← Chapters

သေခြင်းတရားကိုကျော်လွန်တဲ့အခါ ‘ယွမ်စီထျန်းကျွင်း’ ကို ငါမြင်တယ်

Vol. 44 Ch. 622

သေခြင်းတရားကိုကျော်လွန်တဲ့အခါ ‘ယွမ်စီထျန်းကျွင်း’ ကို ငါမြင်တယ်

Vol. 44 Ch. 622

အခန်း (၆၂၂) သေခြင်းတရားကိုကျော်လွန်တဲ့အခါ ‘ယွမ်စီထျန်းကျွင်း’ ကို ငါမြင်တယ်

ဝေယွင်ရှန်းစကားကြောင့် ဝေလန်မှာ တုန်တုန်ယင်ယင် ဖြစ်သွားသည်။

ဝေယွင်ရှန်းက ဆက်ပြောသည်။

“ဟို ‘ရန်’ မျိုးနွယ်ကောင်လေးက ယိုးမင်ဂိုဏ်းက မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ သူက ယိုးမင်ဂိုဏ်းကလူကို လာပြီးရှာဖွေတယ်ဆိုတော့ သူတို့လည်း သူပုန်တွေပဲ ဖြစ်ရမယ် ၊ သူတို့အားလုံးကို ဖမ်းမိရင် စစ်သူကြီး’ယန်’ အတော်လေး ဝမ်းသာသွားမယ်”

ထိုစကားကိုကြားတော့ ဝေလန်၏နှုတ်ခမ်းများ တုန်ယင်သွားပြီး...

“ဦးလေး (၂)... သူက ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့သူပါ ၊ အခုလည်း ကျွန်တော်တို့ကို ယုံကြည်လို့ လောင်ဖုန်းမြို့ကို လိုက်လာတာလေ”

ဝေယွင်စန်းက အေးစက်စွာပြုံးရင်း...

“အေး... အခု ငါ ဒီလိုလုပ်နေရတာကလည်း မင်းအသက်ကိုကယ်ဖို့ပဲ ၊ ပြီးတော့ ငါတို့တစ်မိသားစုလုံးရဲ့အသက်ကို ကယ်ဖို့ကွ”

သူက ဆက်ပြောသည်။

“ဟွန်း... အဲဒီ ‘ရန်’ မျိုးနွယ်ကောင်လေးက သူများကို ကူညီရတာ သဘောကျတယ်ဆိုရင် အခု ငါတို့ကို ကူညီရတာကိုလည်း စိတ်ထဲထားမှာ မဟုတ်ပါဘူး ၊ ငါတို့ ‘ဝေ’ အိမ်တော်က အသက်ပေါင်းများစွာကို သူတို့အသက်လေး နည်းနည်းပါးပါးနဲ့ လဲလိုက်ရတာပဲလေ ၊ သေရင်လည်း ကုသိုလ်ရမှာပါ ၊ သူလည်း ကုသိုလ်ရလို့ ပျော်နေမှာပါ”

ဝေလန်မှာ ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိဘဲ ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ဝေယွင်ချန်းက မျက်ခုံးများကို တွန့်ချိုးထားရင်း စကားပြောရန် ဟန်ပြင်လိုက်စဉ် ဦးလေး (၆)က အေးစက်စွာဖြင့် စကားဆိုလာသည်။

“ဒီနေ့ ဒီလိုဖြစ်ရတာ... မင်းတို့သားအဖ သောက်သုံးမကျလို့ ဖြစ်ရတာပဲ ယွင်ချန်း”

သူ့စကားအဆုံးတွင် လူအချို့ ခန်းမအတွင်းဝင်ရောက်လာကြသည်။

ထိုသူများကိုတွေ့တော့ ဝေယွင်ချန်း မျက်နှာပျက်သွား၏။ အားလုံးက ‘ဝေ’ အိမ်တော်မှ ဝါရင့်အကြီးအကဲများဖြစ်ပြီး အိမ်တွင်း‌ရေးကိုဝင်ရောက်မစွက်ဖက်ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြသူများ ဖြစ်သည်။

ယခု သူတို့အားလုံးရောက်ရှိလာသည့်အကြောင်းရင်းကို ရှင်းပြနေစရာပင်မလိုပေ။

ထိုလူအိုကြီးများ၏ ကျင့်ကြံခြင်းအဆင့်က ဝေယွင်ချန်းထက် နိမ့်ကျခြင်းမရှိပေ။ ဦးလေး (၆) ကတော့ ‘ဝေ’ အိမ်တော် တစ်ခုလုံးတွင် စွမ်းအားအမြင့်မားဆုံး နံပါတ် (၁) ဖြစ်၏။

ဝေယွင်ချန်းက အိမ်‌တော်သခင်ဖြစ်သော်လည်း ယခုကဲ့သို့ ဝါရင့်အကြီးအကဲများစွာက  သူ့ကို ဆန့်ကျင်ရန် ရောက်လာကြသည့်အခါ ကြီးမားသောဖိအားကို ရင်ဆိုင်ရတော့သည်။

ဦးလေး (၆) က လေးလံသည့်အသံဖြင့်...

“မင်း အခုထိ နားမလည်သေးဘူးလား ယွင်ချန်း ၊ ယွင်စန်းက စစ်သူကြီး’ယန်’ ကို ဆက်သွယ်ထားပြီးပြီ ၊ ဒီအဘိုးကြီး တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာကလည်း အခု အိမ်တော်မှာရောက်နေတဲ့ ပုန်ကန်သူတွေကို ဖမ်းဆီးဖို့ပဲ”

“ရွှမ်ဧကရာဇ်ရဲ့လူတွေ ငါတို့အိမ်တံခါးလာခေါက်ပြီး မရှာဖွေခင် ငါတို့ကအရင်ဦးအောင် သူပုန်တွေကို သူတို့လက်ထဲလွှဲပေးလိုက်တာ ပိုကောင်းတယ်”

အဘိုးကြီးက ဝေယွင်ချန်းကို လှမ်းကြည့်ပြီး လေသံကို ဖြေလျှော့လိုက်သည်။

“အခု အရာရာကို ကုစားဖို့ အချိန်မနှောင်းသေးဘူး”

ဝေယွင်ချန်းက လေးလံစွာဖြင့်...

“ရွှမ်မင်းဆက်ကို ဘယ်သူမှ သဘောမကျဘူး ၊ အခုဆိုရင် ကျူတောပင်လယ်ဒေသတစ်ခုလုံး သူတို့ကို ပုန်ကန်နေကြတာ”

သူက ဆက်ပြောသည်။

“ကျွန်တော် လန်အာကို ယိုးမင်ဂိုဏ်းကလူတွေနဲ့အတူ တိုက်ပွဲဝင်ခွင့်ပေးလိုက်ကတည်းက ကျွန်တော် ဘယ်သူ့ဘက်ရပ်တည်သလဲဆိုတာ ရွေးချယ်လိုက်တာပဲ ၊ ဒါပေမဲ့ အခုတော့ ဦးလေး (၆)နဲ့ ညီ (၂) က ‘ရွှမ်’ မင်းဆက်ဘက်က ထောက်ခံနေတဲ့အပြင် ယိုးမင်ဂိုဏ်းကသိုင်းသမားကိုတောင် တာ့ရွှမ်ကခွေးတွေလက်ထဲ ရောင်းစားလိုက်သေးတယ်”

“ ‘ရွှမ်’ မင်းဆက်ပြုတ်ကျတဲ့တစ်နေ့ကျ ယိုးမင်ဂိုဏ်းက သေချာပေါက် ကျွန်တော်တို့နဲ့ စာရင်းရှင်းလိမ့်မယ် ၊ အဲဒီအချိန်ကျ သူတို့ရဲ့အမုန်းတရားက ‘ရွှမ်’ ဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေထက်တောင် ဆိုးရွားလိမ့်မယ်”

ဝေယွင်ချန်းက မချိတင်ကဲဖြင့်...

“ဦးလေး (၆) နဲ့ ညီ (၂) က ယိုးမင်ဂိုဏ်းဘက်က မရပ်တည်ဘူးဆိုရင်တောင်မှ သူတို့နဲ့ကျွန်တော်တို့ကြားက ဆက်ဆံရေး ဒီလောက်အထိပျက်ပြားသွားအောင် မလုပ်သင့်ပါဘူး ၊ သူတို့ကို ‘ဝေ’ အိမ်တော်က နှင်ထုတ်လိုက်ရင် ရတာပဲလေ”

ဦးလေး (၆) က...

“မင်းဟာ အိမ်တော်သခင်ဖြစ်ပြီး အ‌တော်လေး ခေါင်းမာလွန်းတယ် ၊ ဒီ အိမ်တော်သခင်ရာထူး မင်းလက်ထဲအပ်လိုက်တာ တကယ်ဆုံးဖြတ်ချက်မှားယွင်းခဲ့တာပဲ”

သူက ဆက်ပြောသည်။

“မင်းရဲ့အတွေးက သာမန်လူတွေလောက်ပဲ ရှိတယ် ၊ လက်ရှိ ဧကရာဇ်’ရွှမ်မု’ က သူ့စွမ်းအားနဲ့ တိုင်းပြည်ကို မထိန်းနိုင်လို့ အခြေအနေဆိုးနေတာကိုကြည့်ပြီး အပေါ်ယံမဆုံးဖြတ်နဲ့ ၊ ဧကရာဇ်’ရွှမ်မု’ အရင်က အုပ်စိုးခဲ့တဲ့ ဧကရာဇ်’ရွှမ်ချန်’ အကြောင်း မင်းသိလို့လား”

ဝေယွင်ချန်း အံ့အားသင့်သွားပြီး...

“ဧကရာဇ်’ရွှမ်ချန်’ က ဧကရာဇ်’ရွှမ်ဝမ်’ ထက်တောင်စောပြီး နတ်ရွာစံသွားခဲ့တာ မဟုတ်ဘူးလား”

ဦးလေး (၆) က...

“ဧကရာဇ်’ရွှမ်ဝမ်’ နတ်ရွာစံသွာတာ အမှန်ပဲ ၊ ဒါပေမဲ့ ဧကရာဇ်’ရွှမ်ချန်’ က နတ်ရွာစံသွားတာမဟုတ်ဘူး ၊ ပျောက်ကွယ်သွားတာ ၊ ‘ရွှမ်’ မင်းဆက်က အရမ်းလျှို့ဝှက်ဆန်းကျယ်လွန်းတယ် ၊ ဧကရာဇ်’ရွှမ်ချန်’ နတ်ရွာစံတယ်ဆိုတာ ဘယ်သူမှအတည်မပြုနိုင်ဘူး ၊ ခန့်မှန်းကြည့်ရုံပဲ တတ်နိုင်ကြတာ”

ဝေယွင်ချန်းက မျက်မှောင်ကြုတ်ရင်း...

“ဒါပေမဲ့ ဧကရာဇ်’ရွှမ်ချန်’ ရဲ့ ကျင့်ကြံခြင်းအဆင့်က ဧကရာဇ်’ရွှမ်ဝမ်’ လောက် မမြင့်မားဘူး ၊ သူ အသက်ရှင်နေသေးရင်တောင် ဒီ ကျူတောပင်လယ်ဒေသကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ”

အဘိုးကြီး’ဝေ’ က လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“ဧကရာဇ်’ရွှမ်ချန်’ နဲ့ သူ့သားတော် ဧကရာဇ်’ရွှမ်မု’ တို့ ပူးပေါင်းလိုက်ရင်... ‘ရွှမ်’ မင်းဆက်က ဒီပုန်ကန်မှုကို အနိုင်မရရင်တောင် မရှုံးနိမ့်နိုင်ဘူး ၊ တာ့ရွှမ်တိုင်းပြည် မကျဆုံးသရွေ့ ဒီ ဇာမဏီနယ်မြေက သူတို့လက်အောက်မှာ ရှိနေမှာပဲ ၊ ဒါဆို ငါတို့ ‘ဝေ’ အိမ်တော်ကလည်း တာ့ရွှမ်တိုင်းပြည်လက်အောက်မှာ ရှိနေဆဲပဲ ၊ ဒီတော့ ငါတို့အနေနဲ့ သူတို့ကို ပုန်ကန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

အဘိုးကြီးက ပြောရင်း ဒေါသထွက်လာပြီး အသံကိုမြှင့်လိုက်သည်။

“ယွင်ချန်း... အခု မင်းရဲ့ မဟာအမှားကြီးကြောင့် ၊ မင်းတို့သားအဖကြောင့် အိမ်တော်တစ်ခုလုံး ဒုက္ခရောက်ကြရတော့မယ်”

ဝေယွင်ရှန်းက တစ်ဖက်မှနေပြီး အဘိုးအိုကို နှစ်သိမ့်လိုက်သည်။

“ဦးလေး(၆) စိတ်လျှော့ပါ ၊ ပြီးတော့ အလျင်စလိုလည်း မလှုပ်ရှားပါနဲ့ဦး...”

အဘိုးကြီး’ဝေ’ က မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဘာလဲ... ဟို ‘ရန်’ မျိုးနွယ်ကောင်လေးကို ဒီအဘိုးကြီး အနိုင်မယူနိုင်မှာ စိုးရိမ်နေတာလား ၊ သူ့လို အသက်ငယ်ငယ်နဲ့ သိုင်းဆရာသခင်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပေမယ့် သူ ဘယ်လောက်အစွမ်းထက်နိုင်မှာလဲ ၊ အလွန်ဆုံးရှိမှ အမတလက်ဖွဲ့သိုင်းဆရာသခင်ပေါ့”

ဝေယွင်စန်းက...

“ကိုယ့်ဘက်ဘေးကင်းအောင်လုပ်တာ မမှားပါဘူး ၊ အဲဒီကောင်လေးရဲ့ နောက်ခံဇာစ်မြစ်ကိုမသိရသလို လောင်ဖုန်းမြို့ပြင်မှာလည်း ပုန်ကန်သူတွေရှိနေနိုင်တယ်လေ”

“ပြီးတော့... ကြည့်ရတာ သူတို့က ယိုးမင်ဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပုံရတယ် ၊ ပြီးတော့ ဇာမဏီနယ်မြေစောင့်တပ်ဖွဲ့က စစ်သူကြီး’ယန်’ ကလည်း သူတို့ကို ချက်ချင်းဝင်ဖမ်းချင်သလား ၊ ဖြည်းဖြည်းချင်းကိုင်တွယ်ချင်သလားဆိုတာ မသိရသေးဘူး ၊ ဒီတော့ ကျွန်တော်တို့ မလှုပ်ရှားတာ အကောင်းဆုံးပဲ”

“ကျွန်တော် အခြေအနေအားလုံးကို စစ်သူကြီး’ယန်’ ကို တင်ပြပြီးပါပြီ ၊ ဒီတော့ တာ့ရွှမ်ကလူတွေရောက်လာမှ ကျန်တဲ့ကိစ္စတွေ ဆုံးဖြတ်ကြတာပေါ့ ၊ အဲဒီမတိုင်ခင် အခြေအနေတွေ တည်ငြိမ်အောင် လုပ်သင့်ပါတယ်”

ထိုစကားကြားတော့ အဘိုးကြီး’ဝေ’ က ခဏမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ၊ ဒါဖြင့် အဲဒီလူတွေကို သေချာစောင့်ကြည့်ထားပါ”

ထို့နောက် သူက မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူလျော် ဖြစ်နေသည့် ဝေလန်ကို စူးစိုက်ကြည့်ရင်း...

“မင်း တစ်ယောက်တည်း အချုပ်ကျခံရမယ် ၊ ဒီကာလအတွင်း ကိုယ့်အပြစ်ကိုယ် သေသေချာချာ ပြန်သုံးသပ်ပါ”

ဝေယွင်ချန်းကတော့ မျက်နှာမကောင်းသည့်တိုင် မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေလေသည်။

***

ရန်ကျောက်ကဲကတော့ ကျန်းချန်စုန့်ထံမှ ကွမ်းမင်ဂိုဏ်း၏လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အကြောင်းအရာအတော်များများကို သိရှိရသဖြင့် ကျေနပ်အားရလျှက် ရှိသည်။

အဘိုးအို’မော့’ ပြောပြခဲ့သော အကြောင်းအရာများက လွန်ခဲ့သောနှစ်ပေါင်း (၁၀၀) ကျော်က ဖြစ်သဖြင့် ယေဘူယျဆန်လွန်းသည်။ ကျန်းချန်စုန့်ကတော့ လက်ရှိ အခြေအနေကို ပြောပြနိုင်သဖြင့် ပိုမိုအသုံးဝင်၏။

ဒဏ်ရာအပြင်းအထန်ရထားသော ကျန်းချန်စုန့်မှာ ရန်ကျောက်ကဲနှင့် စကားပြောရသလို ယိုးမင်ဂိုဏ်းမှ အကြီးအကဲများနှင့်လည်း ဆက်သွယ်နိုင်ရန် ကြိုးစားရသဖြင့် အတော်လေး ပင်ပန်းနွမ်းနယ်နေပေပြီ။

ထို့ကြောင့် ဆရာကျန်း အနားယူနိုင်ရန်အတွက် ရန်ကျောက်ကဲ အခန်းထဲမှထွက်လာပြီး ခြံဝန်းထဲတွင်လမ်းလျှောက်ရင်း ကောင်းကင်ထက်တွင် တောက်ပနေသော ကြယ်စင်များကို မော့ကြည့်လိုက်သည်။

ထို့နောက် စောစောက ကျန်းချန်စုန့်ပြောပြသည့်အကြောင်းအရာများကို ပြန်စဉ်းစားရင်း အခြေအနေကို သုံးသပ်ကြည့်သည်။

“ကွမ်းမင်ဂိုဏ်းချုပ် လော့ကျီးထောင်... ဒီလူက သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ဖြစ်တဲ့ နတ်ဘုရားသိမြင်ခြင်း နှေငာ်းပိုင်းအဆင့်ကို ရောက်နေတာ နှစ်ပေါင်းတစ်ရာကျော်နေပြီ ၊ ဒါတောင်မှ သိုင်းသူတော်စင် သတ္တမအဆင့်ဖြစ်တဲ့ အမတကူးပြောင်းခြင်း ကနဦးအဆင့်ကို မတက်ရောက်နိုင်သေးဘူး ၊ ဒါပေမဲ့ ကြည့်ရတာ အဆင့်တက်ဖို့ အတော်လေး နီးစပ်နေလောက်ပြီ ၊ ကျူတော်ပင်လယ်ဒေသမှာဆိုရင် လက်ရှိမှာ စွမ်းအားအမြင့်မားဆုံး နတ်ဘုရားသိုင်းသူတော်စင်တွေထဲက တစ်ယောက်ဖြစ်တယ်လို့ ဆိုနိုင်တယ်”

ရန်ကျောက်ကဲက နှုတ်ခမ်းကို လက်ဖြင့်အသာပွတ်သပ်ရင်း...

“သေပြီးလို့ အရိုးကျနေတဲ့ကုလားအုတ်ကတောင် မြင်းတစ်ကောင်ထက်ပိုကြီးတယ်ဆိုတဲ့ ရှေးဆိုရိုးက တကယ်မှန်တယ် ၊ ယိုးမင်ဂိုဏ်းပျက်ဆီးပြီး နှစ်ခြမ်းကွဲသွားတာတောင်မှ ဒီလောက်ထိ စွမ်းအားမြင့်မားနေဆဲပဲ”

ရန်ကျောက်ကဲ စဉ်းစားရင်း ခေါင်းမော့ပြီး ကောင်းကင်ထက်မှ နဂါးငွေ့တန်းကို ကြည့်လိုက်သည်။

သူက အထက်ဘုံကမ္ဘာမှ ဝိညာဉ်စွမ်းအားများကို ရှူသွင်းလိုက်ရင်း စိတ်ခံစားချက်များလည်း ကြည်ကြည်လင်လင် ရှိလာပြီး အတော်လေး သက်သောင့်သက်သာ ခံစားရသည်။

ထိုခဏတွင် မဟာကပ်ဘေးမတိုင်ခင်က လောကကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ဤသို့သော ထင်ယောင်ထင်မှားအခြေအနေတွင် အလွန်တရာခမ်းနားသော အချိန်စီးကြောင်းတွင် ထူးခြားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲသည် ထိုနေရာတွင် မတ်တတ်ရပ်နေသည့်အလား ခံစားရပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက ရှေးခေတ်အချိန်ကာလတစ်ခု၏ နှေးကွေးသော အချိန်စီးဆင်းမှုကို ငေးမောကြည့်နေမိသည်။

အမျိုးမျိုးသော နားလည်ခြင်းတရားများ သူ့စိတ်အစဉ်ကို တစ်ပြိုင်နက်တည်း လွှမ်းခြုံသွားပြီး သူ့နှလုံးသားကို သန့်စင်သွားစေသည်။

အခြားသူများ သိမြင်ရန်ခက်ခဲသော်လည်း ကြည်လင်သောချီစွမ်းအားစီးကြောင်းများက ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ရှင်းလင်းသန့်စင်သော ချီစွမ်းအားများအောက်တွင် ပရမ်းပတာချီစွမ်းအားအစုအဝေး တည်ရှိနေပြီး အစလည်းမရှိသလို အဆုံးလည်းမရှိပေ။

ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ တုန်လှုပ်သွားပြီး အတွင်းမှ ဝိညာဉ်စွမ်းအးများ လွင့်ပျံထွက်ပေါ်လာသည်။

ထို့နောက် ဝိညာဉ်စွမ်းအားများက ဝိညာဉ်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်အစီအရင်အရင်တစ်ခုဖြစ်တည်လာကာ ကောင်းကင်ပလ္လင်သဏ္ဌန်တစ်ခု ထွက်ပေါ်လာ၏။

ထိုကောင်းကင်ပလ္လင်ထက်မှ အဆုံးမရှိသော အလင်းတန်းများ ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး ကမ္ဘာမြေမှ အချိန်ကာလများ လျှင်မြန်စွာ နောက်ပြန်စီးဆင်းသွားကာ မိုးမြေမဖြစ်တည်မီ အချိန်ကာလဆီသို့ ပြန်ရောက်သွားသည်။

အဆုံးသတ်တွင် ဖြစ်တည်မှုအားလုံး၏ ပရမ်းပတာအခြေအနေသို့ ရောက်ရှိသွားပြီး မိုးမြေတစ်ခုလုံး ကဏ္ဍပေါင်းစုံ ရောထွေးလျှက် အမည်မဖော်နိုင်သော ဆုံချက်တစ်ခုတွင် စုစည်းလျှက် ရှိ၏။

ထို ပရမ်းပတာ ပြောင်းလဲမှုများကြားတွင် တင်ပျဉ်ခွေထိုင်နေသော မထင်မရှားပုံရိပ်တစ်ခုကို တွေ့မြင်ရသည်။ သို့သော် သေသေချာချာ အာရုံစိုက်ကြည့်မည်ဆိုလျှင် မည်သည့်ပုံရိပ်မှ မရှိသလို ထင်မှတ်ရပြန်သည်။

ရန်ကျောက်ကဲ တည်ငြိမ်စွာပြုံးလိုက်ရင်း...

“ဒီနေ့ သေခြင်းတရားကို ကျော်လွန်ခဲ့ပြီ ၊ ရှေးဦးတည်ရှိခြင်းအရှင်သခင် ‘ယွမ်စီထျန်းကျွင်း’ ရဲ့ ပုံရိပ်ကို တွေ့မြင်ခဲ့ရတယ်”

All Chapters