ထျန်ရှန်းများကို မရိုမသေပြုခြင်း
Vol. 190 Ch. 2714
ကျိဝူတောက်သည် ယူချင်းကို ကြည့်လိုက်၏။ သူသည် ယူချင်း၏ခန္ဓာကိုယ်မှ ထွက်လာသော အန္တရာယ်အရှိန်အဝါတစ်ခုကို အာရုံခံမိပေသည်။
ကျိဝူတောက်သည် ကောင်းကင်အင်ပါယာ၏ သင်ကြားမှုများကို အမွေဆက်ခံခဲ့သည်။ ကြည့်ရသည်မှာ ယူချင်းသည်လည်း ဒီမွန်းအရှင်၏ သင်ကြားမှုများကို အမွေဆက်ခံခဲ့သည့်ပုံပင်။
ယူချင်းသည် ရီဖူရှင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ရီဖူရှင်းသည် ထိုအပြုအမူနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွားပြီး ပြုံးလိုက်လေသည်။
သူတို့နှစ်ဦး ညီအစ်ကိုဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သည်။ ယူချင်းသည် ထုတ်မပြောသော်လည်း ရီဖူရှင်းသည် သူမည်သည်ကို ပြောလိုနေခြင်းဖြစ်ကြောင်း သိပေသည်။ ရီဖူရှင်းသည် ယူချင်းတစ်ယောက် ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်ခဲ့သလောဟု သိချင်သဖြင့် ယူချင်းကို ကြည့်လိုက်ခြင်းဖြစ်သည်။ ယူချင်းသည် ခေါင်းညိတ်ပြခဲ့သဖြင့် သူ အောင်မြင်ခဲ့မည်ဖြစ်သည်။
ထိုအောင်မြင်မှုနှင့်ဆိုလျှင် ယူချင်းသည် နတ်ဆိုးအင်ပါယာနန်းတော်ကို အမိန့်ပေးရာတွင် မည်သည့်ဆန့်ကျင်မှုနှင့်မှ ထပ်ကြုံရလောက်တော့မည် မဟုတ်ပေ။ သူသည် နတ်ဆိုးလောကတစ်ခုလုံးကိုပင် အမိန့်ပေးနိုင်လောက်ပေသည်။
နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် အင်အားကို ထောက်ခံပြီး မျိုးဆက်ထက် ကျင့်ကြံခြင်းအစွမ်းကိုသာ ပိုအလေးထားလေသည်။ ဒီမွန်းအရှင်၏ သင်ကြားမှုများနှင့် နတ်ဆိုးအင်ပါယာ၏ ထောက်ခံမှုရှိနေသဖြင့် ယူချင်းကို မည်သူ အာခံဝံ့တော့မည်နည်း။
ယူချင်းသည် နတ်ဆိုးအင်ပါယာနန်းတော်ရှိ သူ၏အဆင့်အတန်းနှင့် ဆိုလျှင် နတ်ဆိုးအင်ပါယာထက် တစ်ဆင့်သာ နိမ့်ပေလိမ့်မည်။ သူ၏စွမ်းရည်သည် ယခုတွင် နတ်ဆိုးအင်ပါယာနှင့် မယှဉ်နိုင်လောက်သေးသော်လည်း သူသည် အနှေးနှင့်အမြန်ဆိုသလို နတ်ဆိုးအင်ပါယာကို မီလာမည်ဖြစ်သည်။
ယခုမှစ၍ ယူချင်း၏ နတ်ဆိုးအင်ပါယာ၏ဆက်ခံသူဟူသော အဆင့်အတန်းသည် ခိုင်မာသွားပေပြီ။ မည်သည့် ပြောင်းလဲမှုမှ ရှိတော့မည် မဟုတ်ပေ။
ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့သော ယူချင်းသည် အနာဂတ်တွင် လေးစားလောက်သည့် နတ်ဆိုးအင်ပါယာတစ်ပါးဖြစ်လာမည်ဟု ရီဖူရှင်းက အခိုင်အမာ ယုံကြည်လေသည်။
“အားလုံးပဲ ထွက်သွားဖို့ တုံ့ဆိုင်းနေကြတုန်းပဲလား”
ထိုအခိုက်တွင် အသံတစ်သံ ထွက်ပေါ်လာလေသည်။ အားလုံးသည် ယူချင်းထံမှ အကြည့်ခွာ၍ ထိုသို့ပြောလိုက်သူကို ကြည့်လိုက်ကြသည်။ ထိုသူမှ ကောင်းကင်လှေကားထက်တွင် ရပ်နေသော ကျိဝူတောက်ဖြစ်သည်။
ကျင့်ကြံသူများသည် သူ၏မေးခွန်းကို မတုံ့ပြန်လိုက်ကြပေ။ ထိုအစား သူတို့သည် ပို၍ပင် စွမ်းအားကြီးသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ ထိပ်သီးကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက်များကို ဆွဲကိုင်၍ ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ သူတို့သည် ကျိဝူတောက်နှင့် တိုက်ရိုက် တိုက်ခိုက်လိုနေကြသည်။
သူတို့သည် ကောင်းကင်နန်းတော်ဟောင်း၏ သင်ကြားမှုများကို လူယူရန် ဆုံးဖြတ်ထားပြီးဖြစ်ပေသည်။
လက်ရှိ ကောင်းကင်ဘုံသည် သူတို့ကို ပြန်ဆုတ်သွားစေလောက်အောင် အရည်အချင်းမပြည့်မီသေးပေ။
ကျိဝူတောက်သည် လူအုပ်၏ တုံ့ပြန်မှုကို တွေ့လိုက်သောအခါ ဆက်၍ပြောနေလျှင်လည်း အသုံးမဝင်ကြောင်း သဘောပေါက်သွားသည်။ အတုမဲ့နတ်အလင်းတောက်ပလာပြီး ကောင်းကင်အင်ပါယာ၏ပုံရိပ်သည် ပြိုင်ဘက်ကင်းနတ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထျန်ရှန်းရုပ်တုများမှ နတ်အလင်းများသည် ပို၍ပင် တောက်ပလာပြီး ၎င်းတို့၏အရှိန်အဝါများသည် အာကာပြင်ကို လွှမ်းခြုံသွားသည်။
ကျိဝူတောက်သည် သူ၏လက်နှစ်ဘက်စလုံးကို မြှောက်လိုက်၏။ သူ့လက်ထဲတွင် နတ်ဓားတစ်ချောင်း ထွက်ပေါ်လာ၏။ ထိုဓားသည် ကောင်းကင်အင်ပါယာ၏ ဓားဖြစ်သည်။
ထိုဓားသည် သက်ရှိအားလုံး၏ ကံကြမ္မာကို အုပ်စိုးရန် ကံတရားပါလာပေသည်။ လောကအတွင်းရှိ အရာအားလုံးသည် ၎င်းထံတွင် လက်အောက်ခံရပေမည်။ ကြောက်မက်ဖွယ် နတ်ရောင်ခြည်များသည် တိမ်တိုက်များထံသို့ တိုက်ရိုက်ပျံတက်သွားပြီး ကောင်းကင်ကို ထွင်းဖောက်သွားသည်။ ဓားအရိပ်သည် ကောင်းကင်ကို လွှမ်းမိုးသွားပြီး လောက၏ထိုနေရာကို လွှမ်းခြုံသွားသည်။
ကျင့်ကြံသူအားလုံး၏မျက်နှာထားသည် လေးနက်သွားသည်။ နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူများပင် အလွန်မျက်နှာထားတည်သွားကြသည်။ သူတို့သည် မဟာလမ်းစဉ်စွမ်းအားကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်သည်။ သူတို့၏လက်ထဲရှိ မဟာအင်ပါယာအဆင့်လက်နက်များသည် နတ်ရောင်ခြည်များကို ထုတ်လွှတ်လိုက်၏။ ၎င်းတို့သည် မိုင်ချီလင်းလက်သွားပြီး ကျိဝူတောက်၏ ကောင်းကင်အင်ပါယာဓား၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်လိုက်ကြသည်။
ထိုစဉ်တွင် ကြောက်မက်ဖွယ် ဒီမွန်းတိမ်တိုက်သည် လည်ပတ်၊ မြည်ဟည်းလာသည်။ အာကာပြင်ထဲတွင် ဒီမွန်းပုံရိပ်များ ထွက်ပေါ်လာ၏။ ဒီမွန်းစစ်သူကြီးများသည် သူတို့ပတ်ပတ်လည်တွင် ရပ်ကာ ကာကွယ်ပေးနေကြသည်။ ယူချင်း၏ကိုယ်မှနေ၍ အတုမဲ့အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားပင်။
ယခုတွင် သူသည် ဒီမွန်းအရှင်ဖြစ်လာသကဲ့သို့ ထင်ရပြီး ကြောက်မက်ဖွယ် ကောင်းနေလေသည်။ သူ့အနောက်တွင် ဧရာမဒီမွန်းပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားမှ ဖြစ်ပေါ်လာသော ပုံရိပ်ဖြစ်သည်။ ၎င်းသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ပြီး ကောင်းကင်အင်ပါယာကို တည့်တည့်ကြည့်သည်။
နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ကိုယ်များမှနေ၍ ဒီမွန်းအရှိန်အဝါများ ထွက်ပေါ်လာကြသည်။ ထိုအရှိန်အဝါအားလုံးသည် ယူချင်းထံသို့ ဦးတည်ထွက်သွား၏။ သူတို့ခန္ဓာကိုယ်များပေါ်ရှိ ဒီမွန်းအရှိန်အဝါများသည် ကောင်းကင်ထဲတွင် ပြည့်နှက်နေပြီး ဒီမွန်းဝိညာဉ်ပုံရိပ်များနှင့် ပေါင်းစည်းသွားပြီး ယူချင်းနှင့်လည်း ဆက်စပ်သွား၏။
ကောင်းကင်ထက်တွင် ဆန်းကျယ်သောဖြစ်စဉ်များ ဖြစ်ပေါ်လာ၏။ အာကာပြင်ထဲတွင် သောင်းချီသော ဒီမွန်းဝိညာဉ်ပုံရိပ်များ ထွက်ပေါ်လာ၏။ ထိုဒီမွန်းဝိညာဉ်ပုံရိပ်များသည် ယူချင်း၏အမိန့်ကို နာခံပြီး ၎င်းတို့၏ ဒီမွန်းဝိညာဉ်စွမ်းအားများကိုလည်း ယူချင်းက အသုံးပြုနိုင်ပေသည်။
ထိုမြင်ကွင်းသည် အံ့အားဖွယ်ပင်။ ယန်ကွေ့ရီကဲ့သို့ စွမ်းအားကြီးကျင့်ကြံသူများပင် ယခုတွင် သူတို့၏ဒီမွန်းအရှိန်အဝါကို ယူချင်းအား ငှားပေးနေလေသည်။ ထိုအခိုက်တွင် ယူချင်း၏ခန္ဓာကိုယ်သည် ဒီမွန်းအရှင်၏ဝိညာဉ်ပုံရိပ်နှင့် ပေါင်းစည်းသွား၏။ ဒီမွန်းအရှင်သည် လောကထဲတွင် ပြန်လည်မွေးဖွားလာပြီး သက်ရှိအားလုံးသည် သူ့အရှေ့တွင် ဝပ်တွားသွားသကဲ့သို့ ထင်ရသည်။
“ဒါက...”
ထိုမြင်ကွင်းသည် အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းပြီး ကောင်းကင်နှင့် မြေကြီးသည် ပရမ်းပတာဖြစ်လာလေသည်။ အံ့အားသင့်ဖွယ် ဆန်းကြယ်သောအဖြစ်အပျက်များသည် ကြည့်နေသူများကို အပြင်းအထန် ရင်ခုန်နေစေလေသည်။
ဒီမွန်းအရှင်သည် ရှေးခေတ်က ဒီမွန်းများကို စည်းလုံးစေခဲ့သည်ဟု ကောလာဟလများက ဆိုကြသည်။ လောကတစ်ခွင်လုံးမှ ဒီမွန်းအားလုံးသည် သူ့ထံတွင် လက်အောက်ခံခဲ့ကြသည်။ သူ့တွင် ပြိုင်ဘက်ကင်း ဒီမွန်းအရှိန်အဝါရှိသဖြင့် သူသည် ထိုဒီမွန်းများကို အမိန့်ပေးနိုင်ပေသည်။
ထိပ်သီးအချို့က တွေးလိုက်ကြ၏။ သူတို့ မြင်နေရသော မြင်ကွင်းသည် ဒီမွန်းအရှင်၏ ထူးကဲသောအရှိန်အဝါကို ပြသနေသော မြင်ကွင်းလော။
စွမ်းအားနှစ်ခုသည် ထိပ်တိုက် တိတိုက်သွား၏။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ယှဉ်နိုင်ပေသည်။ စွမ်းအားနှစ်ခုစုံးသည် လွန်စွာ ကြောက်ကမ်ဖွယ်ကောင်းလှသည်။
ကောင်းကင်အင်ပါယာ၏ ဆက်ခံသူနှင့် ဒီမွန်းအရှင်၏ဆက်ခံသူတို့သည် တိုက်ခိုက်နေသည်။
လူများစွာသည် ထိုနှစ်ဦးအပေါ် အာရုံစိုက်ထားကြ၏။ ထိုအခိုက်တွင် ယူချင်းသည် ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ကြောင်း ရှင်းလင်းထင်ရှားသွားပေပြီ။ မဟုတ်လျှင် သူသည် ထိုကဲ့သို့ စွမ်းအားမျိုး ပိုင်ဆိုင်မည်မဟုတ်ပေ။
အထက်ကောင်းကင်တွင် ကပ်ဘေးတိမ်တိုက်များ တလိပ်လိပ် တက်လာသည်။ တိမ်တိုက်များထဲတွင် အဖျက်ဒီမွန်းဝိညာဉ်စွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေ၏။ ထိုဝိညာဉ်စွမ်းအားသည် ကပ်ဘေးနတ်စွမ်းအားနှင့် ဆင်တူပေသည်။ ၎င်းသည် နတ်ဆိုးချောက်ကမ်းပါး၏ စွမ်းအားနှင့်လည်း ဆင်တူ၏။ ထိုကြောက်မက်ဖွယ်စွမ်းအား စုဝေးသွားပြီး ဒီမွန်းဓားတစ်ချောင်း ဖြစ်ပေါ်လာ၏။ ထိုဓားသည် ဒီမွန်းအရှင် သုံးခဲ့သော ဓားဖြစ်သည်။
ကောင်းကင်အင်ပါယာ၏ဓားနှင့် ဒီမွန်းအရှင်၏ဓားတို့ ယှဉ်ပြိုင်တော့ပေမည်။
ကျင့်ကြံသူများ ရင်ခုန်မြန်သွားကြသည်။ ထိုတိုက်ပွဲသည် သမိုင်းတွင်မည့် တိုက်ပွဲပင်။ ကြည့်နေသူများသည် ရှေးခေတ်တုန်းကလည်း ကောင်းကင်အင်ပါယာနှင့် ဒီမွန်းအရှင်တို့သည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြသလောဟု တွေးလိုက်ကြသည်။ မည်သူနိုင်၍ မည်သူရှုံးခဲ့သနည်း။
ကျိဝူတောက်သည် ယူချင်းထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံမိသောအခါ ယူချင်းသည် ဒီမွန်းအရှင်၏ စွမ်းအားကို အောင်အောင်မြင်မြင် အမွေဆက်ခံနိုင်ခဲ့ပြီဖြစ်ကြောင်း နားလည်သွားသည်။ ထို့အပြင် ယူချင်းသည် သူ့ထက် အားမနည်းပေ။ ကြည့်ရသည်မှာ ယူချင်းသည်လည်း ကံကောင်းသူတစ်ဦး ဖြစ်ပေမည်။ ယူချင်းသည် သူ့အတွက် ထိုက်တန်သော ပြိုင်ဘက်တစ်ယောက် ဖြစ်ပေလိမ့်မည်။
ကျိဝူတောက်သည် ထိုသို့ တွေးမိသောအခါ ကောင်းကင်အင်ပါယာဓားကို တုံ့ဆိုင်းမှုမရှိဘဲ ခုတ်ချလိုက်သည်။ သူ၏ဓားချက်သည် ယူချင်းကို ဦးရွယ်ထားပေသည်။
ဓားချက်သည် အမှီအခိုကင်းသောလောကကို နှစ်ခြမ်းပိုင်းပစ်လိုက်လေသည်။ တောက်ပသောအလင်းများ တလက်လက်ထသွား၏။
ပတ်ဝန်းကျင်မှ လူအားလုံးသည် ခုခံ၍မရနိုင်သော နတ်အရှိန်အဝါတစ်ခုသည် သူတို့ပေါ်သို့ ဖိနှိပ်လိုက်သည်ကို ခံစားလိုက်ရ၏။ သို့သော် ယူချင်းသည် ကြောက်ရွံ့ဟန်တစ်ချက်ပင် မပြချေ။ သူသည်လည်း ဒီမွန်းအရှင်ဓားဖြင့် တစ်ချက်ခုတ်ချလိုက်၏။ ကောင်းကင်သည် အရောင်ပြောင်းသွားသည်။ သူ၏ဓားချက်သည်လည်း ကောင်းကင်ကို ထက်ခြမ်းခွဲသွားသည်။ ဒီမွန်းတိမ်တိုက်များ လည်ပတ်၊ မြည်ဟည်းလာပြီး ဓားဝိညာဉ်စွမ်းအားသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ လက်နက်နှစ်ခုသည် အာကာပြင်ထဲတွင် ပျံသန်းနေကြပြီး တစ်ခုနှင့်တစ်ခု ထိခတ်သွားသည်။
ဓားနှစ်ချောင်းထိခတ်သွားသောအခါ အမှီအခိုကင်းလောကသည် အလုံးစုံ ပျက်စီးသွားသည်။ ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးသည် အရောင်ကင်းမဲ့သွားပြီး ကပ်ဘေးဝိညာဉ်စွမ်းအား ရိုက်ခတ်သွားကာ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးသွားသည်။
“သတိထား...”
တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် သူတို့၏အားအကြီးဆုံး စွမ်းအားများကို ထုတ်လွှတ်၍ မုန်တိုင်းကို ခုခံလိုက်ကြသည်။ ရီဖူရှင်းလည်း ထိုသို့လုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ အစိမ်းရောင်နတ်အလင်းတောက်ပလာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးသည် အလင်းစက်လုံးအထဲတွင် ကာကွယ်ပေးခံလိုက်ရ၏။
ကြောက်မက်ဖွယ်မုန်တိုင်းသည် အရာအားလုံးကို လွှမ်းခြုံသွား၏။ လူများစွာသည် မုန်တိုင်းကြီး၏ဗဟိုကို ရှင်းရှင်းလင်းလင်းပင် အကြည့်နိုင်ကြပေ။
သူတို့၏နတ်အာရုံများသည်လည်း မုန်တိုင်းကို မဖောက်ထွင်းနိုင်ကြချေ။
ကြောက်မက်ဖွယ် ပေါက်ကွဲသံများကို ကြားနေရ၏။ တစ်စုံတစ်ခုသည် ပေါက်ကွဲနေသကဲ့သို့ပင်။
“အားလုံးပဲ ကျုပ်တို့ နောက်မှ ပြန်တွေ့ကြတာပေါ့”
ပရမ်းပတာဖြစ်နေသော မုန်တိုင်းဗဟိုမှနေ၍ တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာလေသည်။ ထိုအသံသည် ကောင်းကင်လှေကားထိပ်တွင် ရပ်နေသော ကျိဝူတောက်၏အသံဖြစ်သည်။
ကျင့်ကြံသူများသည် သူ၏စကားကို ကြားလိုက်သောအခါ ရင်ခုန်သွားကြသည်။ ကျိဝူတောက်သည် ပြန်ဆုတ်တော့မည်လော။
သို့ဆိုလျှင် သူသည် နောက်ဆုံးတွင် ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေကို လက်လျှော့တော့မည်လော။
မုန်တိုင်းသည် ဆက်၍ ဗြောင်းဆန်နေ၏။ လူအုပ်သည် ကောင်းကင်လှေကားမှနေ၍ လူတစ်စု ထွက်ခွာသွားသည်ကို ခပ်ရေးရေး မြင်လိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူတို့သည် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကိုလည်း မြင်လိုက်ရ၏။ ရုပ်တုများသည် တစ်ရုပ်ပြီးတစ်ရုပ် ပြိုကျလာကာ ဖျက်ဆီးခံလိုက်ရ၏။
ဒုန်း...
ဝုန်း...ဝုန်း...
ပြင်းထန်သော အသံများကို အဆက်မပြတ်ကြားလိုက်ရပြီး လူအုပ်သည် ရင်ခုန်မြန်သွားသည်။ မုန်တိုင်းကြီး တဖြည်းဖြည်း ငြိမ်သွားသောအခါ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် မြင့်မားသော ကောင်းကင်ထက်တွင် ပျံသန်းထွက်ခွာသွားကြပြီဖြစ်သည်။ နတ်အလင်းဖြာကျလာပြီး သူတို့သည် ထိုနေရာမှ တုံ့ဆိုင်းမှုမရှိဘဲ ထွက်ခွာသွားကြလေသည်။
လူအုပ်သည် ရုပ်တုများ အစိတ်စိတ်အမွှာမွှာ ပြိုကျကာ ကောင်းကင်လှေကားမှ လိမ့်ကျနေသံများကို ကြားလိုက်ရ၏။ ရုပ်တုအားလုံး ပျက်စီးသွားသည်။ မည်သည့်ရုပ်တုမှ မုန်တိုင်း၏ဒဏ်ကို မခံနိုင်ခဲ့ပေ။
ကောင်းကင်လှေကားသာ မားမားမတ်မတ် ကျန်ခဲ့လေသည်။ ၎င်းကို မည်သည့်အရာဖြင့် ပြုလုပ်ထားကြောင်း မည်သူမှ မသိပေ။
ကျင့်ကြံသူအားလုံးသည် ကောင်းကင်လှေကားမှ လိမ့်ဆင်းလာသည့် ရုပ်တုများ၏ ကျိုးပျက်နေသော အစိတ်အပိုင်းများကို ငေးကြည့်ကာ မှင်တက်နေကြသည်။ သူတို့သည် ဆွံ့အနေကြ၏။
ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် သူတို့ထွက်မသွားခင်တွင် ရုပ်တုအားလုံးကို ဖျက်ဆီးပစ်ခဲ့လေသည်။ ရုပ်တုများအတွင်းရှိ ဝိညာဉ်စွမ်းအားများသည်လည်း သေချာပေါက် ထုတ်ယူသွားခြင်း ခံခဲ့ရပြီဖြစ်သည်။ သို့သော် မည်သူက ၎င်းတို့အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသနည်း။
ထိုသို့ လုပ်နိုင်စွမ်းရှိသူမှ တစ်ဦးသာရှိလေသည်။ ထိုသူမှာ ကျိဝူတောက်ဖြစ်သည်။
ကျင့်ကြံသူများစွာသည် ခေါင်းမော့ကာ ထွက်ခွာသွားသော လူရိပ်များကို ကြည့်ကာ တူညီသော အတွေးကို တွေးနေကြလေသည်။
ကျိဝူတောက်သည် ထျန်ရှန်းများကို မရိုမသေပြုခဲ့ပေသည်။
ထျန်ရှန်းများသည် ကောင်းကင်ဘုံ၏ အရင်က ကောင်းကင်နန်းတော်ဟောင်းမှ သူတို့၏ဘိုးဘေးများဖြစ်သော်လည်း ကျိဝူတောက်သည် သူတို့အားလုံးအပေါ် ရိုသေလေးစားမှု မရှိခဲ့ချေ။ အကယ်၍ သူသာ သူတို့ကို အနည်းငယ်မျှ ရိုသေလေးစားလျှင် သူသည် ရုပ်တုများကို ဖျက်ဆီးပစ်ခြင်းကဲ့သို့သော ဆိုးရွားသောလုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ပေ။
ကျိဝူတောက်၏မျက်စိထဲတွင် ကောင်းကင်ဘုံသည် မည်သည့် ဘိုးဘေးမှ မရှိပေ။ သူတို့သည် ဤနေရာကို ထိန်းချုပ်မထားနိုင်လျှင် ငဲ့ညှာထောက်ထားမနေဘဲ အရာအားလုံးကို ဖျက်ဆီးပစ်မည်ဖြစ်ပေသည်။