အံ့အားသင့်ခြင်း
Vol. 34 Ch. 472
တောင်ထိပ်တစ်ခုလုံးမှာ အပျက်အစီးများဖြင့် ပြည့်နှက်နေပြီး ကွင်းပြင်ကျယ်ကြီးမှာလည်း နှစ်ခြမ်းကွဲထွက်နေရသည်။ အပျက်အစီးများ၏ အဆုံးသတ်နေရာတွင် ယွမ်ဟောင်၏ပုံရိပ်မှာ လဲကျနေလျက် ရှိ၏။
ရွေးချယ်ခြင်းတောင်ထွတ် အပြင်ဖက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
စောင့်ကြည့်နေကြသော တပည့်များမှာ ဇူယွမ်မှ ယွမ်ဟောင်အား အဝေးသို့လွင့်စင်သွားသည်အထိ တိုက်ခိုက်နိုင်ခဲ့ခြင်းအား မယုံကြည်နိုင် ဖြစ်နေကြရ၏။ တိုက်ပွဲစတင်ခဲ့သည့် အချိန်မှစ၍ ဇူယွမ်မှာ ယွမ်ဟောင်ထံ၌ အဆက်မပြတ် အရေးနိမ့်ခဲ့ရခြင်းပင် ဖြစ်သည်။ သို့သော် မျက်စိတမှိတ်စာမျှသော အချိန်လေးအတွင်းမှာပင် ဇူယွမ်မှာ စွမ်းရည်များ တိုးတက်လာခဲ့၏။
စောင့်ကြည့်နေသော တပည့်များအားမဆိုထားနှင့် စိန်းထိုက်ယွမ်သည်ပင် ရွေးချယ်ခြင်းတောင်ထွတ်ပေါ်ရှိ မြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေရသည်။
စိန်းထိုက်ယွမ်မှာ အရှုံးအား လက်သင့်ခံရန်ပင် ပြင်ဆင်ထားပြီးဖြစ်ပါသော်လည်း ဇူယွမ်မှာ တိုက်ပွဲအခြေအနေများအား အလှည့်အပြောင်း ဖြစ်စေခဲ့၏။
စိန်းထိုက်ယွမ်မှာ ရွေးချယ်ခြင်းတောင်ထွတ်ပေါ်ရှိ လူငယ်လေး၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် ကြည်နူးခြင်းနှင့် ကျေနပ်အားရခြင်းများအား ခံစားလိုက်ရသည်။
စိန်းထိုက်ယွမ် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များအားလုံးထဲတွင် ဤလူငယ်လေးအား ရွေးချယ်ခဲ့မိခြင်းမှာ အကောင်းမွန်ဆုံးပင် ဖြစ်၏။
စိန်းထိုက်ယွမ်နှင့် မလှမ်းမကမ်းတွင်ရှိနေသော လုစုန့်မှာလည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ လုစုန့်မှာလည်း အရှုံးအား လက်ခံလိုက်ရန် တွေးတောနေခဲ့ပါသော်လည်း ယွမ်ဟောင်အား တန်ပြန်တိုက်ခိုက်လိုက်သော ဇူယွမ်အား မြင်တွေ့လိုက်ရသောအခါတွင် အနည်းငယ်မျှ ပျော်ရွှင်သွားမိ၏။
အတိတ်ကာလများတွင် လုစုန့်မှာ ဇူယွမ်အား တပည့်အဖြစ် ရွေးချယ်ရန် အလိုရှိခဲ့ပါသော်လည်း စိန်းထိုက်ယွမ်နှင့် ခင်မင်ရင်းနှီးမှုအား မပျက်စီးစေလိုသောကြောင့် လိုလားစွာပင် အလျော့ပေးခဲ့သည်။ ယခုတွင်မူ လုစုန့်မှာ လွန်စွာမှ နောင်တရချင်သလိုပင် ဖြစ်မိ၏။
"ဒီအဖိုးကြီးကတော့ ကံကောင်းသွားတယ်။"
လုစုန့်မှ စိန်းထိုက်ယွမ်အား အားကျနေဟန်ဖြင့် ကြည့်ရှုလိုက်သည်။
"သူ့ရဲ့ရှေးရေးကတော့ ဖြောင့်နေတော့မှာပဲ။"
.........
လုဟုန်း၏ တပည့်များမှာမူ အံ့အားသင့်လွန်းလှသဖြင့် မည်သည့်စကားမှ မပြောနိုင်အောင်ပင် ဖြစ်နေရ၏။ နှစ်ပေါင်းများစွာအတွင်း ယွမ်ဟောင်မှ ထိုသို့တိုက်ခိုက်ခံရခြင်းအား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ထို့အပြင် ယွမ်ဟောင်အား ပြင်းထန်စွာ တိုက်ခိုက်နိုင်ခဲ့သူမှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသော ဇူယွမ်ဖြစ်နေ၏။
လုဟုန်းမှာ လွန်စွာခက်ထန်သော အမူအရာဖြင့် အံကိုကြိတ်ကာ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေလျက် ရှိသည်။ လုဟုန်းမှာ ဇူယွမ်ကဲ့သို့သော မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသည့် ပမွှားလေးမှ တိုက်ပွဲအခြေအနေများအား လှည့်ပြောင်းလိုက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ ယွမ်ဟောင်အား အနိုင်ရရှိနိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
"မင်းက ဘယ်လောက်စွမ်းမှာမို့လို့လဲ။"
လုဟုန်းမှာ ရွေးချယ်ခြင်းတောင်ထွတ်ပေါ်ရှိ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် အံကိုတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။
.........
တောင်ထွတ်ပေါ်တွင်ရှိနေသော ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေရ၏။ မည်သူကမှ ဇူယွမ်မှာ ယွမ်ဟောင်အား လွင့်စင်သွားသည်အထိ တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် ဖြစ်သည်။
ဇူထိုက်တို့သုံးဦး ပူးပေါင်း၍ တိုက်ခိုက်ခြင်းသည်ပင် ယွမ်ဟောင်အား ခြေတလှမ်းစာမျှ မရွေ့လျားနိုင်စေခဲ့ချေ။ သို့သော် ဇူယွမ်မှာ တစ်ဦးတည်းဖြင့် ယွမ်ဟောင်အား လွင့်စင်သွားစေနိုင်ခဲ့၏။
ကျန်းယန်နှင့် လုယန်းတို့မှာ ရှက်ရွံ့သွားသလိုပင် ခံစားလိုက်ရသည်။ ကျန်းယန်နှင့် လုယန်းတို့ နှစ်ဦးစလုံးမှာ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားတွင် ဇူယွမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းအပေါ် ဝေဖန်မှုများစွာ ပြုလုပ်ခဲ့ကြသူများ ဖြစ်၏။
သို့သော် ဇူယွမ် တစ်ဦးတည်း၏ စွမ်းဆောင်ရည်သည်ပင် ကျန်းယန်၊ လုယန်းနှင့် ဇူထိုက်တို့သုံးဦး ပေါင်းခြင်းထက် ပို၍သာလွန်နေခဲ့သည်။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဝေ့ယမ်းရင်းဖြင့် အပျက်အစီးများ စုပုံနေသော မြေပြင်အား ကြည့်ရှုလိုက်၏။ အစောပိုင်းတွင် တိုက်ခိုက်ခဲ့သော ဇူယွမ်၏ တိုက်ခိုက်မှုမှာ လျင်မြန်လွန်းလှသဖြင့် ယွမ်ဟောင်အား ထိခိုက်စေခဲ့ပါသော်လည်း ပြင်းထန်လှသော ထိခိုက်ဒဏ်ရာများအား မရရှိစေနိုင်ခဲ့ချေ။
ယွမ်ဟောင်မှာ ဇူယွမ်အတွက် ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲလှသော ရန်သူတစ်ဦးပင် ဖြစ်သည်။
သို့သော် ဇူယွမ်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့စိတ် မဝင်မိချေ။ ငွေရောင်ခြည်အသွေးအသားနှင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ပေါင်းစည်းလိုက်ပါလျှင် ဇူယွမ်၏စွမ်းအင်မှာ မူလစဦး အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော ယွမ်ဟောင်ထက် အားနည်းခြင်းရှိတော့မည် မဟုတ်ပေ။
"မင်းကတော့ ငါ့ကိုစောစော မထုတ်ခဲ့မိလို့ နောင်တရနေတော့မှာပဲ။"
ဇူယွမ်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် ဇူယွမ်မှာ မြေပြင်အားဆောင့်နင်း၍ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။
"မင်းကအခု ကြွက်တစ်ကောင်လိုပဲ ပုန်းနေတော့မှာလား...ဟဟဟ။"
ဇူယွမ်မှာ အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဝေ့ယမ်းလိုက်သည်နှင့်တကွ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။
ဝှစ်....
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား အရှိန်ပြင်းစွာဖြင့် လွှဲရိုက်လိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံမှာ ကြောက်မက်ဖွယ်ကောင်းလှသောအရှိန်ဖြင့် မြေပြင်ပေါ်သို့ ကျဆင်းလာ၏။
ချလန်း.....
ကျယ်လောင်လှသောလအသံကြီးတစ်ခု ထွက်ပေါ်လာကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာလည် ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ တောင်ထိပ်ရှိ ကွင်းပြင်ကျယ်ကြီးတစ်ခုလုံးမှာ ပြိုကျအက်ကွဲရာများဖြင့် ပြည့်နှက်သွား၏။
ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့မှာ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များအား ခံနိုင်ရည်မရှိသောကြောင့် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။
သို့သော် ဇူထိုက်တို့သုံးဦးမှာ ဒဏ်ရာများအား အရေးပင်မစိုက်နိုင်ပဲ တိုက်ခိုက်မှုဖြစ်ပွားရာနေရာကိုသာ လျင်မြန်စွာ ကြည့်ရှုလိုက်ကြ၏။
ယွမ်ဟောင်မှာ အပျက်အစီးများကြားထဲမှ တစ်ဖန်ပြန်လည် မတ်တပ်ရပ်လိုက်သည်ကို တွေ့ရှိလိုက်ရသည်။
ယွမ်ဟောင်၏ အဝတ်အစားနှင့် ဆံပင်များမှာ မြင်မကောင်းလောက်အောက် ရှုပ်ပွနေ၏။ သို့သော် ယွမ်ဟောင်၏ မျက်ဝန်းများမှာ သားရဲတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ယွမ်ဟောင်၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားများမှာ ကွင်းပြင်တစ်ခုလုံးအား လွှမ်းခြုံသွား၏။
ထို့နောက် ယွမ်ဟောင်၏လက်ထဲသို့ ကြီးမားလှသော ဓားကြီးတစ်ခု ရောက်ရှိလာသည်။ ထိုဓားကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများမှာ ပူပြင်းလွန်းလှသဖြင့် မြေပြင်များသည်ပင် အရည်ပျော်ကျနေရ၏။
ယွမ်ဟောင်မှာ လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အဆင့်နိမ့်ကောင်းကင်လက်နက် ကောင်းကင်မီးလျှံဓားသွား..."
ယွမ်ဟောင်၏စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်နေသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ အော်ဟစ်ဆူညံသံများဖြင့် ပြည့်နှက်သွား၏။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာလည်း အေးစက်စွာ ရယ်မောလိုက်ပြီးနောက် တောင်ထွတ်ဆရာသခင်လင်ကျွမ်းဖက်သို့လှည့်ကာ ပြောလိုက်သည်။ "ကောင်းကင်မီးလျှံဓားသွားက ဓားကပ်ဘေးတောင်ထွတ်ကပိုင်တဲ့ မူလလက်နက် မဟုတ်ဘူးလား။"
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ အလေးပင်မထားဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်၏။ "ဓားကပ်ဘေးတောင်ထွတ်မှာထဲက ယွမ်ဟောင်က အရမ်းကို ထူးချွန်တဲ့တပည့်မို့လို့ မူလသူတော်စင်တောင်ထွတ်ကိုမသွားခင် ငါကိုယ်တိုင် ချီးမြှင့်ခဲ့တာပါ။"
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ မည်သည့်စကားမှ ထပ်၍မပြောတော့ပဲ လှောင်ပြောင်သရော်ဟန်ဖြင့်သာ ရယ်မောနေတော့သည်။
ရွေးချယ်ခြင်းတောင်ထွတ်၏ အပြင်ဖက်တွင်ရှိနေသော လုဟုန်းမှာ ကျေနပ်အားရနေဟန်ဖြင့် အံကိုကြိတ်ကာ ရေရွတ်လိုက်၏။
"ကောင်စုတ်လေး....ယွမ်ဟောင်က ကောင်းကင်မီးလျှံဓားသွားကိုတောင် ထုတ်သုံးတော့မယ်ဆိုမှတော့ မင်းအတွက် သေလမ်းပဲ ရှိတော့တယ်။"