← Chapters

တိုက်ပွဲအခြေအနေပြောင်းလဲခြင်း

Vol. 34 Ch. 464

တိုက်ပွဲအခြေအနေပြောင်းလဲခြင်း

Vol. 34 Ch. 464

ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်တွင် စောင့်ကြည့်နေကြသော တပည့်များမှာ ချန်ကုန်းအား နင်းခြေထားသော လူငယ်လေး၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် မယုံကြည်နိုင် ဖြစ်နေရသည်။

မည်သူကမှ ယခုလိုအခြေအနေမျိုးတွင် ဇူယွမ်ရောက်ရှိလာလိမ့်မည်ဟု တွေးထင်မထားခ့ဲမိကြချေ။

ကောင်းကင်ထက်မှ ဆင်းသက်လာသော ဇူယွမ်၏ပုံရိပ်မှာ နတ်ဘုရားတစ်ပါးအလား ခန့်ထည်လွန်းလှ၏။

ဟူး.....

စိန်းထိုက်ယွမ်၏ တပည့်များမှာ ယခုမှသာ သက်ပြင်းချနိုင်ကြသည်။ အကယ်၍ ဟန်ယွီသာ နှုတ်ထွက်သွားရလျှင် ဇူယွမ်မှာ တစ်ဦးတည်းဖြင့် လုဟုန်း၏ တပည့်လေးဦးစလုံးအား ရင်ဆိုင်ရပေလိမ့်မည်။ ထိုသို့ဖြစ်သွားခ့ဲလျှင် အခြေအနေများမှာ ဆိုးရွားသွားမည်သာ ဖြစ်၏။

ဇူယွမ်၏ ရုတ်တရက်တိုက်ခိုက်မှုမှာ လျင်မြန်လှသည့်အပြင် တိကျပြတ်သားမှုလည်း ရှိသည်။ ဇူယွမ်မှာ အချိန်ကိုက် တိုက်ခိုက်နိုင်ခ့ဲသောကြောင့် ချန်ကုန်းသည်ပင် ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်ခ့ဲပေ။ ထို့ကြောင့် တိုက်ခိုက်မှုမှာ ပြည့်စုံသပ်ရပ်ခ့ဲပြီး ချန်ကုန်းမှာ သတိလစ်ကာ ပြိုင်ပွဲမှ နှုတ်ထွက်ခ့ဲရ၏။

ထို့အပြင် ထိုသို့ကွယ်ဝှက်တိုက်ခိုက်ခ့ဲခြင်းအတွက် ဇူယွမ်အား အပြစ်တင်၍လည်း မရနိုင်ပေ။ တစ်ဖက်ရန်သူမှာ အရည်အတွက် သာလွန်နေသောကြောင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် ရူးမိုက်ခြင်းသာ ဖြစ်နေလိမ့်မည်။

"လာပြန်ပြီ ဇူယွမ်ပဲလား။" လုဟုန်း၏ အမူအရာမှာ တင်းမာခက်ထန်နေသည်။ လုဟုန်း၏အုပ်စုမှ ပြိုင်ပွဲဝင်နှစ်ယောက် နှုတ်ထွက်ခဲ့ရပြီး ဇူယွမ်တစ်ဦးတည်းမှသာ ထုတ်ပယ်ခ့ဲခြင်း ဖြစ်၏။ ထို့ကြောင့် လုဟုန်းမှာ အလွန်ပင် ဒေါသထွက်နေရပြီ ဖြစ်သည်။

လုဟုန်းမှာ အနိုင်ရရှိရန် သေချာနေခ့ဲပါသော်လည်း ယခုတွင်မူ ဇူယွမ်၏စွမ်းရည်များကြောင့် အနည်းငယ် ဒွိဟဖြစ်လာရ၏။

"ကျွတ်....သူ့အရည်အချင်းလောက်နဲ့ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူက ဘာကောင်မို့လို့လဲ။"

သို့သော် လုဟုန်း၏ အတွေးစများမှာ ဇူယွမ်အား အထင်အမြင်သေးသောစိတ်ကြောင့် ပြန်လည်ပျောက်ကွယ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ လုဟုန်း၏အုပ်စုမှ အသာစီးရနေသောကြောင့် ဇူယွမ်မှာ လှည်းဘီးအားတွန်းရွှေ့ရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေပေလိမ့်မည်။

"အဟက်...မင်းပျော်ထားလိုက်ဦးပေါ့။ ငါ့ရဲ့အုပ်စုက မူလသူတော်စင်တောင်ထွတ်ရဲ့ ဆရာသခင်အုပ်စု ဖြစ်လာတဲ့အချိန်ကြရင် မင်းကိုပြန်ပြီး ပေးဆပ်ခိုင်းပစ်မယ်။"

လုဟုန်းမှာ ခက်ထန်နေသော အမူအရာဖြင့် ဇူယွမ်အား ပြန်လည်လက်စားချေရန် တွေးတောနေ၏။ ဆရာသခင်အုပ်စု ဖြစ်လာသည်နှင့်တစ်ပြိုင်နက် မူလသူတော်စင်တောင်ထွတ်တွင် လုဟုန်း၏ အဆင့်အတန်းမှာ အမြင့်မားဆုံး ဖြစ်လာပေလိမ့်မည်။ ထိုအချိန်သို့ ရောက်ရှိလာလျှင် လုဟုန်းမှာ လွယ်ကူစွာဖြင့်ပင် အခြားအုပ်စုနှစ်ခု၏ ကျင့်ကြံခြင်းအရင်းအမြစ်အား ဖြတ်တောက်ပစ်နိုင်မည် ဖြစ်သည်။

လုဟုန်းမှာ ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် အထောက်အပ့ံများ မရရှိတော့ပဲ ဒုက္ခရောက်နေရမည့် ဇူယွမ်အား စိတ်ကူးကြည့်လိုက်၏။

အဟက်....ဇူယွမ်...မင်းရွေးချယ်မှု မှားခ့ဲတယ်ဆိုတာကို ငါသက်သေပြမယ်.....

မင်းမှာ ကျင့်ကြံရေးနဲ့ပက်သတ်ပြီး ပါရမီပါတယ်ဆိုရင်တောင်မှ.....ညစ်နွမ်းနေတဲ့ ပုလဲလုံးဟာ နေရောင်အောက်မှာ မထွန်းပြောင်နိုင်ပါဘူး.....

..........

ကျောက်တုံးစင်မြင့်ပေါ်၌

လုဟုန်း၏ တပည့်သုံးဦးမှာ ဇူယွမ်အား ခက်ထန်စွာဖြင့် ကြည့်ရှုနေကြသည်။ သုံးဦးစလုံးမှာ ဇူယွမ်မှ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

လုဟုန်း၏အုပ်စုတွင် ယွမ်ဟောင်ပြီးနောက် ဒုတိယအသန်မာဆုံးဖြစ်သော ချူးယန်မှ စတင်၍ စကားဆိုလိုက်၏။ "ဝူဟိုင် ဘယ်မှာလဲ။"

ဇူယွမ်မှာ သတိလစ်နေသော ချန်ကုန်းအား တစ်ချက်မျှ ငုံ့ကြည့်လိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ "အထုတ်ခံလိုက်ရပြီ။"

ချူးယန်၏ မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားရ၏။ ဝူဟိုင်မှာ မူလစဦး အဋ္ဌမအဆင့်ရှိသူတစ်ဦး ဖြစ်သည်။  သို့သော် ဇူယွမ့်ထံ၌ လျင်မြန်စွာပင် ရှုံးနိမ့်သွားခ့ဲရသည်။ ဝူဟိုင်မှာ ပထမတစ်ကြိမ် ဇူယွမ်ထံ၌ ရှုံးနိမ့်ခ့ဲဖူးသဖြင့် ဤတစ်ကြိမ်တွင် တိုက်ခိုက်မှုအား အပြည့်အဝ အာရုံစိုက်ထားမည်မှာ ထင်ရှား၏။

ဟန်ယွီမှာ ဇူယွမ်၏ဘေးသို့ ပျံဝဲဆင်းသက်လာကာ မယုံကြည်နိုင်ဟန်ဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ဟန်ယွီမှာ သူမအထင်အမြင်သေးခ့ဲမိသော ဇူယွမ်သည် သူမအား ကယ်တင်မည့်သူ ဖြစ်နေလိမ့်မည်ဟု တစ်ခါမျှပင် တွေးထင်မထားခ့ဲချေ။

ဇူယွမ်မှ ဟန်ယွီအားကြည့်ကာ မေးမြန်းလိုက်၏။ "အဆင်ပြေရဲ့လား။"

ဟန်ယွီမှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "အင်း...ငါတိုက်ခိုက်နိုင်ပါသေးတယ်။"

"ကောင်းတယ်။" ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သတိလစ်နေသော ဟန်ယန်းအား ကြည့်ရှုလိုက်၏။ ဟန်ယန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသောကြောင့် ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

ဟန်ယွီမှာ အနည်းငယ်တွေဝေနေပြီးနောက် ဇူယွမ်အားကြည့်ကာ ေမးလိုက်သည်။ "ငါတို့ဘာလုပ်ကြမှာလဲ။"

ဇူယွမ်မှာ ဝူဟိုင်နှင့် ချန်ကုန်း နှစ်ဦးစလုံးအား ပြိုင်ပွဲမှ နှုတ်ထွတ်စေခ့ဲပြီး သူမကိုလည်း ကယ်တင်ပေးခ့ဲ၏။ ထို့ကြောင့် ဟန်ယွီမှာ ဇူယွမ်အား လျစ်လျူရှုထားရန် မဝ့ံရဲတော့ချေ။

"ငါတို့ဘာလုပ်ရမှာလဲဆိုတော့ တိုက်ခိုက်ရမှာပေါ့။" ဇူယွမ်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။

ဟန်ယန်းမှာ ပြိုင်ပွဲမှ နှုတ်ထွက်ခ့ဲရပါသော်လည်း လုဟုန်း၏အုပ်စုမှာလည်း သုံးဦးသာ ကျန်ရှိတော့သဖြင့် အခြေအနေများမှာ မဆိုးရွားလှပေ။

"ငါတို့ကိုများ တိုက်ခိုက်မယ်တဲ့။ ကြီးကြီးကျယ်ကျယ်နဲ့။" ချူးယန်မှာ အေးစက်စွာ ရယ်မောရင်းဖြင့် စကားဆိုလိုက်၏။ "မင်း ဝူဟိုင်ကို ဘယ်လိုနိုင်သွားလဲတော့ မသိပေမယ့် ငါတို့ကို တိုက်ဖို့်တော့ လွယ်တယ်မထင်နဲ့။"

"ဂျူနီယာညီတော်ကျူးချင် မင်းကဟန်ယွီကို ဖြေရှင်းလိုက်။ ငါနဲ့ ဂျူနီယာညီတော်လျူရှန်းက ဇူယွမ်ကို အမှောက်သိပ်ပေးလိုက်မယ်။" ချူးယန်မှ တိုးညင်းစွာ ပြောလိုက်သည်။ အမှန်အတိုင်းဆိုရလျှင်မူ  ချူးယန်မှာ ဇူယွမ်အား အထင်အမြင် သေးမိခ့ဲသောကြောင့် နောင်တရနေပြီ ဖြစ်၏။ အကယ်၍ ဝူဟိုင့်ထံတွင်သာ စစ်ကူတစ်ဦး ထားပေးခ့ဲပါက ဇူယွမ်မှာ ​ရှုံးနိမ့်နေလောက်ပြီပင် ဖြစ်သည်။

ထို့ကြောင်​့ ချူးယန်မှာ ဇူယွမ်အား တစ်ဦးတည်းဖြင့် ရင်ဆိုင်ရန် မဝ့ံရဲတော့ပေ။ ယခုအချိန်တွင် ချူးယန်အနေဖြင့် လုပ်ဆောင်ရန် အလိုအပ်ဆုံးအရာမှာ ဇူယွမ်အား ပြိုင်ပွဲမှ အမြန်ဆုံး ထုတ်ပယ်နိုင်ရန်ပင် ဖြစ်၏။

ကျူးချင်နှင့် လျူရှန်းတို့မှ ချူးယန်အား ခေါင်းညိတ်ပြလိုက်ကြသည်။

ဟန်ယွီမှာ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ဇူယွမ်အား စကားဆိုလိုက်၏။ "ချူးယန်နဲ့ လျူရှန်းတို့က နှစ်ပေါင်းများစွာ လေ့ကျင်သင်ကြားလာကြတာ။ သူတို့်နှစ်ယောက်လုံးနဲ့တိုက်ခိုက်ဖို့ နင်အဆင်ပြေပါ့မလား။"

ချူးယန်နှင့် လျူရှန်းတို့မှာ အပေးအယူ မျှတသည့်အပြင် ဇူယွမ်အနို်င်ယူခ့ဲသော ဝူဟိုင်တို့ထက် ပို၍သန်မာသူများဖြစ်ကြသည်။

ဇူယွမ်မှာ အနည်းငယ်မျှ ပြုံးလိုက်ပြီးနောက် ဟန်ယွီအား ပြောလိုက်၏။ "နင်လည်းဂရုစိုက်ဦးနော်။ ကျူးချင်နဲ့ ပြိုင်မတိုက်နိုင်ရင်တောင် ရသလောက်အချိန်ဆွဲထားပေး။"

ထို့နောက် ဇူယွမ်မှာ ဒြပ်မဲ့အသွင်သို့ ပြောင်းလဲ၍ လျင်မြန်စွာပင် ထွက်ခွာသွားသည်။

ချူးယန်နှင့် လျူရှန်းမှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဇူယွမ်၏နောက်သို့ ပျံဝဲလိုက်ပါသွား၏။

ဟန်ယွီမှာ ပျံသန်းထွက်ခွာသွားသော ပုံရိပ်များအား ကြည့်ရှုလိုက်ပြီးနောက် စိုးရိမ်ပူပန်လာမိသည်။ ဇူယွမ်မှာ အသန်မာဆုံးရန်သူနှစ်ဦးအား ဆွဲခေါ်ပေးသွားသဖြင့် ဟန်ယွီမှာ ဖိအားနည်းပါးသွား၏။

"ဇူယွမ် ခဏလေးပဲ တောင့်ခံထားပါ။ ငါ ကျူးချင်ကို အနိုင်ယူပြီးတာနဲ့ နင့်ကိုလာကူညီပါ့မယ်။"

ဟန်ယွီမှာ လေးနက်တည်ကြည်သော မျက်ဝန်းများဖြင့် ကျူးချင်အား ကြည့်ရှုလိုက်ပြီးနောက် ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

..........

"ဝိုး....ဇူယွမ်က သတ္တိတော်တော်ရှိတာပဲ။ သူနဲ့ အဆင့်အများကြီးကွာတဲ့သူနှစ်ယောက်ကိုတောင် တစ်ယောက်တည်းနဲ့ ရင်ဆိုင်ရဲတယ်။" ကောင်းကင်ထက်မှ ကြည့်ရှုနေသော ချူချင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်မိ၏။

"ဇူယွမ်က သတ္တိရှိတာ မဟုတ်ဘူး။ ရူးမိုက်တာ။" ခုန်းရှန်မှ တည်ငြိမ်စွာပင် မှတ်ချက်ပြုလိုက်သည်။

ခုန်းရှန်မှာ ချူးယန်နှင့် လျူရှန်းတို့၏အကြောင်းအား ကြားသိခ့ဲရဖူး၏။ ချူးယန်နှင့် လျူရှန်းတို့မှာ ကလန်သို့ စတင်ဝင်ရောက်လာစဥ်မှစ၍ ကောင်းမွန်သော ဆက်ဆံရေးရှိခ့ဲပြီး အဖွဲ့လိုက်တိုက်ခို်​က်ခြင်းများတွင် အခြားသူများထက် ပို၍သာလွန်သည်။

ထို့ကြောင့် ချူးယန်နှင့်လျူရှန်းတို့သာ ပူးပေါင်းတိုက်ခိုက်လျှင် ဇူယွမ်မှာ လျင်မြန်စွာပင် ပြိုင်ပွဲမှ ထွက်ခွာသွားမည် ဖြစ်၏။

ချူချင်းမှ ပျင်းရိစွာဖြင့် ပြုံးကာပြောလိုက်သည်။ "ဂျူနီယာညီတော်ခုန်းရှန် လုဟုန်းအုပ်စုက တဖြည်းဖြည်းနဲ့ အသာစီးမရတော့ဘူးဆိုတာ သတိမထားမိဘူးလား။"

ခုန်းရှန်မှာ တိတ်ဆိတ်သွားရ၏။ ပထမ၌ လူငါးဦးဖြင့် အသာစီးရနေသော လုဟုန်းအုပ်စုသည် ယခုအခါတွင် နှစ်ဦးနှုတ်ထွက်သွားရပြီ ဖြစ်သည်။ နှိုင်းယှဥ်ကြည့်လျှင် စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏အုပ်စုမှ တစ်ဦးသာ ထွက်ခွာရသေး၏။

ထို့အပြင် လုဟုန်းအုပ်စုမှ နှုတ်ထွက်ခ့ဲရသော နှစ်ဦးစလုံးမှာ ဇူယွမ်မှ ထုတ်ပယ်ခ့ဲခြင်း ဖြစ်သည်။

ခုန်ရှန်းမှာ မျက်ဝန်းများကျဥ်းမြောင်းသွားပြီးနောက် တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "ချူးယန်နဲ့ လျူရှန်း နှစ်ယောက်ပေါင်းပြီးတိုက်ရင် ဇူယွမ်ရှုံးရမှာ သေချာတယ်။"

ချူးယန်နှင့် လျူရှန်းတို့သာ အသေအချာ တိုက်ခိုက်ခ့ဲပါက ဇူယွမ်အတွက် လွတ်မြောက်ရန်ပင် လွယ်ကူမည်မဟုတ်ချေ။

ချူချင်းမှာ မြူခိုးများ အုံ့ဆိုင်းနေသော ရွေးချယ်ခြင်းတောင်ထွတ်အား လှမ်းမျှော်ကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ရေရွတ်လိုက်သည်။

"ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့။"

All Chapters