ဓားခန္ဓာသွေးယဇ်ပုလ္လင်
Vol. 34 Ch. 474
ဝုန်း....
ယွမ်ဟောင်၏ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပူပြင်းလှသော စွမ်းအင်ဖိအားများဖြင့် ပြည့်နှက်နေ၏။ နက်ရှိုင်းလှသော ဓားဟိန်းသံကြီးမှာလည်း ကွင်းပြင်တစ်ခုလုံးအား လွှမ်းခြုံထားလေသည်။
ယွမ်ဟောင်မှာ ကောင်းကင်ထက်တွင် ပျံဝဲနေလျက်လရှိ၏။ ယွမ်ဟောင်၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ တဖြည်းဖြည်းနှင့် ပိုမိုပြင်းထန်လာသည်။
ယွမ်ဟောင်၏ ပြောင်းလဲမှုများအား ဇူယွမ်မှ ခံစားမိလိုက်ပြီး စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရေရွတ်လိုက်၏။ "ဘာတွေဖြစ်နေတာလဲ။"
ရွေးချယ်ခြင်းတောင်ထွတ်၏ အပြင်ဖက်မှ စောင့်ကြည့်နေကြသော တပည့်များမှာလည်း ယွမ်ဟောင်၏ ပြောင်းလဲမှုများကြောင့် အံ့အားသင့်နေကြသည်။
စိန်းထိုက်ယွမ်နှင့် လုစုန့်မှာ ယွမ်ဟောင်၏ပုံရိပ်အား သေချာစွာ ကြည့်ရှုစစ်ဆေးနေကြ၏။ အချိန်အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် စိန်းထိုက်ယွမ်မှ မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။
"ဓားခန္ဓာသွေးယဇ်ပုလ္လင်လား..."
စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ အမူအရာမှာ ခက်ထန်သွားရ၏။ ဓားခန္ဓာသွေးယဇ်ပုလ္လင်မှာ ဓားကပ်ဘေးတောင်ထွတ်၏ အဆင့်နိမ့် တားမြစ်နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ထိုနည်းလမ်းမှာ ဓားနှင့်လူ အစစ်အမှန် ပေါင်းစည်းသွားခြင်းမဟုတ်ပဲ သွေးအဆီအနှစ်များဖြင့် ယဇ်ပူဇော်ကာ ခဏတာပေါင်းစည်းလိုက်ခြင်း ဖြစ်၏။ ထိုသို့ပေါင်းစည်းလိုက်သော အချိန်အတွင်း၌ ယဇ်ပူဇော်ထားသူမှာ ဓား၏စွမ်းအင်များအားလုံးကို အပြည့်အဝ ရရှိနိုင်မည် ဖြစ်သည်။
သို့သော် ထိုနည်းလမ်းမှာ အလွန်ပြင်းထန်လှပြီး သွေးအဆီအနှစ် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေ၏။ ထို့အပြင် ထိုသို့ယဇ်ပူဇော်လိုက်သော ဓားလက်နက်မှာလည်း မိစ္ဆာဓာတ်များ လွှမ်းမိုးသွားကာ အနာဂတ်တွင် ထိန်းချုပ်ရခက်ခဲလာမည် ဖြစ်သည်။
ထိုသို့ များစွာပေးဆပ်ရင်းနှီးရသောကြောင့် တပည့်အနည်းငယ်သာလျှင် ထိုနည်းလမ်းအား သင်ယူလိုကြပြီး အသက်အား ခြိမ်းခြောက်နိုင်သော အခြေအနေမဟုတ်လျှင် ၎င်းနည်းလမ်းအား အသုံးမပြုလိုကြချေ။
ကောင်းကင်ထက်မှ စောင့်ကြည့်နေသော ကလန်ခေါင်းဆောင်ချင်းယန်မှာ ယွမ်ဟောင်၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် မျက်မှောင်ကျုံ့လိုက်မိ၏။
"အဟက်....ကလန်တစ်ခုထဲက တပည့်အချင်းချင်း တိုက်တဲ့တိုက်ပွဲလေးကို ဒီလိုနည်းလမ်း ထုတ်သုံးရတယ်လို့။ တော်တော်ရူးသွပ်တဲ့ တပည့်ပဲ။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ အေးစက်စွာ စကားဆိုလိုက်သည်။
အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း ယွမ်ဟောင်၏လုပ်ရပ်အား စိတ်အလိုမကျဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်ကြ၏။
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "ယွမ်ဟောင်ရဲ့ အနိုင်လိုချင်စိတ်က ပြင်းထန်နေလို့နေမှာပါ။ ဘာပဲပြောပြောတိုက်ပွဲပြီးရင်တော့ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ခေါ်ပြီးဆုံးမလိုက်ပါ့မယ်။ ဒါပေမယ့် တိုက်ပွဲရဲ့ စည်းကမ်းအရတော့ ဒီနည်းလမ်းတွေကို ကန့်သတ်ထားတာမျိုး မရှိဘူးလေ။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့်ပင် ခေါင်းအားခါယမ်းလိုက်၏။ ယွမ်ဟောင်၏ လုပ်ရပ်မှာ လက်သင့်ခံနိုင်စရာ မရှိပါသော်လည်း ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအရ တားဆီးပိုင်ခွင့် မရှိပေ။
ကလန်ခေါင်းဆောင်ချင်းယန်မှာ သနားကရုဏာသက်နေဟန်ဖြင့် ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်ကဲ့သို့သော တပည့်အသစ်လေးတစ်ဦးမှ ယွမ်ဟောင်အား ထိုအခြေအနေသို့ ရောက်ရှိသည်အထိ တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ်ရာ ဖြစ်၏။
......
နက်ရှိုင်းလှသော ဓားဟိန်းသံသဲ့သဲ့မှာ ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံထားလျက်ရှိပြီး ယွမ်ဟောင်၏ မျက်ဝန်းများမှာ သွေးနီရောင်များ ရဲတွတ်နေသည်။
ဇူယွမ်မှာ ယွမ်ဟောင်ထံမှ အန္တရာယ်အငွေ့အသက်များအား ရရှိနေသောကြောင့် ကောင်းကင်ဘုံယွမ်စုတ်တံအား တင်းကြပ်စွာဆုပ်ကိုင်လျက် သတိအပြည့်အဝဖြင့် အာစုံစူးစိုက်ထား၏။
"ဓားခန္ဓာသွေးယဇ်ပုလ္လင်ကို ပထမဆုံး အသုံးပြုရတာက မင်းလိုကောင်မျိုးကြောင့် ဖြစ်နေလိမ့်မယ်လို့ ငါတစ်ခါမှ တွေးမထားခဲ့ဖူးဘူး။" ယွမ်ဟောင်မှာ အေးစက်ခက်ထန်စွာဖြင့် ဇူယွမ်အား အော်ဟစ်ပြောဆိုလိုက်သည်။
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်တုံ့ပြန်ခြင်းမရှိပဲ အေးစက်နေသော မျက်ဝန်းများဖြင့်သာ ယွမ်ဟောင်အား ကြည့်ရှုလိုက်၏။
"အကြောက်တရားဆိုတာဘာလဲ မင်းသိစေရမယ်။" ယွမ်ဟောင်မှာ မထီမဲ့မြင်ပြုဟန်ဖြင့် ပြုံးကာရေရွတ်လိုက်သည်။
ဝှစ်...
ယွမ်ဟောင်မှာ မြေပြင်အားဆောင့်နင်းချလိုက်ပြီးနောက် အခိုးအငွေ့မလား လျင်မြန်စွာပင် ပျောက်ကွယ်သွား၏။
"မြန်လိုက်တာ..."
ယွမ်ဟောင်၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လှသောကြောင့် ဇူယွမ်မှာ မျက်ဝန်းများပင် ကျဉ်းမြောင်းသွားရသည်။
ဝုန်း...
ဇူယွမ်မှာ လှုပ်ရှားရန် ပြင်ဆင်လိုက်စဉ်မှာပင် ကောင်းကင်ထက်မှ တုန်ခါနေသော ဓားဟိန်းသံအား ကြားလိုက်ရ၏။ ဇူယွမ်မှ မော့ကြည့်လိုက်သောအခါတွင် ကြောက်မက်ဖွယ်ရာ လက်သည်းရှည်ကြီးများဖြင့် ကောင်းကင်ထက်မှ ပျံဝဲဆင်းသက်လာသော ယွမ်ဟောင်အား တွေ့ရှိလိုက်ရသည်။
ယွမ်ဟောင်ထံမှ ပေထောင်ကျော်မျှရှိသော ပြင်းထန်လှသည့် သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး အလွန်ပင် ပူပြင်းလှ၏။ ထိုသွေးနီရောင်အလင်းတန်းကြီးမှာ လေထုကိုပင် ဆုတ်ပြဲစေလျက် ရှိသည်။
ဇူယွမ်မှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲပဲ စွမ်းအင်များ အကုန်အစင်ထုတ်လျက် ကောင်းကင်ဘုံယွမ်စုတ်တံဖြင့် လွှဲ၍ရိုက်ချလိုက်၏။
ချလန်း....
ကောင်းကင်ဘုံယွမ်စုတ်တံနှင့် သွေးနီရောင်အလင်းတန်းများ တွေ့ဆုံသွားကြပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ကွင်းပြင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
စွမ်းအင်လှိုင်းဂယက်များနှင့်အတူ ဇူယွမ်၏ပုံရိပ်မှာလည်း အဝေးသို့ လွင့်စင်သွားရ၏။ ဇူယွမ်မှာ မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားရပြီး အဝတ်အစားများလည်း ဆုတ်ပြဲသွားလေသည်။
ဇူယွမ်၏ လက်ညှိုးနှင့် လက်မကြားနေရာမှာ ဆုတ်ပြဲနေပြီး သွေးများယိုစီးနေ၏။ ဇူယွမ်၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေရသည်။
"ကြောက်ဖို့ကောင်းလိုက်တဲ့ တိုက်ခိုက်မှုပဲ။"
ဇူယွမ်မှာ အံကိုတင်းတင်းကြိတ်လိုက်၏။ တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းပြိုင်ပွဲမှာ ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ ပို၍ခက်ခဲနေပေသည်။
ကောင်းကင်ထက်တွင် ပျံဝဲနေသော ယွမ်ဟောင်မှာ ဇူယွမ်အား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် ပြိုင်ပွဲအား အဆုံးသတ်ရန် ဆင်းသက်လာ၏။
ဝုန်း....
ယွမ်ဟောင်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ကောင်းကင်တစ်ခွင်လုံးအား ကြီးမားလှသော သွေးနီရောင်ဓားသွားများဖြင့် ပြည့်နှက်စေလိုက်သည်။
ယွမ်ဟောင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုအား ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုပ်ကိုင်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကျောက်စိမ်းရောင်အသားအရေ..."
"ငွေရောင်ခြည်အသွေးအသား...."
"ချီဖြိုခွဲခြင်း....."
"သန်းချီသော နဂါးဝေလငါး...."
"........"
ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ ဇူယွမ်၏ခန္ဓာကိုယ်ထံမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ ယွမ်ဟောင်၏ တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်နိုင်ရန်အတွက် ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် စွမ်းအင်အလုံးစုံအား ထုတ်၍သုံးစွဲလိုက်ရခြင်း ဖြစ်၏။
ဤတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုသည် ဇူယွမ်နှင့် ယွမ်ဟောင်တို့၏ အပြင်းထန်ဆုံး စွမ်းအင်တွေ့ဆုံမှုပင် ဖြစ်ပေလိမ့်မည်။