← Chapters

မင်းက တိုက်ခိုက်ဖို့ ဘာကိုသုံးမှာလဲ

Vol. 190 Ch. 2708

မင်းက တိုက်ခိုက်ဖို့ ဘာကိုသုံးမှာလဲ

Vol. 190 Ch. 2708

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီး လူတစ်ယောက်သည် ကောင်းကင်လှေကားမှ ဆင်းလာလေသည်။ ယခုတွင် ထိုလူအ‌နောက်ရှိ နတ်ဘုရားရုပ်တုသည် လင်းလက်သွားသည်။ ရုတ်တရက် လေးလံသော မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားတစ်ခုသည် စိုးမိုးခြယ်လှယ်ဟန်ဖြင့် ထွက်ပေါ်လာ၏။

“ကိုင်အာကြယ်တာရာသခင်...”

ထိုလူသည် ကြယ်တာရာသခင်ကိုးပါးထဲမှ ကိုင်အာကြယ်တာရာသခင်ဖြစ်သည်။ သူ၏အင်အားသည် မယုံနိုင်လောက်အောင် လွှမ်းမိုးအားကြီးပြီး သူသည်လည်း နတ်ဘုရားရုပ်တုနှင့် ဆက်နွယ်နေလေသည်။ ပို၍အရေးကြီးသည်မှာ အားလုံးသည် ထိုရုပ်တုအရှေ့တွင် သူတစ်ယောက်တည်းရှိနေခြင်း မဟုတ်ကြောင်းကို မြင်လိုက်ရခြင်းပင်။ ထိုနေရာတွင် အခြားကျင့်ကြံသူတစ်ဦးလည်း ရှိပေသေးသည်။ ထိုနှစ်ဦးသည် ရုပ်တုတစ်ရုပ်ကို တစ်ချိန်တည်း ‌လေ့လာနေခဲ့ခြင်းဖြစ်သည်။

ထိုနတ်ဘုရားရုပ်တုသည် သူတို့နှစ်ဦးလုံး၏ကျင့်ကြံခြင်းနှင့် ကိုက်ညီမှုရှိကြောင်း ထင်ရှား၏။

ကိုင်အာကြယ်တာရာသခင်၏အင်အားသည် ထိပ်တန်းဟု မဆိုနိုင်ပေ။ သူသည် ကြယ်တာရာသခင်ကိုးပါးထဲမှ တစ်ပါးသာဖြစ်၏။ သို့ပင်လျှင် သူသည် ဒုတိယကပ်ဘေးအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ထိုအခိုက်တွင် သူ့ထံ၌ နတ်ဘုရား၏ စွမ်းအားရှိနေလေသည်။ ထိုအချက်က သူ၏တိုက်ခိုက်စွမ်းရည်ကို အတော်လေး တိုးသွားစေသည်။ ထို့ကြောင့် သူသည် ရှေ့သို့ ထွက်လာခြင်းဖြစ်ပြီး တိုက်ခိုက်ရန် လမ်းရှင်းလိုက်ခြင်းဖြစ်သည်။

ရွှီး...

နတ်အလင်းတစ်ခုသည် အရှေ့သို့ ပျံထွက်သွားပြီး ဖန်းစွင်တစ်ယောက် ရှေ့သို့ လျှောက်သွားသည်ကို တွေ့လိုက်ရ၏။ သူ့လက်ထဲတွင် နတ်လက်နက်ဖြစ်သော ရွှေလှံပုဆိန်ရှိနေပြီး ထိုလက်နက်မှနေ၍ မဟာအင်ပါယာ၏ နတ်ရောင်ဝါ တလက်လက် တောက်ပနေလေသည်။ ကိုင်အာကြယ်တာရာသခင်သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မျက်လုံးများ စူးရှသွားသည်။ သူ၏အဆင့်သည် ဖန်းစွင်ထက် ပိုမြင့်သော်လည်း နတ်လက်နက်၏ အရှိန်အဝါကို မည်သူ လျစ်လျူရှုနိုင်မည်နည်း။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ဖော်ပြ၍မရနိုင်လောက်အောင် လေးလံသော ဖိအားတစ်ခုသည် ရှေ့သို့ ထွက်သွားပြီး ဖန်းစွင်သည် အေးစက်စက် ပင့်သက်ရှိုက်လိုက်သည်။ သူမျက်လုံးများမှနေ၍ ရွှေရောင်နတ်ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး သူ့လက်ထဲရှိ လှံပုဆိန်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုလှံပုဆိန်သည် သူ၏ပြိုင်ဘက် ပစ်လွှတ်လိုက်သော မြေအမှတ်အသားနှင့် ထိခတ်သွားသည်။

ကောင်းကင်တွင် အလင်းတစ်ခု တောက်ပလာ၏။ နတ်ချိပ်စည်းတွင် ကြောက်မက်ဖွယ်စွမ်းအား ပါဝင်ကြောင်း ထင်ရှား၏။ မည်သို့ပင်ဖြစ်စေ နတ်ချိပ်စည်းသည် မဟာအင်ပါယာအဆင့်လက်နက်၏ ဖောက်ထွင်းမှုကို ခံလိုက်ရလေသည်။ ထို့နောက်တွင် ကိုင်အာကြယ်တာရာသခင်သည် ကျယ်လောင်စွာ အော်လိုက်ပြီး မြေအမှတ်အသား အများအပြား တစ်ခုအပေါ်တွင် တစ်ခုထပ်သွားပြီး များစွာသော နတ်ချိပ်စည်းများဖြစ်သွားသည်။

ဖန်းစွင်၏မျက်နှာထားသည် မပြောင်းလဲ‌သေးပေ။ သူ့ခန္ဓာကိုယ်မှနေ၍ ပို၍ပင် တောက်ပသော နတ်ရောင်ဝါထွက်ပေါ်လာ၏။ သူ့အရှေ့တွင် မရေမတွက်နိုင်အောင် များပြားသော ရွှေလှံပုဆိန်များ တစ်ပြိုင်တည်း ဖြစ်ပေါ်လာပြီး အရှေ့သို့ ပျံထွက်သွားကြသည်။ နတ်ဘုရားများ၏ နတ်ရောင်ဝါသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ဝိညာဉ်များကို ထက်ခြမ်းပွင့်သွားစေ၏။

“ဖျက်ဆီးပစ်...”

ဖန်းစွင်အော်လိုက်သည်။ ထို မြေအမှတ်အသားများသည် အက်ကွဲ ပျက်စီးသွားကြပြီး ကိုင်အာကြယ်တာရာသခင်လည်း သူ၏မူလနေရာသို့ တွန်းထုတ်ခံလိုက်ရ၏။ သူ့အနောက်တွင် မမြင်နိုင်သောအားတစ်ခုက သူ့ကို မြဲမြံအောင် လုပ်ပေးထားပြီး သူ့ကို ထောက်ကန်ပေးနေသည်။

“ဆရာ...”

ကိုင်အာကြယ်တာရာသခင်သည် သူရှုံးသွားပြီဟု ခံစားနေရသည်။ သူသည် ကောင်းကင်ဘုံမှ ကြယ်တာရာသခင်ကိုးပါးထဲမှ တစ်ပါးအနေဖြင့် ရိုးရိုးရှုံးသွားသည်ပင် မဟုတ်ဘဲ လူငယ်တစ်ဦးကို ရှုံးသွားခြင်းဖြစ်သည်။

ထိုလူငယ်ကျင့်ကြံသူသည် ရီဖူရှင်း၏တပည့်များထဲမှ တစ်ယောက်ဖြစ်ပုံပေါ်သည်။

သူသည် ကောင်းကင်ဘုံမှ ကြယ်တာရာသခင်ကိုးပါးက တစ်ပါးဖြစ်သော်လည်း ရီဖူရှင်း၏ တပည့်တစ်ယောက်ထံတွင် ရှုံးနိမ့်သွားခြင်းသည် ကောင်းကင်ဘုံတွင် သူ၏ဂုဏ်သိက္ခာကို သိသိသာသာ ထိခိုက်စေပေလိမ့်မည်။

ဖန်းစွင်သည် မဟာအင်ပါယာအဆင့်လက်နက်၏ အကူအညီကို ယူခဲ့သော်လည်း သူ၏အဆင့်သည် နိမ့်ပေသည်။ တစ်ဘက်တွင်လည်း ကိုင်အာကြယ်တာရာသခင်သည် နတ်ဘုရား၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူ၏ရှုံးနိမ့်မှုကို မည်သို့မှ ဆင်ခြင်ပေး၍ မရပေ။

ကိုင်အာကြယ်တာရာသခင်၏ ဆရာသည် မဟာကောင်းကင်ဘုရင်ဖြစ်သည်။ သူသည် ကောင်းကင်ဘုရင်လေးပါးထဲတွင် ပထမဖြစ်၏။ သူ၏တိုက်ခိုက်စွမ်းအားသည် မယုံနိုင်လောက်အောင် ခက်ထန်ပြီး သူ၏အင်အားသည် အတုမဲ့၏။ စေတီဘုရင်သည်ပင် သူနှင့်လက်ရည်စမ်းခဲ့စဉ်က သူ့ကို မယှဉ်နိုင်ခဲ့ပေ။ ထို့ကြောင့် မဟာကောင်းကင်ဘုရင်၏ စွမ်းအားသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သိနိုင်ပေသည်။

ထိုအခိုက်တွင် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ထို့ကြောင့် ကိုင်အာကြယ်တာရာသခင်သည် နောက်သို့ ဆုတ်လိုက်လေသည်။ ရုတ်တရက် ကျင့်ကြံသူအားလုံးသည် အကန့်အသတ်မဲ့ ဟင်းလင်းပြင်ထဲတွင် ခုခံ၍မရသော ဖိအားကို ခံစားလိုက်ကြရသည်။ မဟာကောင်းကင်ဘုရင်၏ အရှိန်အဝါ ထွက်ပေါ်လာသောအခိုက်တွင် လူများစွာသည် ကိုယ့်ခြေထောက်ပေါ်တွင်ကိုယ် ဆက်၍ မတ်မတ်မရပ်နိုင်တော့ဟု တွေးမိခဲ့ကြသည်။ သူတို့ခံစားနေရသော ဖိအားသည် သူ့တို့ကို မွန်းကျပ်နေစေရန် လုံလောက်ပေသည်။

သူသည် ကောင်းကင်ဘုရင်လေးပါး၏ ခေါင်းဆောင်ဖြစ်သဖြင့် သူ၏အဆင့်အတန်းသည် အဖြူနှင့်အနက်ကောင်းကင်အရှင်တို့ပြီးလျှင် ဒုတိယဖြစ်သည်။ သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူနှင့် အဖြူနှင့်အနက်ကောင်းကင်အရှင်နှစ်ပါးတို့၏ကြားတွင် သိသာသောကွာဟချက်တစ်ခု ရှိနေသေးသော်လည်း နတ်ဘုရားတစ်ဝက်အဆင့်တွင် ရှိသူတိုင်းသည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်တွင် ရပ်နိုင်သူများပင် ဖြစ်ကြသည်။

သူရှေ့ထွက်လာသောအခါ စီဝေ့အင်ပါယာနန်းတော်မှ လူများသည် မယုံနိုင်လောက်အောင် အားကောင်းသော ဖိအားကို ခံလိုက်ကြရသည်။ မည်သူသည် မဟာကောင်းကင်ဘုရင်ကို တားနိုင်မည်နည်း။

ဓားဧကရာဇ်အရှင်သည် တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ အနောက်အင်ပါယာနန်းတော်မှ ရှီးချီယောင်သည် သူ့ကို သူမ၏မဟာအင်ပါယာအဆင့်လက်နက်နှင့် တိုက်ခိုက်မည်လော။

အရေးပါသောအခြားအင်အားစုများသည် ဤတိုက်ပွဲအတွင်း၌ ဝင်ပါရန် ဆန္ဒမစောပေ။ သူတို့သည် အလျင်မလိုပေ။

မူလက ထိုအင်အားစုများ စုဝေးခြင်းသည် ကောင်းကင်ဘုံမှ ကျင့်ကြံသူများကို ဖိနှိပ်၍ ကောင်းကင်နန်းတော်ဟောင်းအတွက် တိုက်ခိုက်ရန်ဖြစ်သည်။ သို့သော် ယခုတွင် ကျိဝူတောက် ပြောလိုက်သော စကားတစ်ခွန်းကြောင့် ကောင်းကင်ဘုံနှင့် စီဝေ့အင်ပါယာနန်းတော်အကြားတွင် တိုက်ပွဲဖြစ်လာပေသည်။ ကျိဝူတောက်သည် ဤပဋိပက္ခကို အစပြုခဲ့သူဖြစ်သည်။

ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ဤတိုက်ပွဲကို အလွယ်တကူအနိုင်ရလိမ့်မည်ဟု တွေးကာ အခြားသူများအတွက် နမူနာအနေဖြင့် စီဝေ့အင်ပါယာနန်းတော်ကို အသုံးချနိုင်သည်ဟု တွေးခဲ့ခြင်းဖြစ်နိုင်ပေသည်။ သို့သော် သူတို့သည် ယခုအထိ စီဝေ့အင်ပါယာနန်းတော်မှ လူများကို မရှင်းပစ်နိုင်သေးပေ။

သို့ရာတွင် ကောင်းကင်ဘုံမှ အသန်မာဆုံးလူနှစ်ယောက်သည် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ အကယ်၍ အဖြူကောင်းကင်အရှင်သာ ဝင်ပါခဲ့ပါက ဤတိုက်ပွဲ၏ ရလဒ်မည်သို့ဖြစ်မည်ကို သံသယဖြစ်စရာလိုမည် မဟုတ်ချေ။ ထို့အပြင် ရှေးဟောင်းကောင်းကင်အင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံထားသော ကျိဝူတောက်လည်း ရှိပေသေးသည်။ အကယ်၍ သူသာ တိုက်ပွဲတွင် ဝင်ပါလာလျှင် သူ့ကို မည်သူတားနိုင်မည်နည်း။

ထိုသို့သာ ဖြစ်လာပါက စီဝေ့ကြယ်ကောင်းကင်မှ ကျင့်ကြံသူအားလုံးသည် သေဆုံးသွားနိုင်ပေသည်။ ဓားဧကရာဇ်အရှင်သည်ပင် ထိုကဲ့သို့သော ဖိအားမျိုးကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော် ကောင်းကင်ဘုံသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများနှင့်သာ ရင်ဆိုင်နေရခြင်းမဟုတ်ပေ။ သူတို့၏အမြင်တွင် စီဝေ့အင်ပါယာနန်းတော်သည် ဤနေရာရှိ အင်အားစုအားလုံးထဲတွင် အင်အားအနည်းဆုံးစု မြင်ပေသည်။ သို့သော် အခြား မဟာအင်ပါယာအဆင့် အင်အားစုများသည် စောင့်ဆိုင်းနေကြသေးပေသည်။ ထို့ကြောင့် ကောင်းကင်ဘုံသည် ယခုအထိ သူတို့၏ စွမ်းအားအကြီးဆုံးသူများကို ဤတိုက်ပွဲတွင် ဝင်မတိုက်စေသေးခြင်းဖြစ်သည်။

သို့သော် သူတို့သည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ရှင်းပစ်ရန် ထိုမျှခက်ခဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူတို့သည် စီဝေ့အင်ပါယာနန်းတော်ကို ရှင်းပစ်ရန် အချိန်များစွာ မလိုလောက်ဟု တွေးခဲ့သည်။ ထို့ကြောင့် သူတို့သည် စီဝေ့အင်ပါယာနန်းတော်ကို အသုံးချ၍ သူတို့၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းပေ။ သို့သော် ထိုကိစ္စတစ်ခုလုံးသည် သူတို့ကို ပြန်ထိခိုက်စေခဲ့လေသည်။ ယခုတွင် သူတို့သည် ထိုမဆုတ်သာမတိုးသာအခြေအနေတွင် ညပ်နေပေပြီ။

ရှီးချီယောင်သည် မဟာကောင်းကင်ဘုရင်ကို တားဆီးနိုင်မည်လော။

အနောက်အင်ပါယာနန်းတော်မှ ရှီးချီယောင်သည် ရှေးဟောင်းနတ်ဘုရားကလန်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သူမနှင့်အတူ မဟာအင်ပါယာ၏အသိစိတ်ကို သယ်ဆောင်လာကြောင်း အားလုံးသိကြပေသည်။ ထို့အပြင် သူမသည် မိုးစက်နတ်ဓားကိုလည်း ပိုင်ဆိုင်ပေသည်။ ထိုဓားသည် ထိုထိပ်သီးများထက် မနိမ့်သော စွမ်းအားကို ထုတ်နိုင်ပေသည်။

ရီဖူရှင်းသည် သူ့ဘေးရှိ ရှီးချီယောင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ သူမသည် ‌ရှေ့ထွက်ကာ တိုက်ခိုက်လိုဟန်ဖြင့် ရှေ့သို့တစ်လှမ်းတိုးသွားသည်ကို တွေ့လိုက်၏။

လက်ရှိတွင် ထိုနေရာရှိ စီဝေ့အင်ပါယာနန်းတော်မှလူများထဲ၌ မည်သူမှ နတ်ဘုရားတစ်ဝက်အဆင့်ရှိသူများကို မတိုက်ခိုက်နိုင်သေးပေ။ မဟာကောင်းကင်ဘုရင်၏ အဆင့်အရ သူမသာ သူနှင့် ယှဉ်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ထို့ကြောင့် သူမ ရှေ့ထွက်၍ တိုက်ခိုက်လိုခြင်းမှာ သဘာဝကျပေသည်။

သို့သော် တစ်စုံတစ်ယောက်၏ လက်သည် သူမထံ လှမ်းလိုက်ပြီး သူမကို တားဆီးလိုက်သည်။

ရှီးချီယောင်သည် လှည့်ကြည့်လိုက်ရာ ရီဖူရှင်းက ရှေ့ကို စိုက်ကြည့်နေရင်းဖြင့် သူမကို တီးတိုးပြောလိုက်သည်ကို တွေ့လိုက်ရ၏။

“ကျုပ် သွားပါမယ်...”

ထိုကျင့်ကြံသူများသည် သူနှင့် ထိုမျှ ယှဉ်ပြိုင်လိုနေကာ စီဝေ့အင်ပါယာနန်းတော်ကို အသုံးချ၍ နာမည်ကြီးလိုနေကြသဖြင့် သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ သူကိုယ်တိုင် ရှေ့ထွက် ရပေတော့မည်။

ရီဖူရှင်းသည် ရှေ့သို့ လျှောက်သွားလိုက်ပြီး စီဝေ့အင်ပါယာနန်းတော်မှ လူများရပ်နေသော နေရာမှ ထွက်လာလိုက်သည်။ ရှီးချီယောင်သည် ရီဖူရှင်းကို အနောက်မှနေ၍ ကြည့်နေ၏။ သူသည် ရီဖူရှင်း၏အင်အားကို သံသယမရှိပေ။ သို့သော် သူမ၏ခန့်မှန်းတွက်ချက်မှုအရ ရီဖူရှင်းသည် နောက်ဆုံးမှ ရှေ့ထွက်သင့်ပေသည်။ ထို့ကြောင့် သူမသည် ကိုယ်တိုင်ရှေ့ထွက်၍ ထိုတိုက်ပွဲကို တိုက်လိုခဲ့ခြင်းဖြစ်သည်။

သို့သော် ရီဖူရှင်းသည် သူကိုယ်တိုင် ရှေ့ထွက်သွားပေသည်။

ကျယ်ပြောသောဟင်းလင်းပြင်အထက်ရှိ တိုက်ပွဲပြင်ထဲတွင် အံ့အားသင့်ဖွယ်အရှိန်အဝါတစ်ခုနှင့် ပြည့်နှက်နေသည်။ လောကအသေးတစ်ခွင်လုံးသည် ထိုကြောက်မက်ဖွယ်လေထု၏ လွှမ်းခြုံမှုကို ခံထားရသည်။ နေရာအသီးသီးမှ ကျင့်ကြံသူများသည်လည်း ဤဘက်သို့ ဦးတည်လာနေကြသည်။

ရီဖူရှင်းသည် ရှေ့သို့ ထွက်ရပ်လိုက်၏။

အပြင်‌လောကထဲတွင် ထိုထိပ်သီးကျင့်ကြံသူများအကြားမှ တိုက်ခိုက်မှုများသည် တုန်လှုပ်ဖွယ်ကောင်းခဲ့ပေသည်။ ကောင်းကင်ဒေသမှ ထိုအကျော်ဇေယျ၏အထက်ရှိ နတ်ရောင်ဝါသည် ကျိဝူတောက်၊ ဒွန်ဟောင်တိယွမ်နှင့် အခြားမှတ်သားလောက်သည့်သူများနှင့် ယှဉ်လျှင် မှေးမှိန်နေပုံပေါ်လေသည်။

သို့သော် ယခုတွင် စီဝေ့အင်ပါယာနန်းတော်၏ နန်းတော်သခင် ရီဖူရှင်းသည် ဘေးတွင် ဆက်မနေနိုင်တော့သည့်ပုံပင်။ သူသည် နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသည်ကိုပင် ရှေ့သို့ ထွက်လာဝံ့သည်အထိ စိတ်ကြီးဝင်နေသည်။

မဟာကောင်းကင်ဘုရင်၏ နတ်ဘုရားတစ်ဝက် အရှိန်အဝါသည် ရီဖူရှင်းကို ဖိနှိပ် လွှမ်းခြုံလိုက်သည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ရီဖူရှင်း၏အထက်တွင် ရစ်သိုင်းနေသော ဖိအားကို ခံစားလိုက်ရ၏။

ဒွန်ဟောင်တိယွမ်နှင့် အခြားသူများသည်လည်း သူ့ကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်လိုနေသည်လော။

မဟာကောင်းကင်ဘုရင်သည် အောက်ဘက်ရှိ ရီဖူရှင်းကို ကြည့်သည်။ အစောကပင် ရီဖူရှင်း၏တပည့်သည် သူ၏တပည့်ကို အနိုင်ယူခဲ့လေသည်။

“မင်းက တိုက်ခိုက်ဖို့ ဘာကိုသုံးမှာလဲ”

မဟာကောင်းကင်ဘုရင်သည် ကောင်းကင်ထက်တွင် ရပ်ရင်း သူ့ကို မေးခွန်းထုတ်လိုက်သည်။ သူ စကားပြောလိုက်သောအခါ ကောင်းကင်အရှိန်အဝါသည် ရီဖူရှင်းအပေါ်သို့ ကျဆင်းလာသည်ဟု ခံစားလိုက်ရ၏။ ထိုအခိုက်တွင် ရီဖူရှင်းသည် နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ထင်ရသည်။ သူတို့ပတ်ဝန်းကျင်ရှိ လူအားလုံးသည် ရီဖူရှင်းက ပမွှားလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ဟု မြင်ကြသည်။

နတ်ဘုရားတစ်ဝက်အဆင့်ရှိသူတစ်ယောက်၏ အရှေ့တွင် ပမွှားလေးတစ်ယောက်ဖြစ်ကာ အရေးမပါပုံပေါက်နေခြင်းသည် သဘာဝကျပေသည်။

ကျိဝူတောက်နှင့် ဒွန်ဟောင်တိယွမ်ပင် သူတို့ အမွေဆက်ခံရထားသော စွမ်းအားကို မသုံးလျှင် ထိုကဲ့သို့သောအဆင့်ရှိသူကို ယှဉ်နိုင်မည်မဟုတ်ပေ။ ကျိဝူတောက်သည် ကောင်းကင်အင်ပါယာ၏ စွမ်းအားကို အမွေဆက်ခံရရှိထားပြီး ဒွန်ဟောင်တိယွမ်သည် နဂါးဘိုးဘေး၏စွမ်းအားကို အမွေဆက်ခံရရှိထားပေသည်။

ရီဖူရှင်းသည်ရော မည်သည်ကို အမွေဆက်ခံရှိထားသနည်း။

မဟာကောင်းကင်ဘုရင် ပြောသကဲ့သို့ပင် ရီဖူရှင်းသည် သူ့ကဲ့သို့ နတ်ဘုရားတစ်ဝက်အဆင့်ရှိသူတစ်ဦးကို မည်သည်ကိုသုံး၍ တိုက်ခိုက်မည်နည်း။

All Chapters