ထူးဆန်းသော အမျိုးသမီးတစ်ယောက်
Vol. 190 Ch. 2715
“ရုပ်တုတွေအားလုံး ဖျက်ဆီးခံလိုက်ရပြီ...”
တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
လူအုပ်သည် ကောင်းကင်လှေကာမှ လိမ့်ဆင်းလာသော နတ်ဘုရားရုပ်တုများ၏ အစိတ်အပိုင်းများကို ငေးကြည့်နေကြသည်။ သူတို့သည် ရင်ခုန်မြန်နေကြ၏။ ရုပ်တုများ ထိုသို့ ပျက်စီးသွားခြင်းမှာ နှမြောစရာကောင်းသည်ဟု သူတို့တွေးနေကြသည်။
၎င်းတို့သည် ထျန်ရှန်းရုပ်တုများဖြစ်သည်။ သို့သော် ၎င်းတို့သည် ထိုကဲ့သို့ပင် ဖျက်ဆီးခံလိုက်ရ၏။ ထျန်ရှန်းများ၏ ဝိညာဉ်စွမ်းအားများသည်လည်း ခြေရာလက်ရာတစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွား၏။
ကျိဝူတောက်သည် ထျန်ရှန်းရုပ်တုများအတွင်းရှိ ဝိညာဉ်စွမ်းအားအကုန်လုံးကို မည်သို့ ဖျက်ဆီးနိုင်ခဲ့ခြင်းနည်း။
ကျိဝူတောက်အပြင် ယူချင်းရရှိခဲ့သော ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားသည်လည်း အလွန်စွမ်းအားကြီးပေသည်။ သူသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ၏ စွမ်းအားကို ငှားယူ၍ ပြိုင်ဘက်ကင်း ဒီမွန်းအရှိန်အဝါကို ထုတ်လွှတ်ခဲ့သည်။ ယခုတွင် ထူးချွန်ပြောင်မြောက်သူ နောက်တစ်ယောက် ထွက်ပေါ်လာပေပြီ။
သို့သော် လူအုပ်သည် ထိုအကြောင်းကိုတွေးရန် အချိန်မရှိပေ။ သူတို့၏ခန္ဓာကိုယ်များ လင်းလက်သွားပြီး သူတို့သည် ကောင်းကင်ကို အလျင်အမြန် ဖြတ်သန်းကာ ကောင်းကင်လှေကားဆီသို့ အသည်းအသန်သွားလိုက်ကြသည်။ သူတို့သည် ကျိုးပဲ့ပျက်စီးသွားသော ထျန်ရှန်းရုပ်တုများတွင် ထျန်ရှန်းများ၏ ဝိညာဉ်စွမ်းအားများ ရှိနေဦးမည်လောကို တွေ့လိုနေကြသည်။
အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် ကောင်းကင်လှေကားဆီသို့ အပြေးအလွှာသွားလိုက်ကြသည်။ သူတို့သည် ရုပ်တုအကျိုးအပဲ့များကို လှန်လှောကာ သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများဖြင့် စူးစမ်းနေကြသည်။ သူတို့သည် ရုပ်တုအကျိုးအပဲ့တစ်ခုချင်းစီကို စေ့စေ့စပ်စပ် စစ်ဆေးနေကြသည်။ နောက်ဆုံးတွင် သူတို့သည် ရုပ်တုအကျိုးအပဲ့များမှာ သာမန်အကျိုးအပဲ့များသာ ဖြစ်ကြောင်း သိလိုက်ရလေသည်။ ထို့ကြောင့် ၎င်းတို့သည် ကျိုးပဲ့ပျက်စီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် ထျန်ရှန်းများ၏ဝိညာဉ်စွမ်းအားများ ရှိမနေတော့ချေ။
ရီဖူရှင်းတို့လူစုသည်လည်း ကောင်းကင်လှေကားဆီသို့ သွားလိုက်ကြသည်။ သို့သော် သူသည် ရုပ်တုအကျိုးအပဲ့များကို မစစ်ဆေးခဲ့ပေ။ သူသည် ၎င်းတို့ကို သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့်သာ တစ်ချက်ဝေ့ဝဲအာရုံခံလိုက်သည်။ ကောင်းကင်လှေကားပေါ်ရှိ ရုပ်တုအားလုံးသည် ကျိဝူတောက်၏ ဖျက်ဆီးမှုကို ခံခဲ့ရပေသည်။ သူ မည်သို့ ဖျက်ဆီးနိုင်ခဲ့သည်ကိုမူ ရီဖူရှင်းပင် မသိပေ။
ဝှစ်...
လူရိပ်များသည် ကောင်းကင်လှေကားထိပ်ပိုင်းသို့ လျင်မြန်စွာ သွားလိုက်ကြ၏။
လှေကားထိပ်တွင် ယိုယွင်းနေသော ကောင်းကင်နန်းတော်ရှိပေသည်။ မူလက ထိုနေရာတွင်လည်း ထျန်ရှန်းရုပ်တုများ ရှိခဲ့၏။ ယခုတွင် ၎င်းတို့သည်လည်း အစိတ်စိတ်အမွှာမွှာ ကျိုးမဲ့နေပေပြီ။ နန်းတော်အလယ်တွင် ကောင်းကင်အင်ပါယာ၏ နတ်ရုပ်တုကြီးတစ်ခု မားမားမတ်မတ် ရှိခဲ့ဖူးပေသည်။ သို့သော် ကောင်းကင်နန်းတော်ဟောင်း၏ အုပ်စိုးသူ ကောင်းကင်အင်ပါယာ၏ ရုပ်တုသည်လည်း ဖျက်ဆီးခံလိုက်ရပေပြီ။ ထိုရုပ်တု၏ အကျိုးအပဲ့တစ်ခုပင် မကျန်ခဲ့ချေ။ ၎င်းသည် လောကအတွင်းမှ အလုံးစုံ ဖျောက်ဖျက်ခံလိုက်ရပြီဖြစ်သည်။
“ကျိဝူတောက်က တကယ့်ကို ပြတ်သားတာပဲ”
တစ်စုံတစ်ယောက် မှတ်ချက်ပြုလိုက်သည်။ ကောင်းကင်အင်ပါယာသည် ကောင်းကင်နန်းတော်ဟောင်း၏ အုပ်ချုပ်သူဖြစ်ပြီး ဒီဗာအိမ်တော်၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် ရှေးခေတ်တွင် စွမ်းအားကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။ လက်ရှိကောင်းကင်ဘုံလူများသည် သူ၏မျိုးဆက်များဟုပင် ဆိုနိုင်သည်။ သို့သော် ကျိဝူတောက်သည် သူ့၏ရုပ်တုကို ပြောသည့်အတိုင်း ဖျက်ဆီးပစ်ခဲ့ပေသည်။
ကျိဝူတောကသည် ကောင်းကင်အင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အပြည့်အဝ အမွေဆက်ခံရရှိထားပြီး ဖြစ်နိုင်လေသည်။ ကျိဝူတောက်သည် ကောင်းကင်အင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိခဲ့ပြီး ကောင်းကင်အင်ပါယာ၏ဆက်ခံသူဖြစ်နေသည်ပင် နတ်ရုပ်တုကို ဖျက်ဆီးရာတွင် တုံ့ဆိုင်းမှု မရှိခဲ့ချေ။ သူ၏ပြတ်သားမှုကို သူ၏လုပ်ရပ်များမှ တွေ့နိုင်လေသည်။
ကျိဝူတောက်သည် လောကထဲတွင် ထွက်ပေါ်လာခဲ၏။ သူဤနေရာတွင် ပြုလုပ်သွားခဲ့သည့် ကိစ္စများကို အခြေခံ၍ဆိုရလျှင် သူသည် အပေါ်ယံတွင် မြင်ရသကဲ့သို့ နှစ်လိုဖွယ်မကောင်းပေ။
ရှေးဟောင်းကောင်းကင်နန်းတော်သည် ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ တစ်ချိန်က ဤနေရာတွင် နတ်အရှိန်အဝါတစ်ခု ရှိခဲ့သည်။ သို့သော် ယခုတွင် ထိုအရှိန်အဝါသည်ပင် တဖြည်းဖြည်း ကွယ်ပျောက်နေပေပြီ။
ထိုမြင်ကွင်းသည် ဝမ်းနည်းဖွယ်ပင်။ လူအုပ်သည် ထိုသို့ဖြစ်သွားခြင်းသည် နှမြောဖွယ်ကောင်းသည်ဟု ခံစားနေရသည်။
“ဒီနေရာမှာ စာတွေရှိတယ်...”
တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ပြောလိုက်၏။ လူများသည် ထိုလူရှိနေသောနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာတွင် ဧရာမကျောက်တိုင်ကြီးတစ်တိုင် ရှိနေ၏။ ထိုနတ်ကျောက်တိုင်ကြီးသည် မိုးထိအောင် မြင့်မားနေပြီး မူလက ကောင်းကင်နန်းတော်ကို ထောက်ကန်ပေးခဲ့သော ကျောက်တိုင်ကြီးဖြစ်ပေလိမ့်မည်။ ယခုတွင် ၎င်းသည် ပျက်စီးနေပေပြီ။ သို့သော် အလုံးစုံတော့ ဖျက်ဆီးမခံရသေးချေ။
ထိုပျက်စီးနေသော ဧရာမကျောက်တိုင်ကြီးထိပ်တွင် တစ်စုံတစ်ယောက်သည် စာများကို ရှာတွေ့ခဲ့သည်။ ထိုထိပ်တွင် ပုံမှန်အတိုင်း ရေးသားထားသော စာကြောင်းတစ်ကြောင်း ရှိနေသည်။
ထိုပုံမှန်ရေးသားထားသော လက်ရေးထဲတွင်ပင် ကြော့ရှင်းသောအငွေ့အသက်တစ်ခု ရှိနေသည်။
ထို့ကြောင့် လူများစွာ၏ မျက်နှာထားသည် ထူးဆန်းသွားကြသည်။ သူတို့သည် ထိုစာလုံးကို မြင်လိုက်သောအခါ ရင်ခုန်မြန်သွားကြသည်။
“အဲဒီစာတွေကို အမျိုးသမီးတစ်ယောက်က ချန်ထားခဲ့တဲ့ပုံ”
တစ်စုံတစ်ယောက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
အမျိုးသမီး၏ လက်ရေးလက်သားထဲတွင် လှပကြော့ရှင်းသော အငွေ့အသက်တစ်ခုရှိနေသည်။ စာလုံးများသည်ပင် ဩဇာရှိသနေသကဲ့သို့ ထင်ရသည်။ ထိုစာများကို မည်သူက ချန်ထားခဲ့ခြင်းနည်း။
ရီဖူရှင်းမှာလည်း ထိုနေရာသို့သွား၍ ကျောက်တိုင်ပေါ်ရှိ စာများကို ကြည့်သည်။
“ဒီနေ့ ကျွန်မ ကောင်းကင်နန်းတော်ဟောင်းရဲ့ နတ်ဘုရားတွေကို အရိုအသေပေးနိုင်ခဲ့ပြီး သူတို့ရဲ့ ကြီးကျယ်ခမ်းနားမှုကို မြင်နိုင်ခဲ့တဲ့အတွက် ကောင်းချီးပေးခံခဲ့ရပါပြီ။ ကျွန်မ နတ်ဘုရားတွေရဲ့ သင်ကြားမှုတွေကို လောကတစ်ခွင်မှာ ဖြန့်ဝေနိုင်ဖို့ နတ်ဘုရားတွေရဲ့ ဝိညာဉ်စွမ်းအားကိုလည်း အမွေဆက်ခံရရှိခဲ့တယ်။ ဒီနေရာက အနာဂတ်မျိုးဆက်တွေ အတုယူကြည့်ရှုနိုင်ဖို့ နှစ်သန်းပေါင်းများစွာ ကြာတဲ့အထိ တည်မြဲနေဦးမှာပါ”
ရီဖူရှင်း သူ့ဘာသာ တွေးတောလိုက်၏။ သူမက မည်သူနည်း။ သူမသည် အမြင်ကျယ်ပေသည်။
သူ အမှန်ပင် အထင်ကြီးမိနေ၏။ သူသည် ထိုကဲ့သို့ ရည်မှန်းချက်ကြီးသူတစ်ဦးကို လေးစားပေသည်။
ထိုပုဂ္ဂိုလ်သည် ဤနေရာသို့ ရောက်လာ၍ ထိုစာလုံးများကို ဤကျောက်တိုင်ပေါ်တွင် ထွင်းသွားခြင်းဖြစ်ပေမည်။ သူမသည် ထျန်ရှန်းများ၏ သဘောထားအတိုင်း သူတို့၏ သင်ကြားမှုများကို လောကတစ်ခွင်တွင် ဖြန့်ဝေလိုနေသည်။
သူမသည် သင်ကြားမှုများကို လက်ဆင့်ကမ်းနိုင်ရန်အတွက် ဤနေရာကို အနာဂတ်မျိုးဆက်များအတွက် ထိန်းသိမ်းထားခဲ့သည်။
သူမ၏စာလုံးများသည်လည်း ဤနေရာသို့ သူမနောက်မှ ရောက်လာသည့် ကျင့်ကြံသူအားလုံးကို သတိပေးနေလေသည်။ သူတို့သည် ထျန်ရှန်းများ၏ဝိညာဉ်စွမ်းအားကို လွတ်လွတ်လပ်လပ် အမွေဆက်ခံနိုင်၏။ သို့သော် သူတို့သည် ဤနေရာကို ဖျက်ဆီးခြင်း သို့မဟုတ် သိမ်းပိုက်ခြင်းများ မလုပ်ရပေ။ ထိုအစား ကျင့်ကြံသူများသည် အနာဂတ်မျိုးဆက်များကို ဤနေရာသို့ လာစေ၍ ထျန်ရှန်းများ၏ ဝိညာဉ်စွမ်းအားများကို အမွေဆက်ခံစေရပေမည်။
လောကထဲတွင် ထိုကဲ့သို့ ကြီးမြတ်သည့် ရည်မှန်းချက်ရှိသူ မည်မျှရှိသနည်း။
“ဒီစာလုံးတွေက သူ ချန်ထားခဲ့တာ ဖြစ်ဖို့များတယ်”
ဓားဧကရာဇ်အရှင်သည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ သူသည် အခြားသူများကဲ့သို့ပင် အံ့အားသင့်နေသည်။ သူမသည် ကောင်းကင်အင်ပါယာ၏သမီးတော်ဖြစ်၍ ယခင်က သေချာပေါက် ဤနေရာသို့ ရောက်ခဲ့ဖူးပေလိမ့်မည်။ သို့သော် သူမသည် အရာအားလုံးကို သူမအတွက်ချည်း အပိုင်စီးမသွားခဲ့ပေ။ ထိုအစား သူမသည် အရာအားလုံးကို လာမည့်မျိုးဆက်များကို လက်ဆင့်ကမ်းရန်အတွက် အကောင်းအတိုင်းချန်ထားခဲ့သည်။
သူမ၏သွေးကြောများထဲတွင် အင်ပါယာ၏သွေးများ စီးဆင်းနေပြီး သူမသည် ပြိုင်ဘက်ကင်းပေသည်။ သူမသာ မရှိလျှင် လောကကြီးသည် အရောင်အသွေးစုံတော့မည်မဟုတ်ပေ။
ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်ကို ကြည့်လိုက်၏။ ဓားဧကရာဇ်အရှင် ပြောသောသူမှာ မည်သူဖြစ်ကြောင်း သူခပ်ရေးရေး သိပေသည်။ ထိုစာများသည် အမျိုးသမီးတစ်ဦး ချန်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ဓားဧကရာဇ်အရှင် ပြောနေသူမှာ ကောင်းကင်ဘုံမှ အင်ပါယာ၏သမီးတော်ပင် ဖြစ်ပေမည်။ ရီဖူရှင်း၏ရင်ထဲတွင် အထင်ကြီးလေးစားမှု ပြည့်တက်လာသည်။
ထိုကဲ့သို့ ထူးချွန်သူတစ်ဦးသည် လောကထဲတွင် ရှိသေးသလော သူမသိပေ။ သူသည် သူမနှင့် တွေ့ကာ သူမ၏ဂုဏ်ကျက်သရေကို ကိုယ်တိုင်မြင်နိုင်ခွင့် ရှိမည်လောဟု တွေးတောလိုက်သည်။
“ကျိဝူတောက်က သူရဲ့ မျိုးဆက်ဖြစ်နိုင်တယ်။ သူက ရည်မှန်းချက်ကြီးတယ်... ပြီးတော့ သူက ဒီအမွေအနှစ်တွေကို အနာဂတ်မျိုးဆက်ကို လက်ဆင့်ကမ်းပေးချင်ခဲ့တာ။ ဒါပေမဲ့ ကျိဝူတောက်က ဒီနေရာကို ဖျက်ဆီးသွားခဲ့ပြီ”
ဓားဧကရာဇ်အရှင်သည် မျက်မှောင်ကြုတ်ကာ သုံးသပ်လိုက်သည်။ ကျိဝူတောက်သည် မည်သည့်အရာကို တွေးနေခြင်းနည်း။ သူသည် သူမ၏ အုပ်ထိန်းစောင့်ရှောက်မှုကို မည်မျှ ခံခဲ့ရသနည်း။
ရီဖူရှင်းနှင့် မလှမ်းမကမ်းတွင် ဒွန်ဟောင်တိယွမ်ရပ်နေပြီး ကျောက်တိုင်ပေါ်ရှိ စာများကို ကြည့်နေလေသည်။ သူမ၏အကြည့်သည် ထိုစာများပေါ်တွင်သာ အချိန်တစ်ခုကြာအောင် ရှိနေ၏။
“သူ့ရဲ့ မျိုးဆက်က သူ့စကားကို မနာခံခဲ့တဲ့ပုံပဲ”
လူသားဘုံမှ တိဟောက်က ဘေးမှနေ၍ မှတ်ချက်ပြုလိုက်၏။ သူသည်လည်း ထိုစာများကို ချန်ထားခဲ့သူ မည်သူ၊မည်ဝါဖြစ်သည်ကို ခန့်မှန်းနေသည်။
ကျိဝူတောက်သည် သူမ၏ ဆက်ခံသူဖြစ်ဖို့များပေသည်။ သို့သော် သူသည် သူမ၏စိတ်ဓာတ်ကိုတော့ အမွေမရခဲ့ပေ။ သူမသည် လာမည့်မျိုးဆက်များအတွက် ရည်မှန်းချက်ကြီးသော အမြင်ရှိခဲ့သည်။ သို့သော် ကျိဝူတောက်သည် ထျန်ရှန်းရုပ်တုအားလုံးကို ဖျက်ဆီးပစ်ခဲ့လေသည်။ သူသည် ဤနေရာရှိအရာအားလုံးကို လုံးဝဖျက်ဆီးပစ်ခဲ့ပြီး သူမအလိုရှိခဲ့သည့်အရာနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ပြုမူခဲ့သည်။ သူသည် သူမ၏အမြင်ကို ဆန့်ကျင်ခဲ့သည်။
“ဒါမှမဟုတ် သူ(မ)က ပြောင်းလဲသွားတာလည်း ဖြစ်နိုင်တာပဲ...”
ဒွန်ဟောင်တိယွမ် ရေရွတ်လိုက်၏။ တိဟောက်သည် သူမ၏စကားကြောင့် အံ့အားသင့်သွားပြီး သူမကို ကြည့်သည်။ ထို့နောက်တွင် ဒွန်ဟောင်တိယွမ်သည် နောက်လှည့်ကာ ကျောက်တိုင်အနီးမှ ထွက်ခွာသွားသည်ကို သူတွေ့လိုက်ရ၏။ သူသည် သူမ၏ထွက်ခွာသွားသည့် ပုံရိပ်ကိုကြည့်ရင်း အတွေးနက်နေပုံပေါ်လေသည်။
“ကြည့်ရတာတော့ ဒီနေရာမှာ ဘာမှ မကျန်တော့တဲ့ပုံပဲ”
တိဟောက်သည် ဒွန်ဟောင်တိယွမ်ထံမှ အကြည့်လွှဲ၍ ကောက်ချက်ချလိုက်သည်။ ထို့နောက်တွင် သူသည် ရီဖူရှင်းနှင့် ယူချင်းကိုကြည့်ကာ ပြောလိုက်၏။
“မင်းတို့နှစ်ယောက်လုံးကို ဂုဏ်ပြုပါတယ်”
ရီဖူရှင်း၏မျက်နှာထားသည် ထူးဆန်းသွား၏။ သူသည် နောက်လှည့်၍ တိဟောက်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထိုမတိုင်ခင်က တိဟောက် မဟော်ရာဂီအမွေအနှစ်မြေသို့ ရောက်လာခဲ့စဉ်က အမွေအနှစ်နယ်မြေကို လုယူချင်ခဲ့ပေသည်။
တိဟောက် ချီးမွမ်းစကားဆိုလိုက်၏။
“နတ်ဘုရားအုပ်စိုးလက်နက်က ဒီမွန်းအားလုံးကို နှိမ်နင်းနိုင်တယ်။ အခု နတ်ဘုရားအုပ်စိုးလက်နက်နဲ့ ဒီမွန်းအရှင်ရဲ့ ဝိညာဉ်စွမ်းအားက ဆက်ခံသူကိုယ်စီ တွေ့သွားပြီဆိုတော့ ဒီလောကထဲမှာ ထူးကဲတဲ့သူ နောက်ထပ်နှစ်ယောက် တိုးလာပြီပေါ့”
သူသည် လေးနက်သော လေသံဖြင့် ပြောနေလေသည်။ သူသည် သူတို့၏အောင်မြင်မှုများအတွက် အမှန်ပင် ဝမ်းမြောက်နေသကဲ့သို့ပင် ထင်ရသည်။ သူ့ပတ်ပတ်လည်တွင်လည်း နတ်အလင်း ရွေ့လျားနေပြီး သူထံမှနေ၍ ဖြောင့်မတ်သောအငွေ့အသက်ကို ရနေ၏။ ထို့ကြောင့် သူ့ဘေးမှ လူများကို အလွန်သက်တောင့်သက်သာ ခံစားနေရစေလေသည်။
လူသားဘုံမှ ထိုတပည့်ခေါင်းဆောင်သည် အမှန်ပင် လေးလေးနက်နက် ချီးမွမ်းနေခြင်းလော။
“ကျေးဇူးအများကြီးတင်ပါတယ်”
ရီဖူရှင်း တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ သူ၏အသံသည် ခံစားချက်ကင်းမဲ့နေပြီး အနည်းငယ် တင်းမာနေသည်။ တိဟောက်သည် ထိုအချက်ကို အရေးထားပုံမပေါ်ပေ။ သို့သော် သူတို့ပတ်ဝန်းကျင်မှ ကျင့်ကြံသူတော်တော်များများသည် သူတို့ဘက်သို့ ကြည့်လိုက်ကြသည်။
ယူချင်းသည် ဒီမွန်းအရှင်၏ သင်ကြားမှုများကို ရရှိခဲ့ပြီး ရီဖူရှင်းသည် နတ်ဘုရားအုပ်စိုးလက်နက်ကို အမွေဆက်ခံနိုင်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် ထူးကဲသော ကံကောင်းမှုများ ရှိခဲ့ပေသည်။ ယခုတွင် သူတို့သည် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်တွင် ရှိနေပေပြီ။
ထို့အပြင် သူတို့နှစ်ဦးသည် မဟာမိတ်များ ဖြစ်ကြသည်။ ယခုတွင် အခြားအင်အားစုများသည် သူတို့ကို အလွယ်တကူ ပစ်မှတ်ထားဝံ့တော့မည် မဟုတ်ပေ။
သူတို့ထဲမှ အချို့သည် နတ်ဘုရားအုပ်စိုးလက်နက်ကို လိုချင်ကြသော်လည်း ယခုတွင် သူတို့သည် ယူချင်း၏စွမ်းရည်ကို တွေ့မြင်ခဲ့ပြီးဖြစ်၍ ရီဖူရှင်းကို တိုက်ခိုက်ရလောက်အောင် ထိုလက်နက်သည် ထိုက်တန်ပါသလောဟု ထည့်စဉ်းစားရန် လိုအပ်လာပေပြီ။ အစောကပင် ယူချင်း၏ ဓားချက်သည် မည်မျှ စွမ်းအားကြီးကြောင်းကို သူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလား။ ဤရှေးဟောင်းကုန်းမြေပေါ်ရှိလူများထဲတွင် ကျိဝူတောက်မှလွဲ၍ မည်သူသည် ထိုဓားချက်ကို ခံနိုင်ပါမည်နည်း။