စီဝေ့အင်ပါယာနန်းတော် ဂုဏ်ရှိန်ကြီးမြင့်လာခြင်း...
Vol. 190 Ch. 2711
နတ်ဘုရားအုပ်စိုးလက်နက် ကောင်းကင်ထက်မှ ကျဆင်းလာသောအခါ စိမ်းပြာရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။ အက်ကွဲသံကို ဆက်၍ကြားနေရပြီး အားလုံးသည် ထိုအက်ကြောင်း စတင်ခဲ့သည့်နေရာကို အာရုံစိုက်နေကြသည်။ မဟာကောင်းကင်ဘုရင် ဖန်တီးထားသော လှံသည် ထက်ခြမ်းကျိုးသွားသောအခါတွင်လည်း နတ်ဘုရားအုပ်စိုးလက်နက်သည် အရှိန်မလျှော့လိုက်ပေ။ တဖြည်းဖြည်းဖြင့် လှံသည် ကြေမွ ပျောက်ကွယ်သွားလေတော့သည်။
“သူက လှံကို ချိုးဖျက်လိုက်ပြီ”
ကြည့်နေသူများသည် နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ဦး၏လှံ ဖျက်ဆီးခံလိုက်ရသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ခုန်မြန်သွားကြသည်။ ထိုလှံသည် ပြိုင်ဘက်ကင်းအင်အားရှိကာ အတုမဲ့အရှိန်အဝါရှိသော မဟာကောင်းကင်ဘုရင်၏ လှံဖြစ်သည်။ သူသည် ကောင်းကင်ဘုံမှ ကောင်းကင်ဘုရင်လေးပါး၏ ခေါင်းဆောင်အနေဖြင့် သူ၏ဩဇာကြီးသောနတ်စွမ်းအားကြောင့် ကျော်ကြားပေသည်။ ထို့အပြင် သူ့တွင် ကိုင်အာကြယ်တာရာသခင်ကဲ့သို့သော စွမ်းအားကြီး တပည့်များလည်း ရှိလေသည်။
သို့သော် ရီဖူရှင်းသည် မဟာကောင်းကင်ဘုရင်၏တိုက်ခိုက်မှုကို ထိပ်တိုက် တိုက်ပွဲတွင် ချိုးဖျက်နိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။ နတ်ဘုရားအုပ်စိုးလက်နက်သည် အကောင်းအတိုင်း ရှိနေသေးရုံသာမက အောက်ဘက်သို့ ဆက်၍ ပျံဆင်းလာသည်။
နတ်ဘုရားအုပ်စိုးလက်နက်သည် ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။ မည်သည့်အရာမှ အကောင်းအတိုင်းမကျန်ခဲ့ပေ။ စည်းမျဉ်စွမ်းအားပင် အကောင်းအတိုင်း မကျန်ခဲ့ချေ။ နတ်ဘုရားအုပ်စိုးလက်နက်ထဲတွင် ဓားအရိပ်တစ်ခုကို မြင်နေရလေသည်။ ထိုမြင်ကွင်းသည် ရီဖူရှင်း၏ ထျန်ကျူးဓားအတတ်က ဖန်တီးထားခြင်းဖြစ်သည်။
မဟာကောင်းကင်ဘုရင်သည် သူ၏လက်ဝါးကို အထက်သို့ တွန်းလိုက်သည်။ ၎င်းသည် နတ်ဘုရားများနှင့် ဆက်စပ်သွားပြီး ကျယ်ပြောသော အာကာပြင်ကို လွှမ်းခြုံသွားကာ လေထုကို ဖိနှိပ်သွားသည့် နတ်စက်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ နတ်ဘုရားအုပ်စိုးလက်နက်သည် ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဆက်၍ ဖျက်ဆီးနေသည်။ နတ်စက်ကွင်းသည်ပင် တူညီသော ကံကြမ္မာကို ခံစားလိုက်ရ၏။
နတ်ဘုရားအုပ်စိုးလက်နက်၏ ကြောက်မက်ဖွယ် နတ်အလင်းသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး မဟာကောင်းကင်ဘုရင်ကို အနောက်သို့ တွန်းထုတ်လိုက်သည်။ ၎င်းသည် အောက်ဘက်သို့ ဆက်၍ကျဆင်းနေပြီး နောက်ဆုံးတွင် မြေပြင်နှင့် ထိသွားကာ ကြီးမားသော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာစေလေသည်။ ရလဒ်အနေဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးသည် လုံးလုံးပျက်စီးသွားသည်။
“သူက နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်ကို တွန်းထုတ်ခဲ့တာပဲ”
အားလုံးသည် မဟာကောင်းကင်ဘုရင်က ရီဖူရှင်း၏ တွန်းထုတ်မှုကို ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ မျက်လုံးအပြူးသားဖြင့် စူးစူးစိုက်စိုက် ကြည့်နေကြသည်။
မဟာကောင်းကင်ဘုရင်သည် မရှုံးသေးသော်လည်း သူသည် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်ဟူသောအချက်သည် ပြောင်းလဲမသွားပေ။
အားလုံးသည် ရီဖူရှင်းက နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ထိပ်တိုက် တိုက်ပွဲတွင် နောက်သို့ တွန်းထုတ်လိုက်သော မြင်ကွင်းကို ယုံနိုင်ရန် ခက်ခဲနေကြလေသည်။
တစ်နည်းဆိုရလျှင် ရီဖူရှင်းသည် နတ်ဘုရားတစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်သော အင်အားရှိနေပေပြီ။ သူ၏တိုက်ခိုက်စွမ်းရည်သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ပြောရန်ပင်မလိုပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် ဒွန်ဟောင်တိယွမ်နှင့် ကျိဝူတောက်နှင့် ယှဉ်နိုင်ပေပြီ။
“ဘယ်လိုတောင် ကြီးကျယ်တဲ့ တိုက်ပွဲတစ်ခုလဲ”
လူအုပ်သည် ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လူများစွာသည် နတ်ဘုရားများ၏ အမွေအနှစ်များ ထွက်ပေါ်လာခြင်းသည် စွမ်းအားကြီးသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာမည့် ခေတ်တစ်ခေတ်၏အစဖြစ်ပြီး သမိုင်းတွင်မည့် ဖြစ်ရပ်တစ်ခုဟု တမ်းတမ်းတတပြောလိုက်ကြသည်။
ကျိဝူတောက်၊ ဒွန်ဟောင်တိယွမ်၊ တိဟောက်၊ ရီဖူရှင်းနှင့် သူတို့ကဲ့သို့သော အခြားသူများသည် အနာဂတ်တွင် ထူးချွန်ထင်ရှားသောသူများအနေဖြင့် လက်ရှိမဟာအင်ပါယာခြောက်ပါးနေရာတွင် အစားထိုးနေရာယူကြပေလိမ့်မည်။ သို့သော် အရှင်ဒွန်ဟောင်၏နေရာကိုယူမည့် မဟာအင်ပါယာအသစ်သည် မည်သူဖြစ်လာမည်နည်း။
နှစ်ရာပေါင်းများစွာ ကြာပြီးနောက်တွင် နတ်ဘုရားများ၏ အမွေအနှစ်များ ထွက်ပေါ်လာမှုသည် ခေတ်သစ်တစ်ခေတ်ကို အမှန်ပင် စတင်စေပေလိမ့်မည်။ ထိုခေတ်သည် မဟာအင်ပါယာအသစ်များ ထွက်ပေါ်လာသော ခေတ်တစ်ခေတ်ဖြစ်ပေလိမ့်မည်။
လူအုပ်သည် ကျိဝူတောက်၊ ဒွန်ဟောင်တိယွမ်နှင့် ရီဖူရှင်းတို့သည် ခေတ်သစ်၏ မီးရှူးတန်ဆောင်များ ဖြစ်လာမည်ဖြစ်ကြောင်း မြင်နိုင်ပေသည်။
ထို့အပြင် နာမည်ကြီးများစွာသည် ယခုအထိ ထွက်ပေါ်မလာသေးပေ။
နတ်ဆိုးလောကမှ ကျင့်ကြံသူများနှင့် မှော်နက်နန်းတော်မှ သေမင်းများနှင့် ထိုကဲ့သို့သောသူများသည်လည်း ရှိန်လောက်သော အင်အားစုများ ဖြစ်လာနိုင်ပေသည်။
မဟာကောင်းကင်ဘုရင် အနောက်သို့ တွန်းထုတ်ခံရပြီးနောက်တွင် အာကာပြင်တစ်ခွင်လုံးသည် လုံးဝတိတ်ဆိတ်သွားသည်။ အောက်ဘက်မှ ပွဲကြည့်ပရိသတ်များသည် ငွေဖြူရောင်ဆံပင်နှင့် လူငယ်ရှိနေသည့် ဟင်းလင်းပြင်ထဲသို့ မော့ကြည့်နေကြသည်။ ထို့နောက်တွင် သူတို့သည် စီဝေ့အင်ပါယာနန်းတော်က ယခုအထိ အရှုံးနှင့်မတွေ့ကြုံရသေးကြောင်း ပြန်အမှတ်ရသွား၏။
အဖြူနှင့်အနက်ကောင်းကင်အရှင်များနှင့် ဓားဧကရာဇ်အရှင်တို့ကြားမှ တိုက်ပွဲလည်း ပြီးဆုံးသွား၏။ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်လှေကားထံသို့ ပြန်ဆုတ်သွားကြပြီး ခေါင်းငုံ့ကာ ရီဖူရှင်းနှင့် အခြားသူများကို ငေးကြည့်နေကြသည်။
သူသည် စီဝေ့အင်ပါယာနန်းတော်၏ အင်အားကို ပြသရန် ကြိုးစားနေခြင်းလော။
ကောင်းကင်ဘုံမှ ကျင့်ကြံသူများ၏ ပြင်ထန်သောတိုက်ခိုက်မှုသည် စီဝေ့အင်ပါယာနန်းတော်၏ အင်အားကို အားလုံးကို ပြသ,သကဲ့သို့ ဖြစ်နေသည်။ ယခင်က အားလုံးသည် ကောင်းကင်ဘုံက ကျင့်ကြံသူအရေအတွက်နည်းသော်လည်း စွမ်းအားကြီးအင်အားစုတစ်စုဖြစ်ကြောင်း သိကြပေသည်။ သို့သော် ပွဲကြည့်ပရိသတ်များသည် ကောင်းကင်ဘုံအပြင် စီဝေ့အင်ပါယာနန်းတော်၏အင်အားသည်လည်း သူ့အဆင့်နှင့်သူရှိကြောင်း သိသွားခဲ့ကြသည်။
စီဝေ့အင်ပါယာနန်းတော်သည် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်များကို အကြိမ်ကြိမ် တိုက်ထုတ်ကာ မူလဘုံတွင် နာမည်ကျော်ကြားခဲ့သော်လည်း လူများသည် ၎င်းကို ရှေးဟောင်းနတ်ဘုရားကလန်အဆင့် သို့မဟုတ် ထိုထက်နည်းနည်းပိုသောအဆင့်အဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ ၎င်းသည် အင်ပါယာအဆင့်အင်အားစုများနှင့်ပါ ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်စု ဖြစ်လိမ့်မည်ဟုမူ မည်သူမှ မထင်ထားခဲ့ပေ။
ရီဖူရှင်းသည် ထိုတိုက်ပွဲမှနေ၍ အားလုံးကို အချက်တစ်ချက်ကို သဘောပေါက်သွားစေသည်။ သူတို့တွင် မဟာအင်ပါယာတစ်ပါးမရှိသော်လည်း သူ၏ဦးဆောင်မှုအောက်တွင် စီဝေ့အင်ပါယာနန်းတော်သည် နတ်ဘုရားများ၏ အမွေအနှစ်နယ်မြေများထဲတွင် ကျင့်ကြံပြီးနောက်၌ အခြားအင်ပါယာအဆင့်အင်အားစုများနှင့် ပခုံချင်းယှဉ်နိုင်ပေပြီ။
ရီဖူရှင်း၏စွမ်းအား၊ ဓားဧကရာဇ်အရှင်၏ပူးပေါင်းမှု၊ အနောက်အင်ပါယာနန်းတော်နှင့် မဟာမိတ်ပြုထားမှုနှင့် စီဝေ့အင်ပါယာနန်းတော်တွင် ကျင့်ကြံခဲ့သော လေးမျက်နှာကျေးရွာနှင့် စီဝေ့အင်ပါယာနန်းတော်ဟောင်းကဲ့သို့ အင်အားစုများသည် ထိပ်တန်းအင်အားစုတစ်စု ဖြစ်ပေါ်လာစေရန် အထောက်အကူပေးပေသည်။
သူတို့အားလုံးသည် စီဝေ့အင်ပါယာနန်းတော်ကို လျှော့တွက်မိခဲ့ကြသည်။
သူတို့ကဲ့သို့ အင်ပါယာအဆင့်မဟုတ်သော အင်အားစုတစ်စုသည် မဟော်ရာဂီအမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းမှာ ကံကောင်းထောက်မ၍မဟုတ်ပေ။
စီဝေ့အင်ပါယာနန်းတော်သည် အင်ပါယာအဆင့်အင်အားစုများပြီးလျှင် အင်အားအကြီးဆုံးဖြစ်ပေသည်။
ထို့အပြင် စီဝေ့ကြယ်ကောင်းကင်ကို စောင့်ကြပ်နေသော စွန့်ပစ်ခံကလန်သည် ပေါ်မလာသေးပေ။
သို့သော် သူတို့သည် တစ်ရက်ရက်တွင် ဤနေရာသို့ ရောက်လာနိုင်သည်။
ထို့ကြောင့် စီဝေ့အင်ပါယာနန်းတော်၏အင်အားသည် ဆက်၍သာ တိုးတက်နေမည်ဖြစ်သည်။
ယခုအခါသည် ကြီးကျယ်သော ခေတ်သစ်တစ်ခေတ်၏အစဖြစ်သည်။ နောက်ကောက်ကျကျန်ရစ်ခဲ့သော အင်အားစုများသည် သဘာဝ၏ရွေးချယ်မှုအရ ဖယ်ထုတ်ခံရမည်ဖြစ်သည်။ သို့တစေ စီဝေ့အင်ပါယာနန်းတော်၏ တိုးတက်နှုန်းသည် အားလုံး၏ မျှော်လင့်ထားမှုထက် သာလွန်ပေသည်။ သူတို့ ဤအန္တရာယ်ကို သတိမပြုမိခင်မှာပင် စီဝေ့အင်ပါယာနန်းတော်သည် အင်အားကြီးအင်အားစုတစ်စုအနေဖြင့် ထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။
“ကောင်းကင်ဘုံရဲ့ ကောင်းကင်ဘုရင်လေးပါးကလည်း ဘာမှ အထင်ကြီးစရာမရှိဘူးပဲ”
ရီဖူရှင်းသည် မဟာကောင်းကင်ဘုရင်ကို စိုက်ကြည့်၍ ပြောလိုက်၏။ သူ၏ငွေဖြူရောင်ဆံနွယ်များသည် လေထဲတွင် ဝဲလွင့်နေ၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တောက်ပနေသော နတ်အလင်းသည် သူ၏ထည်ဝါမှုကို ပို၍ပင် မြှင့်တင်ပေးနေသည်။
ရီဖူရှင်းသည် မဟာကောင်းကင်ဘုရင်ကို နောက်သို့ တွန်းထုတ်နိုင်ခဲ့သဖြင့် ထိုသို့ပြောခွင့်ရှိပေသည်။ သူ့ကို ကောင်းကင်ဘုရင်လေးပါးထဲက တစ်ယောက်မှ မယှဉ်နိုင်ဟု ပြောနိုင်လေသည်။
သူ့ကို အနိုင်ယူနိုင်မည့်သူရှိလျှင် အဖြူနှင့်အနက်ကောင်းကင်အရှင်နှင့် ကောင်းကင်ဘုံ၏ဆက်ခံသူ ကျိဝူတောက်သာ ဖြစ်ပေလိမ့်မည်။
ကနဦးတွင် ရီဖူရှင်းသည် သူ့ကိုယ်သူ လူအာရုံစိုက်ခံရအောင်လုပ်ရန် အစီအစဉ်မရှိပေ။ သူသည် လူအုပ်နှင့်အတူလိုက်၍ ကောင်းကင်နန်းတော်ဟောင်းအမွေအနှစ်နယ်မြေတွင် သူတို့၏ကံကောင်းမှုကို စမ်းသပ်ကြည့်ရန်သာ ကြံထားခဲ့သည်။ သို့သော် ကောင်းကင်ဘုံမှ လူများသည် စတင်တိုက်ခိုက်ခဲ့ပြီး သူတို့အုပ်စုကို ပစ်မှတ်ထားခဲ့သည်။ သူတို့သည် သူ၏လူများကို အသုံးချ၍ အခြားသူများကို ရှိန်သွားအောင် လုပ်ချင်ခဲ့လေသည်။
ထို့ကြောင့် သူတို့တွင် ရွေးချယ်စရာမရှိတော့ဘဲ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရသည်။
ထိုအခိုက်တွင် ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ဒွိဟဖြစ်နေကြသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်မှ လူများကို အနိုင်ယူနိုင်ပေသည်။ သူတို့နောက်တွင် ထျန်ရှန်းရုပ်တုများ ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် ရုပ်တုများထံမှ စွမ်းအားကို ငှားယူနိုင်ပေသည်။ ထို့အပြင် သူတို့သည် သူတို့၏အင်အားအကြီးဆုံးသူများဖြစ်သော အဖြူကောင်းကင်အရှင်နှင့် ကျိဝူတောက်တို့ကို ရှေ့မထွက်ခိုင်းရသေးပေ။
သို့သော် သူတို့၏ပြိုင်ဘက်များသည် စီဝေ့အင်ပါယာနန်းတော်မှ လူစုသာ မဟုတ်ချေ။ သူတို့၏ ရည်ရွယ်ချက်သည် အားလုံးကို ရှိန်သွားအောင် လုပ်ရန်ဖြစ်သည်။ သို့သော် အကယ်၍ သူတို့ အဖြူကောင်းကင်အရှင်နှင့် ကျိဝူတောက်တို့အပေါ် မှီခို၍ စီဝေ့အင်ပါယာနန်းတော်နှင့်တိုက်ပွဲကို နိုင်သွားခဲ့သော်လည်း အခြားစွမ်းအားကြီးကျင့်ကြံသူများ တိုက်ပွဲအတွင်းသို့ ဝင်ပါလာပါက ကိစ္စများသည် ပို၍ ရုပ်ဆိုးသွားပေလိမ့်မည်။
ထိုသို့သာဖြစ်လာလျှင် ကောင်းကင်ဘုံသည် သူတို့ကို တိုက်ခိုက်နိုင်မည်လော။
ချက်ချင်းပင် မဟာကောင်းကင်ဘုရင်သည် ကောင်းကင်လှေကားဆီသို့ ပြန်သွားလိုက်ပြီး ထျန်ရှန်းရုပ်တုတစ်ခုအရှေ့တွင် ရပ်လိုက်သည်။ သူရောက်လာသောအခါ ရုပ်တုသည် နတ်အလင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး သူ့ကို ဝန်းရံလိုက်သည်။
ထိုမြင်ကွင်းက ကြည့်နေသူများကို မျက်မှောင်ကြုတ်သွားစေသည်။
မဟာကောင်းကင်အရှင်သည် ထျန်ရှန်း၏စွမ်းအားကို အသုံးပြုကာ ရီဖူရှင်းကို အနိုင်ယူလိုနေ၏။
သူသည် တိုက်ပွဲကို ဆက်ရန် စိတ်မပါတော့ပေ။ ဤအခြေအနေတွင် သူသည် အကြွင်းမဲ့စွမ်းအားဖြင့် တိုက်ခိုက်၍ စီဝေ့အင်ပါယာနန်းတော်မှ လူများကို အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားအောင် လုပ်လိုနေသည်။