နမူနာပြခြင်းလော...
Vol. 190 Ch. 2707
ဟင်းလင်းပြင်ထဲရှိ ရုပ်တုများ တစ်ရုပ်ပြီးတစ်ရုပ်မှနေ၍ နတ်အလင်းများ ထွက်ပေါ်လာ၏။ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားသည် စွမ်းအားကြီးသည်။ ရုပ်တုတစ်ရုပ်စီသည် ကောင်းကင်အင်ပါယာ၏ ပလ္လင်အောက်မှ နတ်ဘုရားတစ်ပါးချင်းစီကို ကိုယ်စားပြုသည်။
ရီဖူရှင်းသည် ထိုနေရာသို့ လှမ်းကြည့်ကာ သူ့ဘာသာ ရယ်လိုက်သည်။ သူတို့သည် သူကို့ အလွယ်တကူ အနိုင်ကျင့်နိုင်လိမ့်မည်ဟု တွေးထားကြခြင်းလော။
“ဒီဗာ... တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ ခေါင်းဆောင်၊ ကောင်းကင်နန်းတော်ဟောင်းရဲ့ ကောင်းကင်အင်ပါယာက မဟော်ရာဂီမျိုးနွယ်အနေနဲ့ ယှဉ်နိုင်ဖို့ မျှော်လင့်နိုင်တဲ့အရာမဟုတ်ပါဘူး။ ငါက မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားနိုင်ပေမယ့် ဘာမှ ဟုတ်တိပတ်တိ မရသေးဘူး။ ဒီနေရာကတော့ မတူဘူး။ နတ်ဘုရားအားလုံးရဲ့ ရုပ်တုတွေက အကောင်းအတိုင်းရှိနေတုန်းပဲ... မဟော်ရာဂီရဲ့ အမွေအနှစ်တွေကတော့ အကုန် အကျိုးအပျက်တွေချည်းပဲ။ ပြီးတော့ အဲဒီအကျိုးအပျက်တော်တော်များများကလည်း အမွေအနှစ်တွေလို့ မသတ်မှတ်နိုင်တော့ဘူး”
ရီဖူရှင်း ဆက်ပြောလိုက်၏။
“အဲဒီ နတ်ဘုရားတွေရဲ့ ရုပ်တုတွေကို ကြည့်လိုက်ပါဦး... အဲဒါတွေက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားတွေနဲ့ ထိန်းသိမ်းခံထားရတော့ အကောင်းအတိုင်းရှိနေကြသေးတယ်။ အဲဒီမှာ ကောင်းကင်နန်းတော်ဟောင်းက ဆရာသခင်ရဲ့ ဝိညာဉ်စွမ်းအားလည်း ရှိနေသေးတယ်ဆိုတာ ထည့်ပြောနေစရာတောင် လိုမယ်မထင်ဘူး။ မင်း ဘာစွမ်းရည်တွေကို အမွေဆက်ခံနိုင်ခဲ့လဲ”
ကျိဝူတောက်သည် အာရုံလွှဲရန်အတွက် သူ့ကို အသုံးချချင်ခဲ့သဖြင့် သူ့အနေနှင့်လည်း ယဉ်ကျေးသမှုဖြင့် လက်ရှောင်နေရန် မလိုတော့ပေ။
ဘုံခုနစ်ခုထဲတွင် ကောင်းကင်ဘုံသည် အသေးဆုံးဖြစ်သည်။ သို့သော် ကောင်းကင်ဘုံပင်လျှင် စီဝေ့ကြယ်ကောင်းထက် များစွာအင်အားကြီးသည်ဟု သတ်မှတ်နိုင်သည်။ သူတို့သည် နက်ရှိုင်းသော သမိုင်းကြောင်းရှိသည့် မဟာအင်ပါယာအဆင့် အင်အားစုတစ်စု မဟုတ်ပါလား။ ထို့အပြင် သူတို့ဘက်မှ ကျင့်ကြံသူများသည် ကြောက်မက်ဖွယ် ကောင်းပေသည်။
ယခုတွင် ကောင်းကင်ဘုံမှ ကျင့်ကြံသူအားလုံးသည် နတ်ဘုရားများ၏ ရုပ်တုများမှ ဝိညာဉ်စွမ်းအားများကိုသုံး၍ တိုက်ခိုက်နိုင်နေသည်။
ကောင်းကင်ဘုံမှ ထိုကျင့်ကြံသူအားလုံးကို အနိုင်ယူခြင်းနှင့် နှိုင်းဆာလျှင် မိမိတို့နှင့် သက်ဆိုင်ရာ အမွေအနှစ်နယ်မြေအတွင်း၌ ရှိမနေသည့် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းက ပို၍ ရိုးရှင်းပေသည်။ ရီဖူရှင်းကိုသာ သတ်နိုင်ခဲ့လျှင် မဟော်ရာဂီအမွေအနှစ်နယ်မြေသည် ဆရာသခင်ရှိတော့မည်မဟုတ်ဘဲ ၎င်းကို စိတ်ကြိုက် ကျူးကျော်လုယက်နိုင်လာမည်ဖြစ်သည်။
ကျိဝူတောက်၏မျက်လုံးများသည် ရီဖူရှင်းကို ထပ်မံကြည့်သည်။ သူစကားမပြောနိုင်သေးခင်မှာပင် ကျိဝူတောက်အောက်ရှိ ရုပ်တုတစ်ခုသည် မဟာအင်ပါယာ၏ နတ်ရောင်ဝါနှင့် လင်းလက်လာပြီး ရုတ်ခြည်း အားလုံး၏အာရုံများကို ဆွဲဆောင်သွားသည်။ ယခုတွင် မျက်လုံးအားလုံးသည် ထိုဘက်သို့ ကြည့်နေကြပြီး ရုပ်တုသည် လွန်စွာခမ်းနားထည်ဝါနေကာ အားလုံးကို ခက်ထန်သောလွှမ်းမိုးမှုအငွေ့အသက်တစ်ခု ပေးနေသည်ကို တွေ့လိုက်ကြရသည်။ ရီဖူရှင်းသည် ထိုရုပ်တုအရှေ့တွင် ရပ်နေသော ကျင့်ကြံသူကို မှတ်မိပေသည်။
သူတို့သည် တစ်ချိန်တုန်းက တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခဲ့ဖူးသည်။
သူသည် ကောင်းကင်ဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်သော စေတီဘုရင်ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအစွမ်းသည် စွမ်းအားအကြီးဆုံးဖြစ်သည်။
နတ်အလင်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရုပ်တုမှနေ၍ စေတီအလင်းထွက်ပေါ်လာပြီး သူနှင့် စတင်ပေါင်းစည်းသွားသည်။
“အဲဒီနတ်ဘုရားက သူ့ရဲ့စွမ်းရည်တွေနဲ့ လိုက်ဖက်ညီတာပဲ”
ကျင့်ကြံသူများသည် ရုပ်တုကို ငေးကြည့်နေကြ၏။ မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားသည် စေတီဘုရင်၏ ခန္ဓာကိုယ်ကို ဝန်းရံနေသည်။ ရုတ်တရက် နတ်ဘုရားများ၏ ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားတစ်ခုသည် အကန့်အသတ်မဲ့ အာကာပြင်ကို လွှမ်းခြုံသွား၏။
ဝုန်း...
အလင်းရောင်ဝါ အပြင်သို့ ဖြာထွက်လာသောအခါ အားလုံးသည် အားကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။ သူတို့ မော့ကြည့်လိုက်ရာ စေတီတစ်ဆူထွက်ပေါ်လာသည်ကို တွေ့လိုက်၏။ စေတီနှင့်အတူ ကြောက်မက်ဖွယ် လေမုန်တိုင်းကြီးတစ်ခုလည်း ထွက်ပေါ်လာပြီး ၎င်းမုန်တိုင်းသည် စေတီကို ပင့်မြှောက်ထားလေသည်။ စေတီသည် ရွှေရောင်နတ်အလင်းနှင့်အတူ ပြန့်ကားလာကာ ပို၍ကြီးမားလာပြီး ကောင်းကင်နှင့် နေလုံးကို ကာရံသွားသည်။ ၎င်းသည် အားလုံး၏အထက်တွင် ရှိနေပြီး သူတို့ကို ၎င်း၏အရှိန်အဝါနှင့် ဖိနှိပ်ထားလေသည်။
ရီဖူရှင်းမှာလည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် စေတီအောက်တွင် ရှိနေသည်ကို တွေ့လိုက်၏။
ထိုတိုက်ခိုက်မှုသည် သူ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းပင်။ စေတီဘုရင်သည် အခြား မဟာအင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများကို ဟန့်တားရန်အတွက် သူ့ကို နမူနာအနေဖြင့် တိုက်ခိုက်ပြလိုခြင်းဖြစ်ပေမည်။ ထိုမှသာ သူတို့သည် မဆင်မခြင် မလုပ်ဝံ့ကြမည်ဖြစ်သည်။
စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုတိုက်ခိုက်မှု၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သိပေသည်။ ရီဖူရှင်း၏နောက်မှ မျက်မမြင်ထျယ်သည် လေပေါ်သို့ ပျံတက်သွားသည်။ သူသည် မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ထားပြီး သူ့အနောက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့သော အတုမဲ့ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ နတ်တူမှနေ၍ ကြောက်ရွံ့တုန်လှုပ်ဖွယ် အရှိန်အဝါလှိုင်းများ ထွက်နေ၏။
ဝုန်း...
ကောင်းကင်ထက်တွင် ကောင်းကင်မှ မိုးကြိုးကဲ့သို့ ပြင်းထန်သောမြည်ဟိန်းသံတစ်သံ ထွက်ပေါ်လာပြီး အားလုံး၏ စိတ်ဝိညာဉ်များကို တုန်ရင်သွားစေ၏။ ထိုဧရာမစေတီကြီးသည် ရုတ်တရက် အောက်ဘက်သို့ ကျဆင်းလာပြီး စေတီ၏အရိပ်သည် အောက်ဘက်ရှိ အရာအားလုံးကို ဖိနှိပ်ထားကာ ရီဖူရှင်းတို့လူစုထံသို့ ရွေ့လျားသွားသည်။
ကြောက်မက်ဖွယ် စေတီကြီးသည် ရီဖူရှင်းတို့လူစုကို ရုတ်ခြည်းအတွင်း ဝါးမျိုသွားတော့မည်ဟု ထင်ရ၏။ သို့သော် မျက်မမြင်ထျယ်သည် ၎င်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်ပြီး လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူကို ကောင်းကင်ဆီသို့ ပစ်လွှတ်လိုက်သည်။ အဖျက်နတ်အလင်းတစ်ခုသည် ကောင်းကင်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး စေတီထံမှ ပစ်လွှတ်လိုက်သည် နတ်အလင်းကိုလည်း ဖောက်ထွင်းသွားသည်။
အောက်ဘက်တွင် ကျောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခု ဗြောင်းဆန်သွားသည်။ သို့သော် စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူအုပ်စုသည် ထိုနေရာတွင် မလှုပ်မယှက်ရပ်နေကြပြီး မုန်တိုင်း၏ ရိုက်ခတ်မှုဒဏ်ကို မခံကြရချေ။
ထန်း...
ကျယ်လောင်သောထိခတ်သံတစ်သံ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် မဟာအင်ပါယာအဆင့်လက်နက်သည် စေတီကို ထိမှန်သွားပြီး စေတီကို မြင့်မားသော ကောင်းကင်ထက်သို့ လွင့်သွားစေ၏။ သို့သော် ၎င်းသည် မပျက်စီးသွားပေ။ စေတီးအတွင်းသို့ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု အဆက်မပြတ်ဝင်သွား၏။ ထိုအရှိန်အဝါသည် ကောင်းကင်လှေကားပေါ်ရှိ နတ်ဘုရားရုပ်တုများမှ ဖြစ်သည်။
ဝှီး...
စေတီသည် ပို၍ လျင်မြန်စွာ လည်ပတ်လာပြီး စေတီ၏အဆင့်(၉၉)ဆင့်လုံးသည် နှစ်ဆဖြစ်သွားသည်ဟု ထင်ရသည်။ ၎င်းတို့သည် သတ်ဖြတ်ရန်အတွက် နောက်တစ်ကြိမ် ထပ်မံကျဆင်းလာသည်။ ဤတစ်ကြိမ်တွင် စေတီသည် ဒြပ်ထည်ရှိသောအရာအဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းတို့လူစုကို ဖမ်းချုပ်ရန် ဆင်းသက်လာလေသည်။
ဧရာမ စေတီကြီးသည် အလွန်လျင်မြန်စွာ ကျဆင်းလာပြီး ရီဖူရှင်းတို့လူစုအထက်ရှိ ကောင်းကင်သည် မှောင်မည်းသွားသည်။ မျက်မမြင်ထျယ်သည် ကောင်းကင်ထက်သို့ ပျံတက်လိုက်ပြီး သူ့လက်ထဲရှိ ကောင်းကင်တုန်ဟည်းနတ်တူကို ဝှေ့ယမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် သူ့အနောက်ရှိ ဝိညာဉ်ပုံရိပ်နှင့် ပေါင်းစည်းသွားပြီး မယုံနိုင်လောက်သော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ ကောင်းကင်တုန်ဟည်းနတ်တူသည် ကောင်းကင်မှ နတ်ဘုရားတစ်ပါးကိုင်သော မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကဲ့သို့ ပြန့်ကားကြီးထွားလာပြီး လွှမ်းမိုးအားကြီးကာ ကြောက်မက်ဖွယ်ကောင်းလာသည်။
ကောင်းကင်တုန်ဟည်းနတ်တူသည် ဆက်၍အချိန်ဆွဲမနေတော့ဘဲ ကောင်းကင်ထက်ရှိ စေတီကြီးကို ပင့်ထုလိုက်သည်။ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး စေတီကြီးကို အောက်ဘက်သို့ ဆက်မကျလာနိုင်တော့အောင် တားဆီးလိုက်သည်။ နတ်တူသည် စေတီနှင့် နောက်တစ်ကြိမ် ထိခတ်သွားသောအခါ မြေကြီးသည် ထက်ခြမ်းကွဲသွားသကဲ့သို့ ထင်လိုက်ရပြီး ကောင်းကင်ထက်မှနေ၍ အတုမဲ့ နတ်အလင်းတစ်ခု ထွက်ပေါ်လာလေသည်။ ကျယ်ပြောသော လောကအသေးလေးတစ်ခွင်လုံး အပြင်းအထန် တုန်ခါသွားသည်။
သို့သော် ပတ်ဝန်းကျင်တွင် ရပ်နေသော ကျင့်ကြံသူများသည် မြေပြင်တွင် အမြစ်တွယ်နေသကဲ့သို့ မြဲမြဲမြံမြံ ရပ်နေကြသည်။ ဤနေရာသို့ ရောက်လာသူများမှာ ထိပ်သီးများဖြစ်သဖြင့် သူတို့သည် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းကို တည်တည်ငြိမ်ငြိမ် တောင့်ခံနိုင်ပေသည်။ ကောင်းကင်လှေကားအထက်တွင် နတ်အလင်းများ ထွက်ပေါ်လာ၏။
“စေတီဘုရင်က နတ်ဘုရားရဲ့ ဝိညာဉ်စွမ်းအားနဲ့တောင် မျက်မမြင်ထျယ်ကို မကျော်နိုင်ဘူး”
အားလုံးသည် ထိုတိုက်ပွဲ၏ ရလဒ်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ ရီဖူရှင်းသည် သူ ထျန်းယန်မြို့မှ ရရှိထားသော မဟာအင်ပါယာအဆင့်လက်နက်ကို မျက်မမြင်ထျယ်အား ပေးထားပေသည်။
သို့ဆိုလျှင် ယခုတွင် ရီဖူရှင်းကိုယ်တိုင်သည် မည်ကဲ့သို့သော မဟာအင်ပါယာအဆင့်လက်နက်မျိုးကို ကိုင်ဆောင်သနည်း။
အားလုံးသည် ရီဖူရှင်းက မဟော်ရာဂီ၏ အမွေအနှစ်များအကြားမှ ပို၍ကောင်းသော မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို ရရှိထားခြင်းဖြစ်မည်ဟု ယုံကြည်နေကြသည်။ ထို့ကြောင့်သာ သူသည် ကောင်းကင်တုန်ဟည်းနတ်တူကို မျက်မမြင်ထျယ်အား ပေးလိုက်ခြင်းဖြစ်မည်။
ကောင်းကင်လှေကားအထက်တွင် ရပ်နေသော ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့သည် စေတီသခင်၏ မူလရည်ရွယ်ချက်ဖြစ်သော အဘက်ဘက်မှ ကျင့်ကြံသူများကို ရှိန်သွားအောင်လုပ်မည့် ရည်ရွယ်ချက်ကို သဘောပေါက်ကြပေသည်။ သို့သော် သူသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်ဦး၏ တားဆီးမှုကို ခံခဲ့ရသည်။ သူ၏တိုက်ခိုက်မှုသည် ရီဖူရှင်းအနီးသို့ပင် မရောက်ခဲ့ချေ။
ဝှီး...
ထိုအခိုက်တွင် ကောင်းကင်လှေကားထိပ်မှနေ၍ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ ရုတ်ခြည်းအတွင်းမှာပင် အထက်ကောင်းကင်သည် ထက်ခြမ်းပွင့်သွားပြီး အဖျက်မုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာသည်။ စေတီပင် ထိုမုန်တိုင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။
“အနက်ကောင်းကင်အရှင်က လှုပ်ရှားနေပြီ...”
အားလုံးသည် ကောင်းကင်လှေကားအထက်ရှိ နေရာသို့ ငေးကြည့်လိုက်ကြသည်။ အနက်ကောင်းကင်အရှင်သည် မည်မျှစွမ်းအားကြီးသနည်း။ အစောက သူသည် ဖုန်းရူကို အနိုင်ယူခဲ့ပြီး တိဟောက်နှင့် တိုက်ခိုက်ခဲ့သည်။ သူ၏တိုက်ခိုက်စွမ်းရည်သည် ပို၍ ကြောက်စရာကောင်းပေသည်။
ထိုအခိုက်တွင် သူ့အနောက်ရှိ ရုပ်တုလည်း လင်းလက်လာသည်။ ဤနယ်မြေထဲတွင် ကျင့်ကြံခဲ့သော သူသည် ရုပ်တုအတွင်းရှိ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစည်းနိုင်ခဲ့သည့်ပုံပင်။ သူသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီး မြင့်မားသော ကောင်းကင်ထက်တွင် ပြန်ပေါ်လာ၏။ သူသည် အနက်ရောင်မုန်တိုင်းကြီး၏အောက်တွင် ရှိပြီး ကျင့်ကြံသူများကို ငုံ့ကြည့်နေသည်။
ပြိုင်စံရှားနတ်ဓားအတတ်သပ်သပ်သည်ပင် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သော်လည်း ယခုတွင် ၎င်းအတတ်ထဲတွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားပါဝင်နေပြီဖြစ်သည်။ ထို့အပြင် ကောင်းကင်နန်းတော်ဟောင်းမှ နတ်ဘုရားများ၏ ဝိညာဉ်စွမ်းအားများလည်း ရှိနေပေသေးသည်။ ပြိုင်စံရှားနတ်ဓားအတတ်မှ နတ်အလင်းတန်းအားလုံးသည် ထိပ်သီးတစ်ဦးကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်ဟု ထင်ရသည်။
အဓိကအင်အားစုတိုင်းမှ ကျင့်ကြံသူများသည် မျက်နှာမည်းမှောင်သွားကြသည်။ သူတို့သည် ဤအခြေအနေကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။ အကယ်၍ အနက်ကောင်းကင်အရှင်သာ သူတို့ထံသို့ သေနိုင်လောက်သည့် တိုက်ခိုက်မှုတစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်ပါက သူတို့အတွက် အတော်လေး အန္တရာယ်များသွားမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အချိန်ပြည့် သတိရှိနေရပေမည်။
ရီဖူရှင်းအနောက်မှ တစ်စုံတစ်ယောက်သည် ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားပြီး စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများ အထက်သို့ ပျံသွားလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အတုမဲ့ ဓားဝိညာဉ်စွမ်းအားသည် အပေါ်ဘက်သို့ လှုပ်ယမ်းကာ တက်သွားသည်။ ထိုအရာသည် ထိုက်ရှန့်ဓားအတတ်ပင်။
ထိုသို့ ထွက်လာသူမှာ ဓားဧကရာဇ်အရှင်ကိုယ်တိုင် ဖြစ်ပေသည်။
နတ်ဓားတစ်ချောင်းသည် ဓားဧကရာဇ်အရှင်၏ရှေ့တွင် မျောနေပြီး သူ၏လက်များဖြင့် ပြုလုပ်ထားသော ဓားမုဒြာသည် နတ်ဓားအပေါ် ဖြတ်သန်းသွားသည်။ ရုတ်တရက် ကြောက်မက်ဖွယ် ဓားဧကရာဇ်ဝိညာဉ်စွမ်းအားသည် ကျဆင်းလာသော အားကို ဆန့်ကျင်၍ အထက်သို့ တက်သွားသည်။ ထိုဝိညာဉ်စွမ်းအားသည် စွမ်းအားအကြီးဆုံး ဓားအတတ်၏ ဝိညာဉ်စွမ်းအားကဲ့သို့ပင်။
ထိုမတိုင်ခင်က သူသည် ပွဲကြည့်ပရိသတ်တစ်ဦးသာဖြစ်သည်။ သူသည် အနက်ကောင်းကင်အရှင်၊ ဖုန်းရူနှင့် တိဟောက်တို့ကြားက တိုက်ပွဲကို ကြည့်ကာ သူသာ ဝင်တိုက်ခိုက်လျှင် မည်သို့ ဖြစ်မည်ကို သူတွေးခဲ့သည်။
သူ၏ ထိုက်ရှန့်ဓားအတတ်နှင့် ပြိုင်စံရှားနတ်ဓားအတတ်တို့ တိုက်ခိုက်ခဲ့လျှင် ရလဒ်သည် မည်သို့ဖြစ်မည်နည်း။
ယခုသည် ထိုရလဒ်ကို သိနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပုံပင်။
သို့သော် အနက်ကောင်းကင်အရှင်သည် နတ်ဘုရားများ၏ စွမ်းအားကို အသုံးပြုနေပြီး မဟာအင်ပါယာအဆင့်လက်နက်၏ နတ်စွမ်းအားကိုလည်း အသုံးပြုနေသည်။ သို့သော် ဓားအတတ်သီးသန့်သာ ကြည့်မည်ဆိုလျှင် ပြိုင်စံရှားနတ်ဓားအတတ်နှင့် ထိုက်ရှန့်နတ်ဓားအတတ်တို့၏ ပြိုင်ဆိုင်မှုသာ ဖြစ်ပေသေးသည်။
သူတို့နှစ်ဦးစလုံးသည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသော စွမ်းအားကြီးသူများ ဖြစ်ကြသည်။ ထို့အပြင် ယခုတွင် သူတို့သည် မဟာအင်ပါယာများ၏ စွမ်းအားများနှင့် တိုက်ခိုက်နေကြပေသည်။ ထိုတိုက်ပွဲသည် မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်၍ပင် မရပေ။ အကယ်၍ သူတို့သာ ဤတိုက်ပွဲ၏ ရိုက်ခတ်မှုဂယက်ကို မထိန်းချုပ်ပါက ထိုကြောက်မက်ဖွယ်ဓားအတတ်၏ ဝိညာဉ်စွမ်းအားများသည် ဤလောက၏ ဤနေရာကို မြေလှန်ပစ်နိုင်ရန် လုံလောက်ပေသည်။
ပြိုင်စံရှားနတ်ဓားနှင့် ထိုက်ရှန့်နတ်ဓားတို့သည် ဟင်းလင်းပြင်ထဲတွင် ထိခတ်သွားကြပြီး အတုမဲ့ အဖျက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ အရာအားလုံးသည် ပျက်စီးသွားတော့မည်ဟုပင် ထင်ရသည်။
မည်သို့ပင်ဖြစ်စေ ပြိုင်စံရှားနတ်ဓားသည် ခုခံမှုကို မဖောက်ထွင်းနိုင်ခဲ့ဘဲ စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများ ရှိနေသောနေရာသို့ မကျူးကျော်နိုင်ခဲ့ပေ။
စွမ်းအားကြီး ကျင့်ကြံသူနှစ်ဦးသည် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ပြဿနာကို မဖြေရှင်းနိုင်သေးပေ။ ဤတစ်ကြိမ်တွင် သူတို့၏ စီဝေ့အင်ပါယာနန်းတော်ကို အသုံးချ၍ အခြားသူများကို နမူနာပြရန် ကြိုးပမ်းမှုများသည် သူတို့ကို ပြန်ထိခိုက်စေခဲ့ပုံပေါ်လေသည်။