← Chapters

ဂုဏ်သရေရှိ ဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 54 Ch. 740

ဂုဏ်သရေရှိ ဧည့်သည်များ ရောက်ရှိလာခြင်း

Vol. 54 Ch. 740

“သတ်ဖြတ်ပြီး အရှေ့ဘက် တော်ဝင်နယ်မြေကို ပြန်သွားရမှာလား”

ကျန်းရီသည် ယင်းမှာ မသေချာသော အနာဂတ်ဟု ခံစားနေရ၏။ အတိတ်တွင် သူသည် သူ၏အင်အားကို ယုံကြည်မှုလွန်ကဲခဲ့ပြီး ကောင်းကင်ကြယ်တာရာနယ်မြေတွင် မီးနဂါးဓားဖြင့် သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့သည်။  သူ ကောင်းကင်ကြယ်တာရာနယ်မြေတွင် အထွတ်အထိပ်သို့ ရောက်သွားသောအခါ အပြင်လောက,က အန္တရာယ်များလျှင်ပင် သူ၏အရည်အချင်းနှင့်ကြိုးစားမှုကြောင့် သူ နာမည်ကျော်ကြားလာမည်ဟု ခံစားခဲ့ရသည်။

ကျန်းရီသည် ရှီးမျိုးနွယ်မှ အကြွင်းမဲ့ပညာရှင်များနှင့် လုဖင်း၏ လက်ဝါးချက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ၏။ သူက အနည်းငယ်ပို၍ သန်မာလျှင်လည်း ဘာအရေးနည်း။ သူ ငါးနှစ်၊ ဆယ်နှစ် ကြိုးကြိုးစားစား ကျင့်ကြံလျှင်လည်း ဘာအရေးနည်း။ သူ မည်သည့်အဆင့်သို့ ရောက်နိုင်မည်နည်း။ အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်လော။ အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့်လော။

ငါးနှစ်၊ ဆယ်နှစ်လောက်ဖြင့် အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်လိုခြင်းမှာ စိတ်ကူးယဉ်ခြင်းသာဖြစ်သည်။ သို့သော် သူ အမှန်ပင် ထိုအဆင့်သို့ ရောက်သွားနိုင်လျှင်လည်း ဘာအရေးနည်း။ အပြစ်သားကျွန်းရှိ မျိုးနွယ်(၁၃)ခုထဲမှ တစ်ခုဖြစ်သော လုမျိုးနွယ်သည် မြို့သေးလေးတစ်မြို့အတွက်ပင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးကို မြို့အရှင်အဖြစ် ခန့်အပ်ထားနိုင်နေပြီးဖြစ်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် ပညာရှင်မည်မျှ ရှိသနည်း။ သူတို့က မြို့မည်မျှ ပိုင်ဆိုင်သနည်း။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ဘယ်နှစ်ယောက် ရှိသနည်း။

အထွတ်အထိပ် ကောင်းကင်ဧကရာဇ်အဆင့် အထက်တွင် နတ်ဘုရားကဲ့သို့သော သူများရှိပေသည်။ ထိုဒဏ္ဍာရီလာကျင့်ကြံသူများသည် လက်ဖျောက်တစ်ချက်ဖြင့်ပင် ကောင်းကင်နှင့်မြေကြီးကို ကွဲအက်သွားစေနိုင်သည်၊ တောင်များ၊ မြစ်များကို ပျက်စီးသွားစေနိုင်သည်၊ မြစ်များကို ပြောင်းပြန်စီးဆင်းသွားစေနိုင်ပေသည်။ သူတို့သည် ပင်လယ်များကိုပင် ကုန်းမြေများအဖြစ် ပြောင်းလဲပစ်နိုင်သည်။

ထိုကျင့်ကြံသူများသည် ရာစုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြပြီး အကောင်းမွန်ဆုံး အရင်းအမြစ်များနှင့် ရတနာများကို ပိုင်ဆိုင်၏။ သူ့ကဲ့သို့ သေးငယ်သည့် ကြယ်တာရာကောင်းကင်နယ်မြေမှ အညတရသိုင်းသမားလေးတစ်ယောက်က ထိုသူများကို မည်သို့ ယှဉ်နိုင်မည်နည်း။

“သိုင်းခန်းမကို ဖျက်ဆီးပစ်ရမှာလား”

ကျန်းရီသည် သူ၏ ကျော်ကြားခဲ့မှုအကြောင်းကို ပြန်တွေးမိသွား၏။ ထို့ကြောင့် သူ့ကိုယ်သူ လှောင်ပြောင်သည့် မျက်နှာထားတစ်ခု ထွက်ပေါ်လာ၏။ သူ ပို၍ သန်မာလာလေလေ လောကကြီးအကြောင်းကို ပိုနားမလည်နိုင် ဖြစ်လာလေလေပင်။ ထို့ပြင် သူ့ရင်ထဲတွင်လည်း အကြောက်တရားများ ပိုကြီးလာလေလေဖြစ်သည်။ ဤလောကတွင် ပညာရှင်များစွာ ရှိပေသည်။ သို့သော် သူမှာ အတန်ငယ် ကံကောင်းခဲ့သော သာမန်လူတစ်ယောက်သာဖြစ်သည်။

အမည်မဲ့ကျင့်စဉ်၊ မီးဝိညာဉ်ပုလဲ၊ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် မီးတိမ်သံချပ်ကာတို့သာ မရှိလျှင် သူသည် မည်သို့ ဖြစ်နေမည်နည်း။

သူသည် အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုကို တစ်နှစ်ကျော် လေ့လာခဲ့သော်လည်း ယခုအထိ မပေါင်းစည်းနိုင်သေးချေ။ သူ အတွင်းအားကို ကျင့်ကြံခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူသည် ဗာဂျရာပဉ္စမအဆင့်သို့သာ ရောက်ပေသေး၏။ သူ့အတွက် ပညာရှင်တစ်ယောက်ဖြစ်လာရန် အလွန်လိုသေးပေသည်။ လိုအပ်သည့်အချိန်မှာ ထာဝရဟုပင် ထင်ရ၏။ မည်သည့်အခါမှ သူသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ယှဉ်နိုင်သော ပညာရှင်အစစ်အမှန်တစ်ယောက် ဖြစ်လာမည်နည်း။

နှစ်နှစ်ဆယ်လော၊ နှစ်သုံးဆယ်လော၊ နှစ်ငါးဆယ်လော။

ထိုအချိန်ရောက်လျှင် စုလောရွှယ်သည် အသက်ကြီး၍ ဆုံးပါးသွားလောက်ပေပြီ။ သို့မဟုတ် ယခင်ကတည်းက အသတ်ခံခဲ့ရလောက်ပေပြီ။

ကျန်းရီသည် အသက်နှစ်ဆယ်ပြည့်သွားပြီဖြစ်၏။ သူ ယွီဝမ်ကို သွားရှာနိုင်သော်လည်း ယွီဝမ်က သူ့ကို ရီဖျောင်ဖျောင်၏ အခြေအနေအကြောင်းကို ပြောမပြလောက်ချေ။ ကျန်းရီက ရီဖျောင်ဖျောင်နှင့် ပြန်ဆုံရန် ကံကြမ္မာမပါသလိုပင်။ ထိုအမျိုးသမီးသည် သူ့ရင်ထဲ၊ သူ့မှတ်ဉာဏ်ထဲတွင်သာ ထာဝရ ရှိနေလောက်ပေသည်။

ကျန်းရီသည် တောင်ထွတ်ပေါ်တွင် ရပ်နေရင်း တစ်ညလုံး နက်ရှိုင်းသော ကူကယ်ရာမဲ့မှုကို တိတ်တဆိတ် ခံစားခဲ့ရ၏။ ကျန်းရှောင်နူသည် အရုဏ်တက်သည်အထိ သူ့ဘေးတွင် ရပ်နေလေသည်။ ယင်းက သူ့ကို ပြန်ကောင်းလာစေရန် ကူညီပေး၏။

“ကောင်းပြီ... ရှောင်နူ ငါ အဆင်ပြေပါတယ်။ ပြန်သွားပြီး ကျင့်ကြံပါတော့။ ငါ မိုးကြိုးကျောက်တုံးတွေ သွားရှာသင့်ပြီ”

ကျန်းရီ အားတင်းပြုံးလိုက်၏။ သို့သော် ကျန်းရှောင်နူသည် သူ့ကို စိုးရိမ်ဟန်ဖြင့် ကြည့်လိုက်ပြီးမှ ဧကရာဇ်နန်းတော်အတွင်းသို့ အဖြူရောင်အလင်းတစ်ခုအဖြစ် ဝင်သွားလေသည်။ ကျန်းရီသည် စိတ်ပြန်စုစည်းလိုက်ပြီး ဧကရာဇ်နန်းတော်ကို ပြန်သိမ်းကာ မိုးကြိုးတောင်တန်းများ အတွင်းသို့ ပျံသန်းသွားလိုက်၏။

ကျန်းရီသည် သူ့တစ်ကိုယ်စာအတွက်သာ နေထိုင်နေခြင်းမဟုတ်သဖြင့် စိတ်ဓာတ်ကို ပြန်မြှင့်တင်ရမည်ဖြစ်သည်။ သူ့ဘေးတွင် လူများစွာရှိပေသည်။ သူ၏ အားနည်းမှုကို ရင်ထဲတွင် ပြန်မျိုသိပ်ကာ သူ့လူများအတွက် ကောင်းကင်တစ်ခွင်လုံးကို ထောက်ကန်ရပေမည်။

ကျန်းရီသည် တစ်နံနက်လုံး မိုးကြိုးကျောက်တုံးများ တူးဖော်ပြီးနောက်တွင် အတွင်းအား ကျင့်ကြံရန်အတွက် ဧကရာဇ်နန်းတော်အတွင်းသို့ ဝင်သွားလိုက်၏။ သူသည် သူ၏အင်အားကို မြှင့်တင်ရန် ရသော မိနစ်တိုင်း၊ စက္ကန့်တိုင်းကို တန်ဖိုးထားရပေမည်။ သူ၏ အင်အားပိုတိုးလာလျှင် စုလောရွှယ်ခံစားရသည့် ဒုက္ခများ လျော့နည်းလာမည်ဖြစ်သည်။

***

ညအချိန် ရောက်တော့ပေမည်။

လူများသည် မိုးကြိုးတောင်တန်းမှ လျင်မြန်စွာ ထွက်သွားနေကြပေပြီ။ ကျန်းရီသည်လည်း ဧကရာဇ်နန်းတော်အတွင်းမှထွက်လိုက်၏။ သူသည် တာအိုပုံသဏ္ဌာန်၏ နောက်ဆုံးအမျိုးအစားကို ဆက်၍ လေ့လာလိုသေးသော်လည်း ကောင်းကင်ဧကရာဇ်တစ်စုက ကောင်းကင်မိုးကြိုးမြို့ဘက်သို့ လာနေကြောင်း ရုတ်တရက် သတိပြုမိခဲ့လေသည်။

“အဖွဲ့မှူးကျန်း”

နျိုတုန်တို့ ရောက်လာ၏။ သူသည် အဝေးမှနေ၍ အသံပို့လွှတ်လိုက်၏။

“မြို့အရှင်မက အဖွဲ့မှူးကို ဆင့်ခေါ်နေပါတယ်။ သခင်မလေးရှောင်နူ၊ အစ်မကြီးလန်နဲ့ ချင်းယွီတို့ကိုလည်း စားသောက်ပွဲကို ခေါ်ခဲ့ဖို့ ပြောလိုက်ပါတယ်”

“စားသောက်ပွဲကို တက်ရမှာလား”

ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ လုဖင်းသည် အရေးကြီးသည့်ကိစ္စမဟုတ်လျှင် သူ့ကို ဆင့်ခေါ်လေ့မရှိချေ။ သူမသည် ပုံမှန်ဆိုလျှင် အသံပို့လွှတ်လိုက်မည်သာ။ အဘယ်ကြောင့် ဤတစ်ခေါက်တွင် သူမက နျိုတုန်ကို သတင်းပို့ခိုင်းရသနည်း။

လုဖင်းက ဆင့်ခေါ်နေပြီဖြစ်၍ ကျန်းရီ မနာခံဘဲ မနေဝံ့ပေ။ ယခုတွင် သူက လုဖင်း၏ ကာကွယ်ပေးမှုကို မှီခိုနေရသည် မဟုတ်ပါလား။ သူသည် ကျန်းရှောင်နူကို အပြင်သို့ ထုတ်လိုက်ပြီး သူမကိုခေါ်၍ မြို့ထဲသို့ ပျံသွား၏။

“နျိုတုန်... အခြေအနေက ဘယ်လိုလဲ”

ကျန်းရီက ပျံသန်းနေရင်း နျိုတုန်ကို မေးလိုက်၏။

နျိုတုန်က မရေမရာဟန်ဖြင့် မျက်တောင်ခတ်ကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်က အသေးစိတ်မသိဘူး။ ကြည့်ရတာတော့ မြို့ထဲကို အရေးကြီးတဲ့ ဧည့်သည်တစ်ယောက် ရောက်လာတဲ့ပုံပဲ။ မြို့အရှင်မတောင် ကိုယ်တိုင် မြို့ပြင်ထွက်ပြီး ဧည့်သည်ကို ကြိုဆိုခဲ့တယ်။ မြို့အရှင်မက အဖွဲ့မှူးတို့ကို ဧည်သည့်တွေကို ဧည့်ခံစေချင်တာထင်တယ်”

“အရေးကြီးတဲ့ဧည့်သည်တွေလား”

ကျန်းရီ ရင်တုန်သွား၏။ လုဖင်းပင် ဤမျှ ပျူငှာနေလျှင် ဧည့်သည်များသည် လုမျိုးနွယ်မှ သခင်လေးများ၊ သခင်မလေးများ သို့မဟုတ် ကျန်မျိုးနွယ်(၁၂)ခုမှ ဧည့်သည်များ ဖြစ်နိုင်သည်။ သူ အတန်ငယ် ခေါင်းကိုက်သွားပြီး နှာခေါင်းပွတ်လိုက်သည်။ ထို မျိုးနွယ်(၁၃)ခုမှ တိုက်ရိုက်မျိုးဆက်များသည် အမှန်ပင် အဆင့်အတန်းမြင့်မားပေသည်။ အကယ်၍ သူတို့သာ ထိုဧည်သည့်များကို အပြစ်ပြုမိလျှင် ပြဿနာကြီးသွားနိုင်လေသည်။

လုမျိုးနွယ်တွင် တင်းကျပ်သော စည်းမျဉ်းများရှိသည်။ သို့သော် ထိုစည်းမျဉ်းများမှာ လုမျိုးနွယ်၏ သာမန်မျိုးဆက်များအတွက်သာဖြစ်၏။ အမှန်တကယ် အဆင့်အတန်းမြင့်သူများသည် အသုံးမကျသော မျိုးနွယ်စည်းမျဉ်းများကို အိမ်သာသုံးစက္ကူကဲ့သို့သာ သဘောထားပေသည်။

‘မင်းသားက အပြစ်ကျူးလွန်လျှင် သာမန်လူတစ်ယောက်ကဲ့သို့ပင် အပြစ်ပေးခံရမည်’ ဟူသော ရှေးဆိုရိုးမှာ အမှန်တွင် အလကားပင်။ မင်းသားတစ်ယောက်က အမှန်တကယ် အပြစ်ကျူးလွန်ခဲ့ပါက တစ်စုံတစ်ယောက်သည် သူ့အတွက် အပြစ်ကို ဖုံးပေးပေလိမ့်မည်။ အလွန်ဆုံးမှ မင်းသားကို အကြီးအကဲအချို့က အနည်းငယ်ဆူပူပေလိမ့်မည်။ ထိုသို့ဆူပူသည်ကလည်း စည်းမျဉ်းများကိုထုတ်ထားသူများမှာ ယင်းအကြီးအကဲများ ဖြစ်နေ၍ပင်။ သို့သော် သူတို့သည် ကိုယ့်လူများအပေါ်တွင် မည်သို့ စည်းမျဉ်းအတိုင်း အမှန်တကယ် အရေးယူနိုင်ပါမည်နည်း။

တစ်နာရီကြာပြီးနောက် ကျန်းရီသည် မြို့သို့ ပြန်ရောက်လာ၏။ သူသည် သူ၏ခြံဝန်းအတွင်း ဝင်ပြီးနောက်တွင် ဖုန်းလန်၊ ရှောင်နူနှင့် ချင်းယွီတို့ကို ရေချိုးခိုင်းလိုက်ပြီး အကောင်းဆုံး ဝတ်စုံများ ဝတ်ဆင်ခိုင်းလိုက်သည်။ သူသည်လည်း ထည်ဝါသော အဝတ်များကို ဝတ်ဆင်လိုက်ပြီး အားလုံးကို မြို့အရှင်စံအိမ်သို့ ဦးဆောင်ခေါ်သွားလေသည်။

“အဖွဲ့မှူးကျန်း... ဒုတိယထပ်ကို ကြွပါ”

လုဖုန်းက မြို့အရှင်စံအိမ်အပြင်တွင် စောင့်နေပြီဖြစ်သည်။ သူသည် ကျန်းရီတို့အုပ်စုကို မြင်သောအခါ လျင်မြန်စွာ အထဲသို့ ဖိတ်ခေါ်လိုက်၏။ ဒုတိယထပ်သို့ တက်နေစဉ်တွင် သူက ရုတ်တရက် အသံပို့လွှတ်လိုက်၏။

“အဖွဲ့မှူးကျန်း.. ဒီတစ်ခေါက် လုမျိုးနွယ်က အရေးပါတဲ့ သခင်လေးနဲ့ သခင်မလေးတို့ ဒီကို ရောက်နေကြတယ်။ သူတို့ကို ဧည့်ခံတဲ့အခါမှာ အဖွဲ့မှူးကျန်းတို့ ဂရုစိုက်ဖို့လိုတယ်။ အခြားကိစ္စတွေရှိနေရင်တောင် အဖွဲ့မှူးကျန်း သည်းခံထားရပါမယ်... လောလို့မရဘူး။ မဟုတ်ရင် အရှင်မတောင် အဖွဲ့မှူးကျန်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

ထင်ထားသကဲ့သို့ပင်...

ကျန်းရီ မျက်နှာညှိုးသွားပြီး နောက်လှည့်ကာ ဖုန်းလန်၊ ကျန်းရှောင်နူနှင့် ချင်းယွီတို့ကို အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူသည် လုဖုန်းထံ အသံပို့လွှတ်လိုက်၏။

“တပ်မှူးဖုန်း... ဘာလို့ ကျွန်‌တော်တို့က လုမျိုးနွယ်ရဲ့ သခင်လေးနဲ့ သခင်မလေးကို ဧည့်ခံရမှာလဲ”

လုဖုန်းက ခါးသက်သက်ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။

“အရှင်မကိုယ်တိုင် အမိန့်ပေးလိုက်တာပါ။ အသေးစိတ်တော့ ကျွန်တော်လည်း မသိပါဘူး”

ကျန်းရီတွင် ‌ရွေးချယ်စရာမရှိတော့ဘဲ လုဖုန်းနောက်သို့လိုက်ကာ ဒုတိယထပ်ရှိ ခန်းမတစ်ခုအတွင်းသို့ နားမလည်နိုင်သော မျက်နှာထားဖြင့် ပါသွားလေတော့သည်။ ကျန်းရီသည် ယခင်က ထိုခန်းမအတွင်းသို့ မဝင်ခဲ့ဖူးချေ။ သူတို့ အခန်းအတွင်းဝင်သွားသည်နှင့် မျက်လုံးများ ရုတ်ခြည်း တောက်ပသွားကြ၏။ အခန်း၏ အပြင်အဆင်သည် လွန်စွာ ခမ်းနားကြီးကျယ်ပြီး ‌တော်ဝင်နန်းဆောင်တစ်ခုဖြင့်ပင် ဆင်တူပေသည်။ ခန်းမထဲတွင် တပ်မှူးအချို့ ထိုင်နေကြပြီး သူတို့ကို မိန်းမလှလေးများက အဖော်ပြုပေးနေကြ၏။ သူတို့အားလုံးသည် ခမ်းနားသော အဝတ်အစားများကို ဝတ်ဆင်ထားကြ၏။

“လုဖင်း ဒီကို မရောက်သေးဘူး။ သခင်လေးနဲ့ သခင်မလေးရောပဲ”

ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီး တပ်မှူးများကို နှုတ်ဆက်လိုက်သည်။ တပ်မှူးများသည် ကျန်းရှောင်နူ၊ ဖုန်းလန်နှင့် ချင်းယွီတို့ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားကြ၏။ သို့သော် သူတို့သည် ချက်ချင်းပင် ဣ‌န္ဒြေဆည်လိုက်ကြ၏။ ယခုတွင် အဖွဲ့မှူးကျန်းသည် လုဖင်း၏ အချစ်တော်၊ သူတို့၏ ကြွယ်ဝမှုနတ်ဘုရား ဖြစ်နေပေပြီ။ မည်သူမှ သူ့ကို အပြစ်မပြုဝံ့ကြပေ။

ကျန်းရီသည် မိန်းမပျိုသုံးယောက်ကို ဦးဆောင်၍ အနောက်ရှိ ခရမ်းရောင်ရွှေစင်မြင့်ပေါ်တွင် ထိုင်လိုက်လေသည်။ ခန်းမထဲတွင် လှပသော အစေခံ ကောင်မလေးများ များစွာ ရှိ၏။ သူမတို့သည် ခန်းမအတွင်း လှည့်ပတ်သွားကာ အားလုံးကို စားကောင်းသောက်ဖွယ်များ ဧည့်ခံနေကြသည်။ မလုံတလုံအဝတ်အစားများ ဝတ်ဆင်ထားသော ဆွဲဆောင်မှုရှိသည့် မိန်းမပျိုတစ်စုကလည်း ကပြအသုံးတော်ခံနေကြ၏။ သို့သော် သူမတို့အားလုံး၏ အလှအပများကို ကျန်းရှောင်နူနှင့် ဖုန်းလန်တို့က လွှမ်းမိုးသွားပေသည်။

ဖုန်းလန်၏ရုပ်ရည်က အလွန်လှပ၏။ သူမသည် ယခင်က ဖီးနစ်အော်သံနယ်မြေ၏ အုပ်ချုပ်သူဖြစ်သည်။ ထို့ကြောင့် သူမသည် ကြော့ရှင်း၍ တော်ဝင်ဆန်သော အရှိန်အဝါတစ်ခုကို ပေးနေပြီး အဆင့်အတန်းမြင့်မားသော ဧကရီတစ်ပါးဟု ထင်ရလေသည်။ ယောက်ျားများသည် သူမကို ဆွဲမက်ကြပြီး သိမ်းပိုက်လိုစိတ်များ ရှိကြပေသည်။

ကျန်းရှောင်နူသည် နဂိုကတည်းက သွယ်လျသူဖြစ်ပြီး သူမ၏အသားအရည်က အာဟာရမမှန်မှုကြောင့် အတန်ငယ် အဝါရောင်သမ်းနေခဲ့၏။ သို့သော် သူမသည် ရှားပါးသော အလှရတနာတစ်ပါး ဖြစ်နေပေသေးသည်။ ဤနှစ်များအတွင်း၌ သူမသည် ပို၍ပင် လှပလာခဲ့သည်။ သူမ၏အသားအရည်ကလည်း ဖြူဝင်းလာသည်။ ပို၍ထူးခြားသည်မှာ သူမ၏ သွေးဆက်ကို နှိုးပြီးနောက်တွင် သူမထံ၌ သာမန်လူများထက် သာလွန်စေသော ထူးခြားသည့် အရှိန်အဝါတစ်ခု ရှိလာခြင်းပင်။ ထို့ပြင် သူမ၏အတွေးများက အဖြူရောင်စက္ကူတစ်ရွက်ကဲ့သို့ ဖြူစင်ကာ အပြစ်ကင်းပေသည်။ ထို့ကြောင့် သူမသည် မည်သည်ကိုမှ မပူပင်ချေ။ ယင်းက သူမကို ကောင်းကင်ဘုံကိုးဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေစေသည်။ သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ထဲတွင် စွဲသွားကြသည်ချည်းသာ။

လူသားများက အဝတ်အစားများအပေါ်မှီခိုပြီး ဗုဒ္ဓများက သူတို့၏ ရွှေအသွင်ပေါ် မှီခိုပေသည်။

ဖုန်းလန်သည် အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ ယင်းဝတ်စုံက သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းများကို ထင်ရှားပေါ်လွင်စေသည်။ ကျန်းရှောင်နူမှာမူ အိပ်မက် လှိုင်းဂယက် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းသည် မြင့်မြတ်သော အဖြူရောင်အလင်း ခပ်မှိန်မှိန် လင်းလက်နေပြီး အားလုံးကို စိတ်လှုပ်ရှားနေစေ၏။ ချင်းယွီ၏အလှကလည်း ထိုနှစ်ယောက်ထက် မနိမ့်ပေ။ သို့သော် သူမ၏အရှိန်အဝါကမူ ထိုနှစ်ယောက်ကို မယှဉ်နိုင်ချေ။

“မြို့အရှင်မ ကြွရောက်လာပါပြီ”

မကြခင်မှာပင် အပြင်မှနေ၍ ကြေညာသံတစ်သံကို ကြားလိုက်ရလေသည်။ ကျန်းရီနှင့် အခြားသူများသည် လျင်မြန်စွာ ထရပ်ကာ ကြိုဆိုလိုက်ကြ၏။ လုဖင်းသည်လည်း စားသောက်ပွဲသို့ ဝတ်ကောင်းစားလှများဖြင့် တက်ပေသည်။ သူမသည် ဆံပင်ကို စုစည်းချည်နှောင်ထားရာ ကျန်းမာ၍ ဖော်ရွေပုံပေါက်နေ၏။ သူမသည် ခန်းမထဲသို့ လျှောက်ဝင်လာပြီး ဖော်ဖော်ရွေရွေပြုံးကာ ပြောလိုက်၏။

“ကြွကြပါ..ကြွကြပါ... ကောင်းကင်မိုးကြိုးမြို့ရဲ့ ဧည့်သည်တော်တွေဖြစ်တဲ့ သခင်လေးလင်းနဲ့ သခင်မလေးယွီတို့ကို ကြိုဆိုပါတယ်”

“ဟားဟားဟား...”

ခံ့ညားသော သခင်လေးတစ်ယောက်နှင့် ဖုန်းလန်နှင့် ယှဉ်နိုင်လောက်အောင် လှပသော သခင်မလေးသည် နောက်ပါခြွေရံများနှင့်အတူ ဝံ့ဝံ့ကြွားကြွား ဝင်လာကြ၏။ ထိုသခင်လေးက ခန်းမထဲသို့ ရောက်သည်နှင့် ခန်းမတစ်ခွင်လုံးကို မျက်လုံးဝေ့၍ ကြည့်လိုက်၏။ သူ ကျန်းရှောင်နူကို တွေ့သောအခါ သူ၏မျက်လုံးများက ကြောက်မက်ဖွယ်အလင်းတစ်ချက် လက်သွား၏။ သူ၏ရယ်သံနှင့် ခြေလှမ်းလည်း ရပ်သွား၏။ သူ၏မျက်လုံးများက သားကောင်ကို ရှာတွေ့သွားသော မိစ္ဆာဝံပုလွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ တောက်ပနေလေသည်။

***

All Chapters