← Chapters

ယွမ်ဟောင်နှင့်ဗိုလ်လုပွဲ

Vol. 34 Ch. 467

ယွမ်ဟောင်နှင့်ဗိုလ်လုပွဲ

Vol. 34 Ch. 467

မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်အပြင်ဖက်၌

တပည့်များမှာ မြူခိုးများ ရစ်ဝဲနေသော တောင်ထိပ်တစ်နေရာအား အာရုံစိုက်နေလျက် ရှိသည်။ ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များသည်ပင် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်အား စောင့်ကြည့်နေကြ၏။

ကလန်ခေါင်းဆောင်ချင်းယန်မှာ ကျောက်ပလ္လင်ထက်တွင် ထိုင်နေလျက်ရှိသော ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်းနှင့် ပုံရိပ်အားကြည့်ရှုကာ ရေရွတ်လိုက်သည်။ "ယွမ်ဟောင်က တကယ်တော်တဲ့ တပည့်ပဲ။ သူ့ရဲ့စွမ်းရည်နဲ့ဆိုရင် ဓားကပ်ဘေးတောင်ထွတ်မှာတောင်မှ တပည့်ခေါင်းဆောင် ဖြစ်လာနိုင်တဲ့ အလားအလာရှိတယ်။"

ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲတွင် အထူးချွန်ဆုံး ပါဝင်ယှဥ်ပြိုင်သူများ ဖြစ်ကြသော်လည်း ယွမ်ဟောင်ထံ၌ ရှုံးနိမ့်သွားခဲ့ရ၏။

အဘယ့်ကြောင့်ဆိုသော် ယွမ်ဟောင်၏ စွမ်းရည်မှာ လူတိုင်းခန့်မှန်းထားသည်ထက် ကျော်လွန်နေသောကြောင့်ပင် ဖြစ်သည်။

ဇူထိုက်တို့သုံးဦးမှာ မူလစဦး အဋ္ဌမအဆင့်၏ အလယ်အလတ်အဆင့်မျှသာ ရှိသေးပါသော်လည်း ယ​ွမ်ဟောင်မှာမူ မူလစဦး အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နဝမအဆင့်သို့ တက်ရောက်နိုင်ရန် အဆင့်ကလေးတစ်ဆင့်မျှသာ လိုတော့၏။

ထို့ကြောင့် ယ​ွမ်ဟောင်နှင့် ဇူထိုက်တို့စွမ်းရည်မှာ များစွာကွာခြားလှပေသည်။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "ဓားကပ်ဘေးတောင်ထွတ်မှာ ရှိခ့ဲတဲ့အချိန်တည်းက ယွမ်ဟောင်က တော်ပြီးသားပါ။ ဒီလောက် အောင်မြင်မှုလေးကတော့ သူ့အတွက် စာမဖွဲ့လောက်ပါဘူး။"

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ ဝင်ရောက်ပြောဆိုလိုက်သည်။ "ကျွန်မကြားတာတော့ ရှင်ကသူ့ကို သီးသန့်ညွှန်ကြားသင်ပြပေးခ့ဲသေးတယ်ဆို။"

လျို့လျန်းယီမှာ မူလသူတော်စင်တောင်ထွတ်တွင် လုဟုန်းတို့အုပ်စု အနိုင်ရရှိစေရန် လင်ကျွမ်းမှ အစွမ်းကုန်ကြိုးစားအားထုတ်ထားသည်ဟု ယုံကြည်ယူဆထား၏။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာပင် ပြန်၍ပြောလိုက်၏။ "ယွမ်ဟောင်က ငါ့ရဲ့ဓားကပ်ဘေးတောင်ထွတ်က တပည့်ဖြစ်ခ့ဲတာပဲလေ။ ပြီးတော့ သူကအရမ်းကို ထူးချွန်တဲ့တပည့်ဆိုတော့ ငါကလျစ်လျူမရှုထားနိုင်ပဲ သင်ပြပေးရတာပေါ့။"

လင်ကျွမ်းမှာ လျို့လျန်းယီအားကြည့်၍ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ "အရမ်းလည်း စိတ်မညစ်နေပါနဲ့ တောင်ထွတ်ဆရာသခင်မ လျန်းယီရယ်။ ရလာဒ်က မသေချာသေးပါဘူး။ ယွမ်ဟောင်ကို ဇူထိုက်တို့သုံးယောက်ပေါင်းတောင် မနိုင်ခ့ဲပေမယ့် ဇူယွမ်က နိုင်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။"

လင်ကျွမ်း၏ စကားသံများတွင် လှောင်ပြောင်သရော်လိုဟန်များ ပါဝင်နေ၏။

ဇူယွမ်မှာ အခြားသူများအား အနိုင်ရနိုင်ခ့ဲသော်လည်း ဇူထိုက်တို့သုံးဦးလုံးအား အနိုင်ရရှိခ့ဲသော ယွမ်ဟောင်နှင့် နှိုင်းယှဥ်၍ပင် မရနိုင်သေးချေ။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ လုဟုန်း၏အုပ်စုမှ အသေအချာ အနိုင်ရရှိမည်ဟု ယုံကြည်နေကြောင်း ထင်ရှားလှသည်။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လင်ကျွမ်း၏ စကားများကြောင့် ဒေါသထွက်သွားရသော်လည်း အဆုံးတွင်မူ စိတ်ကိုသာ ဖြေလျော့လိုက်ရ၏။

.............

"ဘာပဲပြောပြော ဇူယွမ်က တောင်ထိပ်ထိ ရောက်လာနိုင်ခ့ဲတယ်ဆိုတော့ အရည်အချင်း​ေတာ့ရှိသားပဲ။" ခုန်းရှန်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်အား ကြည့်ရှုနေရင်းဖြင့် ရေရွတ်လိုက်သည်။

ခုန်းရှန်မှာ ဇူယွမ်အား ချီးကျူးစကားဆိုနေသော်လည်း မျက်ဝန်းများတွင်မူ လှောင်ပြောင်သရော်ဟန်များဖြင့် ပြည့်နှက်နေ၏။

"ယွမ်ဟောင်က ဇူယွမ်ကို အများကြီး ထိခိုက်ဒဏ်ရာရအောင် မတိုက်ခိုက်ပါစေနဲ့လို့ပဲ ငါမျှော်လင့်တယ်။ အနည်းဆုံးတော့ ဇူယွမ်က အလားအလာရှိတဲ့ လူငယ်လေးပဲ မဟုတ်လား။" ခုန်းရှန်မှ ချူချင်းအားကြည့်ကာ ပြောလိုက်သည်။

ချူချင်းမှာ ကူကယ်ရာမဲ့စွာဖြင့် ပြောင်လက်နေသော ဦးခေါင်းအား ပွတ်သပ်လိုက်၏။ ချူချင်းမှာ ဇူယွမ်အား အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ကောင်းမွန်လှပါသော်လည်း ယွမ်ဟောင်မှာ အဆပေါင်းများစွာ ပို၍ကြောက်မက်ဖွယ်ကောင်း​ေန၏။ ယွမ်ဟောင်မှာ တစ်ဦးတည်းဖြင့် ဇူထိုက်တို့သုံးဦးလုံးအား အနိုင်ယူနိုင်ခ့ဲသူပင် ဖြစ်သည်။

ယွမ်ဟောင်၏စွမ်းရည်မှာ အခြားသော အဓိကတောင်ထွတ်​ခြောက်ခုတွင်ပင် တပည့်ခေါင်းဆောင်တစ်ဦးဖြစ်နိုင်သော အရည်အချင်း ရှိ၏။

လှပတင့်တယ်သော လီချင်းချန်၏ မျက်နှာလေးပေါ်တွင်လည်း စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ထင်ဟပ်နေပေသည်။ ယွမ်ဟောင်မှာ ဇူယွမ်ရင်ဆိုင်ခ့ဲဖူးသော ရန်သူများအားလုံးထက် ပို၍သန်မာသူ ဖြစ်၏။

လီချင်းချန်မှာ ဇူယွမ်နှင့် သိရှိရင်းနှီးနေသူတစ်ဦး ဖြစ်သောကြောင့် ဇူယွမ်အား ဆိုးရွားစွာ မရှုံးနိမ့်ပါစေနှင့်ဟုသာ မျှော်လင့်နေမိသည်။

...........

ရွေးချယ်ခြင်းတောင်ထွတ်၏ အပြင်ဖက်တွင် စောင့်ကြည့်နေကြသော အကြီးအကဲစိန်းထိုက်ယွမ်နှင့် အကြီးအကဲလုစုန့်တို့မှာ စိတ်ဓာတ်များ ကျဆင်းနေရ၏။ အဘယ့်ကြောင့်ဆိုသော် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးလုံး ရှုံးနိမ့်ခဲ့ရခြင်းကြောင့်ပင် ဖြစ်သည်။

မည်သူကမှ ယွမ်ဟောင်အား ထိုမျှလောက် သန်မာလိမ့်မည်ဟု မျှော်လင့်မထားခ့ဲကြချေ။

ထို့ကြောင့် ဇူယွမ်မှ တောင်ထိပ်ပေါ်ထိ တက်ရောက်နိုင်ခ့ဲခြင်းကိုပင် မည်သူကမှ မပျော်ရွှင်နိုင် ဖြစ်နေကြရ၏။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ကောင်းမွန်လှပါသော်လည်း ယွမ်ဟောင်နှင့် အဆင့်ပေါင်းများစွာ ကွာခြားလှပေသည်။

ဇူထိုက်တို့သုံးဦး ရှုံးနိမ့်သွားသည့် အချိန်မှစ၍ အကြီးအကဲစိန်းထိုက်ယွမ်နှင့် အကြီးအကဲလုစုန့်တို့၏ မျက်နှာမှာ သိသိသာသာပင် ပျက်ယွင်းသွားရ၏။ ယခုအချိန်တွင် ယွမ်ဟောင်နှင့် တိုက်ခိုက်နိုင်မည့်သူမှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသော ဇူယွမ်တစ်ဦးသာ ကျန်ရှိတော့သည်။

အကြီးအကဲလုဟုန်းမှာမူ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ပုံစံအား ကြည့်ရှုလျက် အလွန်ပင် ကျေနပ်အားရနေဟန် ရှိ၏။ ​

ဇူယွမ်က ငါ့အုပ်စုက ငါးယောက်ကို နိုင်သွားတော့ရော ဘာဖြစ်လဲ.....

ပြိုင်ပွဲမှာ သရဖူမဆောင်းရသေးသ၍ ကျန်တာတွေက ဘာမှကိုမဟုတ်ဘူး......

.........

မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်ပေါ်၌

ယွမ်ဟောင်မှာ ပိတ်ထားသော မျက်ဝန်းများ ပွင့်ဟလာပြီးနောက် လှောင်ပြောင်သရော်လိုဟန်ဖြင့် မေးမြန်းလိုက်သည်။ "ကစားမယ်...ဟုတ်လား။"

"မင်းအဆင့်လောက်က ငါနဲ့ကစားနိုင်မှာ သေချာရဲ့လား။"

ယွမ်ဟောင်မှာ လက်ဖျားများဖြင့် ကျောက်ပလ္လင်အား တတောက်တောက်ခေါက်နေ၏။ ထိုအသံမှာ ကွင်းပြင်တစ်ခုလုံးသို့ လွင့်ပျံနေလျက်ရှိပေသည်။

"ငါအခု လှုပ်ရှားရမှာ အရမ်းပျင်းနေတယ်။ အဲ့ဒါကြောင့် ကိုယ့်ဘာသာ အရှုံးကိုလက်ခံပြီး ပြိုင်ပွဲက ထွက်သွားလိုက်။ အဲ့လိုမှမဟုတ်ရင် မင်းတို့အသက်တွေအတွက် ငါအာမ,မခံပေးနိုင်ဘူးနော်။"

ယွမ်ဟောင်၏စကားအား ကြားလိုက်ရသောအခါတွင် ဟန်ယွီမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် ခြေလှမ်းများအား အနောက်သို့ ဆုတ်လိုက်မိ၏။

ဇူယွမ်မှာ သက်ပြင်းချကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "မင်းက တအားစကားများတဲ့ ဖွတ်ကျားကောင်ပဲ။"

"မင်းမတိုက်ခိုက်ချင်ဘူးဆိုရင်လည်း ဒီနေရာကနေ လစ်လိုက်တော့လေ။"

ဇူယွမ်၏စကားကြောင့် ယွမ်ဟောင်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရ၏။

ယွမ်ဟောင်၏ မျက်ဝန်းများမှာ ဒေါသထွက်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်လာပြီးနောက် မတ်တပ်ထရပ်လိုက်သည်။

ဝုန်း.....

ပြင်းထန်လှသော စွမး်အင်ဖိအားမှာ ကွင်းပြင်တစ်ခုလုံးအား ပျ့ံနှ့ံသွား၏။

ယွမ်ဟောင်၏ ပုံသဏ္ဍာန်မှာ ကြောက်မက်ဖွယ်ရာ ကျားသားရဲကြီးမှ အစွယ်ထုတ်ပြလိုက်သည့်အလား ရှိသည်။

ဇူယွမ်မှာ ​ယွမ်ဟောင်အားကြည့်၍ ပြုံးကာပြောလိုက်၏။ "အခုမှပဲ မင်းရဲ့ပုံစံအစစ်ကို မြင်ရတော့တယ်။ ကြင်နာသနားတက်တဲ့ စီနီယာအကိုတော် တစ်ယောက်လိုမျိုး ဟန်ဆောင်နေစရာ မလိုပါဘူး။"

ယွမ်ဟောင်မှာ ဇူယွမ်အား လက်ညှိုးထိုး၍ လှောင်ပြောင်သရော်ဟန်ဖြင့် စကားဆိုလိုက်သည်။

"မင်းက ဘဝင်မြင့်နေတဲ့ အရူးကောင်ပဲ။ ဒီနေ့ မင်းရဲ့ အရုိးတွေကမှ တစ်စစီ မချိုးပစ်ရရင် ငါ့နာမည် ယွမ်ဟောင် မဟုတ်တော့ဘူးကွ။"

ဝုန်း.....

ယွမ်ဟောင်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။

ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည်ပင် အက်ကွဲတုန်လှုပ်လာရလေ​ေတာ့သည်။

All Chapters