ရူးမိုက်သောဇူယွမ်
Vol. 34 Ch. 469
ယွမ်ဟောင်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များစွာ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားများမှာလည်း ကွင်းပြင်တစ်ခုလုံးအား လွှမ်းခြုံထားသည်။
ပြင်းထန်လှသော စွမး်အင်ဖိအားများ၏အောက်တွင် ဇူယွမ်၏ အမူအရာသည်ပင် လေးနက်တည်ကြည်သွားရ၏။ ယွမ်ဟောင်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ဝူဟိုင်နှင့်အခြားသူများထက် များစွာသာလွန်နေေပသည်။
ဇူယွမ်၏အနောက်တွင်ရှိနေသော ဟန်ယွီမှာ အလွန်ပင် ကြောက်လန့်တုန်လှုပ်နေပြီ ဖြစ်၏။ ဟန်ယွီမှာ ယွမ်ဟောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် အနည်းငယ်မျှပင် တွေးတောမထားခ့ဲခြင်း ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်မှာ ဟန်ယွီထံမှ အနည်းငယ်မျှပင် အကူအညီ ရရှိနိုင်မည့်ဟန် မရှိချေ။
ယွမ်ဟောင်ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေသော်လည်း ဇူယွမ်မှာ ကြောက်ရွ့ံဟန်ပင်မရှိပဲ မျက်ဝန်းများ၌ တိုက်ပွဲဆာလောင်သော အငွေ့အသက်များဖြင့် ပြည့်နှက်လာ၏။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဖြည်းညင်းစွာ ဆွဲကိုင်လိုက်သည်။ ဇူယွမ်သည် ဤနေရာထိ ရောက်ရှိလာနိုင်ရန်အတွက် အခက်အခဲပေါင်းများစွာအား ကျော်ဖြတ်ရင်ဆိုင်ခ့ဲရပြီး ဖြစ်၏။ ထို့ကြောင့် ယနေ့တွင် မည်မျှပင်ခက်ခဲကြမ်းတမ်းစေကာမူ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိနိုင်ရန် လိုအပ်သည်။
"ဂျူနီယာညီတော်ဇူယွမ်......သတိထားနော်။"
ဇူယွမ်မှာ တိုးညှင်းသော သတိပေးသံတစ်ခုအား ကြားလိုက်ရ၏။ ဇူယွမ်မှ အ့ံအားသင့်စွာဖြင့် လှည့်ကြည့်လိုက်သောအခါတွင် သွေးများဖြင့် မြင်မကောင်းအောင် ဆိုးရွားနေသော ဇူထိုက်အား တွေ့ရှိလိုက်ရသည်။
ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးလုံးမှာ သွေးအလိမ်းလိမ်းဖြင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိထားကြ၏။
ဇူထိုက်တို့သုံးဦးလုံးမှာ ဇူယွမ်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိသည်။ အထူးသဖြင့် ဇူယွမ်အား အနည်းငယ်မျှပင် မမျှော်လင့်ထားကြသော ကျန်းယန်နှင့် လုယန်းမှာ စိတ်ရှုပ်ထွေးနေဟန် ရှိ၏။
ကျန်းယန်မှာ ဇူယွမ်အား ကြည့်ရှုနေရင်းမှ အားအင်ချိနဲ့စွာဖြင့် စကားဆိုလိုက်သည်။ "မင်းဒီနေရာထိ ရောက်လာနိုင်တာကိုက တော်တော်ဟုတ်နေပါပြီ။ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့တော့လား။"
ကျန်းယန်မှာ ဇူယွမ်၏ အရည်အချင်းအား အသိအမှတ်ပြုမိပါသော်လည်း ယွမ်ဟောင်အား စိန်ခေါ်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သော အရာတစ်ခုပင် ဖြစ်၏။
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်မိသည်။ ဇူယွမ်မှာ ကျန်းယန်၏ စိုးရိမ်ပူပန်မှုအား သိရှိနေသောကြောင့် ပြုံး၍သာ စကားဆိုလိုက်၏။ "ကျွန်တော် နည်းနည်းတော့ ကြိုးစားသင့်တယ်မလား။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလေ။"
ဇူယွမ်၏စကားအား ကြားလိုက်ရသောအခါတွင် ထိခိုက်ဒဏ်ရာများ ရရှိထားသောလုယန်းမှ လှောင်ပြောင်သရော်လိုဟန်ဖြင့် မထီမဲ့မြင်ပြုစွာ မေးမြန်းလိုက်သည်။ "နင်အိမ်မက်,မက်နေတာလား။"
လုယန်းမှာ ဇူယွမ်အား အထင်အမြင်သေးခြင်းမဟုတ်ပဲ သူမတို့သုံးဦး ပေါင်း၍တိုက်ခိုက်ခြင်းသည်ပင် ယွမ်ဟောင်အား ရှုံးနိမ့်ခ့ဲသောကြောင့် ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်၏။
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်၍မပြောတော့ပဲ ခေါင်းကိုခါယမ်းကာ ယွမ်ဟောင်အား ကြည့်ရှုလိုက်သည်။
ယွမ်ဟောင်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "သူတို့ကတော့ မင်းသေမှာကို မမြင်ချင်ကြတဲ့ပုံပဲ။"
ဇူယွမ်မှာ ယွမ်ဟောင်၏စကားအား ပြန်လည်တုံ့ပြန်ခြင်းမရှိချေ။ ဇူယွမ်၏ ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်သဲ့သဲ့မျှ လင်းလက်လာပြီးနောက် ဒြပ်မဲ့အသွင်သို့ ပြောင်းလဲသွားကာ အခိုးအငွေ့အလား လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။
ဇူယွမ်မှာ လက်ဦးမှု ရယူနိုင်ရန် ဆုံးဖြတ်ထားဟန် ရှိ၏။
ယွမ်ဟောင်မှာ ဇူယွမ်၏လုပ်ဆောင်ချက်များအား အလေးပင်မထားဟန်ဖြင့် လက်တစ်ဖက်အား ဝေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ယွမ်ဟောင်၏ချီစွမ်းအင်များမှာ ပေထောင်ကျော်မျှရှိသော လက်ဝါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်းထန်လှသောအရှိန်ဖြင့် အောက်သို့ကျဆင်းလာတော့၏။
ဝုန်း....
အရိပ်သဏ္ဍာန် ပုံရိပ်တစ်ခုမှာ ထိုချီလက်ဝါးကြီး၏အောက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"ချီဖြိုခွဲခြင်း....."
ကျယ်လောင်လှသော အော်ဟစ်သံတစ်ခုအား ကြားလိုက်ရ၏။
ဇူယွမ်၏လက်ထဲတွင် ဆုပ်ကိုင်ထားသော ကောင်းကင်ဘုံယွမ်စုတ်တံမှာ အနက်ရောင်သို့ ပြောင်းလဲသွားပြီး ကျောက်စိမ်းရောင်တောက်ပနေသော ဇူယွမ်၏ခန္ဓာကိုယ်ထက်တွင်လည်း ကြေးခွံများ ပေါ်ထွက်လာသည်။
ဝှစ်....
ကောင်းကင်ဘုံယွမ်စုတ်တံမှာ ကြယ်တံခွန်တစ်ခုအလား ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် ကြီးမားလှသော ချီလက်ဝါးကြီးနှင့် တွေ့ဆုံသွားကြ၏။
ဝုန်း....
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားပြီး ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှာ ပျက်စီးသွားရသည်။ သို့သော် ကောင်းကင်ဘုံယွမ်စုတ်တံမှာ ချီလက်ဝါးကြီးအား ဖျက်စီးထိုးဖောက်နိုင်ခြင်း မရှိသေးသောကြောင့် ဇူယွမ်၏ အမူအရာမှာ ခက်ထန်လာရ၏။
အသက်ရှ္ူစာ အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံမှာ ချီလက်ဝါးကြီးအတွင်းသို့ ဝင်ရောက်သွားနိုင်ခ့ဲသည်။
သို့သော် အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက်ကောင်းကင်ဘုံယွမ်စုတ်တံမှာ သတ္ထုကိုယ်ထည်အား ထိုးဖောက်ဝင်ရောက်နေရသည့်အလား ပြန်လည်ပြုတ်ကျလာ၏။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ ချီလက်ဝါးကြီးအား ဖျက်စီးထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။
ေကာင်းကင်ဘုံယွမ်စုတ်တံမှာ ချီစွမ်းအင်များအား ဖျက်စီးချိုးဖြတ်နိုင်ပါသော်လည်း ထိုစွမ်းအင်မှာ အကန့်အသတ်ရှိပေသည်။ ထိုအကန့်အသတ်မှာ ဇူယွမ်၏ ကျင့်ကြံခြင်းစွမ်းအင်ပေါ်တွင် မူတည်နေခြင်း ဖြစ်၏။
ဝူဟိုင်နှင့် အခြားသူများ၏ ချီစွမ်းအင်များအား ဇူယွမ်မှ ချိုးဖြတ်နိုင်ခ့ဲပါသော်လည်း ယွမ်ဟောင်၏ ချီစွမ်းအင်များမှာ သန်မာတည်မြဲလွန်းလှသဖြင့် ချိုးဖောက်နိုင်ခြင်း မရှိခ့ဲပေ။
"မင်းရဲ့ ကောင်းကင်အဆင့် မူလလက်နက်က တော်တော်ထူးဆန်းတာပဲ။ ငါ့ရဲ့ ချီစွမ်းအင် တော်တော်များများကိုတောင် ပျက်ပြယ်သွားစေတယ်။" ယွမ်ဟောင်မှာ အ့ံအားသင့်နေဟန်ဖြင့် စကားဆိုလိုက်သည်။
ဇူယွမ်၏ မူလလက်နက်မှာ ဇူထိုက်တို့သုံးဦးနီးပါးပင် စွမ်းရည်ရှိကြောင်း ယွမ်ဟောင်မှ သတိထားမိလိုက်၏။ ထို့အပြင် ဇူယွမ်တစ်ဦးတည်းမှ တိုက်ခိုက်နေခြင်း ဖြစ်သောကြောင့် ထိုစုတ်တံမှာ မည်မျှပင် ကောင်းမွန်လှကြောင်း သိရှိနိုင်ပေသည်။
"ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့ ကျင့်ကြံရေးအဆင့်က အရမ်းကို ကွာဟနေတာပဲ ဟဟ...."
ယွမ်ဟောင်မှာ အေးစက်စွာရယ်မောလိုက်ပြီးနောက် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်၏။
ဝုန်း.....
ယွမ်ဟောင်၏ ချီလက်ဝါးကြီးမှ အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ဇူယွမ်၏ခန္ဓာကိုယ်အား ရိုက်ချလိုက်သည်။
ဇူယွမ်၏ခန္ဓာကိုယ်မှာ အဝေးသို့လွင့်စင်သွားရပြီး မြေပြင်ပေါ်၌ ကြီးမားလှသော စွတ်ကြောင်းများ ဖြစ်ပေါ်သွား၏။
ဇူယွမ်၏ခန္ဓာကိုယ်မှ ကြေးခွံများမှာ အက်ကွဲကုန်ရပြီး ထွက်ပေါ်နေသော ကျောက်စိမ်းရောင်အလင်းတန်းမှာလည်း မှေးမှိန်သွားသည်။ ယွမ်ဟောင်မှ ဇူယွမ်အား ထိခိုက်ဒဏ်ရာ ရရှိစေခ့ဲသည်မှာ ထင်ရှားလှ၏။
ဇူယွမ်၏ အမူအရာမှာ အလွနိပင် ခက်ထန်နေရသည်။ ပထမတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ရရုံမျှဖြင့် ဇူယွမ်မှာ အရေးနိမ့်နေရပြီ ဖြစ်၏။ ယွမ်ဟောင်မှာ အလွန်ပင် သန်မာလွန်းလှသည်။
"မင်းက ပြင်ပသန်မာမှုကျင့်စဥ်တွေကို ကျင့်ကြံနေတာဆို။ အဲ့ဒါဆိုလည်း မင်းရဲ့ အကာအကွယ်ကို ငါစမ်းကြည့်မယ်လေ။ အနာဂတ်မှာ မင်းမောက်မာတဲ့ပုံစံနဲ့ နေနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။"
ယွမ်ဟောင်မှာ ချီစွမ်းအင်များအား စုဝေးစေလိုက်ပြီးနောက် ပြင်းထန်လှသောအရှိန်ဖြင့် တောင်ကုန်းတစ်ခုအား မတင်ကာ ဇူယွမ်ထံသို့ ပစ်လွှတ်လိုက်၏။
"သန်းချီသော နဂါးဝေလငါးမှော်စာလုံး..."
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် အနည်းငယ် လှုပ်ယမ်းလိုက်သည်နှင့်တကွ ကြီးမားလှသော ဝေလငါးကြီး၏ပုံရိပ် ပေါ်ပေါက်လာသည်။
ဝုန်း....
ကောင်းကင်ဘုံယွမ်စုတ်တံနှင့် တောင်ကုန်းတို့ တွေ့ဆုံသွားကြ၏။ ချက်ချင်းဆိုသလိုပင် တောင်ကုန်းမှာ ပြိုကွဲသွားပြီး အပျက်အစီးများမှာ ကွင်းပြင်တစ်ခုလုံးသို့ ပျ့ံနှ့ံသွားသည်။
ဝှစ်....
ပြင်းထန်လှသော ချီစွမ်းအင်များမှာ လျှပ်စီးအလား လျင်မြန်စွာဖြင့် ဇူယွမ့်ထံသို့ ထပ်မံရောက်ရှိလာ၏။
"အ့ံဖွယ်စပါးအုံးရဲ့ ကြီးမြတ်သောရွှေဆည်းလည်း...."
ေရွှရောင်ချီစွမ်းအင်များမှ ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီးနောက် ကြီးမားလှသော ရွှေရောင်ဆည်းလည်းကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ချလန်း....
ပြင်းထန်လှသော ချီစွမ်းအင်များနှင့် ကြီးမားလှသော ရွှေဆည်းလည်းကြီးတို့ တွေ့ဆုံသွားကြ၏။ ရွှေဆည်းလည်းကြီးမှာ အက်ကွဲရာများ ပေါ်ပေါ်လာရပြီးနောက် အဆုံးတွင် ပေါက်ကွဲသွားခ့ဲရသည်။
ရွှေဆည်းလည်းကြီး ပေါက်ကွဲသွားပြီးနောက် ဇူယွမ်မှာ အဝေးသို့ လွင့်စင်သွားခ့ဲရပြီး ကျောက်ဆောင်တစ်ခုနှင့် ပြင်းထန်စွာ တိုက်မိသွားရ၏။
ဇူယွမ်၏ နှုတ်ခမ်းထက်မှ သွေးစများ ယိုစီးကျလာသည်။
"ဒီအရူးကောင်က အခုအချိ်န်ထိ အရှုံးမပေးသေးဘူးလား။" လုယန်းမှ အံကိုကြိတ်ကာ ရေရွတ်လိုက်၏။
လုယန်းတို့၏ အမြင်တွင်မူ ဇူယွမ်မှ ယွမ်ဟောင်အား အနိုင်ရရှိရန် မည်သို့မျှ မဖြစ်နိုင်ချေ။
ဇူယွမ်မှာ ထိုကျောက်ဆောင်ဆီမှ ပျံသန်းလာပြီးနောက် သေွးစများကိုသုတ်၍ ယွမ်ဟောင်အားကြည့်ကာ ပြောလိုက်သည်။ "မင်းရဲ့အစွမ်းက ဒါအကုန်ပဲလား။"
ယွမ်ဟောင်မှာ မျက်မှောင်ကျုံ့လျက် ဇူယွမ်အား ကြည့်ရှုလိုက်၏။
"မင်းကတော့ မမှတ်သေးဘူးနဲ့တူတယ်။"
ယွမ်ဟောင်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး လှိုင်းလုံးကြီးတစ်ခုအလား ဇူယွမ်ဆီသို့ ကျဆင်းလာသည်။
ဘန်း....ဘန်း.....
ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် တောင်များသည်ပင် အက်ကွဲကုန်ရ၏။
သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် ရှောင်ရှားခြင်းမပြုပဲ ယွမ်ဟောင်၏ တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘန်း....
ဇူယွမ်၏ ခန္ဓာကိုယ်မှာ သဲအိတ်တစ်ခုအလား တောင်ကုန်းတစ်ခုနှင့် ရိုက်ခတ်သွားရ၏။ မြင်ကွင်းမှာ ဆိုးရွားလွန်းလှသဖြင့် လူတိုင်းမှ မျက်ဝန်းများကို ပိတ်မိထားလိုက်ကြသည်။
"အဲ့ကောင်လေးက ရူးနေတာလား။" လုယန်းမှ သည်းမခံနိုင်တော့ဟန်ဖြင့် ပြောဆိုလိုက်၏။
တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်တွင် စောင့်ကြည့်နေသူများထံမှလည်း အော်ဟစ်ဝေဖန်သံများစွာ ထွက်ပေါ်လာသည်။
သို့သော် မည်သူမှ သတိမထားမိသည်မှာ အဝေးသို့ လွင့်စင်သွားတိုင်းတွင် ဇူယွမ်၏ ခန္ဓာကိုယ်ထက်မှ ကျောက်စိမ်းရောင်အလင်းတန်းများ ပို၍ပို၍ မှေးမှိန်လာခြင်းပင် ဖြစ်၏။ ယခုဆိုလျှင် ဇူယွမ်၏ခန္ဓာကိုယ်ထက်မှ ကျောက်စိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ အသွေးအသားများထဲတွင်မူ ငွေရောင်အလင်းတန်းများ တောက်ပလာခ့ဲလေတော့သည်။