← Chapters

ဒွန်ဟောင်တိယွမ်နှင့် အပေးအယူတစ်ခု

Vol. 190 Ch. 2719

ဒွန်ဟောင်တိယွမ်နှင့် အပေးအယူတစ်ခု

Vol. 190 Ch. 2719

ဒွန်ဟောင်အင်ပါယာနန်းတော်လက်အောက်မှ အင်အားစုများသည် နာဂါအိမ်တော်၏ အမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားသည်။ ကောလာဟလများက တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ နဂါးဘိုးဘေးအုပ်ချုပ်သော နာဂါအိမ်တော်သည်လည်း အင်အားကြီးသည်ဟု ဆိုကြသည်။ နဂါးဘိုးဘေးသည် ဒီမွန်းကလန်အားလုံး၏ ဘုရင်ဟူသော ဘွဲ့ကို ပေးအပ်ခြင်းခံခဲ့ရသည်။ နဂါးဘိုးဘေးသည် ရှေးခေတ်တွင် ထိပ်သီးတစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည်။

နာဂါအိမ်တော်၏ အမွေအနှစ်နယ်မြေသည် ကျယ်ဝန်းပြီး ရှေးဟောင်းတောင်ကုန်းများ၏ ဝန်းရံမှုကို ခံထားရသည်။ တောင်ကုန်းများအကြားတွင် နာဂါအိမ်တော်၏ နန်းတော်များကို ရှာတွေ့နိုင်သည်။ ၎င်းတို့သည် ယခုတွင် ယိုယွင်းပျက်စီးနေပြီဖြစ်သော်လည်း ရှေးခေတ်တွင် မည်မျှ ခမ်းနားထည်ဝါခဲ့မည်ကို ပုံဖော်ကြည့်နိုင်ပေသေးသည်။

ထိုနယ်မြေထဲတွင် မရေမတွက်နိုင်အောင် များပြားသော နဂါးအရိုးစုများ ကျန်ရစ်ခဲ့သည်။ အရိုးစုများသည် ကြီးမားပြီး မျိုးနွယ်စုံလေသည်။

နဂါးဘိုးဘေး အုပ်ချုပ်ခဲ့သော နာဂါအိမ်‌တော်တွင် နဂါးကလန်အားလုံးမှ ကျင့်ကြံသူများ ရှိပေသည်။ အိမ်တော်သည် ခရမ်းရွှေရောင်နဂါးများ၊ ကြက်သွေးရောင်နဂါးများနှင့် မီးတောက်နဂါးများ စသည့် နဂါးအမျိုးမျိုးဖြင့် ဖွဲ့စည်းထားခဲ့သည်။ နဂါးမျိုးနွယ် တစ်မျိုးချင်းစီတိုင်းသည် စွမ်းအားကြီးအင်အားစုများ ဖြစ်ကြသည်။ ထို့ကြောင့် နာဂါအိမ်တော်သည် မည်မျှ စည်ပင်ဝပြောခဲ့သည်ကို တွေးကြည့်နိုင်ပေသည်။

ထိုအခိုက်တွင် နာဂါအိမ်တော်၏ အမွေအနစ်နယ်မြေအတွင်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုလူရိပ်သည် ငွေဖြူရောင်ဆံပင်ရှိပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူကား ရီဖူရှင်းပင်။

ဒွန်ဟောင်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ငေးကြည့်နေကြသည်။ သူတို့သည် ရီဖူရှင်းက ဤနေရာသို့ ဘာအကြောင်းကြောင့် လာသနည်းဟု တွေးတောကာ အံ့အားသင့်နေကြသည်။

ယခုတွင် ရီဖူရှင်းသည် ယခင်ကကဲ့သို့ ပမွှားလေးမဟုတ်တော့ချေ။ သူသွားရာနေရာတိုင်းတွင် လူများသည် သူ့ကို အာရုံစိုက်ကြမည်ဖြစ်သည်။ မည်သူမှ သူ့ကို အထင်မသေးဝံ့ပေ။ အတိတ်တွင် သူသည် စီဝေ့ကြယ်ကောင်းကင်ထဲ၌ မဟာအင်ပါယာစီဝေ့၏ ဝိညာဉ်စွမ်းအား၏ အကူအညီဖြင့် ထူးကဲသော စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။ သို့သော် သူ ကြယ်ကောင်းကင်မှ ထွက်လာသည်နှင့် သိပ်အစွမ်းမရှိတော့ဘဲ များစွာမစွမ်း‌ဆောင်နိုင်ခဲ့ချေ။ ထိုစဉ်က သူ၏ ကျင့်ကြံခြင်းအဆင့်သည် သခင်ချန်ထက်ပင် နိမ့်ခဲ့သည်။

သို့သော် ယခုတွင် ဘုံခုနစ်ခုရှိ ကျင့်ကြံသူအနည်းငယ်ကာ ရီဖူရှင်းထက် ပို၍သန်မာသည်ဟု ဆိုနိုင်ပေလိမ့်မည်။

ကျင့်ကြံသူတစ်စုသည် သူ့ထံသို့ ချဉ်းကပ်လာ၏။ ထိုအုပ်စု၏ ခေါင်းဆောင်မှာ အရှင်ဒွန်ဟောင်၏ တပည့်ရင်း တုယူဖြစ်သည်။ တုယူသည် ရီဖူရှင်းတစ်ယောက် ရန်‌‌ဟောင်အထွတ်အထိပ်အဆင့်တွင်ပင် ရှိခဲ့စဉ်က သူနှင့် ထိပ်တိုက် တိုက်ခိုက်ခဲ့ဖူးပေသည်။ ရီဖူရှင်းသည် အဆင့်နိမ့်ကမ္ဘာများမှ အနည်းငယ်ပို၍ပါရမီထူးသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။ တုယူသည် သူ့ကို အလေးအနက်ပင် မထားခဲ့ချေ။

ထို့နောက်တွင်လည်း သူတို့သည် အကြိမ်အနည်းငယ် ထပ်မံတွေ့ဆုံခဲ့သည်။ တုယူသည် ရီဖူရှင်းနှင့် ထပ်မံတွေ့ဆုံသည့် အခါတိုင်း ရီဖူရှင်း၏ တိုးတက်လာမှုကို အာရုံခံမိခဲ့လေသည်။ ယခုတွင် ရီဖူရှင်းသည် သူ့ကိုကျော်တက်သွားပေပြီ။ ထို့ကြောင့် တုယူသည် စိတ်ရှုပ်ထွေးနေပြီး ရီဖူရှင်းအနီးတွင် အိုးတိုးအန်းတန်း ခံစားနေရလေသည်။ သို့သော် ထိုအရာသည် ကျင့်ကြံခြင်းလောက၏ ဖြစ်လေ့ရှိသောအရာပင်။ တုယူသည် အရှင်ဒွန်ဟောင်၏ တပည့်ရင်းဖြစ်သဖြင့် ထိပ်တန်းက ရပ်တည်နိုင်ခဲ့သည်။

သို့သော် ယခုတွင် ရီဖူရှင်းသည် သူ့ကို ‌ကျောက်တက်သွားပြီဖြစ်ပြီး အနာဂတ်တွင်လည်း သူတို့ကြားမှာ ကွာခြားမှုသည် ပို၍သာ ကြီးထွားလာမည်ဖြစ်သည်။

“မင်းက ဒီမှာဘာကိစ္စရှိလို့လဲ”

တုယူသည် အေးစက်စွာ မေးလိုက်သည်။ သူ၏အသံထဲတွင် မလိုမုန်းထားသည့် အငွေ့အသက်တစ်ခု ပါနေသည်။ ယခုတွင် ရီဖူရှင်းသည် သူ့ထက်ပို၍ စွမ်းအားကြီးနေသော်လည်း သူသည် ရီဖူရှင်းကို ရိုရိုသေသေ ဆက်ဆံမည်ဟု မဆိုလိုပေ။ သူတို့သည် ဘက်မတူပေ။ အရှင်ဒွန်ဟောင်၏ ထူးကဲသော သဘောထားကြီးမှုကြောင့်သာ မဟုတ်လျှင် ရီဖူရှင်း သေဆုံးခဲ့သည်မှာ ကြာခဲ့လောက်ပေပြီ။

ထို့အပြင် တုယူထံတွင် ရီဖူရှင်းကို ကြည့်မရ,ရသည့် အခြားအကြောင်းလည်း ရှိပေသေးသည်။ အင်ပါယာရီချင်၏ ဆက်ခံသူသည် အရှင်ဒွန်ဟောင်၏ တပည့်ရင်းထက် သာလွန်သွားပေသည်။ တုယူသည် ရင်ထဲတွင် အရှက်ရနေသည်။

“ကျုပ်က ဒွန်ဟောင်တိယွမ်ကို လာရှာတာပါ”

ရီဖူရှင်းက ပြန်ပြောလိုက်၏။ တုယူသည် သူ့အပေါ် အမြင်မကြည်ကြောင်း သူသိပေသည်။ သို့သော် သူသည် တုယူကို အရေးမစိုက်ပေ။ ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်တွင် သူအရေးစိုက်သူ အနည်းငယ်သာ ရှိသည်။ ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို လာရှာခြင်းဖြစ်သည်။

တုယူသည် သူ့ကို တိုက်ရိုက်ပြောရန် အဆင့်မမီတော့ချေ။

“မင်းက ဘာလို့ သူနဲ့တွေ့ချင်ရတာလဲ”

တုယူသည် ရီဖူရှင်း၏စကားကို လျစ်လျူရှုလိုက်ပြီး ဆက်‌မေးလိုက်သည်။ သူ၏လေသံသည် ပြတ်သားကာ ထီမထင်ဟန်ရှိလေသည်။

ရီဖူရှင်းသည် သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။

“ခင်ဗျား ဆုံးဖြတ်ပေးနိုင်တဲ့ ကိစ္စမဟုတ်ဘူး...”

တုယူသည် ရီဖူရှင်းသူ့ကိုပြောလိုက်သော မျက်နှာထားကို တွေ့လိုက်သောအခါ မျက်နှာမဲ့သွားသည်။ သူ၏မျက်ဝန်းများထဲမှ အေးစက်စက်အလင်းများ ထွက်လာ၏။ ၎င်းတို့ထဲတွင် လှံဝိညာဉ်စွမ်းအား ပါဝင်သည့်ပုံပင်။

ရီဖူရှင်းသည် သူ့ကို လှောင်ပြောင်နေခြင်းလော။

သူ၏အဆင့်အတန်းနှင့်ဆိုလျှင် သူ ဆုံးဖြတ်မပေးနိုင်သည့်ကိစ္စသည် အနည်းငယ်သာ ရှိပေသည်။

သို့သော် ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို လာတွေ့ခဲ့သည်။ ထို့ကြောင့် ထိုကိစ္စသည် အမှန်ပင် သူ ဆုံးဖြတ်မပေးနိုင်သည့် ကိစ္စဖြစ်နိုင်ပေသည်။ ရီဖူရှင်း၏ လက်ရှိအဆင့်အတန်းနှင့်ဆိုလျှင် သူသည် သာမန်ကိစ္စများအတွက်နှင့်တော့ ရောက်မလာလောက်ပေ။ သူ၏လာရင်းကိစ္စသည် အမွေအနှစ်များ သို့မဟုတ် မဟာအင်ပါယာများ၏ သင်ကြားမှုများနှင့် ပတ်သတ်လောက်ပေမည်။

တုယူသည် ရီဖူရှင်းကို စိုက်ကြည့်နေဆဲဖြစ်ပြီး သူရောက်လာကြောင်း သွား၍အကြောင်းမကြားသေးချေ။ ရီဖူရှင်းသည် အကြည့်လွှဲလိုက်ပြီး သူ့ကို လျစ်လျူရှုလိုက်၏။ သူ ကျယ်လောင်စွာ အော်လိုက်သည်။

“ဒွန်ဟောင်တိယွမ်...”

သူ၏အသံသည် အမွေအနှစ်နယ်မြေတစ်ခွင်တွင် ပဲ့တင်ထပ်သွားပြီး အာကာပြင်ကို တုန်ခါသွားစေ၏။ တုယူ၏မျက်နှာထားသည် ရုတ်ခြည်းအေးစက်သွားသည်။ သူ၏လှံဝိညာဉ်စွမ်းအားသည် ခက်ထန်လာ၏။ ရီဖူရှင်းသည် သူ့ကိုမကြည့်ပေ။ ထိုအစား သူသည် အရေးမစိုက်သော အေးစက်စက်အသံဖြင့် ပြောလိုက်၏။

“ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”

ထိုအရှက်ရဖွယ် စကားက တုယူကို မျက်နှာမဲ့သွားစေ၏။ သို့သော် သူသည် ရီဖူရှင်းပြောသောစကားကို မည်သို့ ပြန်မချေပနိုင်ပေ။

ယခုတွင် ဒွန်ဟောင်အင်ပါယာနန်းတော်မှ လူလက်ဆုပ်စာလောက်သာ ရီဖူရှင်းကို ယှဉ်နိုင်ပေသည်။ တုယူသည် ထိုထဲတွင် မပါဝင်ပေ။

အဝေးတစ်နေရာတွင် တောက်ပသော နတ်အလင်းတစ်ခု လင်းလက်လာသည်။ ထို့နောက်တွင် ကောင်းကင်ထဲ၌ လူတစ်စု ထွက်ပေါ်လာ၏။ ဒွန်ဟောင်တိယွမ်သည် ရှေ့ဆုံးတွင် ရှိနေသည်။ သူမ၏အလှသည် အနှိုင်းမဲ့ပင်။ သူမသည် ရီဖူရှင်းကို သူမ၏လှပသောမျက်လုံးလေးများဖြင့် စိုက်ကြည့်နေသည်။ သူမ၏မျက်နှာထားသည် ခံစားချက် ကင်းမဲ့နေပြီး သူမ မည်သည့် စကားမှ မဆိုပေ။

“မင်းသမီးဒွန်ဟောင်... ကျုပ်တို့ အပေးအယူတစ်ခု လုပ်ကြရင် မကောင်းဘူးလား”

ရီဖူရှင်းက အကြံပြုလိုက်၏။

“ဘယ်လို အပေးအယူမျိုးလဲ”

ဒွန်ဟောင်တိယွမ်က မေးလိုက်သည်။

“မင်းသမီးက နတ်ကျောက်တုံးတွေ အများကြီး ရခဲ့မယ်လို့  ကျုပ် ယုံကြည်ပါတယ်... ပြီးတော့ မင်းသမီးက အဲဒီကျောက်တုံးတွေရဲ့ နောက်ကွယ်က ဆန်းကြယ်မှုကိုလည်း ဖြေရှင်းနိုင်ခဲ့ပြီလို့ ကျုပ် ယုံကြည်တယ်”

ရီဖူရှင်း ပြောလိုက်၏။ ဒွန်ဟောင်တိယွမ်သည် တုံဏိဘာဝေသာ ဆက်ရှိနေပြီး မည်သို့မှ မတုံ့ပြန်လိုက်ချေ။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းသာ။ ဒွန်ဟောင်အင်ပါယာနန်းတော်သည် အမှန်ပင် နတ်ကျောက်တုံးများ၏ ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ခဲ့ပေပြီ။ သို့သော် သူတို့သည် နတ်ကျောက်တုံးများစွာကို မဖွင့်ရသေးပေ။

“နတ်ကျောက်တုံး တစ်တုံးချင်းစီက ကောင်းကင်နန်းတော်ဟောင်းရဲ့ နတ်အတတ်တစ်ခုစီ တယ်။ အဲဒီအတတ်တွေက အဖိုးမဖြတ်နိုင်ဘူး... ပြီးတော့ အဲဒီအတတ်တွေကို ကျင့်ကြံဖို့အတွက် နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးနိုင်တယ်...”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကိုကြည့်၍ ပြောလိုက်၏။

“နတ်ကျောက်တုံးတစ်တုံးက ဘယ်လောက်အဖိုးတန်လည်းဆိုတာ ကျုပ် ထပ်ပြောနေစရာလိုမယ် မထင်ပါဘူး။ မင်းသမီးဒွန်ဟောင်လည်း အဲဒါကို နားလည်မှာပါ။ ကျုပ် ဒီနေ့ ဒီကိုလာခဲ့တာက မင်းသမီးနဲ့ အပေးအယူတစ်ခု လုပ်ဖို့ပဲ။ ကျုပ်က နတ်ကျောက်တုံးတွေကို တခြားတစ်စုံတစ်ခုနဲ့ လဲချင်ပါတယ်”

ဒွန်ဟောင်တိယွမ်သည် အခုအထိ ပြန်မတုံ့ပြန်သေးပေ။ သူမသည် ရီဖူရှင်းကိုသာ ငုံ့ကြည့်နေသည်။

ရီဖူရှင်းသည် သူမက ပြန်မတုံ့ပြန်သည်ကို တွေ့သောအခါ သူမသည် အမှန်ပင် ရေခဲဘုရင်မတစ်ပါးဖြစ်သည်ဟု တွေးတောလိုက်သည်။ ထို့နောက် သူဆက်ပြောလိုက်၏။

“ကျုပ် ဝိညာဉ်စွမ်းအား ရှိနေသေးတဲ့ နဂါးနတ်ဘုရားတစ်ပါးရဲ့ အရိုးစုကို လိုချင်တယ်”

“ရှင်က လောဘကြီးတာပဲ”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို ကြည့်၍ ပြောလိုက်၏။

“နဂါးနတ်ဘုရားရဲ့အလောင်းကောင်က ရှေးခေတ်က ဒီမွန်းအရှင်တစ်ပါးရဲ့ ခန္ဓာကိုယ်ပဲ... အဲဒါအပြင် ရှင်က ဝိညာဉ်စွမ်းအား ရှိနေသေးတဲ့ဟာကို လိုချင်တယ်။ အဲဒါအတွက် ရှင်က နတ်ကျောက်တုံး ဘယ်နှစ်တုံးနဲ့ လဲမှာလဲ”

“သုံးတုံးဆိုရင်ရော ဘယ်လိုလဲ”

ရီဖူရှင်း ကမ်းလှမ်းလိုက်သည်။

“အဲဒါက မလုံလောက်ဘူး”

ဒွန်ဟောင်တိယွမ်သည် အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်၏။

“မင်းသမီးက ဘယ်နှစ်တုံးလိုချင်တာလဲ”

ရီဖူရှင်း ညှိနှိုင်းလိုက်၏။ သူသည် ဒီမွန်းနတ်ဘုရားတောင်ကုန်းမှ ဒီမွန်းများ၏ ကျင့်ကြံခြင်းတွင် ကူညီပေးရန် နဂါးနတ်ဘုရား၏ အလောင်းကောင်နှင့် ၎င်း၏ဝိညာဉ်စွမ်းအားကို လိုချင်ခဲ့သည်။ အထူးသဖြင့် နတ်နဂါးများသည် ၎င်းကို လိုအပ်ပေသည်။

ထိုမတိုင်ခင်က သူသည် ကာရူရာဒီမွန်းအရှင်၏ အလောင်းကောင်းကို ရခဲ့သဖြင့် ကောင်းကင်ဒီမွန်းနန်းတော်မှ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းတွင် ကူညီပေးနိုင်ခဲ့သည်။ ယခုတွင် သူသာ နောက်ထပ် နဂါးနတ်ဘုရားအလောင်းကောင်ကို ရခဲ့လျှင် ပို၍ ကောင်းပေလိမ့်မည်။

အခြားကျင့်ကြံသူများလည်း နဂါးနတ်ဘုရားတစ်ပါး၏ ဝိညာဉ်စွမ်းအားကို အောင်အောင်မြင်မြင် လေ့လာနိုင်ခဲ့လျှင် အကျိုးကျေးဇူးများပေလိမ့်မည်။

သူသည် နာဂါအမွေအနှစ်နယ်မြေသို့ မလာခင်က သူပိုင်ဆိုင်ထားသည့် နတ်ကျောက်တုံးများကို စစ်ဆေးခဲ့သည်။ ဆင်တူသော နတ်အတတ်များပါသည့် နတ်ကျောက်တုံးအချို့ကို လဲလှယ်ရာတွင် အသုံးပြုနိုင်ပေသည်။

“နတ်ကျောက်တုံး အတုံး(၃၀)...”

ဒွန်ဟောင်တိယွမ်သည် ရီဖူရှင်းကို စိုက်ကြည့်၍ ပြောလိုက်၏။ ရီဖူရှင်းသည် နတ်ကျောက်တုံး တော်တော်များများ ရထားသည် မဟုတ်ပါလား။

“ဒွန်ဟောင်တိယွမ်... မင်းသမီး တောင်းတာက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေသလိုပါပဲလား။ မင်းသမီးရဲ့ ရိုးသားမှုတွေ ဘယ်ရောက်သွားပြီလဲ”

ရီဖူရှင်းသည် ပြုံးကာ ခနဲ့လိုက်သည်။ ဒွန်ဟောင်တိယွမ်၏နောက်တွင် ထိပ်သီးများစွာ ရှိပေသည်။ သူတို့ထံမှနေ၍ သဏ္ဍာန်မဲ့ ဖိအားများထွက်လာသည်။ သို့သော် ၎င်းတို့သည် လက်ရှိရီဖူရှင်းအပေါ် မသက်ရောက်နိုင်ပေ။ နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူများ၏ အရှိန်အဝါများပင် သူ့အပေါ် မသက်ရောက်နိုင်ချေ။

နတ်ကျောက်တုံး အတုံး(၃၀)ဆိုသည်မှာ နတ်အတတ် အမျိုး(၃၀)ဆိုသော အဓိပ္ပာယ်ပင်။ ထိုအရေအတွက်သည် အင်ပါယာအဆင့်အင်အားစုတစ်စု ပိုင်ဆိုင်ထားသော အမွေအနှစ်အရေအတွက်နှင့်ပင် ညီလေသည်။ ဒွန်ဟောင်တိယွမ်သည် ၎င်းတို့ မဖွင့်နိုင်ခဲ့လျှင်ပင် အရှင်ဒွန်ဟောင်က သေချာပေါက် ဖွင့်နိုင်မည်ဖြစ်သည်။

ထိုအမျိုးသမီးသည် အမှန်ပင် လောဘကြီးပေသည်။

“ကျွန်မဘက်က ရှင့်ကို ခရမ်းရွှေရောင်နဂါးနတ်ဘုရားတစ်ပါးရဲ့ အလောင်းကောင်နဲ့  ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး လေ့ကျင့်ပေးနိုင်တဲ့ ကြက်သွေးရောင်နာဂါနတ်ဘုရားရဲ့ နဂါးသွေးကို ပေးပါမယ်”

ဒွန်ဟောင်တိယွမ်သည် သူမဘက်က ပေးမည့်အရာကို ပြောကာ ညှိနှိုင်းလိုက်သည်။ ထိုအရာများသည် ရီဖူရှင်းကို စိတ်ဝင်စားသွားစေ၏။

ခရမ်းရွှေရောင်နဂါးနတ်ဘုရားတစ်ပါး၏ အလောင်းကောင်နှင့် နဂါးသွေး...

ကြည့်ရသည်မှာ ဒွန်ဟောင်အင်ပါယာနန်းတော်သည် နာဂါအိမ်တော်၏ အမွေအနှစ်နယ်မြေမှနေ၍ အကျိုးကျေးဇူး တော်တော်များများ ရရှိထားပြီးသည့်ပုံပင်။

“နတ်ကျောက်တုံး(၁၀)တုံး...”

ရီဖူရှင်းသည် ဒွန်ဟောင်တိယွမ်ကို စိုက်ကြည့်၍ ပြောလိုက်၏။

ကမ္ဘာ့ရန်ဘက်နှစ်ဦးသည် ယခုတွင် ညှိနှိုင်းနေလေသည်။

ဒွန်ဟောင်တိယွမ်က ဆက်ပြောလိုက်၏။

“နဂါးသွေးက ခန္ဓာကိုယ်ကို သန့်စင်ဖို့နဲ့ လေ့ကျင့်ဖို့ သုံးနိုင်တယ်။ ရှေးခေတ်က နာဂါအိမ်တော်က နဂါးတွေရဲ့အသွေးအသားက လက်ရှိခေတ်စံနှုန်းနဲ့ဆိုရင် မတွေးနိုင်လောင်အောင် စွမ်းအားကြီးတယ်လို့ ဆိုနိုင်တယ်။ ဒါက နဂါးနတ်ဘုရားတစ်ပါးနဲ့ ကြက်သွေးရောင်နဂါးတို့ရဲ့ သွေးပဲ။ အဲဒီသွေးကို အကြိမ်ကြိမ် ပြန်သုံးလို့ရတယ်။ ရှင် သေချာ စဉ်းစားရင် ကောင်းလိမ့်မယ်”

“နတ်ကျောက်တုံးတွေထဲက နတ်အတတ်တွေကလည်း နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးလို့ရတာပဲ”

ရီဖူရှင်းက ပြန်ပြောလိုက်၏။

“နတ်ကျောက်တုံး အတုံး(၂၀)က ကျုပ် အများဆုံးပေးနိုင်တာပဲ။ တကယ်လို့ မင်းသမီးဒွန်ဟောင်က သဘောမတူဘူးဆိုရင်လည်း ကျုပ် ဒီကို ရောက်မလာခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့”

“အဲဒီလိုဆိုလည်း ပြန်ပါ‌တော့”

ဒွန်ဟောင်တိယွမ်သည် အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။ သူမသည် ချက်ချင်းနောက်လှည့်ကာ ထွက်သွားရန် ဟန်ပြင်လိုက်၏။  ရီဖူရှင်း အံ့အားသင့်သွားသည်။

ထိုမိန်းမသည် ထိုမျှ အေးစက်စက်နိုင်၍ စိတ်ကြီးဝင်သည့် ပုံစံ ပြုမူရန် လိုအပ်ပါလေသလော။

“ကောင်းပြီ...”

ရီဖူရှင်း ပြောလိုက်ပြီး ဒွန်ဟောင်တိယွမ်၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။ လက်ရှိတွင် တန်ဖိုးချင်း နှိုင်းယှဉ်မည်ဆိုလျှင် နတ်ကျောက်တုံး အတုံး(၃၀)က ပို၍ အဖိုးတန်ပေသည်။ သို့သော် အကယ်၍ သူသာ နဂါးနတ်ဘုရား၏အလောင်းကောင်နှင့် နဂါးသွေးကို အသုံးပြု၍ ဆေးလုံးများ ဖော်စပ်နိုင်ခဲ့ပြီး နောက်မျိုးဆက်များကို သန့်စင်ပေးနိုင်ခဲ့လျှင် ဤအပေးအယူသည် ထိုက်တန်သည်ဟု ရီဖူရှင်း တွေးပေသည်။

ထိုနတ်ကျောက်တုံး(၃၀)ကို အစားထိုးနိုင်ပေသည်။ ၎င်းတို့သည် အရးမကြီးပေ။

အရေးအကြီးဆုံးမှာ သူမ ကမ်းလှမ်းသောအရာများသည် သူအလိုအပ်ဆုံးအရာများ ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်း သဘောတူခဲ့ခြင်းပင်။

ဒွန်ဟောင်တိယွမ်အတွက်လည်း ထို့အတူသာဖြစ်သည်။ သူမသည် နတ်ကျောက်တုံးများကို ပိုလိုအပ်လေသည်။ ထို့ကြောင့် သူမသည် ခရမ်းရွှေရောင်နဂါးနတ်ဘုရား၏ အလောင်းကောင်နှင့် နဂါးသွေးတို့ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သူမသည် ရီဖူရှင်းတစ်ယောက် နတ်ကျောက်တုံးများ ပိုပေးရစေရန် သူမဘက်မှ ပေးမည့်တန်ဖိုးကို မြှင့်လိုက်ခြင်းဖြစ်သည်။

ဒွန်ဟောင်အင်ပါယာနန်းတော်သည် နတ်ကျောက်တုံးများ ပိုလိုအပ်ပေသည်။

ဒွန်ဟောင်တိယွမ်သည် နောက်ပြန်လှည့်လာ၍ ရီဖူရှင်းကို ကြည့်သည်။ သူမတို့သည် သဘောတူညီမှုတစ်ခု ရသွားပေပြီ။

ထိုအပေးအယူသည် အလွန်ချောမွေ့စွာ ပြီးဆုံးသွားသည်။ သူတို့နှစ်ဘက်စလုံးသည် ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းများဖြစ်ကြသည်။ သူတို့သည် သူတို့အလိုရှိသည်ကိုရရန် လိမ်လည်စရာမလိုပေ။ ရီဖူရှင်းသည် နဂါးအလောင်းကောင်နှင့် နဂါးသွေးတို့ကိုယူ၍ ထွက်ခွာသွားသည်။

ထိုကိစ္စပြီးလျှင် သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေပေသေးသည်။

All Chapters