← Chapters

ဉာဏ်များတဲ့ ‘ရန်ကျောက်ကဲ’

Vol. 44 Ch. 621

ဉာဏ်များတဲ့ ‘ရန်ကျောက်ကဲ’

Vol. 44 Ch. 621

အခန်း (၆၂၁) ဉာဏ်များတဲ့ ‘ရန်ကျောက်ကဲ’

ရန်ကျောက်ကဲက လျန်ကျီးချောင်၏ ရုပ်ကြွင်းကို ကျူတောပင်လယ်ဒေသသို့ သယ်ဆောင်လာသဖြင့် သူ ကျေးဇူးတင်ရပါသည်။

ရန်ကျောက်ကဲက သူနှင့်ဝေလန်ကို ကယ်တင်ခဲ့သောကြောင့်လည်း ကျေးဇူးတင်ရပါသည်။

သို့သော် လက်ရှိတွင် သူ့အခြေအနေက မည်မျှပင်ဆိုးရွားနေပါစေ ယိုးမင်ဂိုဏ်းမှတပည့်တစ်ယောက်အနေဖြင့် ကျန်းစုန့်ချန်က မာနကြီးသူတစ်ယောက် ဖြစ်၏။

သို့ရာတွင် တိန့်စန်းတို့အုပ်စု ပျောက်ကွယ်သွားခြင်းက ရန်ကျောက်ကဲနှင့် သူ့နောက်ကွယ်မှသိုင်းဂိုဏ်းနှင့် ပတ်သက်နေကြောင်း ကြားသိရသည့်အခါ ကျန်းချန်စုန့် မအံ့သြဘဲ မနေနိုင်ပေ။

ပင်မတိုက်ရိုက်တပည့်ဖြစ်စေ ၊ ဧည့်သည်အကြီးအကဲဖြစ်စေ ထိုမျှများပြားသော သိုင်းသူတော်စင်များ ဆုံးရှုံးရခြင်းက ကွမ်းမင်ဂိုဏ်းလို ကြီးမြတ်သည့် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုအတွက် ကြေကွဲဖွယ်ရာဆုံးရှုံးမှုဖြစ်သည် အမှန်ပင်။

သူတို့ ယိုးမင်ဂိုဏ်းသာဆိုလျှင် ထိုသို့သောကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားမည် မဟုတ်ပေ။

ထို့ပြင် အမည်မသိ နောက်ထပ်သေဆုံးသွားသော သိုင်းသူတော်စင် (၃)ယောက် ရှိနေသေးကြောင်းသိရသဖြင့် ကျန်ချန်စုန့် ပိုမိုအံ့အားသင့်ရသည်။

သေဆုံးသွားသူများမှာ စုစုပေါင်း (၈) ဦးဖြစ်ပြီး သိုင်းသူတော်စင် တတိယအဆင့် (၅)ဦးနှင့် သိုင်းသူတော်စင်စတုတ္ထအဆင့်ရှိသော တိန့်စန်းပင် ပါဝင်သည်။ ဤသို့သောဆုံးရှုံးမှုက အလွန်တရာကြီးမားသည်ဟု ယူဆနိုင်၏။

တိန့်စန်းက ကွမ်းမင်ဂိုဏ်း ၊ ထာဝရအလင်းခန်းမမှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ထိပ်တန်းအကြီးအကဲ (၅)ယောက်တွင် တစ်ယောက်အပါအဝင် ဖြစ်သည်။ ကျူတောပင်လယ်ဒေသတွင်လည်း အလွန် နာမည်ကြီးသူပင်။

ကျန်းချန်စုန့် ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ထဲက မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

ရန်ကျောက်ကဲတို့ သိုင်းဂိုဏ်းက သူတို့ ယိုးမင်ဂိုဏ်းလောက် အင်အားမကြီးနိုင်သော်လည်း သေချာပေါက် လျှော့မတွက်သင့်ပေ။ သူ မျှော်လင့်ထားသည်ထက် ပိုမိုစွမ်းအားမြင့်မားသော နောက်ခံတစ်ခု ဖြစ်နိုင်သည်။

ထိုခဏတွင် ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ ပြုံးရုံသာပြုံးနေသည်။

ခဏကြာမှ...

“ငါတို့သိုင်းဂိုဏ်းက ဒီ ကျူတောပင်လယ်ဒေသက မဟုတ်ပါဘူး ၊ ဒါကြောင့် ထုတ်ဖော်ပြောရင်လည်း ဆရာကျန်း သိမယ်မထင်ဘူး”

ရန်ကျောက်ကဲက ထုတ်ဖော်မပြောချင်ကြောင်း သဘောပေါက်သွားပြီးနောက် ကျန်းချန်စုန့်ကလည်း အတင်းမေးမြန်းခြင်း မပြုတော့ပေ။ သို့သော် တစ်ဖက်လူ၏ လျှို့ဝှက်သောအပြုအမူက သူ့ကို အထင်သေးသွားခြင်း မဖြစ်စေဘဲ ပို၍ပင် အလေးအနက်ရှိလာစေသည်။

“သူပြောတဲ့စကားတွေသာ အမှန်ဆိုရင် သူတို့ဂိုဏ်းနဲ့ ကွမ်းမင်ဂိုဏ်းကြားက ရန်ငြိုးနဲ့မုန်းတီးမှုတွေဟာ အတော်လေး နက်ရှိုင်းပြီး ဖြေရှင်းမရလောက်အောင် ဖြစ်နေပြီ ၊ သူတို့က ငါတို့ဂိုဏ်းအတွက် ခိုင်မာတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာနိုင်တယ် ၊ ပြီးတော့ ကွမ်းမင်ဂိုဏ်းက လက်ရှိမှာ ငါတို့နဲ့အတူ တာ့ရွှမ်တိုင်းပြည်ကို တိုက်ခိုက်နေကြတာဆိုပေမယ့် သူတို့က ငါတို့ဂိုဏ်းကခွဲထွက်သွားတဲ့ သစ္စာဖောက်တွေပဲလေ ၊ ငါတို့ကြားကရန်ငြိုးကလည်း အသက်သေတာတောင် ပြေလည်နိုင်မှာမဟုတ်ဘူး”

ကျန်းချန်စုန့် တွေးလိုက်သည်။

“ဒါပေမဲ့ ဒါက ကွမ်းမင်ဂိုဏ်းရဲ့ လှည့်စားမှုတွေထဲက တစ်ခုလားဆိုတာတော့ သတိထားရမယ်”

ရန်ကျောက်ကဲကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ကျန်းချန်စုန့်ကလည်း ဤလူငယ်ကို အထက်ဘုံကမ္ဘာမှမဟုတ်သော အခြားကမ္ဘာတစ်ခုမှဟု မထင်မှတ်ခဲ့ပေ။

ဤသည်မှာ အထက်ဘုံကမ္ဘာမှ ထိပ်သီးသိုင်းဂိုဏ်းကြီးများ၏ အခြားကမ္ဘာများအပေါ် အထင်သေးသည့်ခံယူချက်ကြောင့်ဖြစ်ပြီး ကွမ်းမင်ဂိုဏ်းသည်လည်း တစ်ချိန်က ထိုသို့ တွေးတောခဲ့သည်ပင်။

အမှန်တော့ တိန့်စန်းတို့အုပ်စုကဲ့သို့ သိုင်းသူတော်စင်များ အခြားကမ္ဘာများသို့ သွားရောက်ပါက ထိုကမ္ဘာများကို အမှုန့်ချေပစ်နိုင်သည်အထိပင် စွမ်းအားကြီးမားသည်မှာ မေးခွန်းထုတ်စရာမလိုပေ။

အောက်ဘုံကမ္ဘာများတွင် သိုင်းပညာထွန်းကားသောကမ္ဘာ အနည်းငယ်သာရှိသည်။ သူတို့သိုင်းပညာများက အထက်ဘုံကမ္ဘာလောက် ကောင်းမွန်ခြင်းမရှိသော်လည်း သိုင်းသူတော်စင် တတိယအဆင့်ထက် ကျော်လွန်လာသူများစွာ ရှိသည်။

သိုင်းသူတော်စင်စတုတ္ထအဆင့်သို့ တက်ရောက်နိုင်သဖြင့် အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့တက်လာနိုင်သော သိုင်းသူတော်စင်များမှာ တစ်ယောက်နှစ်ယောက်မျှသာ မကပေ။

သို့သော် ထိုသို့သောကမ္ဘာများက အလွန်နည်းပါးသည်။ ထောင်နှင့်သောင်းနှင်ချီအောင်များပြားသော အောက်ဘုံကမ္ဘာ အရေအတွက်နှင့်နှိုင်းယှဉ်လျှက် အထက်ဘုံကမ္ဘာကိုတက်လာနိုင်သူက အလွန်နည်းပါးသည်ဟု ဆိုနိုင်၏။

နောက်တစ်ချက်မှာ အထက်ဘုံကမ္ဘာတွင် ရင်ပေါင်တန်းရပ်တည်နေကြသော သိုင်းဂိုဏ်းများစွာသည်ပင် တိန့်စန်းလိုလူတစ်ယောက်အား သတ်ဖြတ်နိုင်သူ ရှားပါးလေရာ အောက်ဘုံကမ္ဘာမှဆိုလျှင်တော့ ပြောနေစရာမလိုပေ။

လျန်ကျီးချောင်၏ ရုပ်ကြွင်းကို အောက်ဘုံကမ္ဘာမှ ပြန်လည်ယူဆောင်လာခြင်းက ထည့်သွင်းစဉ်းစားစရာမလိုသောကိစ္စ ဖြစ်သည်။

လျန်ကျီးချောင်ကဲ့သို့ပင် အထက်ဘုံကမ္ဘာမှ အောက်ဘုံကမ္ဘာများသို့ ခရီးဆန့်သူ များစွာရှိသည်။ ထို့ကြောင့် ရန်ကျောက်ကဲ အောက်ဘုံကမ္ဘာသို့ ဆင်းသက်သွားချိန် အမှတ်မထင် လျန်ကျီးချောင်၏ရုပ်အလောင်းကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ပြီးတော့ လျန်ကျီးချောင်၏ ရုပ်ကြွင်းကို ရန်ကျောက်ကဲသယ်ဆောင်လာသည်ကလည်း ယိုးမင်ဂိုဏ်းနှင့်ဆက်သွယ်ရန်အတွက် တမင်သက်သက် အကွက်ဆင်ခြင်း ဖြစ်နိုင်သေး၏။

သို့ဖြစ်ရာ ရန်ကျောက်ကဲ၏စကားများက အမှန်ဖြစ်နိုင်သည့်တိုင် မပြည့်စုံသောအမှန်တရားများသည် တစ်ခါတစ်ရံ လိမ်လည်လှည့်ဖြားသည်ထက် ပိုမိုကြောက်မက်ဖွယ်ရာကောင်းပေသည်။

ရန်ကျောက်ကဲဘက်မှကြည့်မည်ဆိုလျှင်...

ကျန်းချန်စုန့်သည် ဝိညာဉ်ခန္ဓာသိုင်းဆရာသခင်အဆင့်မျှသာဖြစ်သည်။

ယိုးမင်ဂိုဏ်းလို ထိပ်တန်းအဆင့် သိုင်းဂိုဏ်းကြီးတွင် မဆိုထားနှင့် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ထိပ်သီးသိုင်းဂိုဏ်းကြီးများမှာပင် ထိုအဆင့်က သိပ်ပြီး အရေးမပါလှပေ။ အဓိကဆုံးဖြတ်ချက်ချမှတ်ရသော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နိုင်သောအဆင့် မဟုတ်ပေ။

သို့ပေသိ ရန်ကျောက်ကဲအနေဖြင့် ယိုးမင်ဂိုဏ်းနှင့်ချိတ်ဆက်ရန် ကျန်းချန်စုန့်ကို အသုံးချရပေမည်။

ထို့ကြောင့် သူနှင့် ဝါဒတောင်အကြောင်း ကျန်းချန်စုန့်ကို ပုံကြီးချဲ့ပြောဆိုခြင်းက အရာထင်မည် မဟုတ်ပေ။ သူ့အနေဖြင့် ပိုပြီးသပ်ရပ်သောနည်းလမ်းဖြင့် ယိုးမင်ဂိုဏ်းကို ဆက်သွယ်နိုင်ရန် လိုအပ်သည်။

အဖြစ်မှန်ကိုသိရှိပြီးနောက် ယိုးမင်ဂိုဏ်းမှလူများ မည်သို့တွေးထင်မည်ကို ရန်ကျောက်ကဲ စိတ်မပူပေ။ ထို့ပြင် သူက ယိုးမင်ဂိုဏ်း၏လက်အောက်ခံဖြစ်လာရန်လည်း စိတ်မဝင်စားပေ။

ကျန်းချန်စုန့်က တိန့်စန်းနှင့် အခြားသူများအခြေအနေကို စုံစမ်းစစ်ဆေးကြည့်ရန် ယိုးမင်ဂိုဏ်းမှအကြီးအကဲများကို သတင်းပို့ရန် စဉ်းစားနေပြီး ရန်ကျောက်ကဲကလည်း ထိုသို့ပြုလုပ်ပါရန် စိတ်အားထက်သန်စွာ တိုက်တွန်းသည်။

ကျန်းချန်စုန့်က...

“ဒီကသခင်လေးက ဆရာဘိုးဘိုး’လျန်ကျီးချောင်’ ရဲ့ ရုပ်ကြွင်းကို ယူဆောင်လာတာ အရမ်းကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ အခု ငါက ဒဏ်ရာပြင်းထန်နေတော့ ဆရာဘိုးဘိုးရဲ့ရုပ်ကြွင်းကို သယ်ဆောင်နိုင်မယ်မထင်ဘူး ၊ ဒါကြောင့် ဒီကသခင်လေးကပဲ အဆုံးထိ ကူညီပေးနိုင်မလား”

သူက ဆက်ပြောသည်။

“တန်ခိုးစွမ်းအားမြင့်မားတဲ့ အကြီးအကဲတွေနဲ့ သခင်လေးကို ဆက်သွယ်ပေးပါ့မယ် ၊ သခင်လေးအနေနဲ့ ဆုလာဘ်တွေလည်းရရှိနိုင်သလို အပြန်အလှန်ဆွေးနွေးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်”

ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ပင် ပြုံးလိုက်ရင်း...

“ရတာပေါ့... တကယ်တော့ ဒီ ကျူတောပင်လယ်ဒေသကို ရောက်လာရတာကလည်း ကွမ်းမင်ဂိုဏ်းရဲ့အခြေအနေကို လေ့လာဖို့အတွက်ပါပဲ”

ကျန်းချန်စုန့်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ...

“ကွမ်းမင်ဂိုဏ်းရဲ့ အဆက်အနွယ်တွေကလွဲလို့ ကွမ်းမင်ဂိုဏ်းအကြောင်း ကောင်းကောင်းသိတဲ့သူ ဒီကမ္ဘာမှာ မရှိနိုင်ပါဘူး”

***

ရန်ကျောက်ကဲနှင့် ကျန်းချန်စုန့်တို့ စကားစမြည်ပြောဆိုနေစဉ် ‘ဝေ’ အိမ်တော်တစ်နေရာတွင်လည်း အကြီးအကဲများ စကားပြောဆိုနေကြသည်။

စကားပြောဆိုသည်ဆိုခြင်းထက် အငြင်းပွားနေကြသည်ဆိုခြင်းက ပိုမိုသင့်လျော်ပေမည်။

“ညီ (၂) ... မင်းက ဦးလေး (၆)ကို ဘာလို့ သွားပြီး ဒီသတင်းပြောပြရတာလဲ”

ဝေလန်၏ဖခင်လည်းဖြစ် ၊ အိမ်တော်သခင်လည်းဖြစ်သော ဝေယွင်ချန်းက ညီဖြစ်သူ ဝေယွင်စန်းကို စူးစိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။

ဝေယွင်စန်း၏ အမူအရာက တည်ငြိမ်နေသော်လည်း ဘေးနားမှ ဆံဖြူအဘိုးကြီးကတော့ အေးစက်စွာအော်ဟစ်လိုက်၏။

“အေး.. ယွင်စန်းပြောပြလို့ ဒီသတင်းကိုသိရတာ ကံကောင်းတယ်လို့ ဆိုရမယ် ၊ မဟုတ်ရင် မင်းရဲ့ သောက်သုံးမကျတဲ့သားကြောင့် တစ်ဆွေလုံးတစ်မျိုးလုံး အသတ်ခံရနိုင်တယ်”

ပြောပြီးသည်နှင့် အဘိုးကြီးက ဝေယွင်ချန်းဘေးနားတွင်ရှိနေသော ဝေလန်ကို လှမ်းကြည့်လိုက်သည်။ အဘိုးကြီး၏မျက်ဝန်းများနှင့် ရင်ဆိုင်ရသည်နှင့် ဝေလန်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရသည်။

ဝေယွင်စန်းက...

“စစ်သူကြီး’ယန်’ ရဲ့ တပ်တွေ မကြာခင် လောင်ဖုန်းမြို့ကိုရောက်လာတော့မယ် ၊ ကျွန်တော် ဒီလိုလုပ်ရတာ အစ်ကိုကြီး နားလည်မှာပါ”

ထိုစကားကိုကြားတော့ ဝေယွင်ချန်းနှင့် ဝေလန်တို့သားအဖ အံ့အားသင့်သွားကြပြီး ခန္ဓာကိုယ်များပင် တုန်ယင်သွားကြသည်။

ဝေယွင်ချန်းက...

“ဇာမဏီနယ်မြေစောင့်တပ်က စစ်သူကြီး ‘ယန်ကျောက်ကျန်း’ လား”

ဇာမဏီနယ်မြေစောင့်တပ်မှ စစ်သူကြီး ‘ယန်ကျောက်ကျန်း’ ဆိုသည်မှာ တာ့ရွှမ်တိုင်းပြည်မှ ဇာမဏီနယ်မြေကို စောင့်ကြပ်ရန်တာဝန်ယူထားသော စစ်တပ်ကို ဦးဆောင်သူ ဖြစ်သည်။

ဝေယွင်ချန်းက စိတ်မကောင်းသည့်အမူအရာဖြင့်...

“လန်အာ အမှားလုပ်မိတယ်ဆိုရင် အိမ်တော်ကစည်းကမ်းအတိုင်း အပြစ်ပေးလို့ရပါတယ် ၊ အခုတော့ မင်းက မင်းရဲ့တူလေးကို ‘ရွှမ်’ ဧကရာဇ်ဆီ လက်လွှဲပေးတော့မလို့လား”

ဝေယွင်စန်းက...

“... လန်အာက အသက်ငယ်သေးလို့ ဘာမှနားမလည်တာ အသာထား ၊ အစ်ကိုကြီးကလည်း ဘာလို့ ဒီလောက် နုံ အ နေရတာလဲ”

သူက ဆက်ပြောသည်။

“လန်အာက အစ်ကိုကြီးရဲ့ သားအကြီးဆုံးမဟုတ်သလို... အရင်ကဆိုရင် အိမ်ထဲက အိမ်ပြင်တောင် သိပ်ထွက်တာမဟုတ်ဘူး ၊ သူ အပြင်သွားရင် လောင်ဖုန်းမြို့ထဲလောက်ပဲသွားတာ ၊ ဒါကြောင့် ဇာမဏီနယ်မြေမှာ သူ့ကိုသိတဲ့သူ သိပ်မရှိဘူး”

“ဒါပေမဲ့ သူက ယိုးမင်ဂိုဏ်းကလူတွေနဲ့ ပေါင်းနေတဲ့အပြင် သူအသုံးပြုတဲ့သိုင်းပညာက ကျွန်တော်တို့ ‘ဝေ’ အိမ်တော်က သိုင်းပညာလေ ၊ တိုက်ပွဲထဲမှာဆိုပေမယ့် သတိထားမိတဲ့သူ ရှိမှာပဲ ၊ အခုတောင် ‘ရွှမ်’ မင်းဆက်က လူအချို့က ငါတို့အိမ်တော်ကို သံသယဝင်စပြုနေပြီ”

ထိုစကားကိုကြားတော့ ဝေယွင်ချန်း တိတ်ဆိတ်သွားသည်။

ဘေးနားတွင်ရှိနေသော ဦးလေး (၆) က...

“ယွင်ချန်း... ငါ မသိဘူးမထင်နဲ့ ၊ မင်းသဘောတူညီမှုကြောင့်သာမဟုတ်ရင် ဝေလန်က အဲဒီယိုးမင်ဂိုဏ်းကလူတွေနဲ့ ပေါင်းရဲမှာတဲ့လား ၊ မင်းက သောက်သုံးကိုမကျဘူး ၊ ဒီလောက် ပုန်ကန်တာလေးနဲ့ တာ့ရွှမ်တိုင်းပြည်က ပျက်ဆီးမတဲ့လား ၊ အဝေးကြီး... အဝေးကြီး...”

အဘိုးကြီးက ဆက်ပြောသည်။

“’ရွှမ်’ ဧကရာဇ်က ငါတို့တွေကို ဖိနှိပ်တယ်ဆိုပေမယ့်... ပုံမှန်အချိန်ဆိုရင်ငါတို့ မိသားစုစီးပွားရေးကို အဆင်ပြေပြေလေး ထိန်းထားနိုင်တယ် ၊ ပုန်ကန်တယ်လို့သာ သံသယဝင်သွားလို့ကတော့ တစ်ဆွေလုံးတစ်မျိုးလုံး အသတ်ခံရတဲ့အပြင် ပိုင်ဆိုင်မှုတွေပါ အသိမ်းခံရလိမ့်မယ်”

ဝေလန်က အံတင်းတင်းကြိတ်ရင်း...

“ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော် တာဝန်ယူတယ် ၊ ကျွန်တော့်ကြောင့် ‘ဝေ’ အိမ်တော် မထိခိုက်စေရပါဘူး”

သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ‘ဝေ’ အိမ်တော်က ကြီးမားတဲ့အိမ်တော်တစ်ခုဖြစ်လို့ အဲဒီ တာ့ရွှမ်တိုင်းပြည်ကခွေးတွေက မျက်စိစုံမှိတ်ပြီး ထင်တိုင်းကျဲရဲမှာမဟုတ်ဘူး ၊ ကျွန်တော့်ကို သူတို့လက်အပ်လိုက်မယ်ဆိုရင် ‘ဝေ’ အိမ်တော် အန္တရယ်ကင်းမှာပါ”

ဝေယွင်ရှန်းက ပြုံးရင်း...

“မင်းက ဒီဦးလေးရဲ့မျက်စိရှေ့မှာ ကြီးပြင်းလာတာပါ ၊ ကိုယ့်တူလေးကိုယ် သေလမ်းပို့ပါ့မလားကွာ... ၊ စစ်သူကြီး’ယန်’ ကို ခေါ်လိုက်တာက မင်းကို ဖမ်းဖို့ မဟုတ်ပါဘူး ၊ ဟို ယိုးမင်ဂိုဏ်းကလူတွေကို ဖမ်းဆီးဖို့ပဲ”

ထိုစကားကိုကြားတော့ ဝေလန် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး...

“ဦးလေး (၂)...”

ဝေယွင်စန်းက အေးစက်စွာပြုံးရင်း...

“သူတို့ကိုသာ ဖမ်းဖို့အစီအစဉ်မရှိရင် ဦးလေးက ဘာလို့ လောင်ဖုန်းမြို့ကို ခေါ်လာရမှာလဲ ၊ ဟို ‘ရန်’ မျိုးနွယ်ကောင်လေး ဘယ်လောက်စွမ်းအားမြင့်မားမှန်းမသိလို့သာ ဒီအထိ ခေါ်လာတာ ၊ မဟုတ်ရင် ဟိုမှာကတည်းက သူတို့ကို ‘ရွှမ်’ ဧကရာဇ်လက်ထဲ အပ်လိုက်ပြီ”

သူက ဆက်ပြောသည်။

“သူတို့ဦးခေါင်းတွေကို ဆက်သလိုက်မှ တာ့ရွှမ်တိုင်းပြည်မှာ ငါတို့ ‘ဝေ’ အိမ်တော် အန္တရယ်ကင်းနိုင်မှာလေ”

All Chapters