← Chapters

နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်ခြင်း

Vol. 190 Ch. 2709

နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်ခြင်း

Vol. 190 Ch. 2709

ရီဖူရှင်းသည် ခေါင်းမော့၍ ကောင်းကင်လှေကားမှ အပြင်သို့ လျှောက်လာသော မဟာကောင်းကင်ဘုရင်ကို စိုက်ကြည့်သည်။

ရီဖူရှင်းသည် မည်သည်ကိုသုံး၍ သူနှင့် တိုက်ခိုက်မည်နည်း။

“ခင်ဗျား ကျုပ်တိုက်ခိုက်မှုတွေရဲ့ အရသာကို မြည်းစမ်းကြည့်ပြီးသွားရင် သိသွားမှာပါ”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

မဟာကောင်းကင်ဘုရင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်သည်။ ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်မှနေ၍ နတ်ဘုရားအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထဲတွင် ဆန်းကြယ်သောဖြစ်ရပ်တစ်ခု ဖြစ်ပျက်သွားသည်။ သူ့အထက်တွင် သီးခြားစက်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ နတ်ဘုရားဝိညာဉ်ပုံရိပ်များသည် မြင့်မားသော အမြင့်မှနေ၍ အထက်စီးဆန်သောဟန်ဖြင့် မြေပြင်ကို ငုံ့ကြည့်လိုက်ပြီး သူတို့၏ အရှိန်အဝါဖိအားများကို ထုတ်လွှတ်နေလေသည်။

နတ်ဘုရားပုံရိပ်တိုင်းသည် ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေ၏။ သူတို့၏အသံများ၏ ပဲ့တင်သံများကို ဟင်းလင်းပြင်တစ်ခွင်လုံးတွင် ကြားနေရသည်။ သူတို့သည် ဟိန်းဟောက်နေသကဲ့သို့ပင်။ မြေပေါ်ရှိ ကျင့်ကြံသူများစွာသည် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ချည့်နဲ့သွားသလို ခံစားလိုက်ကြရသည်။ သူတို့သည် သူတို့၏နှလုံးက သူတို့၏ရင်ဘတ်အတွင်းမှ ခုန်ထွက်သွားတော့မလို အပြင်းအထန်ခုန်နေသည်ကို ခံစားနေရ၏။ သူတို့သည် နတ်ဘုရားများ၏ အရှိန်အဝါများက သူတို့ကို ဖိနှိပ်ထားသည်ဟု တွေးကာ မျှော်လင့်ချက်ကင်းမဲ့နေလို ခံစားနေရပြီး ရိုရိုကျိုးကျိုး ပြုမူ၍ ကောင်းကင်ထက်ရှိ နတ်ဘုရားများကို ရှိခိုးဝပ်တွားလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။

နတ်ဘုရားများ၏ အခြွေအရံများသည် ကောင်းကင်ဘုံမှ ကောင်းကင်ဘုရင်လေးပါး၏ ခေါင်းဆောင် မဟာကောင်းကင်ဘုရင်၏ ပတ်ပတ်လည်တွင် ဝန်းရံနေကြသည်။

ရီဖူရှင်းသည် မဟာစက်ကွင်းနှင့်ယှဉ်လျှင် ပမွှားလေးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ သူသည် တစ်ကိုယ်တည်းဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ မဟာလမ်းစဉ်နတ်အလင်းသည် သူ့ကိုလှည့်ပတ်စီးဆင်းနေသည်။ ၎င်းသည် လောကအတွင်းရှိ မဟာလမ်းစဉ်များ၏ မည်သည့်ဖိနှိပ်မှုများနှင့် မသက်ဆိုင်သော စည်းမျဉ်းတစ်ခုကို ဖန်တီးနေလေသည်။ ထို့ကြောင့် သူသည် ဒူထောက်ကာ နတ်ဘုရားများကို ရှိခိုးဝပ်တွားရသော အဖြစ်သို့ ရောက်မည်မဟုတ်ချေ။

ရီဖူရှင်းသည် ခေါင်းမော့၍ လွှမ်းမိုးအားကြီးသော မဟာစက်ကွင်းက ၎င်း၏လွှမ်းမိုးမှုကို ဖြန့်ကျက်ထားသော ဟင်းလင်းပြင်ကို ကြည့်လိုက်လေသည်။ သူသည် သူနေရာတွင် မားမားမတ်မတ်ရပ်နေပြီး သူ့အပေါ်သို့ မိုးပြိုကျလာလျှင်ပင် သူ၏ခန္ဓာကိုယ်သည် ကိုင်းသွားမည်မဟုတ်ပေ။

ထိုနေရာပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသော မဟာကောင်းကင်ဘုရင်နှင့် ရင်ဆိုင်နေရသည်ပင် မားမားမတ်မတ်ရပ်နေနိုင်သေးသော ရီဖူရှင်းကို ငေးကြည့်နေကြသည်။ သူတို့သည် ရီဖူရှင်း၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မဟာလမ်းစဉ်စက်ကွင်းတစ်ခုသည် သူ၏ကိုယ်ပိုင်လမ်းစဉ်တစ်ခုကဲ့သို့ သီးခြားဖြစ်သွားသည်ကို သတိပြုမိလိုက်သောအခါ သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဝင်းလက်သွားသည်။

ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူ ဖြစ်လာတော့မည်ဖြစ်ပြီး ထိုအဆင့်၏ တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။

ရီဖူရှင်း၏‌ခေါင်းအထက်မှနေ၍ နက်ရှိုင်းသော ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲတွင် နတ်ဘုရားတစ်ပါး၏ ဧရာမမျက်နှာကြီး ပေါ်လာသည်ကို မြင်ရလေသည်။ ထိုအထက်နေရာတွင် နတ်ဘုရားဝိညာဉ်ပုံရိပ်များသည် တစ်နေရာ၌ စုဝေးလိုက်ပြီး နတ်ဘုရားများ၏ အရှိန်အဝါများကို ထိုဧရာမမျက်နှာကြီးသို့ ဦးတည်လိုက်လေသည်။ ထို့နောက်တွင် သူတို့သည် ရီဖူရှင်းထံသို့ ခပ်ဩဩ ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်ပြီး ၎င်းကို ကောင်းကင်ဩဇာအဖြစ် ပြောင်းလဲလိုက်လေသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် မုန်တိုင်းတစ်ခုသည် စက်ကွင်း၏ ကျယ်ပြောသောလေထုကို ရိုက်ခတ်သွားသည်။ မရေမတွက်နိုင်အောင် များပြားသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်၍ သူတို့ကိုယ်သူတို့ ကောင်းကင်ဩဇာမှ ကာကွယ်ရန် လုပ်လိုက်လေသည်။ သို့ပင်လျှင် သူတို့အတော်များများသည် ပြင်းထန်သောမုန်တိုင်းကို မခုခံနိုင်ခဲ့ပေ။ ထို့ကြောင့် ထိုမဟာလမ်းစဉ်မုန်တိုင်း၏ အလယ်ဗဟိုတွင် ရပ်နေသော ရီဖူရှင်း ရင်ဆိုင်နေရမည့် ဖိအားပမာဏကို တွေးကြည့်၍ပင် မရချေ။

သူသည် မူလနေရာမှာပင် မားမားမတ်မတ် ရပ်နေလေသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်း လှည့်ပတ်နေပြီး ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကို အနည်းငယ်ပင် ခံမနေရပေ။

ဂျိန်း...

မိုးချုန်းသံသို့သော ကျယ်လောင်သော အသံတစ်သံသည် လေထဲတွင် ပဲ့တင်ထပ်သွား၏။ ထိုအသံသည် ကျင့်ကြံသူတော်တော်များများ၏ အကြားအာရုံကို ထိခိုက်သွားစေ၏။ ထိုသူများ၏ စိတ်ဝိညာဉ်သည်လည်း အပြင်းအထန် တုန်ယင်သွားသည်။ ထို့နောက်တွင် ကောင်းကင်ထက်မှ ကျဆင်းလာသော ဧရာမလက်ဝါးကြီးကို တွေ့လိုက်ရ၏။ ထိုလက်ဝါးကြီးသည် ရီဖူရှင်းရပ်နေသောနေရာသို့ တိုက်ရိုက်ဦးတည်နေသည်။ ၎င်းသည် ကောင်းကင်အောက်ရှိ မြေပြင်ပေါ်မှ အရာအားလုံးကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းခဲ့သည့် ဧရာမထျန်ရှန်းလက်ဝါးနှင့် တူပေသည်။

ဧရာမလက်ဝါးကြီး မြေပြင်သို့ မရောက်ခင်တွင် အားလုံး၏ ဦးခေါင်းများအထက်မှ ကျယ်လောင်သော ထစ်ချုန်းသံတစ်သံ အဆက်မပြတ် ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရ၏။ ကျဆင်းလာသော ဧရာမလက်ဝါးကြီး၏ ဖိနှိပ်မှုဂယက်ကြောင့် ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ဆူညံသံကို ကြားလိုက်ရသောအခါ မြေပေါ်တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်လာ၏။ လျင်မြန်စွာ ကျဆင်းလာသော လက်ဝါးကြီး၏ ဖိအားသည် လွန်စွာကြောက်မက်ဖွယ် ကောင်းပေသည်။

ကောင်းကင်ဘုရင်လေးပါး၏ ခေါင်းဆောင်ဖြစ်သော မဟာကောင်းကင်ဘုရင်သည် သူ၏ လွှမ်းမိုးအားကြီးသော ဟန်ပန်စရိုက်နှင့် ပြိုင်ဘက်ကင်းစွမ်းအားကြောင့် ကျော်ကြားသူဖြစ်သည်။ သူ၏တပည့်များထဲမှ တစ်ဦးသည်ပင် ကောင်းကင်ဘုံ၏ ကိုင်အာကြယ်တာရာသခင်အဖြစ် အမည်ပေးခြင်းခံခဲ့ရသည်။  ထိုမျှသိရုံဖြင့်ပင် သူသည် မည်မျှ စွမ်းအားကြီးသည်ကို တွေးကြည့်နိုင်ပေသည်။

ရီဖူရှင်းသည် ထိုကဲ့သို့ စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်မည်လော။

ရီဖူရှင်းသည် ကျရောက်လာတော့မည် ထျန်ရှန်းမဟာလက်ဝါးနှင့် ရင်ဆိုင်ရသောအခါ ပို၍ပင် သေးငယ်နေပုံပေါ်လေသည်။ သူက လက်ဝါးကြီး၏ လွှမ်းခြုံမှုကို ခံထားရသဖြင့် သူ၏အရိပ်အယောင်ကို လှမ်းမြင်နိုင်ရန် မလွယ်ပေ။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်းတောက်ပနေ၍သာ အခြားသူများသည် သူမတ်တပ်ရပ်နေဆဲဖြစ်ကြောင်းကို သိကြရလေသည်။

သူသည် ဧရာမလက်ဝါးကြီး လွှမ်းခြုံနိုင်သည့် အဝန်းအဝိုင်းအတွင်းမှ သူ၏ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံး၍ ထွက်ပြေးနိုင်မည်လော။

ဝှစ်...

ထိုအခိုက်တွင် ခမ်းနားသော စည်းမျဉ်းစွမ်းအားမုန်တိုင်းကြီးတစ်ခုသည် ရီဖူရှင်းပတ်ပတ်လည်တွင် ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် ကျင့်ကြံသူအများအပြားသည် သူ့ကို လှမ်းကြည့်လိုက်ကြသည်။ ကြည့်နေသူများသည် မုန်တိုင်း၏အလယ်တွင် အသက်ရှူမှားလောက်ဖွယ် နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုကို မြင်လိုက်ကြလေသည်။

နတ်ဘုရားအုပ်စိုးလက်နက်သည် ကောင်းကင်မှ ကျဆင်းလာသော ကြောက်မက်ဖွယ် လက်ဝါးကြီးထံသို့ ပျံထွက်သွားသည်။ သူတို့မသိလိုက်ခင်မှာပင် ဧရာမလက်ဝါးကြီး ဖောက်ထွင်းခံလိုက်ရသည့် မြင်ကွင်းကို မြင်လိုက်ရလေသည်။ ၎င်း၏ မြင်နိုင်သောအစိတ်အပိုင်းများတွင် အက်ကြောင်းများ ထွက်ပေါ်လာ၏။ ခေတ္တကြာပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရကာ မဟာလက်ဝါးကြီးတစ်ခုလုံးသည် ကွဲအက်ပျက်စီးသွားသည်။

ကြောက်မက်ဖွယ်အရှိန်အဝါ ပျောက်ကွယ်သွားပြီး မုန်တိုင်းသည်လည်း တဖြည်းဖြည်း လွင့်ပျယ်သွားသည်။ ကျင့်ကြံသူများသည် ရီဖူရှင်းကို အံ့အားတကြီး ကြည့်နေကြသည်။ သူတို့သည် ရီဖူရှင်း၏လူရိပ်ကိုကြည့်ရင်း အလွန်အမင်း ရင်ခုန်နေကြလေသည်။

ထျန်ရှန်းမဟာလက်ဝါးသည် နတ်ဘုရားအုပ်စိုးလက်နက်၏ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

ရီဖူရှင်းသည် ထိုနေရာမှနေ၍ ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံးကာ ထွက်မပြေးရုံသာမက ပြန်လည်ပင် တိုက်ခိုက်ခဲ့လေသည်။ အစောပိုင်းက အားလုံးမြင်လိုက်ရသော နတ်အလင်းသည် သူ့လက်ထဲရှိ နတ်ဘုရားအုပ်စိုးလက်နက်မှ ထွက်လာခြင်းဖြစ်သည်။

သူသည် နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့လေသည်။ အစောက သူထုတ်လိုက်သော စွမ်းအားသည် နဂါးဘိုးဘေး၏ စွမ်းအားကို ငှားယူအသုံးပြုထားသော ဒွန်ဟောင်တိယွမ်၏စွမ်းအားနှင့်ပင် ယှဉ်နိုင်လေသည်။

“အဲဒါက မဟာအင်ပါယာအဆင့်လက်နက်လား...”

အားလုံးသည် ရီဖူရှင်း၏လက်ထဲရှိ လက်နက်ကို ကြည့်လိုက်ကြသည်။ နတ်ဘုရားအုပ်စိုးလက်နက် ပတ်ပတ်လည်တွင် ထင်ရှားသောအရှိန်အဝါတစ်ခု ရှိနေသည်။ သို့သော် ၎င်းသည် မဟာအင်ပါယာအဆင့်လက်နက်မဟုတ်ပေ။

၎င်းသည် နတ်ပစ္စည်းတစ်ခုဖြစ်သည်။ ကျင့်ကြံသူများသည် သူတို့ဘာသာ တွေးလိုက်ကြသည်။ သူတို့သည် စူးစမ်းကြည့်ရှုပြီးသွားသောအခါ ၎င်းသည် အမှန်ပင် နတ်ဘုရားတစ်ပါးက ချန်ထားခဲ့သည့် နတ်ပစ္စည်းတစ်ခုဖြစ်သည်ဟု ကောက်ချက်ချလိုက်ကြလေသည်။ ၎င်းသည် မဟာအင်ပါယာအဆင့်လက်နက်မဟုတ်သော်လည်း အတော်လေး စွမ်းအားကြီးပေသည်။

“ဟင်...”

ယခင်က ကာရူရာအိမ်တော်၏ ဘုံကျောင်းအတွင်းသို့ ဝင်ခဲ့သည့် ကျင့်ကြံသူများထဲမှတစ်ဦးသည် မျက်မှောင်ကြုတ်လိုက်သည်။

“ငါ အရင်တုန်းက ကျင့်ကြံဖို့အတွက် ကာရူရာအမွေအနှစ်နယ်မြေကို သွားတုန်းက ဒီမွန်းအရှင်ရဲ့ ခန္ဓာကိုယ်ကို နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုက ချိပ်ပိတ်ထားတယ်လို့ ငါကြားခဲ့ဖူးတယ်”

ကျင့်ကြံသူတစ်ဦးသည် ရီဖူရှင်း၏လက်အတွင်းရှိ နတ်ဘုရားအုပ်စိုးလက်နက်ကို စိုက်ကြည့်၍ ပြောလိုက်၏။ လူများစွာသည် ထိုစကားကို ကြားလိုက်သောအခါ ရင်ခုန်မြန်သွားကြသည်။ သို့သော် ထိုအကြောင်းကို ကျင့်ကြံသူတော်တော်များများက သိထားပြီးဖြစ်သည်။ အထူးသဖြင့် အင်ပါယာအဆင့် အင်အားစုများမှ ကျင့်ကြံသူများက ကောင်းစွာသိထားပေသည်။ သူတို့သည် သူတို့နှင့် သက်ဆိုင်ရာ အမွေအနှစ်နယ်မြေများအကြောင်းကို အပြန်အလှန် သတင်းဖလှယ်ရင်း သိခဲ့ခြင်းဖြစ်သည်။

သို့သော် ဒီမွန်းအရှင်ကို ချိပ်ပိတ်ထားခဲ့သည့် နတ်ဘုရားအုပ်စိုးလက်နက်သည် ယခုတွင် ရီဖူရှင်း၏လက်ထဲတွင် ရှိနေသည်။

“အဲဒါက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖြစ်ခဲ့တာပဲ။ အဲဒီတုန်းက နတ်ဆိုးလောက,က ကျင့်ကြံသူတစ်စုက မဟော်ရာဂီအမွေအနှစ်နယ်မြေကိုသွားပြီး သူ့ကို ဒီမွန်းအရှင်ရဲ့ ခန္ဓာကိုယ်ရှိတဲ့နေရာကို ခေါ်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ နတ်ဘုရားအုပ်စိုးလက်နက်ကို ဘယ်မှာမှ မတွေ့ရတော့ဘူး။ နတ်ဆိုးအင်ပါယာနန်းတော်က ကျင့်ကြံသူတွေကလည်း သူတို့ရဲ့ တံခါးပိတ် ကျင့်ကြံမှုကို စခဲ့ကြတယ်”

ထိုအချိန်တွင် လူများသည် လူအုပ်အတွင်းရှိ ဒီမွန်းကျင့်ကြံသူတစ်ဦးကို ကြည့်လိုက်ကြသည်။

“ဒီမွန်းကျင့်ကြံသူတွေက ဒီအကြောင်းကို ပိုမသိသင့်ဘူးလား”

လူတစ်ယောက်က မေးလိုက်သည်။ အင်ပါယာအဆင့် အင်အားစုများမှ ကျင့်ကြံသူများပင် ထိုအကြောင်းကို အတော်လေး စိတ်ဝင်စားနေကြသည်။ ထို့ကြောင့် သူတို့သည် လူအုပ်ကိုလည်း အာရုံစိုက်နေကြသည်။

ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် နတ်ဆိုးအင်ပါယာကဲ့သို့ သူမျိုးကိုပင် ချိပ်ပိတ်ထားနိုင်လျှင် မည်မျှစွမ်းအားကြီးမည်နည်း။

“အဲဒါက လက်နက်ကောင်းလေးပဲ”

မဟာကောင်းကင်ဘုရင်က ရီဖူရှင်းကို ငုံ့ကြည့်၍ မှတ်ချက်ပြုလိုက်သည်။ အကယ်၍ ကောလာဟလများအတိုင်း ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် အမှန်ပင် ဒီမွန်းအရှင်ကို ချိပ်ပိတ်ထားနိုင်လျှင် မဟာကောင်းကင်ဘုရင်အနေဖြင့် ထိုလက်နက်ကို ကောင်းကောင်းကြည့်နိုင်ရန် အချိန်ပေးထိုက်ပေသည်။

မူလက သူတို့သည် ရီဖူရှင်းကို ကြောက်ရွံ့သွားစေရန်ပင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်သည် အခြားကျင့်ကြံသူများ၏ အာရုံကို သူတို့ထံမှနေ၍ အခြားတစ်နေရာသို့ လွှဲလိုက်ရန်ဖြစ်သည်။ သို့မှသာ ထိုကျင့်ကြံသူများသည် မဟော်ရာဂီအမွေအနှစ်ကို သွားကြမည်ဖြစ်သည်။ သို့သော် ရီဖူရှင်းသည် တစ်ချိန်က ဒီမွန်းအရှင်ကို ချိပ်ပိတ်နိုင်ခဲ့သော နတ်ဘုရားအုပ်စိုးလက်နက်ကို သူနှင့်အတူ ယူဆောင်လာလိမ့်မည်ဟု သူတို့ မတွေးမိခဲ့ပေ။

ထိုလက်နက်သာ နတ်ဘုရားအုပ်စိုးလက်နက် အစစ်အမှန်ဖြစ်ပါက ကိစ္စများသည် စိတ်ဝင်စားဖွယ် ကောင်းလာပေလိမ့်မည်။

“အဲဒါကို ငါ့ကို ပေးစမ်း...”

မဟာကောင်းကင်ဘုရင်သည် သူ၏လက်ကိုမြှောက်၍ အမိန့်ပေးလိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာပင် ထျန်ရှန်းဧရာမလက်ဝါးကြီး ကောင်းကင်ထက်မှနေ၍ ရီဖူရှင်းရပ်နေသော နေရာသို့ ကျဆင်းလာပြီး သူထံမှနေ၍ နတ်ဘုရားအုပ်စိုးလက်နက်ကို အတင်းလုယူရန် ကြိုးပမ်းလိုက်သည်ကို တွေ့လိုက်ရ၏။

ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို ကြီးသွားစေလိုက်ပြီးနောက်တွင် ကောင်းကင်ထက်သို့ ကြည့်ကာ သူ့လက်ထဲရှိ လက်နက်ကို လျင်မြန်စွာချဉ်းကပ်လာသည့် ဧရာမလက်ဖဝါးကြီးထံ လွှဲယမ်းလိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် လက်နက်နှင့် ထိသွားသောအခါ ဧရာမလက်ဝါးကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်ပျက်စီးသွားသည်။ ၎င်းနှင့် ထိတွေ့သွားလျှင် မည်သည့်မဟာလမ်းစဉ်စွမ်းအားမှ အကောင်းအတိုင်း ဆက်ရှိနေနိုင်မည်မဟုတ်ပေ။

“ဘယ်လိုတောင် ထူးခြားတဲ့ မဟာလမ်းစဉ်စွမ်းအားလဲ”

တစ်စုံတစ်ယောက်သည် အတုမဲ့စွမ်းအင်ပြည့်နှက်နေသည့် နတ်ဘုရားအုပ်စိုးလက်နက်ကို ငေးကြည့်ကာ မှတ်ချက်ပြုလိုက်သည်။

ဒုန်း...

ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာပြီး ကျောစိမ့်ဖွယ် အရှိန်အဝါတစ်ခုသည် စက်ကွင်း၏ လေထုထဲတွင် ပြည့်နှက်သွားသည်။ အားလုံးသည် ခေါင်းမော့၍ ကြည့်လိုက်ရာ မဟာကောင်းကင်ဘုရင်သည် မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေသည်ကို တွေ့လိုက်ရ၏။ တစ်ချိန်တည်းမှာပင် နတ်ဘုရားများ၏အရှိန်ဝါသည် ပို၍လွှမ်းမိုးအားကြီးလာလေသည်။ ထို့နောက်ချက်ချင်းပင် နတ်ဘုရားများသည် ကွဲပြားသောနေရာ(၃၆)နေရာသို့ ပျံတက်သွားကြပြီး ထိုနေရာများတွင် ရပ်နေကြလေသည်။

“ဒီက ထွက်သွားကြရ‌အောင်...”

လူအုပ်ထဲမှ အများစုသည် နောက်ဆုတ်သွားကြပြီး ထိုသွေးပျက်ဖွယ်ကောင်းသော စက်ကွင်းအတွင်းမှ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော် နတ်ဘုရား(၃၆)ပါးသည် သူတို့၏စွမ်းအားများဖြင့် စက်ကွင်းကို လွှမ်းခြုံထားသဖြင့် သူတို့ ထွက်ပြေး၍မရကြောင်း သဘောပေါက်သွားကြသည်။ ပွဲကြည့်ပရိသတ်များသည် ‌ရွေးချယ်စရာမရှိတော့သဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန် မဟာလမ်းစဉ်စွမ်းအားများကို ထုတ်လွှတ်ရုံသာ ရှိတော့လေသည်။

ရှီးချီယောင်သည် သူ၏မိုးစက်နတ်ဓားကို လွှဲယမ်းလိုက်ရာ စီဝေ့အင်ပါယာနန်းတော်မှလူစု ရပ်နေ‌သောနေရာတွင် မိုးရွာကျလာပြီး တိုက်ခိုက်မှုတစ်ခု၏ နောက်ဆက်တွဲဂယက်ကဲ့သို့ နေရာတစ်ခုလုံးကို ကာရံထားလေသည်။

ကောင်းကင်ထက်မှ နတ်ဘုရားများသည် ဆက်နွယ်မှုတစ်ခုကို ဖန်တီးပြီးနောက်တွင် မဟာနတ်ဘုရား၏ အရှိန်အဝါကို ပျံ့နှံ့စေလိုက်ကာ စက်ကွင်းအား အတွင်းပိုင်းနှင့် အပြင်ကို လုံးဝသီးခြားဖြစ်နေစေသည့် စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ မဟာကောင်းကင်ဘုရင်သည် မြင့်မားသော ကောင်းကင်တွင် ရှိနေသေးပြီး ခေါင်းငုံ့၍ ရီဖူရှင်းကို အထက်စီးဆန်ဆန်ကြည့်သည်။ သူသည် မန္တန်ရွတ်ဆိုခြင်းကို မရပ်သေးပေ။ သူထံမှ ထွက်လာသော နတ်အသံသည် နတ်ဘုရားအရှိန်အဝါနှင့် ရောယှက်နေပြီး နားမခံနိုင်အောင် ဖြစ်နေလေသည်။

ရီဖူရှင်းသည် သူ့လက်ထဲရှိ နတ်ဘုရားအုပ်စိုးလက်နက်ကို အထက်သို့ ပစ်လိုက်သည်။ ၎င်းသည် သူ့‌ခေါင်းအထက်တွင် ပျံဝဲနေလေသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဗဟိုပြု၍ ကြောက်မက်ဖွယ် စက်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းသည် နတ်လျှပ်စီးများကို စတင်ထုတ်လွှတ်လိုက်ပြီး သူ့ပတ်ပတ်လည်တွင် မရေမတွက်နိုင်အောင်များပြားသော နတ်ဘုရားအုပ်စိုးလက်နက်ပုံရိပ်များ လည်ပတ်လာသည်။ နတ်ဘုရားအုပ်စိုးလက်နက် အရေအတွက်သည် တိုးပွားလာသကဲ့သို့ပင်။

ဝှီး...

နတ်ဘုရားအုပ်စိုးလက်နက်သည် တောက်ပသော နတ်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ထိုအလင်းသည် ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ပျံတက်သွားသည်။ မကြာခင်မှာပင် ၎င်းသည် ၎င်း၏အလင်းနှင့် စက်ကွင်းတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

နတ်ဘုရားများသည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ မဟာလက်ဝါးကို ထုတ်လွှတ်လိုက်၏။ ထိုအခါ လေထုတစ်ခုလုံး တုန်ယင်သွားသည်။ မဟာလက်ဝါးသည် ရီဖူရှင်းကို ချိန်ရွယ်ထားလေသည်။

“သွား...”

ရီဖူရှင်း ပြောလိုက်သောအခါ သူ့ပတ်ပတ်လည်မှ နတ်ဘုရားအုပ်စိုးလက်နက်များသည် လောကရှုထောင့်အဟန့်အတားကို ဖောက်ဖျက်ကာ လေထဲတွင် ပျောက်ကွယ်သွားကြလေသည်။

All Chapters