← Chapters

နတ်ကျောက်တုံးများ

Vol. 190 Ch. 2716

နတ်ကျောက်တုံးများ

Vol. 190 Ch. 2716

“ဒီမှာလည်း စာတွေရှိတယ်...”

အဝေးမှနေ၍ အသံတစ်သံက အော်ပြောလိုက်၏။

ထို့ကြောင့် ကျင့်ကြံသူများ၏ မျက်နှာထားများကို ထူးဆန်းသွားစေ၏။ သူတို့သည် ကောင်းကင်နန်းတော်၏ အပျက်အစီးများ ရှိရာဘက်သို့ ကြည့်သည်။

တစ်ချိန်က ကောင်းကင်နန်းတော် ရှိခဲ့သောနေရာသည် ယခုတွင် ယိုယွင်းပျက်စီးနေပြီဖြစ်သည်။ ကျိုးပျက်နေသော တိုင်လုံးကြီးများနှင့် ပြိုကျပျက်စီးနေသော နံရံများသာ ကျန်တော့လေသည်။ နေရာအနှံ့တွင် ဧရာမအပျက်အစီးပုံကြီးများ ရှိနေသည်။ ရှေးဟောင်းကောင်းကင်နန်းတော်သည် ထိုအပျက်အစီးများအောက်တွင် ထာဝရမြှုပ်နှံပြီးသွားသကဲ့သို့ပင်။

သို့သော် တစ်စုံတစ်ယောက်သည် ကျောက်တုံးတစ်တုံးကို လှန်လိုက်ရာ ထိုအပေါ်တွင် စာများရေသားထားသည်ကို တွေ့လိုက်ရ၏။

လူအနည်းငယ်သာ ထိုနေရာရှိ အပျက်အစီးများကို လေ့လာနေကြခြင်းဖြစ်သည်။ သူတို့သည် စာများရေးသားထားသော ကျောက်တုံးများ အများအပြားရှိနေသည်ကို တွေ့ခဲ့ကြသည်။ သို့သော် ထိုကျောက်တုံးများ အပေါ်ရှိ စာများသည် သူတို့ရှေ့မှ ရောက်ခဲ့သူများ ချန်သွားခဲ့ခြင်း မဟုတ်ပေ။ ၎င်းတို့သည် မူလကတည်းက ကောင်းကင်နန်းတော်၏ နံရံများအပေါ်တွင် ရေးထွင်းထားသော စာများ ဖြစ်နိုင်ပေသည်။

“ဒီမှာလည်း နည်းနည်းရှိတယ်...”

ကျင့်ကြံသူတစ်ဦးသည် အခြားတစ်ဘက်မှ လှမ်းပြောလိုက်၏။

ကျင့်ကြံသူတစ်ဦးက သုံးသပ်လိုက်၏။

“အဲဒါတွေက နဂိုကတည်းက ကောင်းကင်နန်းတော်ရဲ့ နံရံတွေပေါ်မှာ ရေးထွင်းထားတဲ့ စာတွေများ ဖြစ်နေမလား”

“အဲဒီစာတွေက ကျမ်းစာတွေ ဒါမှမဟုတ် သိုင်းပညာရပ်တွေများ ဖြစ်နေမလား...”

နောက်တစ်ယောက်က ခန့်မှန်းလိုက်သည်။ သူတို့ ယခုရောက်ရှိနေသောနေရာမှာ ရှေးခေတ်မှ ကောင်းကင်နန်း‌တော်ဟောင်း မဟုတ်ပါလား။ အဆောက်အဦးများနှင့် ရုပ်တုများ အဖျက်ဆီးခံလိုက်ရသော်လည်း ဤနေရာတွင် အခြားအရာများ ကျန်နေနိုင်သေးသည် မဟုတ်ပါလား။

ထိပ်သီးအားလုံးသည် ကျောက်တုံးများဆီသို့ သွားကာ ၎င်းတို့ကို လေ့လာစစ်ဆေးလိုက်သည်။ သူတို့သည် စာများကို သူတို့၏နတ်အာရုံများနှင့် စူးစမ်းလိုက်၏။ သို့သော် သူတို့သည် မည်သည့် မူမမှန်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ၎င်းတို့သည် သာမန်စာလုံးများဟုသာ ထင်ရသည်။

ဝုန်း...

ကျယ်လောင်သော ထိခတ်သံတစ်သံကို ကြားလိုက်ရ၏။ တိဟောက်သည် ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး ရုတ်ခြည်းပင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်စွမ်းအားသည် အပျက်အစီးအားလုံးကို ဖုံးလွှမ်းသွားသည်။ အပျက်အစီးများအတွင်းရှိ အရာအားလုံးသည် ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ကျောက်ကျိုးကျောက်ပဲ့များနှင့် ပြိုကျပျက်စီးနေသော နံရံများသည် လေထဲတွင် မျောလွင့်နေကြပြီး အာကာပြင်တွင် ‌နေရာယူထားကြသည်။

ပတ်ဝန်းကျင်တွင် အကျိုးအပဲ့များစွာ ရှိနေလေသည်။ ယခုတွင် ၎င်းအားလုံးသည် တိဟောက် ထုတ်လွှတ်လိုက်သော စွမ်းအားကြီး အာကာသဝိညာဉ်စွမ်းအားကြောင့် လေထဲတွင် မျောလွင့်နေကြသည်။ ထို့ကြောင့် လူအားလုံးသည် စာသားများပါသည့် ကျောက်တုံးများကို ခွဲခြားမှတ်သားလိုက်ကြ၏။

ကျင့်ကြံသူများမှနေ၍ အာကာသနတ်အလင်းတန်းများ ထွက်ပေါ်လာကြသည်။ စာသားမပါသော အပျက်အစီးများသည် နတ်အလင်းများ၏ ပစ်ခွင်းခြင်းကို ခံလိုက်ရပြီး အမှုန့်ဖြစ်သွားသည်။ စာသားများပါသော ကျောက်တုံးများမှာမူ လေထဲတွင် ဆက်၍ ဝဲလွင့်နေကြသည်။

အကယ်၍ ဤနေရာတွင် အဖိုးတန်အရာများ ရှိပါက ၎င်းတို့ကို ကျိဝူတောက်နှင့် ကောင်းကင်ဘုံမှ ကျင့်ကြံသူများက အပိုင်စီးသွားလောက်ပေပြီ။ သို့သော် ကျင့်ကြံသူများသည် ကျောက်တုံးများကို သံသယရှိသဖြင့် ၎င်းတို့ကို စစ်ဆေးကြည့်ရန် ထိုက်တန်ပေသည်။ သူတို့သည် အဖိုးတန်အရာများကို တွေ့ရလိမ့်မည်ဟုတော့ မမျှော်လင့်ကြချေ။ မည်သို့ပင်ဖြစ်စေ သူတို့အတွက် ကျောက်တုံးများကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရန် အပန်မကြီးပေ။

လူအုပ်သည် လေထဲရှိ ကျောက်တုံးများကို ကြည့်လိုက်ကြသည်။ ၎င်းတို့အပေါ်တွင် ထွင်းထားသော သင်္ကေတများသည် ရောထွေးနေသည်။ ၎င်းတို့အများစုသည် ဖျက်ဆီးခံထားကြရပြီဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခု ကျန်ခဲ့လျှင်လည်း မပြည့်မစုံသာ ဖြစ်ပေလိမ့်မည်။ ပြီးပြည့်စုံနေသေးသော တစ်စုံတစ်ခုကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

“အားလုံးပဲ... တစ်ခုခု တွေ့ကြသေးလား”

တိဟောက်သည် အင်အားစုအသီးသီးမှ ကျင့်ကြံသူများကို မေးလိုက်သည်။ သူ၏ဟန်ပန် အမူအရာသည် ထူးကဲပေသည်။ သူသည် အမွေအနှစ်များကို အားလုံးနှင့် ဝေမျှရန် ဝန်မလေးပုံမပေါ်ဘဲ စာသားသင်္ကေတများ နောက်ကွယ်မှ ဆန်းကြယ်မှုများကို အတူတကွ စူးစမ်းနေကြလေသည်။

ကျင့်ကြံသူများသည် ထိုနေရာသို့ ငေးကြည့်လိုက်ကြ၏။ တစ်စုံတစ်ယောက်က ပြောလိုက်၏။

“တကယ်လို့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျမ်းစာတွေနဲ့ ကောင်းကင်နန်းတော်ဟောင်း ချန်ထားခဲ့တဲ့ လျှို့ဝှက်အတတ်ပညာတွေ ရှိမယ်ဆိုရင်တောင် အဲဒါတွေက ပျောက်ဆုံးသွားလောက်ပြီ။ အဲဒါတွေကို ပြန်ရှာဖို့က မဖြစ်နိုင်လောက်တော့ဘူး”

လူများစွာသည် ဟုတ်မှန်ကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သူတို့သည် စာသားမပါသည့် ကျောက်တုံးများအားလုံးကို ဖျက်ဆီးခဲ့သော်လည်း မည်သည့် သာမန်မဟုတ်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။

“အင်း...”

တိဟောက်က ခေါင်းညိတ်လျှက် ပြန်ပြောလိုက်၏။ သို့သော် ထိုစဉ်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် ရုတ်တရက် တိုက်ခိုက်လိုက်သည်။ မရေမတွက်နိုင်အောင် များပြားသော မဟာလမ်းစဉ်နတ်အလင်းတန်းများသည် ပျံဝဲနေသော ကျောက်တုံးများဆီသို့ ရုတ်တရက် ပျံထွက်သွားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံများကို ကြားလိုက်ရပြီး ကျောက်တုံးတော်တော်များများသည် အမှုန့်ဖြစ်သွားသည်။

တိဟောက်သည် နောက်လှည့်ကာ ထိုသူကို ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်တွင် သူရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။ သူသာမဟုတ်ပေ၊ အခြားသူများသည်လည်း မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်ထဲတွင် မျောနေသော ကျောက်တုံးများကို ကြည့်သည်။

၎င်းတို့တော်တော်များများသည် မပျက်စီးသွားပေ။

မဟာလမ်းစဉ်စွမ်းအားသည် ၎င်းတို့ကို မဖျက်စီးနိုင်‌ချေ။

“အဲဒါက ဘာလဲ”

လူအုပ်က ရေရွတ်လိုက်၏။

ကျင့်ကြံသူများသည် ကောင်းကင်ထဲတွင် ကျန်နေသော ကျောက်တုံးများကို ငေးကြည့်သည်။ ကျန်နေခဲ့သော ကျောက်တုံးများအားလုံးပေါ်တွင် စာလုံးတစ်လုံး ရှိနေကြောင်း သူတို့ တွေ့ရှိလိုက်ရ၏။ လက္ခဏာများသည် ဆက်စပ်ပုံမပေါ်သော်လည်း မဟာလမ်းစဉ်စွမ်းအားသည် ၎င်းတို့ကို မဖျက်ဆီးနိုင်ခဲ့ချေ။ ထိုအခြင်းအရာသည် မည်သည့်အဓိပ္ပာယ်နည်း။

အဓိပ္ပာယ်မှာ ထိုကျောက်တုံးများသည် သာမန်မဟုတ်ဟူသော အဓိပ္ပာယ်ပင်။

တိဟောက်၏ ဝိညာဉ်စွမ်းအား လှုပ်ရှားသွားပြီး ရုတ်ခြည်းပင် နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုကျောက်တုံးများကို ထပ်မံ ထိမှန်သွားသည်။ သို့သော် တူညီသော မြင်ကွင်းသာ ဖြစ်ပေါ်လာ၏။ ကျောက်တုံးများသည် လွင့်သွားကြသော်လည်း မပျက်စီးသွားကြပေ။ ၎င်းတို့သည် အလွန် ခိုင်မာပေသည်။ ၎င်းတို့၏ မာကြောမှုတစ်ခုဖြင့်ပင် ၎င်းတို့သည် သာမန်ကျောက်တုံးများ မဟုတ်ကြောင်း သိနိုင်ပေသည်။

တိဟောက်သည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသူဖြစ်သည်။ သူထံမှ တိုက်ခိုက်မှုသည်ပင် ထိုကျောက်တုံးများကို မဖျက်ဆီးပစ်နိုင်ချေ။ ထို့ကြောင့် ၎င်းတို့သည် နတ်ဘုရားတစ်ဝက်အဆင့်ရှိသည့် တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိသည့်ပုံပင်။

သို့သော် အဘယ်ကြောင့် သူတို့၏ စိတ်ဝိညာဉ်များသည် ထိုကျောက်တုံးများထံမှ မည်သည့်အရှိန်အဝါကိုမှ အာရုံမခံနိုင်ရသနည်း။ ထို့ကြောင့်လည်း ၎င်းတို့သည် လျစ်လျူရှုခြင်းခံရကာ ထိုအပျက်အစီးပုံကြီးအောက်တွင် နစ်မြုပ်နေခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ၎င်းတို့ကို မည်သူမှ ရှာမတွေ့နိုင်ခဲ့ကြခြင်းပင်။

အားလုံးသည် ခေတ္တမျှ လွင့်မျောနေသော ကျောက်တုံးများကို ငေးကြည့်နေကြသည်။ ကျယ်ပြောသော အာကာပြင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူများစွာသည် လေထဲတွင် ရပ်နေကြပြီး ကျန်သူများသည် ကောင်းကင်လှေကားထိပ်တွင် ရပ်ကာ ရှေ့သို့ ငေးကြည့်နေကြသည်။ လေထုသည် အနည်းငယ် သိမ်မွေ့နေပုံ ပေါ်လေသည်။

“ဒီကျောက်တုံးတွေက လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိတဲ့ပုံပဲ”

တိဟောက်သည် တိတ်ဆိတ်မှုကို ဖောက်ထွင်းလိုက်သည်။ သို့သော် သူ၏အကြည့်များသည် အရှေ့သို့ ငေးကြည့်နေဆဲဖြစ်သည်။ လေထုသည် ထူးဆန်းနေသည်ကို သူအာရုံခံနိုင်ပေသည်။

အကယ်၍ ထိုကျောက်တုံးများသည် သာမန်မဟုတ်လျှင် ကောင်းကင်နန်းတော်ဟောင်းထဲတွင် လျှို့ဝှက်ချန်ထားခဲ့သော ရတနာများဖြစ်ပေလိမ့်မည်။ ကျင့်ကြံသူများသည် ထိုကျောက်တုံးများက မည်သည့်ကျောက်တုံးများဖြစ်ကြောင်း မသိသော်လည်း သူတို့သည် ထိုကျောက်တုံးများကို ရယူနိုင်ရန် တိုက်ခိုက်လိုနေကြကြောင်း သေချာပေသည်။

လူအုပ်ထဲက မည်သူမှ စကားမစကြောင်း တွေ့လိုက်ရသောအခါ တိဟောက်သည် ဆက်၍ပြောလိုက်၏။

“အားလုံးပဲ... ကျုပ်တို့က ဒီကို အတူလာခဲ့ကြတာပါ။ ကျုပ်တို့အားလုံး ဒီကျောက်တုံးတွေကို အတူတွေ့ခဲ့ကြတာဆိုတော့ သွေးချောင်းစီးတဲ့အဖြစ်တွေ မဖြစ်ရအောင် ကျုပ်တို့ ရပ်နေတဲ့ နေရာကပဲ ကျောက်တုံးတွေကို လှမ်းယူရင် ဘယ်လိုလဲ... ကျောက်တုံးတွေကို လှမ်းယူနိုင်တဲ့ ဘယ်သူမဆို အဲ့‌ကျောက်တုံးတွေကို အပိုင်ယူလိုက်ပေါ့။ ဘယ်လိုသဘောရပါသလဲ”

လူအုပ်သည် ထူးဆန်းသော အမူအရာများ ပြလိုက်ကြသည်။ အကယ်၍ သူတို့အားလုံးသည် သူတို့ရပ်နေသောနေရာမှ ကျောက်တုံးများကို လှမ်းယူရန် ကြိုးစားလိုက်လျှင် မည်သူသည် ထိုကျောက်တုံးများကို ရယူနိုင်မည်ကို အတပ်ပြောနိုင်မည် မဟုတ်ချေ။

သို့သော် တိဟောက်၏ မဟာလမ်းစဉ်စွမ်းအားသည် ထိုကျောက်တုံးများကို လွှမ်းခြုံထားပြီး ဖြစ်သည်။ သူလုပ်ဖို့လိုသည်မှာ သူ၏ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်ရုံသာဖြစ်သည်။ သို့ဆိုလျှင် သူသည် သူ၏မဟာလမ်းစဉ်စွမ်းအားဖြင့် ၎င်းတို့ကို တိုက်ရိုက် ရယူနိုင်ပေလိမ့်မည်။ သူက လက်ဦးမှု ရယူထားပြီးဖြစ်သည်ဟု လူအုပ်က သုံးသပ်လေသည်။ ထို့ကြောင့်သာ သူသည် ထိုကဲ့သို့သော အကြံပြုချက်မျိုးကို လုပ်ခြင်းဖြစ်သည်။

“ကျုပ် သဘောတူတယ်”

ဗလာနတ္တိဘုံမှ တုကူးဝူရှဲ့က ပြောလိုက်၏။ သူသည် အာကာသလမ်းစဉ်တွင် ဆရာတစ်ဆူဖြစ်ပြီး အလွန်စွမ်းအားကြီးပေသည်။ အကယ်၍ သူတို့သာ မဟာလမ်းစဉ်စွမ်းအားကိုသုံး၍ ကျောက်တုံးများကို လှမ်းယူခဲ့လျှင် သူသည် ကျောက်တုံးတော်တော်များများကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိလေသည်။

“အဲဒါက ဘာများ ကွာမှာ မို့လို့လဲ”

ဒွန်ဟောင်တိယွမ်က အေးစက်စက် ပြောလိုက်၏။ အကယ်၍ သူတို့သည် ယခု သူတို့ရပ်နေသောနေရာမှ ကျောက်တုံးများကို လှမ်းယူရန် သဘောတူလိုက်လျှင်လည်း ကျင့်ကြံသူများသည် ကျောက်တုံးများကို ပိုရရန် တိုက်ခိုက်ကြဦးမည်သာ ဖြစ်သည်။ သူတို့အတွက် ငြိမ်းချမ်းရေးရရန် မဖြစ်နိုင်ပေ။

ထိုအခိုက်တွင် အင်အားစုအသီးသီးမှ ကျင့်ကြံသူများ၊ အထူးသဖြင့် အင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများအားလုံးသည် သူတို့၏ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ ကျောက်တုံးအချို့ကို လွှမ်းခြုံလိုက်သည်။ သူတို့သည် ထိုကဲ့သို့ ရတနာအချို့ကို လုယူနိုင်မည့် အခွင့်အရေးကောင်းကို လက်လွတ်ခံကြမည် မဟုတ်ပေ။

ထိုအကျပ်အတည်းအခြေအနေတွင် အကယ်၍ တစ်စုံတစ်ယောက်သာ သူ၏ဝိညာဉ်စွမ်းအားကို ပထမဆုံး လှုပ်ရှားခဲ့ပါက ကျောက်တုံးများကို ချက်ချင်း မောင်ပိုင်စီးနိုင်ပေလိမ့်မည်။

သို့သော် မည်သူမှ ကျောက်တုံးအားလုံးကို မလုယူဝံ့ပေ။ သူတို့သည် ထိုသို့ လုပ်နိုင်စွမ်းမရှိပေ။

ကျောက်တုံးများကို ဝိညာဉ်စွမ်းအားတန်းများက လှည့်ပတ်နေ၏။ ဝိညာဉ်စွမ်းအားများသည် ပို၍အားကောင်းလာပြီး ကွဲပြားသော မဟာလမ်းစဉ်အရှိန်အဝါများသည် အာကာပြင်ထဲတွင် တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်ရန် ကြိုးစားလိုက်သည်။ ရလဒ်အနေဖြင့် မဟာလမ်းစဉ်လှိုင်းများ ဖြစ်ပေါ်လာပြီး ကျောက်တုံးများသည် အဆက်မပြတ် တုန်ခါလာသည်။

ဝုန်း...

နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် ကျောက်တုံးများကို အရင်ဆုံး လုယူလိုက်သည်။ အာကာသနတ်အလင်းသည် ကျောက်တုံးများကို လွှမ်းခြုံသွားပြီး ၎င်းတို့သည် ရုတ်ခြည်းအတွင်း ပျောက်ကွယ်သွားသည်။ လုယူမှု စတင်ပေပြီ။

နေရာအသီးသီးမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာ၏။ ကျင့်ကြံသူအချို့သည် ဧရာမလက်ဝါးကြီးများကိုသုံး၍ အာကာပြင်ထဲရှိ ကျောက်တုံးများကို ဆုပ်ကိုင်လိုက်ကြသည်။ အချို့ကျင့်ကြံသူများသည် သူတို့ယူနိုင်သမျှယူရန် ရှေ့သို့ပြေးထွက်သွားကြသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ တောက်ပသော အစိမ်းရောင်နတ်အလင်း လင်းလက်လာသည်။ အလင်းသည် ကျောက်တုံးများစွာကို လွှမ်းခြုံသွား၏။ သူသည် သူ၏ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်ပြီး ရုတ်ခြည်းပင် ကျောက်တုံးများသည် ၎င်းတို့ရှိနေသောနေရာမှ ပျောက်ကွယ်သွားသည်။ မည်သည့်မဟာလမ်းစဉ်စွမ်းအားမှ သူ ကျောက်တုံးများကို သူ၏သက်စောင့်ဟော်နန်းအတွင်းသို့ စုပ်ယူသွားသည်ကို မတားနိုင်ပေ။

သို့သော် ရီဖူရှင်းသည် လောဘမကြီးချေ။ သူသည် ကျောက်တုံးများ၏ သုံးပုံတစ်ပုံလောက်ကိုသာ ယူလိုက်ခြင်းဖြစ်ပြီး အခြားကျင့်ကြံသူများအတွက် ကျောက်တုံးတော်တော်များများကို ချန်ထားပေးလိုက်လေသည်။

All Chapters