← Chapters

ငွေရောင်ခြည်အသွေးအသားအဆင့်

Vol. 34 Ch. 471

ငွေရောင်ခြည်အသွေးအသားအဆင့်

Vol. 34 Ch. 471

ဘန်း....

ဇူယွမ်၏ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာမှုကြောင့် ပတ်ဝန်းကျင်ရှိ ဓားချီများမှာ ပြိုကွဲကုန်ရပြီး မြေပြင်မှာလည်း အက်ကွဲကုန်ရသည်။ ဇူယွမ်မှာ အပျက်အစီးများအကြားတွင် တည်ငြိမ်စွာပင် မတ်တပ်ရပ်နေလျက် ရှိ၏။

ဇူယွမ်၏ခန္ဓာကိုယ်မှာ သွေးများဖြင့် မြင်မကောင်းအောင် ဆိုးရွားနေသော်လည်း ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်မျိုးမှာ ဇူယွမ်၏ အသွေးအသားများဆီမှ ဖြည်းညင်းစွာဖြင့် ထွက်ပေါ်လာလျက် ရှိသည်။

ကြီးမားလှသော ချီစွမ်းအင်ဓားကြီးအား ဇူယွမ်မှ ဖျက်စီးပစ်လိုက်ခြင်းမှာ ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်မှ စောင့်ကြည့်နေသူများအား အလွန်ပင် အံ့အားသင့်သွားစေ၏။ ဆက်တိုက်ဆိုသလို အရေးနိမ့်နေခဲ့သော ဇူယွမ်ထံမှ စွမ်းအင်များ ရုတ်တရက်ထွက်ပေါ်လာခြင်းအပေါ်တွင် လူတိုင်းမှ မယုံကြည်နိုင် ဖြစ်နေကြရသည်။

ပို၍ဆန်းကြယ်နေရသောအချက်မှာ ဇူယွမ်၏ မူလချီစွမ်းအင်များ တိုးတက်လာခြင်းမရှိခြင်းပင် ဖြစ်၏။ ယခုဇူယွမ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်များသည် မည်သည့်နေရာမှ ထွက်ပေါ်လာပါသနည်း။

ကောင်းကင်ထက်တွင် စောင့်ကြည့်နေကြသော ကလန်ခေါင်းဆောင်နှင့် တောင်ထွတ်ဆရာသခင်များသည်ပင် ဇူယွမ်အားကြည့်ကာ အနည်းငယ် အံ့အားသင့်သွားကြရသည်။

ဟုန်ယာတောင်ထွတ်၏ ဆရာသခင်ဂူမှ အံ့အားသင့်နေဟန်ဖြင့် စကားဆိုလိုက်၏။ "စွမ်းအင်တွေက ကောင်လေးရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတာပဲ။ ဒီကလေးက......ငွေရောင်ခြည်အသွေးအသားအဆင့်ကိုတောင် ရောက်သွားပြီလား။"

"ဒီကလေးက ငွေရောင်ခြည်အသွေးအသားအဆင့်ကို ခဏလေးနဲ့ ရောက်နိုင်ခဲ့တာပဲ။ ပြင်ပသန်မာမှုကျင့်စဉ်မှာ ဒီကောင်လေးရဲ့ ပါရမီက အံ့မခမ်းပဲ။" တောင်ထွတ်ဆရာသခင်ဂူမှ လက်ခံသဘောကျနေဟန်ဖြင့် ရေရွတ်လိုက်သည်။

တောင်ထွတ်ဆရာသခင်ဂူမှာ ပြင်ပသန်မာမှုကျင့်စဉ်များ၏ ခက်ခဲမှုအား ကောင်းစွာသိရှိထား၏။ ထို့အပြင် ဇူယွမ်၏ကျင့်စဉ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ထံမှ ခွဲထွက်လာခြင်းဖြစ်သောကြောင့် သာမန်ပြင်ပသန်မာမှုကျင့်စဉ်များထက် များစွာပို၍ ခက်ခဲပေသည်။

ဟုန်ယာတောင်ထွတ်တစ်ခုလုံးတွင်ပင် ငွေရောင်ခြည်အသွေးအသားအဆင့်ထိ ရောက်ရှိထားသည့်သူမှာ ရှန့်ချွမ်ချူးတစ်ဦးသာ ရှိ၏။

ကလန်ခေါင်းဆောင်ချင်းယန်မှာလည်း ခေါင်းတညိတ်ညိတ်ဖြင့် စကားဆိုလိုက်သည်။ "ခုနကတောင် ဒီကလေးက ငွေရောင်ခြည်အသွေးအသားအဆင့်ကို မရောက်သေးဘူး။ ငါခန့်မှန်းတာမမှားဘူးဆိုရင် ဒီကောင်လေးက ယွမ်ဟောင်ရဲ့ တိုက်ခိုက်မှုတွေကို အသုံးချပြီး အဆင့်တက်သွားတာပဲ။"

ကလန်ခေါင်းဆောင်ချင်းယန်မှ အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် ဆက်လက်ပြောဆိုလိုက်၏။ "ဒီကောင်လေးရဲ့ ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုတွေက တကယ်ကို လေးစားလောက်စရာပဲ။"

အခြားသောတောင်ထွတ်ဆရာသခင်များမှ သဘောတူထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်းအား ကြည့်ရှု၍ ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။ "ကြည့်ရတာ တိုက်ပွဲအခြေအနေတွေ ပြောင်းလဲသွားတော့မယ်နဲ့တူတယ်။"

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်နေသော အမူအရာဖြင့်ပင် ပြန်၍ပြောလိုက်သည်။ "အဲ့လိုပြောဖို့ကတော့ စောလွန်းပါသေးတယ်။ ဒီလိုအခြေအနေမှာ အဆင့်တက်တယ်ဆိုတာက အသက်စွမ်းအင်တွေ အရမ်းကိုဆုံးရှုံးရတာ။ ငါထင်တာတော့ ဇူယွမ့်ဆီမှာ စွမ်းအင်တောင် သိပ်ကျန်တော့မှာမဟုတ်ဘူး။"

.........

မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းတောင်ထွတ်ပေါ်၌

ယွမ်ဟောင်မှာ သွေးအလိမ်းလိမ်းဖြင့် မြင်မကောင်းအောင် ဆိုးရွားနေသော ဇူယွမ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိ၏။ ဇူယွမ့်ထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများမှာ ယွမ်ဟောင်ခန့်မှန်းထားသည်ထက်ပင် များစွာသာလွန်နေပေသည်။

အနီးနားတွင်ရှိနေသော ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာလည်း ဖြစ်ပျက်သွားသော အကြောင်းအရာများအား အံ့အားသင့်နေဟန် ရှိ၏။

ဇူယွမ်မှာ နှုတ်ခမ်းထက်မှ သွေးစများအား ပွတ်ထုတ်လိုက်ပြီးနောက် အကြောများကိုဆန့်ထုတ်ကာ ယွမ်ဟောင်အား ကြည့်ရှုလိုက်သည်။

ဇူယွမ်၏ခန္ဓာကိုယ်ထက်တွင် အစိမ်းရင့်ရောင် အလင်းတန်းများ ပေါ်ထွက်လာကာ နွေးထွေးသောစွမ်းအင်များအား ဖြန့်ကျက်လျက်ရှိ၏။ ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ အသက်စွမ်းအင်များမှာ ပြန်လည်ပြည့်တင်းသွားသည်။

"အရမ်းအံ့သြသွားတဲ့ပုံပဲ။" ဇူယွမ်မှ ပြုံးကာပြောလိုက်၏။

ယွမ်ဟောင်မှာ အေးစက်စွာရယ်မောလိုက်ပြီးနောက် တည်ငြိမ်စွာပင် ပြန်၍ပြောလိုက်သည်။ "မင်းဆီမှာ လှည့်ကွက်နည်းနည်း ရှိနေရုံလေးပါပဲ။"

"မင်းရဲ့စိတ်ဓာတ်တွေကို ဘယ်လိုရိုက်ချိုးပြမလဲဆိုတာ စောင့်ကြည့်နေလိုက်။"

ယွမ်ဟောင်မှာ မြေပြင်အားဆောင့်နင်းလိုက်သည်နှင့်တကွ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ကြီးမားလှသော ဓားကြီးဆယ်လက်အသွင်သို့ ပြောင်းလဲသွား၏။

ဝုန်း...

ဓားကြီးဆယ်လက်မှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းလာသည်။

ွယွမ်ဟောင်မှာ အလွန်အမင်း ဒေါသထွက်နေဟန်ရှိပြီး ဆက်လက်ဆော့ကစားလိုစိတ် မရှိတော့ပဲ အပြင်းအထန် တိုက်ခိုက်တော့မည့်အသွင် ရှိ၏။

ဇူယွမ်မှာ ကျဆင်းလာသော ဓားသွားများအား မော့ကြည့်လိုက်ပြီးနောက် အသွေးအသားများအတွင်းမှ ငွေရောင်ခြည်အလင်းတန်းများ စတင်ထွက်ပေါ်လာသည်။ ဇူယွမ်မှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဓားသွားများအား ထိုးချလိုက်၏။

ဝုန်း.....

ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် မြေပြင်ထက်တွင် ကြီးမားလှသော အက်ကွဲရာများ ဖြစ်ပေါ်သွားရသည်။

ဇူယွမ်၏ လက်တစ်ဖက်လုံးမှာ ငွေသားအတိပြီးသည့်အလား ငွေရောင်ခြည်များ ထွန်းလင်းတောက်ပနေ၏။

ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ် ငွေရောင်ခြည်အသွေးအသားအဆင့်..!

ဘန်း...!

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ကျဆင်းလာသော ဓားသွားများအား အဆက်မပြတ် ထိုးနှက်နေလျက် ရှိသည်။

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးအား ပျံ့နှံ့နေ၏။

ခရက်....

အက်ကွဲသံတစ်ခု ကြားလိုက်ရပြီးနောက် ယွမ်ဟောင်၏ ဓားသွားများမှာ အက်ကွဲကျိုးပြတ်သွားပြီး ဇူယွမ်၏လက်မှ တောက်ပနေသော ငွေရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွားသည်။

ယွမ်ဟောင်၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေရ၏။ "စွမ်းအင်တွေက သူ့ရဲ့ခန္ဓာကိုယ်က လာတာပဲ။" ယွမ်ဟောင်မှာ ဇူယွမ်အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် စွမ်းအင်များမှာ ပြင်ပသန်မာမှုကျင့်စဉ်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း နားလည်သိရှိသွားသည်။

ယွမ်ဟောင်၏ အမူအရာမှာ ပို၍ပင် ခက်ထန်သွားရ၏။ ဇူယွမ်မှာ ယွမ်ဟောင်၏ မျက်စိအောက်၌ပင် ပြင်ပသန်မာမှုကျင့်စဉ်အား အဆင့်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဇူယွမ်မှာ ယွမ်ဟောင်၏ တိုက်ခိုက်မှုစွမ်းအင်များအား အသုံးပြုလျက် အဆင့်တက်ရန်လိုအပ်သော အကန့်အသတ်များကို ချိုးဖြတ်ခဲ့ခြင်းပင် ဖြစ်၏။

ထိုအကြောင်းအရာများအား မှန်းဆမိသွားသောအချိန်တွင် ယွမ်ဟောင်မှာ နောင်တရသည်အထိပင် စိတ်နှလုံးများ နာကျင်သွားရသည်။ ထိုအချက်ကိုသာ သိရှိခဲ့ပါက ပြင်းထန်စွာတိုက်ခိုက်၍ ဇူယွမ်အား ပြိုင်ပွဲမှ  စောစီးစွာ ထုတ်ပယ်လိုက်မည်ပင် ဖြစ်၏။

ဝုန်း....

ယွမ်ဟောင်မှ အတွေးများကြား နစ်မြုပ်နေစဉ်မှာပင် ဇူယွမ်မှာ သားကောင်အား ခုန်အုပ်တော့မည့် ကျားသစ်တစ်ကောင်၏်အသွင်ရှိနေပြီး ငွေရောင်ခြည်အလင်းတန်းများမှာလည်း  အသွေးအသားများအတွင်းမှ ထွက်ပေါ်နေလျက် ရှိသည်။

ဝှစ်....

ဇူယွမ်မှာ လျင်မြန်လှသောအရှိန်ဖြင့် ရွေ့လျားလိုက်သောကြောင့် စောင့်ကြည့်နေသော တပည့်များသည်ပင် မည်သည့်ပုံရိပ်ကိုမျှ မမြင်တွေ့လိုက်ရပေ။

ယွမ်ဟောင်မှာလည်း လှုပ်ရှားသွားသော ဇူယွမ်၏အရိပ်မျှသာ မြင်တွေ့လိုက်ရသဖြင့် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်၏။

ဝုန်း.....

သို့သော် ထိုအချိန်မှာပင် ယွမ်ဟောင်၏ နောက်ကျောဖက်ဆီမှ လေထုပေါက်ကွဲသံများ ထွက်ပေါ်လာကာ ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ကြရသည်။

ဝုန်း.....

ငွေရောင်ခြည်အလင်းတန်းများ ပေါ်ထွက်လာပြီးနောက် ဇူယွမ်မှာ အေးစက်စွာဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ယွမ်ဟောင်ဆီသို့ ပစ်လွှတ်လိုက်၏။

"ချီဖြိုခွဲခြင်း....."

"သန်းချီသော နဂါးဝေလငါးမှော်စာလုံး....."

ယွမ်ဟောင်၏ အမူအရာမှာ ခက်ထန်သွားကာ လျင်မြန်စွာပင် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။

"အဆင့်နိမ့်ကောင်းကင်ဘုံကျင့်စဉ် ဒိုင်းကာဓား..."

ယွမ်ဟောင်ထံမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ကြီးမားလှသော ဓားကြီးတလက်အသွင်သို့ ပြောင်းလဲသွားကာ ယွမ်ဟောင်အား ကာကွယ်ထားလိုက်၏။

ချပ်....

သို့သော် ကောင်းကင်ဘုံယွမ်စုတ်တံနှင့် ဒိုင်းကာဓားတို့ တွေ့ဆုံသွားသည်နှင့်တကွ ဒိုင်းကာဓားကြီးမှာ ပေါက်ကွဲကျိုးပြတ်သွားလေသည်။

အကာအကွယ် ကျိုးပြတ်သွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင် အလင်းတန်းတစ်ခုမှာ ယွမ်ဟောင်အပေါ်သို့ ကျဆင်းလာ၏။

ဝုန်း....

ယွမ်ဟောင်မှာ လေထုအတွင်းသို့ လွင့်စင်သွားရပြီး မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားရသည်။ ယွမ်ဟောင်မှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။

စောင့်ကြည့်နေသော လူတိုင်းမှ ဖြစ်ပျက်သွားသော မြင်ကွင်းများအား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြ၏။

တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနား စတင်သည့်အချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ယွမ်ဟောင်မှ အရေးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် တိုက်ပွဲအခြေအနေများမှာ စတင်၍ ပြောင်းလဲလာပြီဖြစ်ကြောင်း ထင်ရှားနေပေတော့သည်။

All Chapters