မင်းတိုက်လို့ပြီးပြီလား
Vol. 34 Ch. 470
ဝုန်း....
ပြင်းထန်လှသော ချီစွမ်းအင်များမှာ ပုံရိပ်တစ်ခုပေါ်သို့ ထပ်မံကျဆင်းလာသည်။ ထိုပုံရိပ်မှာ အဝေးသို့ လွင့်စင်သွားကာ တောင်နံရံတစ်ခုနှင့် ရိုက်ခတ်မိသွား၏။ ကျောက်တုံးကျောက်ဆောင်များ ပြိုကျလာကာ ထိုပုံရိပ်အား ဖုံးကွယ်သွားလေသည်။
မြင်ကွင်းမှာ အလွန်ပင် ဆိုးရွားလှသောကြောင့် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်မှ စောင့်ကြည့်နေသော သူများသည်ပင် သနားကရုကာ သက်မိသွားကြ၏။
တိုက်ပွဲမှာ အလွန်ပင် တစ်ဖက်သတ်ဆန်လှပြီး ဇူယွမ်မှာ ယွမ်ဟောင်ထံ၌ အဆက်မပြတ် အရေးနိမ့်နေရခြင်းပင် ဖြစ်သည်။
"ဇူယွမ်က ဘာလို့အရှုံးကို လက်မခံသေးတာလဲ။"
"သူက အရမ်းခေါင်းမာလွန်းတယ်။ ဒါပေမယ့် ဒီနေရာမှာ ခေါင်းမာသင့်တော့ဘူးဆိုတာ မသိဘူးလား။"
"ဒီလောက်အထိ ယှဉ်တိုက်နိုင်တာကိုက ဇူယွမ့်အတွက် တော်တော်ဟုတ်နေပါပြီ။ အခုသူ ယွမ်ဟောင်ကို ရှုံးသွားရင်တောင် ဝေဖန်စရာ မရှိတော့ဘူး။" တပည့်တစ်ဦးမှ သက်ပြင်းချကာ ရေရွတ်လိုက်၏။
စိန်းထိုက်ယွမ်၏ တပည့်များမှာမူ ယွမ်ဟောင်ထံ၌ နှိပ်စက်ခံနေရသော ဇူယွမ်၏ပုံရိပ်အား တိတ်ဆိတ်စွာ ငေးမောကြည့်ရှုနေရင်းဖြင့်် မျက်ဝန်းများ၌ ဒေါသထွက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်လာရသည်။
"ဇူယွမ်...."
"ဇူယွမ်...."
"ဇူယွမ်....."
မည်သူမှ စတင်အော်ဟစ်ခြင်း ပြုလိုက်သည်ကို မသိလိုက်ရပါသော်လည်း စိန်းထိုက်ယွမ် တပည့်များ၏ ဇူယွမ်အား အော်ဟစ်အားပေးသံမှာ မိုးခြိမ်းသံအလား ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့၏။
စိန်းထိုက်ယွမ် တပည့်များမှာ ယွမ်ဟောင်အား ဒေါသဖြစ်နေမည့်အစား ဇူယွမ့်ကို အော်ဟစ်အားပေးရန်သာ ရွေးချယ်လိုက်ကြသည်။
စိန်းထိုက်ယွမ်၏ တပည့်များ အော်ဟစ်အားပေးသံ ကျယ်လောင်လာသည်နှင့်တကွ လုစုန့်၏ တပည့်များမှာလည်း လက်သီးလက်မောင်းတန်းကာ အော်ဟစ်အားပေးလိုက်ကြ၏။
"ဇူယွမ်...."
"ဇူယွမ်....."
"ဇူယွမ်......"
အော်ဟစ်အားပေးသံများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ကျယ်လောင်လာခဲ့သဖြင့် အခြားတောင်ထွတ်များအား စောင့်ကြည့်နေသော တပည့်များသည်ပင် အာရုံစိုက်မိလာကြသည်။
ယောင်ယောင်မှာ ကျောက်ဖျာချပ်ပေါ်တွင် ထိုင်နေရင်းဖြင့် အော်ဟစ်အားပေးသံများအား နားထောင်ကာ ရွေးချယ်ခြင်းတောင်ထွတ်အား စောင့်ကြည့်နေ၏။
ဂါး.....
ယောင်ယောင်၏ပေါင်ပေါ်တွင်ရှိနေသော ထန်ထန်မှာ ယွမ်ဟောင်၏ ပုံရ်ပ်အား ကြည့်ရှု၍ အလွန်ပင် ဒေါသထွက်နေဟန်ဖြင့် ဟိန်းဟောက်လိုက်သည်။
ထန်ထန်မှာ ဇူယွမ်နှင့် မကြာခဏ သတ်ပုတ်နေရပါသော်လည်း ဇူယွမ်အား နှလုံးသားထဲမှ လက်ခံထားပြီး ဖြစ်၏။ ထန်ထန်၏ နှလုံးသားတွင်မူ ကန်းယွမ်၊ယောင်ယောင်နှင့် ဇူယွမ်တို့သုံးဦးကိုသာ မိသားစုအဖြစ် လက်သင့်ခံထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဇူယွမ်အား အခြားသူများမှ နှိပ်စက်နေခြင်းသည် ထန်ထန့်အား အလွန်အမင်း စိတ်ဆိုးဒေါသဖြစ်စေ၏။
ယောင်ယောင်မှာ ထန်ထန်၏ဦးခေါင်းအား ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ ယောင်ယောင်၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း ယွမ်ဟောင်အား ကြည့်ရှုနေသော သူမ၏ မျက်ဝန်းများတွင်မူ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေလျက် ရှိ၏။
.........
လုဟုန်း၏ တပည့်များမှာ ကျယ်လောင်လှသော အော်ဟစ်အားပေးသံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်။ လုဟုန်း၏ တပည့်များမှာ ယွမ်ဟောင်အား အော်ဟစ်အားပေးကြပါသော်လည်း တစ်ဖက်ရှိ အားပေးအားမြှောက်ပြုသံများအား မကျော်လွန်နိုင် ဖြစ်နေရ၏။
လုဟုန်းမှာမူ ထိုအော်ဟစ်အားပေးသံများအား အလေးပင်မထားဟန်ဖြင့် လှောင်ပြောင်သရော်လိုက်သည်။
မင်းတို့ ဘယ်လောက်ပဲ အားပေးအားပေး ဇူယွမ်ဆိုတဲ့ကောင်က ရှုံးနေဦးမှာပဲ......
လုဟုန်းမှာ ရွေးချယ်ခြင်းတောင်ထွတ်ပေါ်ရှိ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် နှုတ်ခမ်းထက်၌ ကျေနပ်အားရနေသော အပြုံးတစ်ခု တွဲလဲခိုသွား၏။
........
အပျက်အစီးများ စုပုံနေသော တောင်ထိပ်တစ်နေရာ၌
ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့၏ အမူအရာမှာ ပျက်ယွင်းနေလျက် ရှိသည်။
ဇူထိုက်မှာ အံကိုတင်းတင်းကြိတ်ထားရင်းဖြင့် ယွမ်ဟောင်အား စူးစိုက်ကြည့်ရှုနေ၏။ ဇူထိုက်မှာ ပြိုင်ပွဲမှသာ မထွက်ခွာရသေးပါက ယွမ်ဟောင်အား ခုန်အုပ်ထိုးသတ်တော့မည်ဟုပင် ထင်ရသည်။
ကျန်းယန်၏ အမူအရာမှာလည်း အလွန်ပင် ခက်ထန်နေရ၏။ ယွမ်ဟောင်မှာ ဇူယွမ်အား ဆော့ကစားနေသကဲ့သို့ ပြုမူနေသည်မှာ ထင်ရှားလှသည်။ ဇူယွမ်မှာ ကျန်းယန်၏ အုပ်စုမှ ဖြစ်သောကြောင့် ထိုသို့ပြုမူနေခြင်းအား ကျန်းယန်မှ လက်မခံနိုင် ဖြစ်နေရ၏။
လုယန်းမှာမူ စိတ်ရှုပ်ထွေးနေဟန် ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ အလျော့မပေးသော စိတ်ဓာတ်အား လုယန်းမှ လေးစားလက်ခံမိသော်လည်း တိုက်ပွဲအား ဆက်လက်ကြည့်ရှုရန် မဝံ့မရဲ ဖြစ်နေရ၏။
လုယန်းမှ တိုးညှင်းစွာ စကားဆိုလိုက်သည်။ "တော်ပါတော့......အရှုံးပေးလိုက်ပါတော့။"
ယခုအချိန်တွင် ဇူယွမ် အရှုံးပေးခဲ့ပါကလည်း မည်သူကမှ လှောင်ပြောင်သရော်ကြတော့မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ အကြိမ်ရေများစွာ အကောင်းဆုံး ကြိုးစားခဲ့ပြီးဖြစ်သောကြောင့်ပင် ဖြစ်၏။
ထိုအချိန်တွင် ရွေးချယ်ခြင်းတောင်ထွတ်၏ အပြင်ဖက်တွင်လည်း အော်ဟစ်အားပေးသံများက မိုးခြိမ်းသံအလား ပဲ့တင်ထပ်နေလေသည်။
"ဇူယွမ်....."
"ဇူယွမ်....."
"ဇူယွမ်....."
...........
သွေးများဖြင့် မြင်မကောင်းအောင် ဆိုးရွားနေသော ပုံရိပ်တစ်ခုမှာ မတ်တပ်ထရပ်လိုက်၏။ ထိုပုံရိပ်၏ ခန္ဓာကိုယ်တလျှောက်တွင် သွေးများက ယိုစီးကျလျက် ရှိသည်။
လုယန်းမှာ ထိုမြင်ကွင်းအား မကြည့်ရှုရက်တော့သည့်အလား မျက်နှာလွှဲသွား၏။
"ဂျူနီယာညီတော်ဇူယွမ်.....ကျေးဇူးပြုပြီး....အရှုံး...ပေးလိုက်ပါတော့။" ဇူထိုက်မှာ မျက်ဝန်းများနီရဲနေလျက် စကားဆိုလိုက်သည်။
ယွမ်ဟောင်မှာမူ ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်ရှိ အော်ဟစ်အားပေးသံများအား နားစွင့်လိုက်ပြီးနောက် လှောင်ပြောင်သရော်လိုဟန်ဖြင့် ပြောလိုက်၏။ "ကြည့်ရတာ မင်းကတော့ နာမည်ကြီးနေပြီ ထင်တယ်။"
ယွမ်ဟောင်မှ ခေါင်းကိုခါယမ်းကာ ဆက်၍ပြောလိုက်သည်။ "ဒါပေမယ့် မင်းလိုအရှုံးသမားတစ်ယောက်က ဒီလိုအားပေးသံတွေနဲ့ တန်လို့လား။"
"မင်းအရှုံးကို လက်မခံသေးဘူးဆိုရင် ငါအခုပဲ မင်းရဲ့ခြေထောက်တစ်ချောင်းကို ရိုက်ချိုးပေးလိုက်မယ်။ မင်းပြန်ပြီး မတ်တပ်ရပ်နိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။"
ယွမ်ဟောင်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးသည်ပင် တုန်လှုပ်သွားရ၏။
ဝုန်း.......
ထိုချီစွမ်းအင်များမှ ကြီးမားလှသော ဓားကြီးတစ်လက်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုဓားကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ ပြင်းထန်လှပြီး ထက်ရှမှုမှာလည်း တောင်များကိုပင် ဖြိုခွင်းစေနိုင်လောက်၏။
ဇူထိုက်တို့သုံးဦးလုံးမှာ ခက်ထန်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ "တော်ပါတော့......"
သို့သော် ယွမ်ဟောင်မှာ အနည်းငယ်မျှပင် ရပ်တန့်မည့်ဟန်မရှိပဲ လက်နှစ်ဖက်အား အတူတကွချိတ်ဆက်ကာ လှုပ်ရှားလိုက်၏။
ဝုန်း....
ချီစွမ်းအင်ဓားကြီးမှာ လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ ဓားကြီးမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ထုတ်လွှတ်နေရင်းဖြင့် ပုံရိပ်တစ်ခုပေါ်သို့ ကျဆင်းသွား၏။
"ပြီးသွားပြီ။" ယွမ်ဟောင်မှ အလေးပင်မထားဟန်ဖြင့် ရေရွတ်လိုက်သည်။
ဓားကြီးမှာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပျက်အစီးများ ဖြစ်ပေါ်သွားရပြီး ဖုန်မှုန့်များဖြင့် လွှမ်းခြုံသွားရ၏။
စောင့်ကြည့်နေသော တပည့်များမှာ ကြည့်ရှုရန် မဝံ့ရဲတော့သည့်အလား မျက်ဝန်းများကို တင်းကြပ်စွာ ပိတ်ထားလိုက်ကြသည်။
ဝုန်း......
ရုတ်တရက်ဆိုသလို အပျက်အစီးများကြားမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။
ယွမ်ဟောင်မှာ အံ့အားသင့်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။ "မင်းမှာ ခွန်အားတွေ ကျန်နေသေးတယ်ပေါ့လေ။"
ယွမ်ဟောင်မှာ အပျက်အစီးများ ဖြစ်ပေါ်နေသော တောင်နံရံအား လျင်မြန်စွာ ကြည့်ရှုလိုက်သောအခါတွင် မတ်တပ်ရပ်နေသော ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ရ၏။
ဖုန်မှုန့်များ ဖြည်းညင်းစွာ လွင့်ပြယ်လာသည်နှင့်တကွ ထိုပုံရိပ်မှာ တစ်စုံတစ်ခုအား ဆွဲကိုင်ထားလျက်ရှိသည်ကို ထပ်မံမြင်တွေ့လိုက်ရသည်။
ထိုတစ်စုံတစ်ခုမှာ ခပ်မှိန်မှန် လင်းလက်တောက်ပနေသော ချီစွမ်းအင်ဓားကြီးပင် ဖြစ်၏။
ယွမ်ဟောင်၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားရသည်။
ထိုဓားမှာ ယွမ်ဟောင်တိုက်ခိုက်ရန် အသုံးပြုခဲ့သော ချီစွမ်းအင်ဓားကြီးပင်ဖြစ်ပြီး ဇူယွမ်၏လက်များအား ချိုးဖြတ်ပစ်ရမည့်အစား ဇူယွမ်မှ တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ရှိ၏။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" ယွမ်ဟောင်မှ စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။
"ထွီး..."
ဇူယွမ်၏ခန္ဓာကိုယ်မှာ သွေးများဖြင့် မြင်မကောင်းအောင် ဆိုးရွားနေ၏။ ဇူယွမ်မှာ သွေးစအချို့အား ထွေးထုတ်လိုက်သည်။ ဇူယွမ်၏မျက်ဝန်းများမှာ ငွေရောင်သဲ့သဲ့မျှ လင်းလက်နေလျက် ရှိ၏။
"မင်း...."
ဇူယွမ်မှာ မောပန်းနေဟန်ဖြင့် အံကိုကြိတ်ကာ စကားဆိုလိုက်သည်။
"တိုက်လို့ပြီးပြီလား...."
ထိုစကားများအား ပြောပြီးသည်နှင့်တကွ ဇူယွမ်မှာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ ဇူယွမ်၏ လက်သီးထက်မှ အံ့အားသင့်ရလောက်အောင် ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။
ဇူယွမ်မှာ အေးစက်ခက်ထန်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်၏။
"မင်းတိုက်လို့ ပြီးပြီလား။"
"အဲ့ဒါဆို ဒီတစ်ခါ ငါ့အလှည့်ပဲ။"