်စွာ အနိုင်ယူနိုင်ရန် ဆုတောင်းမိသည်။

ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်၌ စောင့်ကြည့်နေလျက်ရှိသော တပည့်များမှာ ဟန်ယန်းနှင့် ဟန်ယွီတို့ ဖမ်းဆီးခြင်းခံလိုက်ရသည်ကို တွေ့ရှိလိုက်ရသောအခါတွင် ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံသွားရ၏။

လုစုန့်တပည့်များ၏ အမူအရာမှာ လွန်စွာခက်ထန်နေရပြီး လုစုန့်မှာလည်း မျက်နှာမကောင်း ဖြစ်နေသည်။ လုစုန့်မှာ တိုက်ပွဲရလာဒ်အား ကြိုတင်ခန့်မှန်းမိခ့ဲပါသော်လည်း လုဟုန်းတပည့်များ၏ပုံစံမှာ အမှန်တကယ်ပင် ဆိုးရွားလှ၏။

တစ်ဖက်တွင်မူ လုဟုန်း၏အုပ်စုမှာ ကျေနပ်အားရစွာဖြင့် အောင်ပွဲခံနေကြသည်။ ထိုတပည့်လေးဦးမှ ဟန်မောင်နှမအား ဖြေရှင်းပြီးသွားလျှင် ဇူယွမ်မှာလည်း လျင်မြန်စွာပင် ပြိုင်ပွဲမှ ထွက်ခွာရမည်သာ ဖြစ်၏။

တင်းမာခက်ထန်နေခ့ဲသော လုဟုန်း၏ အမူအရာမှာလည်း ပြန်လည်ပြေလျော့လာကာ အခြားအုပ်စုနှစ်ခုအားကြည့်၍ အေးစက်စွာဖြင့် ရယ်မောလိုက်လေသည်။

.........

"ဂျူနီယာညီမတော်ဟန်ယွီ အရှုံးကိုလက်ခံလိုက်ပါတော့။"

လုဟုန်း၏ တပည့်တစ်ဦးမှ ဟန်ယွီအားကြည့်၍ ပြုံးကာပြောလိုက်၏။ "ဂျုနီယာညီမတော်ဟန်ယွီ ငါ့ရဲ့နာမည်ကို အမြဲမှတ်ထားပါ။ ငါ့ရဲ့နာမည်က ချန်ကုန်းပဲ။ မင်းအရှုံးကို လက်မခံနိုင်ရင် အချိန်မရွေး ငါ့ကိုလာရှာလို့ရတယ်။"

"အခုတော့...."

ချန်ကုန်းမှာ လက်တစ်ဖက်တွင် ချီစွမ်းအင်များကို စုဝေးလိုက်ပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ဟန်ယွီအား ထိုးချလိုက်သည်။

ဟန်ယွီမှာ တိုက်ခိုက်မှုအား ပြန်လည်ခုခံနိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် မျက်ဝန်းများအား မှိတ်ထားလိုက်တော့၏။

ဝုန်း.....

သို့သော် ချန်ကုန်းမှ ဟန်ယွီအား ထိုးချနိုင်တော့မည့် အချိန်မှာပင် တိုးညင်းသောလေတိုးသံတစ်ခုအား ကြားလိုက်ရသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ချန်ကုန်း၏ဦးခေါငး်ထက်၌ ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး မြူခိုးများပင် လွင့်ပြယ်သွားရ၏။

​ဒြပ်မဲ့သဏ္ဍာန်ဖြင့် ပုံရိပ်တစ်ခုမှာ ပြင်းထန်လှသောအရှိန်ဖြင့် ပျံဝဲဆင်းသက်လာသည်။ ထိုပုံရိပ်ထံမှ ချီစွမ်းအင်များမှာ ကျောက်စိမ်းရောင်များဖြင့် ပေါက်ကွဲထွက်ပေါ်နေ၏။

ဝှစ်..

ထို့နောက် မျက်စိတမှိတ်စာမျှ အချိန်အတွင်းမှာပင် ချန်ကုန်း၏ပုံရိပ်မှာ ကောင်းကင်ထက်မှ အမြှောက်ဆံတစ်ခုအလား ပြုတ်ကျသွားသည်ကို လူတိုင်းမှ တွေ့မြင်လိုက်ရသည်။ ချန်ကုန်းမှာ ကျောက်တုံးစင်မြင့်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားရ၏။

ကျောက်တုံးစင်မြင့်အနီးတွင်ရှိနေသော လုဟုန်း၏ တပည့်သုံးဦးမှာ အမူအရာများ ပြောင်းလဲသွားရသည်။ အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ကျောက်တုံးစင်မြင့်ပေါ်ရှိ ဖုန်မှုန့်များမှာ လွင့်ပြယ်သွား၏။ ကျောက်တုံးစင်မြင့်အား လျင်မြန်စွာ ကြည့်ရှုလိုက်ကြသောအခါတွင် ချန်ကုန်းမှာ ထိခိုက်ဒဏ်ရာများဖြင့် လဲကျနေလျက်ရှိသည်ကို တွေ့ရှိလိုက်ကြရသည်။

ချန်ကုန်း၏ ခန္ဓာကိုယ်အား ပုံရိပ်တစ်ခုမှ နင်းခြေထားလျက် ရှိ၏။

လုဟုန်း၏ တပည့်သုံးဦးလုံးမှာ အ့ံအားသင့်နေသော အမူအရာဖြင့် အော်ဟစ်လိုက်ကြသည်။ "ဇူယွမ်လား....."

ကောင်းကင်ထက်တွင် ပျံဝဲလျက်ရှိနေသော ဟန်ယွီမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းများအား ဝိုးတဝါးသာ ဖြစ်နေရ၏။ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ချန်ကုန်းမှာ ကျောက်တုံးစင်မြင့်နှင့် ရိုက်ခတ်သွားခ့ဲခြင်း ဖြစ်သည်။

ဟန်ယွီမှာ ကျောက်တုံးစင်မြင့်ပေါ်တွင် ချန်ကုန်းအား နင်းခြေထားသော ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိ၏။ "ဇူယွမ်လား....."

ဟန်ယွီမှာ သူမအား ကယ်တင်လိုက်သူသည် ဇူယွမ်ဖြစ်နေလိမ့်မည်ဟု တွေးထင်မထားခ့ဲမိပေ။

"ဇူယွမ် ချန်ကုန်းကို လွှတ်လိုက်စမ်း။" လုဟုန်း၏ တပည့်သုံးဦးမှ ခက်ထန်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

သို့သော် ဇူယွမ်မှာ အလေးပင်ထားပုံမရပဲ သွေးများဖြင့် မြင်မကောင်းအောင် ဆိုးရွားနေသော ချန်ကုန်းအား ကြည့်ရှုလိုက်၏။ ချန်ကုန်းမှာ ဇူယွမ်အား ဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။ "မင်းကငါ့ကို ချောင်းပြီးတိုက်ရဲတယ်ပေါ့လေ။ မင်းက တကယ်သေချင်နေတာပဲ။"

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ချန်ကုန်းအား နင်းခြေထားသော ခြေထောက်ကို ဖယ်ရှားလိုက်သည်။

"မင်းလည်း ငါ့ရဲ့နာမည်ကို တသက်လုံးမှတ်ထား။ နောက်မင်းမှာ အစွမ်းအစရှိပြီလို့ထင်ရင် အချိန်မရွေး ငါ့ကိုလာရှာလိုက်။"

ထိုစကားအားပြောပြီးသည်နှင့်တကွ ဇူယွမ်၏ခြေဖဝါးတဝိုက်တွင် ချီစွမ်းအင်များ စုဝေးလာပြီး ချန်ကုန်း၏မျက်နှာအား နင်းခြေပစ်လိုက်၏။

ဝုန်း...

မြေပြင်များသည်ပင် အက်ကွဲကုန်ရပြီး ချန်ကုန်းမှာ သတိလစ်သွားတော့သည်။

အခြား တပည့်သုံးဦး၏ အမူအရာမှာ အလွန်ပင် တင်းမာခက်ထန်သွားရ၏။

ဇူယွမ်မှာ လက်မှဖုန်မှုန့်များအား ခါထုတ်လိုက်ပြီးနောက် ပြုံးကာရေရွတ်လိုက်သည်။

"သုံးယောက်ပဲ ကျန်တော့တယ်...."

All Chapters