← Chapters

ရူးသွပ်ခြင်း

Vol. 34 Ch. 473

ရူးသွပ်ခြင်း

Vol. 34 Ch. 473

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ယွမ်ဟောင်ကိုင်ဆောင်ထားသော ကြီးမားလှသည့် အနီရောင်ဓားသွားကြီးအား ကြည့်ရှုလိုက်သည်။

"အဆင့်နိမ့်ကောင်းကင်လက်နက်....."

ဇူယွမ်မှာ ယွမ်ဟောင်၏ တိုးပွားလာသော ချီစွမ်းအင်များအား ခံစားမိလိုက်၏။ ထို့ကြောင့် ယွမ်ဟောင်ကိုင်ဆောင်ထားသော ဓားရှည်မှာ ဝူဟိုင်တို့၏ လက်နက်ကဲ့သို့ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်မဟုတ်ပဲ အစစ်အမှန် ကောင်းကင်လက်နက်တစ်ခုဖြစ်ကြောင်း သိရှိလိုက်ရသည်။

ကောင်းကင်အဆင့် မူလလက်နက်များမှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကိုစုပ်ယူကာ ကိုင်ဆောင်သူ၏ တိုက်ပွဲစွမ်းရည်အား များစွာမြှင့်တင်ပေးနိုင်၏။

ယွမ်ဟောင်မှာ ဇူယွမ်အား ရေကုန်ရေခန်း တိုက်ခိုက်တော့မည့်သဘောတွင် ရှိသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ယွမ်ဟောင်မှာ ကောင်းကင်မီးလျှံဓားသွားအား ဝေ့ယမ်းလျက် ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်၏။ ယွမ်ဟောင်၏ မျက်ဝန်းများမှာ ကျားသားရဲတစ်ကောင်အလား ခက်ထန်မာကျောနေသည်။

"မင်းလို မူလစဦး စတုတ္ထအဆင့်ပဲရှိတဲ့ ကောင်မျိုးဆီကနေ ဖိအားပေးခံရလိမ့်မယ်လို့ ငါထင်တောင်မထင်ခဲ့ဖူးဘူး။" ယွမ်ဟောင်မှာ အံကိုကြိတ်ကာ အေးစက်စွာ စကားဆိုလိုက်၏။

ယွမ်ဟောင်မှာ ဇူယွမ်၏ ကောင်းမွန်လှသော တိုက်ပွဲစွမ်းရည်များအကြောင်း ကြားဖူးနားဝ ရှိခဲ့ပါသော်လည်း တစ်ကြိမ်တစ်ခါမျှပင် အထင်မကြီးခဲ့ဖူးချေ။

ထိုသို့ လျစ်လျူရှုထားခဲ့သော တပည့်အသစ်လေးမှ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တိုက်ခိုက်နိုင်ခြင်းအား ယွမ်ဟောင်မှာ လက်သင့်မခံနိုင် ဖြစ်နေရသည်။

ထို့ကြောင့် ယွမ်ဟောင်မှာ ဇူယွမ်အား အနိုင်ရရှိနိုင်ရန်အတွက် ကောင်းကင်အဆင့် မူလလက်နက်ကိုပင် ထုတ်ယူလိုက်ခြင်း ဖြစ်၏။

ယွမ်ဟောင်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်မှုများဖြင့် ပိုမိုပြည့်နှက်လာပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။

ယွမ်ဟောင်၏လက်ထဲတွင် ကိုင်ဆောင်ထားသော ကြီးမားလှသည့် အနီရောင်ဓားသွားကြီးမှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များအား စုပ်ယူကာ ပို၍ပို၍ လင်းလက်တောက်ပလာ၏။

"မီးလျှံရောင်ခြည်...."

ယွမ်ဟောင်မှာ မိုးခြိမ်းသံအလား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့်တကွ ကြီးမားလှသည့် အနီရောင်ဓားသွားကြီးမှာ အနီရောင်အလင်းတန်းကြီးတစ်ခုအလား အရှေ့သို့ လျင်မြန်စွာ ပျံဝဲသွားသည်။ နီမြန်းနေသော မီးလျှံရောင်ခြည်လုံးကြီးမှာ ပြင်းထန်လှသောအရှိန်ဖြင့် ဇူယွမ်ဆီသို့ ဦးတည်ကျဆင်းလာ၏။

ပြင်းထန်လှသော အပူရှိန်များကြောင့် ရွေးချယ်ခြင်းတောင်ထွတ်ပေါ်ရှိ တောအုပ်များသည်ပင် လောင်ကျွမ်းကုန်ရပြီး ကျောက်တုံးကျောက်ဆောင်များမှာလည်း စတင်ပျော်ကျလာရသည်။

ယွမ်ဟောင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် စောင့်ကြည့်နေသော တပည့်များသည်ပင် လွန်စွာအံ့အားသင့်သွားကြ၏။

မြေပြင်များသည်ပင် စတင်၍ပျော်ကျလာရသောကြောင့် ဇူယွမ်မှာ ကျဆင်းလာနေသော မီးလျှံရောင်ခြည်လုံးကြီးအား မော့၍ကြည့်ရှုလိုက်သည်။

ဟူး.....

ဇူယွမ်မှာ ကြောက်ရွံ့နေခြင်း အနည်းငယ်မျှပင်မရှိပဲ အသက်ကိုသာ ပြင်းပြင်းရှ်ူထုတ်လိုက်၏။

ယွမ်ဟောင်မှာ ဝှက်ဖဲဖြစ်သော မူလလက်နက်ကိုပင် ထုတ်၍အသုံးပြုလာရပြီဖြစ်သောကြောင့် အစစ်အမှန် စွမ်းရည်ယှဉ်ပြိုင်ပွဲမှာ ယခုအချိန်မှ စတင်ခြင်း ဖြစ်သည်။

မည်သည့်အခက်အခဲများပင် ကြုံတွေ့ရစေကာမူ ယနေ့တွင် ဇူယွမ်မှာ တပည့်ခေါင်းဆောင်နေရာအတွက် ယွမ်ဟောင်အား အနည်းငယ်မျှပင် အလျှော့ပေးနိုင်မည်မဟုတ်ချေ။

ဝုန်း.......

ဇူယွမ်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် မြေပြင်အားဆောင့်နင်းချလိုက်ပြီးနောက် အခိုးအငွေ့အလား ကောင်းကင်ထက်သို့ ပျံဝဲသွား၏။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား တင်းကြပ်စွာဆုပ်ကိုင်ထားလျက် ရှိသည်။  ဇူယွမ်၏ ချီပင်လယ်အတွင်းမှ ချီကြယ်ပွင့်များမှာ လင်းလက်လာပြီးနောက် များပြားလှသော ချီစွမ်းအင်များမှာ ဇူယွမ်၏ အသွေးအသားများမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့ရောက်ရှိသွား၏။

"ကျောက်စိမ်းရောင်အသားအရေအဆင့်...."

ဇူယွမ်၏ ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်အလင်းတန်းများ တောက်ပလာသည်။

"ငွေရောင်ခြည်အသွေးအသားအဆင့်....."

ဇူယွမ်၏ အသွေးအသားများမှတဆင့် ငွေရောင်ခြည်အလင်းတန်းများ ထွက်ပေါ်လာ၏။

ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်အား အကန့်အသတ်ရောက်သည်အထိ ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ပြင်ပသန်မာမှုကျင့်စဉ်နှင့် ချီစွမ်းအင်များ ပေါင်းစည်းလိုက်ခြင်းကြောင့် ဇူယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးထံမှ ကြောက်မက်ဖွယ်ရာစွမ်းအင်များ ထွက်ပေါ်နေ၏။

ဝုန်း....

ဇူယွမ်မှာ စွမ်းအင်များအား ကောင်းကင်ဘုံယွမ်စုတ်တံဆီသို့ လွှဲပြောင်းကာ ကျဆင်းလာနေသော မီးလျှံရောင်ခြည်လုံးကြီးထံသို့ ပစ်လွှတ်လိုက်သည်။

ချလန်း.....

လေထုအတွင်း၌ မူလလက်နက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားကြ၏။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပျံ့နှံ့လွှမ်းခြုံသွားလေသည်။

စွမ်းအင်လှိုင်းဂယက်များကြောင့် ဇူယွမ်မှာ အဝေးသို့လွင့်စင်သွားရသော်လည်း ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်နိုင်လိုက်၏။

မီးလျှံရောင်ခြည်လုံးကြီးမှာ ဓားကြီးတလက်အသွင်သို့ ပြန်လည်ပြောင်းလဲသွားကာ ယွမ်ဟောင်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။

ရင်ဆိုင်တိုက်ခိုက်မှုတွင် နှစ်ဦးနှစ်ဖက်လုံး မည်သူကမှ အသာစီးမရနိုင်ခဲ့ကြချေ။

ဇူယွမ်နှင့် ယွမ်ဟောင်မှာ တစ်ဦးကိုတစ်ဦး အေးစက်စွာ ကြည့်ရှုလိုက်ကြ၏။ ထို့နောက် ယွမ်ဟောင်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် အနီရောက်ဓားသွားကြီးအား အသင်္ချေမျှသော ဓားအရိပ်များအသွင်သို့ ပြောင်းလဲကာ ဇူယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။

ဇူယွမ်မှာလည်း ယွမ်ဟောင်၏တိုက်ခိုက်မှုအား ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအားဆွဲကိုင်ကာ ဓားအရိပ်များဆီသို့ ဦးတည်ပျံသန်းလိုက်၏။

ဒုန်း....ဒုန်း....ဒုန်း....

ကောင်းကင်ထက်၌ ချီစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံနေကြပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များလည်း အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိသည်။

ယွမ်ဟောင်မှာ ကောင်းကင်မီးလျှံဓားသွားအား ထိန်းချုပ်လျက် များပြားလှသော ဓားအရိပ်များနှင့် မီးလျှံများအား ထွက်ပေါ်စေ၍ နတ်ဘုရားတစ်ပါးအလား ခက်ထန်စွာ တိုက်လိုက်နေ၏။

တစ်ဖက်တွင်မူ ဇူယွမ်မှာလည်း ကောင်းကင်ဘုံယွမ်စုတ်တံအားဆွဲကိုင်ကာ လျင်မြန်သွက်လက်စွာဖြင့် တန်ပြန်တိုက်ခိုက်နေလျက် ရှိသည်။

ဇူယွမ်နှင့် ယွမ်ဟောင်နှစ်ဦးစလုံးမှာ အမျက်ဒေါသများ ရောယှက်နေသော စွမ်းအင်များဖြင့် အစွမ်းကုန် တိုက်ခိုက်နေကြ၏။

ရွေးချယ်ခြင်းတောင်ထွတ်၏ အပြင်ဖက်တွင်ရှိနေသော တပည့်များမှာ ပြင်းထန်လှသော တိုင်ခိုက်မှုများကြောင့် အလွန်ပင် အံ့အားသင့်နေကြရသည်။ မည်သူကမှ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားမှာ ထိုမျှခက်ထန်လိမ့်မည်ဟု မမျှော်မှန်းထားခဲ့ကြချေ။

ရွေးချယ်ခြင်းတောင်ထွတ်ပေါ်တွင်ရှိနေသော ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ တစ်ဦးကိုတစ်ဦး တင်းကြပ်စွာဖက်ထားလျက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များအား ကြံ့ကြံ့ခံကာ အနက်ရောင်စုတ်တံအား ဆွဲကိုင်ထားသော လူငယ်လေး၏ပုံရိပ်အား ငေးမောကြည့်ရှုနေကြ၏။

ဝုန်း......

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်နှင့် ယွမ်ဟောင်တို့မှာ အချီတစ်ရာကျော်မျှ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ဇူယွမ်နှင့် ယွမ်ဟောင်နှစ်ဦးစလုံးမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိပဲ အစွမ်းကုန် ကြိုးစားတိုက်ခိုက်နေကြ၏။

ဝုန်း.....

ပြင်းထန်လှသော ထိပ်တိုက်တွေ့ဆုံမှုများ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ယွမ်ဟောင်၏လက်ထဲတွင်ရှိနေသော ကောင်းကင်မီးလျှံဓားသွားမှာ အလင်းတန်းများ မှေးမှိန်လာရသည်။

ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားလျက်ရှိသော ဇူယွမ်၏ လက်ချောင်းများထံမှလည်း သွေးများကျဆင်းလာ၏။

ဇူယွမ်နှင့် ယွမ်ဟောင်နှစ်ဦးစလုံးမှာ ချွေးများဖြင့် ရွှဲစိုနေကြပြီး အလွန်ပင် မောပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။

ဇူယွမ်မှာ လက်ချောင်းများပေါ်မှ သွေးစများအား ပွတ်ထုတ်လိုက်ရင်းဖြင့် မျက်မှောင်ကျုံ့ကာ ယွမ်ဟောင်အား ကြည့်ရှုလိုက်၏။ ယွမ်ဟောင်မှာ ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲလှသော ရန်သူတစ်ဦးပင် ဖြစ်သည်။ ဇူယွမ်မှာ ငွေရောင်ခြည်အသွေးအသားအဆင့်သို့ ရောက်ရှိပြီးသည့်တိုင်အောင် ယွမ်ဟောင်အား အနိုင်မရနိုင် ဖြစ်နေရ၏။

ဇူယွမ်မှာ အတွေးများကြား နစ်မြုပ်နေသကဲ့သို့ ယွမ်ဟောင်၏ စိတ်နှလုံးများမှာလည်း ပူလောင်ခက်ထန်နေရသည်။ ယွမ်ဟောင်မှာ အမျက်ဒေါသဖြစ်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်၏။

ယွမ်ဟောင်မှာ ကောင်းကင်အဆင့် မူလလက်နက်ဖြစ်သော ကောင်းကင်မီးလျှံဓားသွားအား ထုတ်ယူသုံးစွဲခဲ့ပါသော်လည်း ဇူယွမ်အား မချေမှုန်းနိုင် ဖြစ်နေရသည်။ ထို့ကြောင့် ယွမ်ဟောင်မှာ လွန်စွာပင် အခဲမကျေ ဖြစ်နေရ၏။

"ဇူယွမ်....."

ယွမ်ဟောင်၏ အမူအရာမှာ အေးစက်ခက်ထန်နေသည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ ကြည့်ရှုနေသော တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာလည်း တွေးတောချိန်ဆနေဟန်ရှိ၏။ ထို့နောက် တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ အင်္ကျီလက်မောင်းအိုးအား ညင်သာစွာခါယမ်းလျက် လေထုအား လက်ညိုးထိပ်ဖြင့် ထိတွေ့လိုက်သည်။

ယွမ်ဟောင်မှာ ကောင်းကင်မီးလျှံဓားသွား၏ ကိုယ်ထည်ပေါ်တွင် ခပ်မှိန်မှန် လင်းလက်တောက်ပလာသော မူလမှော်စာလုံးတစ်ခုအား မြင်တွေ့လိုက်ရ၏။

ယွမ်ဟောင်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ကောင်းကင်ထက်ဆီသို့ မော့ကြည့်လိုက်မိသည်။ ယွမ်ဟောင်မှာ တွေဝေတုံ့ဆိုင်းမနေတော့ပဲ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်တော့၏။

ဝုန်း....

ကောင်းကင်မီးလျှံဓားသွားမှာ တုန်ခါလာပြီးနောက် လေထုထဲတွင် ရစ်ဝဲနေသည်။ ထို့နောက် ကောင်းကင်မီးလျှံဓားသွားမှာ ယွမ်ဟောင်၏ ခန္ဓာကိုယ်အတွင်းသို့ တစ်စတစ်စဖြင့် နစ်ဝင်သွား၏။

ကောင်းကင်မီးလျှံဓားသွားတစ်ခုလုံး ယွမ်ဟောင်ထံသို့ နစ်ဝင်သွားပြီးနောက် ယွမ်ဟောင်မှာ အေးစက်ခက်ထန်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ "ဇူယွမ်...မင်းကငါ့ကို တော်တော်ဖိအား ဖြစ်စေတာပဲ။ ဒါပေမယ့် တပည့်ခေါင်းဆောင်နေရာကိုတော့ မင်းဘယ်တော့မှ မရစေရဘူး။"

ယွမ်ဟောင်မှာ မျက်ဝန်းများအားပိတ်လျက် ကျယ်လောင်ပြင်းထန်စွာ အော်ဟစ်လိုက်၏။

"ဓားခန္ဓာသွေးယဇ်ပုလ္လင်.."

All Chapters