ထူးချွန်သူများ စုဝေးရာ
Vol. 190 Ch. 2713
လူစုလူဝေး၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် အိပ်မက်တစ်ခုကဲ့သို့ပင်။ မဟာကောင်းကင်ဘုရင်သည် ရီဖူရှင်းကို အနိုင်ယူရန် ထျန်ရှန်းဆီမှ စွမ်းအားကို အသုံးပြုလိုခဲ့သည်။ ထိုတိုက်ပွဲသည် နတ်ဘုရားတစ်ဝက်အဆင့် မဟာကောင်းကင်ဘုရင်က ရီဖူရှင်းကို အနိုင်ယူတော့မည်ဟူသော ရှောင်လွှဲမရနိုင်သည့် အဆုံးသတ်သို့ ရောက်တော့မည်ဟု ထင်ခဲ့ရသည်။
သို့သော် ရလဒ်မှာ မဟာကောင်းကင်ဘုရင်က ရီဖူရှင်းကို ရှုံးရသောအဖြစ် ဖြစ်ခဲ့သည်။ သူမှီခိုနေသော ထျန်ရှန်း၏ စွမ်းအားသည် ရီဖူရှင်း၏ ခိုးယူခြင်းကို ခံလိုက်ရ၏။
ယခုတွင် ရီဖူရှင်းက ကောင်းကင်လှေကားထက်တွင် ထျန်ရှန်းနတ်ရောင်ဝါများအောက်၌ ရပ်နေလေသည်။ သူသည် တောက်ပသောအလင်းဖြင့် လင်းလက်နေသည်။
မဟာကောင်းကင်ဘုရင်သည် သွေးအန်လိုက်သည်။ သူ၏မျက်နှာသည် ဖြူဖျော့နေ၏။ သို့သော် သူ၏အတွင်းဒဏ်ရာက ပိုပြင်းထန်ပေသည်။ သူ့အပေါ် ထိုတိုက်ပွဲ၏ သက်ရောက်မှုသည် ပြင်းထန်လေသည်။ သူ့အတွက် ရှုံးသွားသည် ဆိုရုံလောက် မရိုးရှင်းပေ။ သူသည် ရုပ်တုအတွင်းရှိ ထျန်ရှန်း၏ ရှေးဟောင်းဝိညာဉ်စွမ်းအားနှင့် ဆက်သွယ်နိုင်ခဲ့သည်။ ထိုစွမ်းအားသည် သူကျင့်ကြံသော စွမ်းအားနှင့် ကိုက်ညီမှုရှိခဲ့သည်။
သို့သော် အဘယ်ကြောင့် တိုက်ပွဲသည် ဤသို့ အဆုံးသတ်သွားသနည်း။
သူနားမလည်နိုင်ပေ။ သူ အဘယ်သို့ ရှုံးခဲ့သနည်း။ မည်သည့်နေရာတွင် မှားသွားခဲ့သနည်း။
ရီဖူရှင်းသည် ရုပ်တုအတွင်းရှိ ထျန်ရှန်း၏ စွမ်းအားကို အဘယ်သို့ ရယူနိုင်ခဲ့သနည်း။
နားမလည်သူမှာ သူတစ်ယောက်တည်း မဟုတ်ချေ။ ထိုနေရာရှိ ကျင့်ကြံသူများသည်လည်း နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့သည် ရီဖူရှင်းရပ်နေသော နေရာသို့ အံ့ဩတကြီးကြည့်နေကြသည်။ သူသည် အဘယ်သို့ ထိုသို့လုပ်နိုင်ခဲ့ခြင်းနည်း။
ဂျိန်း...
ရီဖူရှင်းပေါ်သို့ ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာသည်။ သူ့အထက်ကောင်းကင်တွင် အဖြူနှင့်အနက်ကောင်းကင်အရှင်များသည် ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေ၏။ ထိုသို့ထုတ်လွှတ်နေသူများမှာ သူတို့နှစ်ယောက်သာ မဟုတ်ပေ။ ကောင်းကင်လှေကားထိပ်ရှိ ကျိဝူတောက်သည်လည်း ဓားမြှောင်များကဲ့သို့ စူးရှသော အကြည့်ဖြင့် ရီဖူရှင်းကို ငုံ့ကြည့်နေသည်။
“မင်း အဲဒါကို ဘယ်လိုလုပ်ခဲ့တာလဲ”
ကျိဝူတောက်က ကျယ်လောင်စွာ မေးလိုက်၏။ သူ၏အသံသည် ကောင်းကင်အင်ပါယာ၏အသံကဲ့သို့ အာကာပြင်ကို တုန်ခါသွားစေသည်။ ထိုအသံသည် ထိုနေရာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
သူကား ကောင်းကင်အင်ပါယာ ကျိဝူတောက်ပင်။ သူသည် ကောင်းကင်နန်းတော်ဟောင်း၏ စွမ်းအားကို ထိန်းချုပ်ထားပြီး ကောင်းကင်ဘုံ၏ ဆက်ခံသူပင်။
ယခုတွင် ရီဖူရှင်းသည် ရုပ်တုအတွင်းမှ ထျန်ရှန်းစွမ်းအားကို ရရှိထားသော်လည်း သူ့အပေါ်သို့ ကျရောက်လာသည့် အားကောင်းသည့် ဖိအားကို ခံစားနေရလေသည်။ သူသည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ လူရိပ်ကို ကြည့်သည်။ ကျိဝူတောက်၏ကျင့်ကြံခြင်းသည် မဟာကောင်းကင်ဘုရင်ထက် များစွာပို၍နက်ရှိုင်းပေသည်။ ကောင်းကင်အင်ပါယာ၏ အရှိန်အဝါသည် ရှိန်လောက်ဖွယ်ဖြစ်သည်။
ထို့အပြင် ကျိဝူတောက်သည် ထိုစွမ်းအားကို မဟာကောင်းကင်ဘုရင်ထက် ပို၍ကောင်းစွာ အသုံးပြုနိုင်ပေသည်။
“မင်းတောင်လုပ်နိုင်မှတော့ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ”
ရီဖူရှင်းသည် မော့ငေါ့၍ ပြန်ပြောလိုက်၏။
ကျိဝူတောက်သည် ရီဖူရှင်းကို စူးစူးဝါးဝါးကြည့်လိုက်၏။ သူသည် ထိုအဖြေကို မကျေနပ်ပေ။ ကောင်းကင်နန်းတော်၏ သင်ကြားမှုများသည် ဒီဗာအိမ်တော်နှင့် ကိုက်ညီပေသည်။ လက်ရှိကောင်းကင်နန်းတော်သည် ကောင်းကင်လမ်းစဉ်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ရှစ်ဖွဲ့၏ခေါင်းဆောင် ရှေးဟောင်းဒီဗာအိမ်တော်၏ တရားဝင်ဆက်ခံသူဖြစ်သည်။ တစ်နည်းပြောရလျှင် ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများသည် ကောင်းကင်လမ်းစဉ်၏ ဆက်ခံသူများဖြစ်ကြသည်။
ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများသည် အမြဲ အခြားကျင့်ကြံသူများအတွက် ခေါင်းတစ်လုံး၊ ပခုံတစ်စွန်းသာနေရမည့် သူများဖြစ်သည်။ သူတို့သည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။ ကျိဝူတောက်သည် ကောင်းကင်နန်းတော်နှင့် သက်ဆိုင်သော ဂုဏ်ရှန်ဂုဏ်ဝါကို ပြန်ရရန် အရာအားလုံး လုပ်ခဲ့ရသည်။ သူ၏ဦးဆောင်မှုအောက်တွင် ကောင်းကင်နန်းတော်သည် လောက၏ အထွတ်အထိပ်တွင် တစ်ကြိမ်ပြန်၍ ရပ်နိုင်လာမည်ဖြစ်ပြီး သက်ရှိအားလုံးကို အုပ်စိုးနိုင်လာမည်ဖြစ်သည်။ သူတို့သည် လောကကြီး၏မျှချေကို ထိန်းသိမ်းရသူများ ပြန်ဖြစ်လာပေမည်။
ဒွန်ဟောင်တိယွမ်ဖြစ်စေ၊ တိဟောက်ဖြစ်စေ သို့မဟုတ် ရီဖူရှင်းဖြစ်စေ သူတို့အားလုံးသည် ကောင်းကင်နန်းတော် ၎င်း၏ဩဇာအာဏာကို ပြန်ရလာရန် လမ်းဖယ်ပေးသင့်ပေသည်။
မည်သူမှ ကျိဝူတောက်ကို မတားဆီးနိုင်ပေ။ သူသည် ရှေးကကောင်းကင်အင်ပါယာ၏သမီးတော် ပြီးဆုံးအောင် မလုပ်နိုင်ခဲ့သည်ကို ပြီးဆုံးအောင်လုပ်ရန် ဆုံးဖြတ်ချက်ချထားသည်။ ထိုအရာကား သူ၏ရည်မှန်းချက်ပင်။
သူသည် သူ၏ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်လုပ်မည်ဟုလည်း ယုံကြည်မှု ရှိပေသည်။
ကျိဝူတောက်သည် သူ့အောက်ရှိ ငွေဖြူရောင်ဆံပင်နှင့်လူကို ကြည့်သည်။ သူသည် ရီဖူရှင်းကို အကြိမ်အနည်းငယ် တွေ့ခဲ့ဖူးသော်လည်း ရီဖူရှင်းကို လျှော့တွက်ခဲ့မိသည့်ပုံပင်။ ယခုတွင် မူလဘုံမှ ထိုပါရမီရှင်သည် ကောင်းကင်နန်းတော်ကို ခြိမ်းခြောက်နိုင်အောင်ပင် လုံလောက်အောင် စွမ်းအားကြီးနေပြီဖြစ်သည်။
ရွှီး...
ထိုစဉ်တွင် ကောင်းကင်လှေကားအဆုံး၌ နတ်ရောင်ခြည်တစ်ခု တောက်ပလာသည်။ လွှမ်းမိုးအားကြီးသော နတ်အလင်းတစ်ခုသည် ကျယ်ပြောသောအာကာပြင်ကို လွှမ်းခြုံသွားသည်။ နတ်အလင်း ပြန့်ကားသွားပြီး နေလုံးကို ကာရံသွား၏။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်နန်းတော်ဟောင်း၏ နယ်မြေတစ်ခုလုံးသည် အလင်း၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။ ထိုအားကောင်းသောဖိအားကို အာရုံခံမိသောအခါ အလွန်ဝေးသောနေရာများမှ ကျင့်ကြံသူများပင် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ထိုနယ်မြေသို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။
ကောင်းကင်အင်ပါယာဟောင်း၏ ဝိညာဉ်ပုံရိပ်ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် မျက်စိကျိန်းလောက်ဖွယ် တောက်ပနေသည်။ နတ်အလင်းဖြာကျလာသောအခါ ကောင်းကင်ထဲတွင် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ထဲတွင် ပန်းချီကားလိပ်တစ်ခု ပြေသွား၏။ ကားလိပ်ထဲတွင် အတိတ်ကို ပြန်လည်ပြသနေသည်။ ကောင်းကင်ပြိုကျနေပြီး မြေကြီးထက်ခြမ်းကွဲနေသည်။ အဆုံးမဲ့နတ်အလင်းများသည် ကောင်းကင်အက်ကြောင်းများထဲမှ ကျဆင်းနေသည်။ ထိုအတိတ်ပုံရိပ်သည် နတ်ဘုရားများ၏ စစ်ပွဲမှ မြင်ကွင်းတစ်ခုဖြစ်သည်။
ပန်းချီကားထဲတွင် ကောင်းကင်အင်ပါယာသည် ထျန်ရှန်းအားလုံးကို ကောင်းကင်နန်းတော်ဟောင်းသို့ ဆင့်ခေါ်ခဲ့သည်။ သူတို့အားလုံးသည် ကောင်းကင်လှေကားပေါ်တွင် စုဝေးနေကြသည်။ အံ့အားသင့်ဖွယ် ထျန်ရှန်းလမ်းကြောင်းများ သက်ဝင်နိုးထလာ၏။ လမ်ကြောင်းတစ်ခုစီသည် လောကကြီး၏ ကွဲပြားသောတစ်စိတ်တစ်ဒေသချင်းဆီသို့ ဦးတည်၏။ ကောင်းကင်အင်ပါယာသည် သူ၏ ဓားကို ရှေ့သို့ညွှန်ပြလိုက်သောအခါ ထျန်ရှန်းများသည် သူ့အမိန့်အောက်တွင် လှုပ်ရှားခဲ့ကြသည်။ သူတို့အားလုံးသည် ထျန်ရှန်းလမ်းကြောင်းများမှတဆင့် စစ်ပွဲသို့ မသွားမီတွင် ရုပ်တုတစ်ရုပ်စီ ချန်ထားခဲ့ကြသည်။
ထိုအတိတ်ပုံရိပ်မြင်ကွင်းသည် ဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် လွန်စွာရှင်းလင်းပြတ်သားပေသည်။ ထိုမြင်ကွင်းထွက်ပေါ်လာသောအခါ ကောင်းကင်လှေကားပေါ်ရှိ ရုပ်တုအားလုံးအပေါ်သို့ နတ်အလင်းများ ဖြာကျလာသည်။ ရုပ်တုများသည် အသက်ဝင်လာပြီး ရှေးဟောင်းထျန်ရှန်းများအဖြစ် ပြောင်းလဲသွား၏။
ရှေးဟောင်းထျန်ရှန်းများ ပြန်အသက်ဝင်လာသောအခါ ကောင်းကင်လှေကားသည် တောက်ပလာသည်။ ရီဖူရှင်းနှင့် ဆက်စပ်နေသည့် ရုပ်တုသည်ပင် ကြောက်မက်ဖွယ် နတ်ရောင်ခြည်များ တောက်ပလာသည်။ ထိုရုပ်တုသည် ကောင်းကင်အင်ပါယာ၏ဝိညာဉ်စွမ်းအား၏ သက်ရောက်မှုကို ခံနေရသဖြင့် ရီဖူရှင်း၏ထိန်းချုပ်မှုအောက်တွင် အတင်းရုန်းထွက်နေလေသည်။
“သူက တော်တော်အစွမ်းထက်တာပဲ”
လူအုပ်သည် ကျိဝူတောက်ကို မော့ကြည့်ကာ ရေရွတ်လိုက်ကြသည်။
ထိုဖြစ်ရပ်အားလုံးသည် ကျိဝူတောက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ယခုတွင် ကျိဝူတောက်သည် ကောင်းကင်အင်ပါဘာ၏ မျိုးဆက်တစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။
သူသည် မူလကတည်းက ကောင်းကင်ဘုံ၏ ဆက်ခံသူဖြစ်သည်။ အကယ်၍ လက်ရှိကောင်းကင်ဘုံသည် ရှေးဟောင်းဒီဗာအိမ်တော်၏ မျိုးဆက်များဖြစ်သည်ဟု မှတ်ယူနိုင်လျှင် ကျိဝူတောက်ကို အမှန်ပင် ကောင်းကင်နန်းတော်ဟောင်း၏ ဆက်ခံသူဟု သတ်မှတ်နိုင်ပေသည်။
ကျိဝူတောက်သည် ရီဖူရှင်းကို ငုံ့ကြည့်လိုက်၏။ သူ့လက်ထဲရှိ ကောင်းကင်အင်ပါယာ၏ ဓားသည် နတ်ရောင်ခြည်များနှင့် တောက်ပနေသည်။ ထျန်ရှန်းအရှိန်အဝါ အဆက်မပြတ်ထွက်ပေါ်လာပြီး ရီဖူရှင်းကို ထိုနေရာတွင်ပင် သတ်ဖြတ်ရန် ကြိုးစားလိုက်သည်။
ဝုန်း...
ရီဖူရှင်းထံမှနေ၍ ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဖိအားအောက်မှ လွတ်အောင် ရုန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို သုံးလိုက်ပြီး သူ့မူလနေရာမှနေ၍ ပျောက်ကွယ်သွားကာ အခြားတစ်နေရာတွင် ပြန်ပေါ်လာလေသည်။ နတ်အလင်းသည် အစောပိုင်းက သူရပ်နေခဲ့သော နေရာကို ဖောက်ထွင်းသွားသည်။
အကယ်၍ ထိုတိုက်ခိုက်မှုသာ ရီဖူရှင်းအပေါ် ကျသွားပါက ရီဖူရှင်းသည် သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။
“တိုက်ခိုက်မှုက အတော်လေး စွမ်းအားကြီးတာပဲ”
လူအုပ်သည် ကျိဝူတောက်ကိုကြည့်၍ မှတ်ချက်ပြုလိုက်သည်။ ထိုအခိုက်တွင် သူသည် ပြိုင်ဘက်ကင်းတစ်ယောက်ကဲ့သို့ ထင်နေရသည်။ သူသည် ကောင်းကင်အင်ပါယာ၏ဝိညာဉ်စွမ်းအားကို အပြည့်အဝ အမွေဆက်ခံပြီးသွားပြီလော။
နတ်အလင်းသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်ထဲတွင် ကောင်းကင်အင်ပါယာ၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာကာ အောက်ဘက်ရှိ အားလုံးကို ငုံ့ကြည့်သည်။
ထိုနေရာရှိကျင့်ကြံသူများသည် ကျိဝူတောက်ကို အနိုင်ယူနိုင်မည်လော။
သူသည် ဤနယ်မြေတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ သူ့ကို မည်သူ ယှဉ်နိုင်မည်နည်း။
ထိုအခိုက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် အာကာပြင်ကို ဖောက်ထွင်းသွား၏။ ကောင်းကင်ထဲရှိ နတ်အလင်းသည် ပြန်ဆုတ်သွား၏။ ထိုမြင်ကွင်းက လူအများအပြားကို အဝေးသို့ လှမ်းကြည့်စေလိုက်သည်။ ထို့နောက်တွင် သူတို့သည် ဒီမွန်းတိမ်တိုက်သည် လည်ပတ်၊ မြည်ဟည်းကာ သူတို့ဘက်သို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရ၏။
ဒီမွန်းတိမ်တိုက်တွင် စွမ်းအားကြီး ဒီမွန်းအရှိန်အဝါပါသည့်ပုံပင်။ ၎င်းသည် ဒီမွန်းနတ်ဘုရားတစ်ပါး၏ ဝိညာဉ်စွမ်းအားကဲ့သို့ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
“နတ်ဆိုးအင်ပါယာနန်းတော်က တစ်ယောက်ယောက်က ဒီမွန်းအရှင်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ဆက်သွယ်နိုင်သွားတာလား”
လူများစွာသည် သူတို့ဘာသာ တိတ်တခိုး တွေးလိုက်ကြသည်။ ထိုမတိုင်ခင်က နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ကာရူရာအိမ်တော်၏အမွေအနှစ်နယ်မြေတွင် ဒီမွန်းအရှင်၏ဝိညာဉ်စွမ်းအားကို လေ့လာနေခဲ့ကြသည်။ ကျင့်ကြံသူအားလုံးသည် ထိုအကြောင်းကို အနည်းငယ် သိပေသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ထိပ်သီးများသည် နှစ်ပေါင်းများစွာ သီးခြားကျင့်ကြံနေခဲ့ကြပြီး အပြင်တွင် မမြင်ကြရပေ။
သို့သော် ယခုတွင် ဒီမွန်းအရှိန်အဝါသည် လည်ပတ်၊ မြည်ဟည်းကာ ဤနေရာသို့ လာနေပေပြီ။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ သီးခြားကျင့်ကြံနေရာမှ ထွက်လာခြင်းသည် ဘာအဓိပ္ပာယ်နည်း။
မြင့်မားသော ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ဒီမွန်းတိမ်တိုက်သည် မြည်ဟည်းနေသည်။ ၎င်းသည် ဧရာမပုံရိပ်ကြီးတစ်ခုကို ဖန်တီးလိုက်ပြီး ဒီမွန်းအရှင်ကိုယ်တိုင် ရောက်လာသည်ဟု ထင်လိုက်ရလေသည်။ ဒီမွန်းပုံရိပ်၏အောက်တွင် ကျင့်ကြံသူတစ်စု ထွက်ပေါ်လာ၏။ သူတို့သည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် မြင့်မားသော ကောင်းကင်ထက်တွင် ရပ်နေကြပြီး နတ်အရှိန်အဝါကို ကြောက်ရွံ့မှုမရှိဘဲ အရှေ့သို့ ငေးကြည့်နေသည်။
ယခင်က နတ်ဘုရားများ၏ စစ်ပွဲအတွင်း၌ ဒီမွန်းအရှင်ဘက်မှ အင်အားစုများသည် ကောင်းကင်လမ်းစဉ်ကို တိုက်ခိုက်ခဲ့သည့် စွမ်းအားအကြီးဆုံး အင်အားစုများဖြစ်ခဲ့ကြသည်။ ဒီမွန်းအရှင်၏စွမ်းရည်သည် မည်မျှစွမ်းအားကြီးကြောင်းကို ယနေ့ခေတ်မှ လူများအနေဖြင့် တွေးကြည့်ရန် ခက်ပေလိမ့်မည်။ သူသည် ကောင်းကင်လမ်းစဉ်ကိုပင် ဆန့်ကျင်ဝံ့ခဲ့ပေသည်။ သူသည် ကာရူရာအိမ်တော်၏ ဘုရင်ကို သတ်ပစ်ခဲ့ပြီး ကာရူရာဘုံကျောင်းကို ဖျက်ဆီးပစ်ခဲ့သည်။ သူ၏စွမ်းရည်သည် ကာရူရာအိမ်တော်မှ ကျင့်ကြံသူအားလုံးထက် သာလွန်ကြောင်း ထင်ရှား၏။ သူသည် ကောင်းကင်အင်ပါယာကိုပင် ယှဉ်နိုင်ပေလိမ့်မည်။
အတိတ်တွင် ဒီမွန်းအရှင်အပြင် အခြားမည်သူသည် စွမ်းအားအကြီးဆုံး တိုက်ခိုက်စွမ်းရည် ရှိခဲ့သနည်း။
ထိုစဉ်က လူအချို့သည် အမွေအနှစ်နယ်မြေထဲတွင် မရှိခဲ့ဘဲ အပြင်လောကထဲတွင် အသက်ဆုံးရှုံးကာ ပျောက်ကွယ်သွားခဲ့ကြသည်။ ဥပမာတစ်ခုမှာ မဟာအင်ပါယာရှန့်ကျားဖြစ်သည်။ ထိုစဉ်က သူသည် ကောင်းကင်လမ်းစဉ်နှင့် တိုက်ခိုက်လိုခဲ့သည်။ သူသည် မူလက လောကထဲတွင် မည်သည့်လမ်းစဉ်မှ မရှိခဲ့ဟုဆိုကာ ကောင်းကင်ဘုံနဲ့ တိုက်ခိုက်လိုခဲ့သည်။
လက်ရှိ ကျင့်ကြံခြင်းလောကသည် အတိတ်က နတ်ဘုရားများ၏ စစ်ပွဲသည် မည်မျှကြောက်မက်ဖွယ်ကောင်းခဲ့သည်ကို တွေးပင်တွေးကြည့်နိုင်မည်မဟုတ်ပေ။
“ယူချင်း...”
ရီဖူရှင်းသည် ဒီမွန်းတိမ်တိုက်ထဲမှ တစ်စုံတစ်ယောက်ကို တွေ့သောအခါ လှမ်းခေါ်လိုက်သည်။ ယူချင်းသည် တိမ်တိုက်ထဲတွင် ရပ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့မြင်ရ၏။ သူ၏ဟန်ပန်အရှိန်အဝါသည် သိသာသော ပြောင်းလဲမှုတစ်ခုနှင့် တွေ့ကြုံခဲ့ရပုံပင်။ သူ့တစ်ကိုယ်လုံးသည် မည်းနက်နေ၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဒီမွန်းအရှိန်အဝါတစ်ခုသည် ဒီမွန်းချပ်ဝတ်ကဲ့သို့ လှည့်ပတ်နေသည်။ သူ၏မည်းနက်သောမျက်လုံးများသည် ကြည့်မိသူများကို ကြောက်ရွံ့သွားစေ၏။ သူသည် လွန်စွာ အရှိန်အဝါကြီးနေလေသည်။
“ယူချင်းက ဒီမွန်းအရှင်ရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံပြီးသွားပြီလား...”
ရီဖူရှင်းသည် သူ့ဘာသာ တွေးလိုက်သည်။ နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံသူပေါင်းများစွာ ရှိပေသည်။ ယူချင်းအပြင် ထိပ်သီးနတ်ဆိုးသူတော်စင် ယန်ကွေ့ရီနှင့် အခြားကျင့်ကြံသူများလည်း ရှိသည်။ အမွေအနှစ်နယ်မြေထဲတွင် ထိပ်သီးဒီမွန်းကျင့်ကြံသူများစွာ ကျင့်ကြံနေခဲ့ကြသည်။ ယခုတွင် သူတို့သည် သီးခြားကျင့်ကြံရာမှ ထွက်လာခဲ့ပြီဖြစ်၍ တစ်စုံတစ်ယောက်သည် ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားနှင့် သင်ကြားမှုများကို အောင်အောင်မြင်မြင် ဆက်ခံနိုင်ခဲ့သည့်ပုံပင်။
ကျင့်ကြံသူများသည် ရောက်ရှိလာသော နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ကြည့်လိုက်ကြသည်။ ဤကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေသည် ထူးချွန်သူများ၏ စုဝေးရာနယ်မြေတစ်ခု ဖြစ်လာပေပြီ။ အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးနေကြလေသည်။